(ခ)
Vol. 20 Ch. 269
လီဖူချန်းက သူ့လက်ထဲမှာရှိတဲ့ သစ်ကိုင်းခြောက်ကို စက်ဝိုင်းပုံသဏ္ဌာန် ဝှေ့ယမ်းပြီး တိုက်ခိုက် လိုက်ပါတယ်။
ဖောင်း ...
ဝုန်း ...
သည်တစ်ကြိမ်မှာလည်း သူ့လက်ထဲမှာရှိတဲ့ သစ်ကိုင်းခြောက်က ပေါက်ကွဲ သွားပြန်ပါပြီ။ အရင်တစ်ခေါက်နဲ့ မတူတာကတော့ ကျန်ရှိတဲ့ ချီအတွင်းအားက ကျောက်တုံးကြီးကို နှစ်ခြမ်းခွဲပစ် စေတာပါပဲ။
“သည်လို လုပ်စမ်းပါဟ”
လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက် သွားခဲ့ပါပြီ။
သည်ပေါင်းချုပ် ဓားကွက်ကို သူက လူသားနယ်ပယ် ချီအတွင်းအားနဲ့သာ သုံးလိုက်တာပါ။ တကယ်လို့သာ သည်ဓားကွက်ကို မြေကမ္ဘာနယ်ပယ် ချီအတွင်းအားဖြင့်သာ သုံးလိုက်မယ် ဆိုရင်တော့ ဆန်းကြယ် အဆင့်နိမ့် သတ္တုရိုင်းတွေကိုတောင်မှ တစ်စစီ ဖြစ်သွား စေပါလိမ့်မယ်။
ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ နောက်ထပ်တစ်ကြိမ် ပြန်ဖွင့်ဖို့ အတွက် တစ်ရက် အလိုမှာတော့ ...
လီဖူချန်းက လေးနက် တည်ကြည်စွာဖြင့် တောင်ထိပ်မှာ ရပ်နေပါတယ်။ သူ့ရဲ့ လက်ထဲက သစ်ကိုင်းခြောက်ကတော့ စက်ဝိုင်းလေးတွေ တစ်ခုပြီးတစ်ခု ဖန်တီးနေလေရဲ့။
ရုတ်တရုတ် အနီရောင် မီးတောက်တွေ ဝန်းရံထားတဲ့ လအရိပ်လေးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
ဝုန်း ...
ကြီးမားလှတဲ့ ကျောက်တုံးကြီးက အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သလို မြေပြင်ပေါ်မှာလည်း တစ်မီတာနီးပါး နက်တဲ့ အက်ကွဲရာကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။
“ဒါပဲကွ ...။ နောက်ဆုံးတော့ ငါ့ရဲ့ တတိယမြောက် ပေါင်းချုပ် ဓားကွက်က ပြီးပြည့်စုံ သွားပြီ”
လီဖူချန်းကတော့ သူ့ကိုယ်သူ အလွန်တရာမှ ကျေနပ်အားရ နေပါတယ်။
မမျှော်လင့်ဘဲနဲ့ သူ့ရဲ့ မျောလွင့်ဓား ဆန္ဒက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒနီးပါးကို ရောက်သွားခဲ့သည် မဟုတ်ပါလား။ အဲသည်ဓားဆန္ဒက သူ့ရဲ့ပေါင်းချုပ် ဓားကွက်ကို ထင်ထားတာထက် ပိုပြီး အားကောင်း စေခဲ့တယ်လေ။
သူ့ ခန့်မှန်း ရသလောက် ဆိုရင်တော့ သည်တတိယမြောက် ပေါင်းချုပ် ဓားကွက်က မိစ္ဆာနှင် ဓားသိုင်းထက်ကို နှစ်ဆခွဲ နီးပါးလောက် ပိုအစွမ်း ထက်ပါတယ်။
ဓားကွက် ပြင်းအားချင်း သက်သက် ယှဉ်မယ် ဆိုရင်တော့ သည်ဓားကွက်က ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒပါဝင်တဲ့ ဓားကွက်ထက်ကို ဘယ်လိုမှ နိမ့်ကျစရာ အကြောင်းမရှိပါဘူး။
“ကောင်းတယ် ... ဖူချန်း …။ မင်းရဲ့ ဆန်းကြယ် အလယ်အလတ် ပေါင်းချုပ် ဓားကွက်က ငါတွေ့ဖူးသမျှ ဆန်းကြယ် အလယ်အလတ် ပေါင်းချုပ် ဓားကွက်တွေထဲမှာ အားအကောင်းဆုံးပဲ”
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လေထုထဲမှာ ရုတ်တရက် ပေါ်လာခဲ့ပါပြီ။ ပြီးတော့ သူက ပြုံးပြီးတော့ လီဖူချန်းကို ကြည့်နေပါသေးတယ်။
“ဆရာ ... တပည့် အောင်မြင်သွားပြီ”
လီဖူချန်းကလည်း သူ့ရဲ့ အောင်မြင်မှုကြောင့် ဖြစ်လာတဲ့ ဝမ်းသာ ပျော်ရွှင်မှုတွေကို ထိန်းချုပ်မထား နိုင်တော့ပါဘူး။
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက ခေါင်းညိတ်လိုက်ပြီး …
“ဖူချန်း ...။ မင်းက ငါတွေ့ဖူးသမျှ လူတွေထဲမှာ ပါရမီ အကောင်းဆုံးပဲ။ ဒါပေမဲ့ ပါရမီ အရမ်းကောင်းတဲ့ လူတွေအားလုံးရဲ့ သိုင်းတာအို လမ်းစဉ်က သာမန်လူတွေထက် ခက်ခဲ ကြမ်းတမ်းတယ် ဆိုတာကိုလည်း မမေ့လိုက်နဲ့ဦး။ ဆရာ ရှိနေစဉ်မှာတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာရှိတဲ့ လူတွေက မင်းကို ထိရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်နေ့မှာ ဆရာက သည်အရှေ့ ယူနီကွန်း တိုက်ကြီးကနေ ထွက်သွား ရလိမ့်မယ်။ အဲသည်အချိန် ရောက်ရင်တော့ ငါ့တပည့်က ကိုယ့်အားကိုယ်သာ အားကိုးပြီး ဖြစ်လာသမျှကို ရင်ဆိုင်ရလိမ့်မယ်”
“ဆရာ ... ။ ဆရာက ထွက်သွားတော့မှာလား”
လီဖူချန်းက ဆရာဖြစ်သူကို အံ့သြစွာဖြင့် မေးလိုက်ပါတယ်။
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက ခေါင်းညိတ်လိုက်ပြီး
“အရမ်း မစိုးရိမ်ပါနဲ့ကွာ ...။ ကျားနဂါးပြိုင်ပွဲ မပြီးသေးခင်အထိ ငါမထွက်သွား သေးပါဘူး”
သူက သည်ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ နေထိုင်နေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး။ တစ်နေ့မှာတော့ သည်လျှို့ဝှက် နယ်မြေထဲက ထွက်သွား ရမှာပါပဲလေ။ သူက လီဖူချန်းလို ပါရမီရှင်မျိုးကို စောင့်နေတဲ့ အတွက် သည်လျှို့ဝှက် နယ်မြေထဲကနေ မထွက်ခွာ နိုင်သေးတာပါ။ အခုတော့ သူစောင့်မျှော် နေခဲ့တဲ့ ပါရမီရှင်က ရောက်လာခဲ့ပါပြီ။
လီဖူချန်းကတော့ တိတ်ဆိတ်စွာနဲ့ပဲ ရှိနေပါတယ်။
သူသည် ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို လာရတဲ့ အကြောင်းအရင်း တစ်ဝက်က နောက်ခံအင်အား လိုချင်လို့ပါ။ အခုတော့ သူ့ရဲ့ ဆရာက မကြာခင်မှာဘဲ ထွက်သွားတော့မည် ဆိုပါလား။
ဘာတတ်နိုင်ပါ့ မလဲလေ။ သူ့၏ဆရာ ပြောသလို ကိုယ့်ကိုယ်ကိုယ်သာ အားကိုး ရတော့မှာပေါ့။
ဓားတာအို လမ်းစဉ်ကို လျှောက်လမ်းမည့် သူ့လိုလူ အတွက်ကတော့ အကြောက်တရား ဆိုတာ ရှိနေရမည့် အရာတစ်ခု မဟုတ်ပါဘူး။
***