ကြယ်တာရာ ယွမ်ယင်ဝိညာဉ်
Vol. 70 Ch. 965
ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား တစ်ခဏမျှသာ စိုက်ကြည့်ခဲ့ခြင်း ဖြစ်ပါသော်လည်း နှလုံးသားထဲတွင်မူ ထာဝစဉ် စိုက်ကြည့်နေခဲ့ရသည့်အလား ခံစားလိုက်ရ၏။
သူသည် အတွေးများထဲတွင် နစ်မျောသွားပြီးနောက် သူ၏ ကြယ်တာရာယွမ်ယင်ဝိညာဉ်၏ လည်ပတ်မှုအား ရပ်တန့်သွားစေလိုက်သည်။ ထို့နောက် သူသည် မျက်လုံးများမှိတ်လိုက်သဖြင့် ကောင်းကင်ယံထဲရှိ ကြယ်များမှာ ပျောက်ကွယ်သွား၏။ နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ရိုက်တံအား ဝှေ့ယမ်းလိုက်သဖြင့် ဘေးနားတစ်ဝိုက်တွင် ရှိနေသည့် လူတိုင်းမှာ အံ့သြတုန်လှုပ်သွားရတော့သည်။ ထို့နောက် သူသည် မိုးကောင်းကင်စည်ကြီးအား ဆယ့်လေးကြိမ်မြောက်အဖြစ် တီးခတ်လိုက်တော့သည်။
ထိုအခါ ပညာရှိပုံစံ ကျင့်ကြံသူနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့မှာလည်း နောက်ထပ်တစ်ကြိမ်ထပ်၍ တုန်လှုပ်သွားရ၏။ ဝမ်ပေါင်လဲ့မှာမူ မိုးကောင်းကင်စည်ကြီး ဆယ့်ငါးကြိမ်မြောက်အဖြစ် တီးခတ်လိုက်ပြန်သည်။
ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာမူ မျက်ဝန်းများ နီမြန်းနေပြီး မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားရပြီ ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ဆယ့်ခြောက်ကြိမ်မြောက်အဖြစ် ထပ်၍ တီးခတ်လိုက်၏။
ထိုအခါ ကမ္ဘာကြီးတစ်ခုလုံး၏ နွေးထွေးကြင်နာမှု အငွေ့အသက်များ ထပ်၍ ဆင်းသက်လာသည်။ ဝမ်ပေါင်လဲ့မှာလည်း ၎င်းတို့၏ အကူအညီဖြင့် ဆယ့်ခုနစ်ကြိမ်မြောက်အဖြစ် တီးခတ်လိုက်၏။
သူသည် လေးချက်ဆက်တိုက် တီးခတ်လိုက်ခြင်း ဖြစ်ပြီး တစ်ချက်ချင်းစီတိုင်းမှာ ကမ္ဘာကြီးတစ်ခုလုံးအား တုန်ရီသွားစေသလို မိုးကောင်းကင်ကြီးအား တွန့်လိမ်ပုံပျက်သွားစေသည်သာ ဖြစ်သည်။ သက်ရှိတိုင်းမှာလည်း ဦးခေါင်းတည့်တည့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တစ်ခေါင်းလုံး ထူပူသွားကြရ၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုကဲ့သို့ တီးခတ်နိုင်ရန် အားအကုန် ထုတ်သုံးခဲ့ရ၏။ သူသည် ဤ ကမ္ဘာကြီးတစ်ခုလုံး၏ ကူညီဖေးမမှုများကို ရရှိပိုင်ဆိုင်ထားသည့်တိုင်အောင် အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ဘဲ တစ်ကိုယ်လုံး တစ်စစီ ဆုတ်ဖြဲခံနေရသည့်အလား ခံစားနေရပြီ ဖြစ်သည်။
သို့သော် သူသည် ဂြိုဟ်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ ထို့အပြင် သူသည် သူသည် သူ၏ ခန္ဓာကိုယ်အစစ်ထဲတွင် ရှိနေခြင်းမဟုတ်ဘဲ ကိုယ်ပွားတစ်ခုသာ ဖြစ်နေသည်မဟုတ်ပါလော။
သို့ဖြစ်ရာ သူသည် ဆယ့်ခုနစ်ချက်ထက် ပို၍ တီးခတ်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အမြင်အာရုံများ ဝေဝါးလာပြီး အချိန်မရွေး သတိလစ်သွားတော့မည့်ပုံ ပေါက်နေတော့သည်။
သို့သော် နောက်ဆုံးရိုက်ချက် လေးချက်မှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်ပေသည်။ ၎င်းမှာ ကြယ်သုဿာန်ထဲရှိ မည်သူမှ မမြင်ဖူးသလို စိတ်ကူးနှင့်ပင် မှန်းဆနိုင်စွမ်းမရှိသည့် စွမ်းအားမျိုး ဖြစ်သည်။
မိုးကောင်းကင်ကြီး တစ်ခုလုံးမှာ တစ်စီ စုတ်ပြဲသွားတော့မည့်ပုံ ပေါက်နေပြီး ဧရာမ ဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုဝဲကြီးထဲတွင် လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့ ဖြစ်နေသောကြောင့် ကြယ်သုဿာန်ကြီး တစ်ခုလုံးမှာ အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။ အမျှင်အတန်းပေါင်း မြောက်မြားစွာ၏ ချုပ်နှောင်ခြင်းကို ခံထားရသော တာအိုဂြိုဟ်ကြီးမှာမူ အပြင်းအထန် ရုန်းကန်နေပါသော်လည်း အောက်သို့ အတင်းအဓမ္မ ဆွဲချခံနေရဆဲပင်။ ၎င်း၏ ရုန်းကန်မှုကြောင့် အမျှင်အတန်းများမှာ အဆက်မပြတ် ပြတ်တောက်လာကြ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်စည်ကြီးအား လေးချက်ဆက်တိုက် တီးခတ်လိုက်သောကြောင့် အမျှင်အတန်း အသစ်များမှာ ရုတ်တရက်ဆိုသလို ရေတံခွန်တစ်ခုကဲ့သို့ ထပ်၍ ပေါ်ပေါက်လာကြသည်။ ၎င်းတို့မှာ ဧရာမလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး ထို တာအိုဂြိုဟ်ကြီးအား လှမ်း၍ ဖမ်းဆုပ်လိုက်၏။
ဝမ်ပေါင်လဲ့တစ်ယောက် ထို တာအိုဂြိုဟ်အား ဖမ်းဆုပ်မိလိုက်သည်နှင့် သူ၏ အတွေးထဲ၌ ဟိန်းသံကြီးတစ်သံ ပေါ်ပေါက်လာသည်။ သူသည် အဝေးမှနေ၍သာ ၎င်းအား ဖမ်းဆုပ်လိုက်ခြင်း ဖြစ်သည့်တိုင်အောင် ၎င်းအား တို့ထိမိလိုက်သည်နှင့် တာအိုဂြိုဟ်၏ စည်းမျဉ်းဥပဒေသများကို ချက်ချင်းဆိုသလိုပင် နားလည်သွားတော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲရှိ အငွေ့အသက်များမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ထိုအခါ သူသည် ကမ္ဘာကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ပင်။ သူသည် ကြယ်သုဿာန်ကြီး တစ်ခုလုံး၏ စိတ်ဆန္ဒနှင့် ကြယ်သုဿာန်အင်ပါယာကြီး၏ ကံကြမ္မာစွမ်းအားများအား ငှားရမ်းကာ သူ၏ ခန္ဓာကိုယ်ပေါ်၌ စုစည်းလိုက်သဖြင့် သူ၏ အငွေ့အသက်များမှာ ပြိုင်ဘက်ကင်းသွား၏။ နောက်ဆုံးတွင် သူသည် အသံကုန်အော်ဟစ်ကာ သူ၏ လက်ကျန်စွမ်းအား အကုန်လုံးကို ထုတ်သုံး၍ တာအိုဂြိုဟ်ကြီးအား အားပါပါ ဆွဲချလိုက်တော့သည်။
" အောက်ကို ဆင်းခဲ့စမ်း "
သူ ထိုသို့ ဆွဲလိုက်သဖြင့် လူတိုင်းမှာ မိုးကောင်းကင်ကြီး တစ်ခုလုံး ကွေးညွှတ်သွားသည့်အလား ခံစားလိုက်ရ၏။ ပုံရိပ်ယောင် အနေအထားဖြင့် ရုန်းကန်နေသည့် တာအိုဂြိုဟ်ကြီးမှာမူ အလွန်အင်မတန်မှ ဝင်းလက်တောက်ပသည့် အလင်းရောင်များကို ထုတ်လွှတ်လိုက်ပြီး မှုန်ဝါးဝါးဖြစ်နေသည့် ၎င်း၏ ပုံရိပ်ယောင်ထဲမှ အပြင်ဘက်သို့ တစ်ဝက်တိတိ အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ရပြီဖြစ်သည်။
ထိုအခါ အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး မိုးကောင်းကင်ကြီး အောက်သို့ ပြိုကျလာသလို ကောင်းကင်ယံထဲတွင်လည်း ဧရာမဂြိုဟ်ကြီးတစ်လုံး ပေါ်ပေါက်လာတော့သည်။ ထို ဂြိုဟ်ကြီးမှာ မိုးကောင်းကင်ကြီး တစ်ခုလုံး၏ သုံးဆယ်ရာခိုင်နှုန်းအား နေရာယူထားပြီး ၎င်း၏ ကိုယ်ထည် ခုနစ်ဆယ်ရာခိုင်နှုန်းခန့်မှာလည်း ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။
သို့ဖြစ်ရာ ထို ဂြိုဟ်ကြီး၏ အစိတ်အပိုင်းအများစုမှာ မှုန်ဝါးဝါး ဖြစ်မနေတော့ဘဲ လူတိုင်း ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။ ထို ဂြိုဟ်ကြီး၏ ပုံပန်းသွင်ပြင်မှာ အခြားသော ဂြိုဟ်များနှင့် လုံးဝမတူပေ။ ၎င်းမှာ စက္ကူဂြိုဟ်ကြီး တစ်လုံးကဲ့သို့ ကောင်းကင်ယံထဲ၌ ငွားငွားစွင့်စွင့် ရှိနေ၏။
တာအိုဂြိုဟ်ကြီးမှာ ထိုသို့ ဆွဲထုတ်ခံခဲ့ရပြီးနောက် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသွား၏။ ၎င်းမှာ ကြယ်သုဿာန်တစ်ခုလုံးအား အလင်းပေးထားသလို တစ်ချိန်ထဲမှာပင် ကြောက်မက်ဖွယ်ရာ အမျက်ဒေါသ အငွေ့အသက် များကိုလည်း ထုတ်လွှတ်နေသေးသည်။
ထို အမျက်ဒေါသ အငွေ့အသက်များမှာ အလွန်အင်မတန်မှအားကောင်းပြီး ရှင်းလင်းပြတ်သားမှုအပြည့် ရှိနေ၏။ သို့ဖြစ်ရာ ၎င်းတို့မှာ မီးပင်လယ်ကြီး တစ်စင်းအသွင် ပြောင်းလဲသွားပြီး ကမ္ဘာကြီးတစ်ခုလုံးအား မီးလောင်တိုက်သွင်းပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေတော့သည်။ ထိုသို့ဖြစ်နေရခြင်းမှာ ၎င်းသည် ကိုယ်ပိုင် အသိစိတ်တစ်ခု ပိုင်ဆိုင်ထားသည့် တာအိုဂြိုဟ်တစ်လုံး ဖြစ်နေသောကြောင့်ပင်။ ၎င်းမှာ မြေပြင်ပေါ်ရှိ မည်သည့်သက်ရှိမဆို ၎င်းနှင့် ယှဉ်လိုက်မည်ဆိုပါက အလွန်အင်မတန်မှ အားနည်းနေမည်သာ ဖြစ်ကြောင်း အာရုံခံမိနေသည်။ ၎င်းတို့၏ ကြားမှ အဆင့်အတန်း ခြားနားချက်မှာ မိုးနှင့်မြေလို ကွာခြားနေ၏။
သို့သော်... ၎င်းမှာ ကြယ်သုဿာန်ထဲ၌ ပေါ်ပေါက်လာခဲ့သည် ဂြိုဟ်တစ်လုံးဖြစ်ရာ ၎င်း၏ စည်းမျဉ်းဥပဒေသများမှာလည်း ကြယ်သုဿာန်၏ စည်းမျဉ်းဥပဒေသများမှတစ်ဆင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ ကြယ်သုဿာန်နှင့် ဆက်နွှယ်နေသလို တစ်ချိန်ထဲမှာပင် ကြယ်သုဿာန်၏ စည်းမျဉ်းဥပဒေသများကြောင့် ချုပ်နှောင်ခံထားရသည့်ပုံလည်း ပေါက်နေတော့သည်။
ယခင်တုန်းက ၎င်းမှာ ထို အချုပ်အနှောင်အား အထူးတလည် အလေးထားခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော ကြယ်သုဿာန်မှာ ဂြိုဟ်များ၏ ရွေးချယ်မှုအား ဝင်ရောက်စွက်ဖက်ခြင်း မရှိသောကြောင့်ပင်။ သို့သော် ယနေ့တွင်မူ ထိုအချုပ်အနှောင်မှာ ပထအဆုံး အကြိမ်အဖြစ် အလိုအလျောက် ပေါ်ပေါက်လာပြီ ဖြစ်သည်။
ထို့ကြောင့်လည်း ၎င်းမှာ ပြင်ပနယ်မြေထဲမှ ဖန်ဆင်းရှင်တစ်ပါး၏ အငွေ့အသက်များနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရစဉ်တုန်းက မောက်မာဝင့်ကြွားရဲနေခဲ့ပါသော်လည်း ယခုကဲ့သို့ သေးဖွဲ့သိမ်နုတ်သည့် ကျင့်ကြံသူလေးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့် အချိန်တွင်မူ ကြိုးစားရုန်းကန်နေရရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ခဲ့ပေ။ ၎င်းမှာ ထို ကျင့်ကြံသူလေးအား အပြစ်ပေးနိုင်ရန် အခွင့်အရေး တစ်ခုတလေပင် ရှာမတွေ့ပေ။
ယခုလို ဖြစ်နေရခြင်းမှာ ကြယ်သုဿာန်အင်ပါယာ တစ်ခုလုံး၏ ကံကြမ္မာစွမ်းအားများမှာ ဤ ကျင့်ကြံသူလေးဆီ၌ ကိန်းအောင်းနေသောကြောင့်ပင်။ ထို့အပြင် ကြယ်သုဿာန်ကြီး၏ စိတ်ဆန္ဒမှာလည်း ၎င်းအား ထိုကျင့်ကြံသူနှင့် ပေါင်းစည်းရန် ညွှန်ကြားနေသကဲ့သို့ပင်။
သို့သော် ထိုစိတ်ဆန္ဒမှာ ၎င်း၏ စိတ်ဆန္ဒ မဟုတ်သဖြင့် တာအိုဂြိုဟ်ကြီးမှာ ယခုလို ရုန်းကန်နေခြင်း ဖြစ်ပေသည်။ ၎င်းမှာ ထို ကျင့်ကြံသူအား သဘောကျနှစ်သက်ခြင်းမရှိသလို၊ ထိုကျင့်ကြံသူမှာ တာအိုဂြိုဟ်ဆိုသည့် ၎င်း၏ ဂုဏ်ပုဒ်အား မပျက်ပြားအောင် ထိန်းသိမ်းပေးနိုင်လိမ့်မည်ဟုလည်း အယုံအကြည် မရှိပေ။ အမှန်အတိုင်းဆိုရလျှင် ၎င်းမှာ ထို ကျင့်ကြံသူအား စက်ဆုပ်ရွံရှာနေသည်ဟုပင် ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အမြင်တွင် ထိုကျင့်ကြံသူ ယခုလို အခြေအနေမျိုးအထိ ရောက်လာနိုင်ခဲ့သည်မှာ သူ၏ ကိုယ်ပိုင် အစွမ်းအစများကြောင့် မဟုတ်ဘဲ ဘေးမှ အကူအညီများကြောင့်သာ ဖြစ်နေသောကြောင့်ပင်။
၎င်းမှာ ထို ကျင့်ကြံသူ၏ ဘေးတွင် ရှိနေသည့် မိန်းမပျိုလေးအား ရွေးချယ်ချင်နေ၏။ သူမသည် ၎င်းအား သခင်အဖြစ် သဘောထားကာ တရိုတသေ ခစားမည်ဟု ဆိုခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့်လည်း ၎င်းမှာ အမျက်ချောင်းချောင်း ထွက်နေရခြင်းဖြစ်သည်။ ၎င်းမှာ အဆက်မပြတ် ရုန်းကန်နေဆဲ ဖြစ်သောကြောင့် ၎င်း၏ ဒေါသများမှာ ပို၍အားကောင်းလာရသလို ၎င်းဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာလည်း ပို၍ ဝင်းလက်တောက်ပလာ၏။ နောက်ဆုံးတွင် တာအိုဂြိုဟ်ကြီး၏ ပတ်ပတ်လည်၌ မီးလျှံများ၏ အရိပ်များ စတင်ပေါ်ပေါက်လာသဖြင့် ၎င်းမှာ မီးတဟုန်းဟုန်း တောက်လောင်သွားတော့မည့်ပုံ ပေါက်နေတော့သည်။ သို့သော် ၎င်းမှာ သူ့ကိုယ်သူ ဖျက်ဆီးပစ်ရန် ကြံရွယ်နေခြင်းမဟုတ်ဘဲ အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ရန်သာ ကြိုးစားနေခြင်း ဖြစ်သည်။
ထို တာအိုဂြိုဟ်ကြီးမှာ ကြယ်သုဿာန်၏ အချုပ်အနှောင်များကို ဖြတ်တောက်ပစ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ ၎င်းမှာ ကြယ်သုဿာန်၏ စိတ်ဆန္ဒအောက်၌ လုံးဝ အညံ့ခံမည် မဟုတ်သလို ဝမ်ပေါင်လဲ့ကိုလည်း ရွေးချယ်မည် မဟုတ်ဟု ကြေညာလိုက်သကဲ့သို့ပင်။
၎င်းမှာ စကားပြောနိုင်စွမ်း မရှိပါသော်လည်း ၎င်း၏ အမျက်ဒေါသများကို အဆက်မပြတ် ထုတ်လွှတ်နေသောကြောင့် ကြယ်သုဿာန်အင်ပါယာထဲရှိ သက်ရှိတိုင်းမှာ ၎င်း၏ စိတ်ဆန္ဒအား အထင်အရှား သိမြင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးမှာ နှုတ်ဆိတ်သွားရ၏။
" ငါ့ကိုရွေးချယ်မဲ့အစား ကြယ်သုဿာန်နဲ့ အဆက်အသွယ်ဖြတ်ဖို့ စဉ်စားထားတာပေါ့။ ငါက တခြားသူတွေရဲ့ အကူအညီတွေကိုပဲ အားကိုးနေတယ်လို့ ထင်နေလို့များလား " ဝမ်ပေါင်လဲ့တစ်ယောက် နှုတ်ဆိတ်သွားရစဉ် သူ၏ဘေးတွင် ရှိနေသည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ မျက်ဝန်းများထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူမသည် တစ်စုံတစ်ခုအား လက်လွှတ်ဆုံးရှုံးလိုက်ရပြီးမှ ပြန်လည်ရရှိလိုက်သလို ခံစားလိုက်ရသဖြင့် အသားများ တဆတ်ဆတ်တုန်ရီကာ စိတ်လှုပ်တရှား ဖြစ်နေတော့သည်။ ထို့ကြောင့် သူမသည် စကားပြောရန် ပြင်လိုက်သည်။ သို့သော် သူမ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ပြုံးလိုက်၏။
ထို့နောက် သူသည် ခေါင်းမော့လာပြီး သူ ဆွဲထုတ်ထားခဲ့သည့် တာအိုဂြိုဟ်ကြီးအား လှမ်းကြည့်လိုက်သည်။ သူ၏အပြုံးမှာ အေးစက်နေ၏။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို နောက်သို့လှည့်ကာ ပင်မခန်းမကြီး၏ ရှေ့တွင် ရပ်နေသော ကြယ်သုဿာန်အင်ပါယာ ဧကရာဇ်ကြီးအား လှမ်းကြည့်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေ ဦးညွှတ်လိုက်တော့သည်။
" လူကြီးမင်း။ ကျေးဇူးပြုပြီးတော့ လူကြီးမင်းရဲ့ အကူအညီကို ပြန်လည်ရုပ်သိမ်းလိုက်ပါ "
ထိုအခါ ကြယ်သုဿန်အင်ပါယာ ဧကရာဇ်ကြီးမှာ နှုတ်ဆိတ်ကာ ဝမ်ပေါင်လဲ့အား ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ ဆုံးဖြတ်ချက်အား နားလည်သည့်ပုံပင်။ ထို့ကြောင့် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာတော့သည်။ ထို့နောက် မကြာသေးမီတုန်းက သူ၏ ခန္ဓာကိုယ်ပေါ်၌ စုဝေးလာကြသည့် ကြယ်သုဿာန်အင်ပါယာ မြို့သူမြို့သားများအားလုံး၏ အငွေ့အသက် အမျှင်အတန်းများမှာ အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားပြီး ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များဆီသို့ ပြန်ရောက်သွားတော့သည်။
ထိုမြင်ကွင်းကြောင့် ကြယ်သုဿာန်ထဲတွင် ရှိနေကြသည့် လူတိုင်းမှာ မျက်လုံးများမှေးသွားကြ၏။
ဝမ်ပေါင်လဲ့မှာမူ ချက်ချင်းဆိုသလိုပင် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ရီသွား၏။ သို့သော် သူသည် နောက်သို့ လှည့်ကာ ကြယ်သုဿာန်၏ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်အရိုသေပေးလိုက်ဆဲပင်။
" ကြီးမြတ်လှပါသော ကြယ်သုဿာန်ကမ္ဘာကြီးခဗျား။ ကျေးဇူးပြုပြီးတော့ ကြယ်သုဿာန်ကမ္ဘာကြီးရဲ့ စိတ်ဆန္ဒကို ပြန်လည် ရုပ်သိမ်းပေးပါ "
တစ်အောင့်ခန့်အကြာတွင် ကမ္ဘာကြီးထဲရှိ သက်ရှိတိုင်း၏ အသိစိတ်များထဲ၌ သက်ပြင်းချသံတစ်သံ တိုးတိုးလေး ပေါ်ပေါက်လာ၏။ ထို သက်ပြင်းချသံ ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ငါးရောင်ခြယ် အလင်းရောင်တစ်မျိုး ထွက်ပေါ်လာသည်။ ထိုငါးရောင်ထဲမှ အဖြူရောင်မှာ မိုးကောင်းကင်၊ အနက်ရောင်မှာ ကမ္ဘာမြေကြီး၊ အစိမ်းရောင်မှာ သက်ရှိများ၊ အပြာရောင်မှာ သမုဒ္ဒရာကြီးနှင့် အနီရောင်မှာ ဥပဒေသစွမ်းအားများကို အသီးသီး ကိုယ်စားပြုနေသည်။
ထို အလင်းရောင်များမှာ ဝမ်ပေါင်လဲ့၏ နဖူးပေါ်တွင် စုစည်းသွားပြီး နောက်ဆုံးတွင် အလင်းတန်းငါးခုအဖြစ် သူ၏ ခန္ဓာကိုယ် အပြင်ဘက်သို့ ပြန်လည်ထိုးထွက်သွားပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ထို အလင်းရောင်များ ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အထောက်အပံ့ စွမ်းအားများအားလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ထိုအချိန်တွင် ကြယ်သုသာန်အင်ပါယာ၏ ကံကြမ္မာစွမ်းအားများ မရှိတော့သလို ဤကမ္ဘာကြီး၏ နွေးထွေးကြင်နာမှု အငွေ့အသက်များလည်း မရှိတော့ပေ။ သို့ဖြစ်ရာ သူ၏ ပြင်ပအကူအညီအားလုံးမှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ပြုတ်ကျမသွားအောင် မိုးကောင်းကင်စည်ကြီးအား ကိုင်ထားရပြီး မတ်တတ်ရပ်နိုင်ရန်ပင် မနည်းကြိုးစားနေရ၏။ သို့သော် သူ၏ အငွေ့အသက်များ အားပျော့နေသည့်တိုင်အောင် ပြင်းပြသည့် စိတ်ဆန္ဒတစ်မျိုးမှာ တဖြည်းဖြည်းနှင့် အားကောင်းလာနေဆဲပင်။
ထို အခိုက်အတန့်တွင် ကြယ်သုသာန်ထဲရှိ သက်ရှိတိုင်းမှာ သူ့အား စိုက်ကြည့်နေကြ၏။ မိုးကောင်းကင်ထဲမှ ဆွဲထုတ်ခံခဲ့ရသဖြင့် အမျက်ချောင်းချောင်း ထွက်နေသည့် တာအိုဂြိုဟ်ကြီးပင်လျှင် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေတော့သည်။
" မင်း ငါနဲ့ မပေါင်းစည်းချင်လို့ ဆင်ခြေအမျိုးမျိုး ရှာနေတာလားဆိုတာ ငါမသိဘူး "
" ဒါပေမဲ့ အခု ငါ ပြင်ပအကူအညီတွေ အားလုံးကို ပြန်လွှတ်လိုက်ပြီ။ နောက် ဘာဆက်ဖြစ်မလဲဆိုတာ... သေသေချာချာ စောင့်ကြည့်နေလိုက် " ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာဆိုလိုက်ပြီး စကားဆုံးသွားချိန်တွင် ရုတ်ခြည်းဆိုသလို ခေါင်းမော့လာ၏။ ထို့နောက် ကံကြမ္မာစွမ်းအားများနှင့် နွေးထွေးကြင်နာမှု အငွေ့အသက်များကို ဆုံးရှုံးလိုက်ရသဖြင့် မှေးမှိန်သွားခဲ့ရသည့် သူ၏ မျက်ဝန်းများမှာ ရုတ်တရက်ဆိုသလို ယခင်တုန်းကထက်ပင် ပို၍ ဝင်းလက်တောက်ပလာတော့သည်။
ပို၍တိတိကျကျ ဆိုရမည်ဆိုလျှင် ထို အလင်းရောင်များမှာ... ကြယ်အလင်းရောင်များ ဖြစ်ပေသည်။
" ကြယ်တာရာ ယွမ်ယင်ဝိညာဉ် " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် အော်ဟစ်ကြိမ်းဝါးလိုက်ပြီး လက်နှစ်ဖက်ကို လေပေါ်သို့ မြှောက်လိုက်တော့သည်။