မိစ္ဆာနှင် ဓားဆန္ဒ
Vol. 20 Ch. 269
သည်တစ်ကြိမ် ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကို ရောက်လာကြတဲ့ လူငယ် ပါရမီရှင်တွေက အရင် တစ်ကြိမ်ကထက်ကို ပိုများပါသေးတယ်။
ကျားနဂါးပြိုင်ပွဲ ကျင်းပဖို့ အချိန်ကလည်း တစ်နှစ်တောင် မလိုတော့တဲ့ အတွက် ဂိုဏ်းအသီးသီးက ပါရမီရှင် လူငယ် အပေါင်းကလည်း ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေဆီကို ရောက်လာခဲ့ ကြပါပြီ။
ရန်ချင်းဟူ တစ်ယောက်လည်း ထိုလူငယ် ပါရမီရှင်ကြားတွေ ထဲမှာ ပါလာခဲ့ပါတယ်။
ရန်ချင်းဟူ ကတော့ ထိုလူငယ် ပါရမီရှင် လူငယ်တွေ ကြားထဲမှာ သေချာပေါက် အသက် အငယ်ဆုံးပါပဲ။ သူမက အသက်၁၈နှစ်သာ ရှိသေးတာပါ။ ဒါပေမဲ့လည်း သူမရဲ့ ကျင့်ကြံမှုကတော့ အဆင့်မနိမ့် လှပါဘူး။ သူမက မြေကမ္ဘာနယ်ပယ် အဆင့်၅ကိုတောင် ရောက်နေပါပြီ။ ကြည့်ရတာတော့ သူမရဲ့ ကျင့်ကြံမှုနှုန်းက အခြားသော ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ထက်ကို ပိုမြန်နေသည့် ပုံပင်။ စုမုယူတောင်မှ ရန်ချင်းဟူရဲ့ ကျင့်ကြံမှုနှုန်းကို လိုက်မီမယ့်ပုံ မပေါ်ပါဘူး။
ဟုတ်ပါတယ်။ ရန်ချင်းဟူ တစ်ယောက် မြေကမ္ဘာနယ်ပယ် အဆင့်၅ကို ရောက်ခဲ့တဲ့ အကြောင်းအရင်း တစ်ချက်ကတော့ သူမက ကြယ်တာရာလမ်းမ လျှို့ဝှက် နယ်မြေထဲကို ဝင်ရောက်ခဲ့လို့ပါပဲ။ ကြယ်တာရာ စွမ်းအင်တွေရဲ့ အထောက်အပံ့က သူမကို ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တက်စေခဲ့တယ်လေ။
“ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်ပြီး သတ္တမမြောက် ဆန်းကြယ် တံခါးထဲကို ဝင်ခဲ့နိုင်တယ် ဆိုတဲ့ လီဖူချန်းက တကယ်ပဲ သူများလား ...”
သည်သုံးလ အတွင်းမှာတော့ လီဖူချန်းရဲ့ အောင်မြင်မှု သတင်းတွေက ဂိုဏ်းအသီးသီးမှာ ရှိတဲ့ ပါရမီရှင်တွေကြားထဲကို ရိုက်ခတ် စေခဲ့သည် မဟုတ်ပါလား။
ကောင်းကင်နတ်ဆိုး ဂိုဏ်းထဲမှာ ရှိနေတဲ့ ရန်ချင်းဟူကလည်း သည်သတင်းကို ကောင်းကောင်းကြီး ကြားရပါတယ်။
ဒါပေမဲ့ သူမက လီဖူချန်းရဲ့ ပါရမီ သည်လောက်အထိ ကောင်းတယ် ဆိုတာကို မယုံကြည် နိုင်သေးပါဘူး။
လီဖူချန်း အကြောင်း စဉ်းစားလိုက်တာနဲ့ ရန်ချင်းဟူရဲ့ စိတ်တွေက အတိတ်က ဖြစ်ရပ်တွေကို ပြန်သတိရလာပြီး ရှက်သွေးဖြာ လာခဲ့ပါတယ်။
သည်သေနာကောင်က ယင်ဖိုတောင် မသန်းဖူးသေးတဲ့ သူမ၏ နုနုထွတ်ထွတ် အပျိုစင် ခန္ဓာကိုယ်လေးအား အခွင့်ကောင်းယူတာ အားရပါးရ မျက်လုံးအရသာ ခံသွားသည် မဟုတ်ပါလား။
အခြား တစ်ဖက်မှာလည်း ရန်ချင်းဟူက လီဖူချန်းကို ကျေးဇူးတင်နေမိ ပါသေးတယ်။ လီဖူချန်းတစ်ယောက် လီဝူရှုကို သတ်ပစ် လိုက်တာက သူမကို တစ်ဖက်တစ်လမ်းမှ ကူညီလိုက်တာနဲ့ အတူတူပါပဲ။
***
ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ ဖွင့်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ရန်ချင်းဟူနဲ့ အခြားသော လူငယ် ပါရမီရှင်တွေက လျှို့ဝှက် နယ်မြေထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်သွားကြ ပါတော့တယ်။
ဆန်းကြယ် ပထမ တံခါး …
ဆန်းကြယ် ဒုတိယ တံခါး …
ဆန်းကြယ် ပဉ္စမ တံခါး ...။
ရန်ချင်းဟူက ပဉ္စမမြောက် ဆန်းကြယ် တံခါးကိုပါ အလွယ်တကူ ကျော်ဖြတ် နိုင်ခဲ့ပါတယ်။
ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို အရောက်မှာတော့ ရန်ချင်းဟူကလည်း စုမုယူလို အရှုံးပေး လိုက်ရပါပြီ။ သည်တံခါးက ကြည့်ရတာ အသက်အရွယ်နဲ့ အတွေ့အကြုံကိုသာ ဦးစားပေးသည့် ပုံပါပဲ။
“သည်ကလေးမ မဆိုးဘူးဟ ...။ သူမရဲ့ ပါရမီက အရင်တစ်ခေါက် ငါလက်ခံလိုက်တဲ့ လက်ရင်း တပည့်ထက် လုံးဝ နိမ့်ကျမနေဘူး”
ဇာမဏီမျက်လုံး အစုံဖြင့် လူကြီးက ရန်ချင်းဟူကို သတိပြုမိ သွားပါတယ်။
သည်လိုနဲ့ပဲ ရန်ချင်းဟူကလည်း နံပါတ်သုံး ပဟေဠိ သိုင်းသမားကြီးရဲ့ လက်ရင်းတပည့် ဖြစ်သွားခဲ့ပါပြီ။
စုမုယူနဲ့ ရန်ချင်းဟူတို့ကလည်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကျွမ်းဝင် သွားကြတယ်လေ။
***
ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ ဖွင့်ပြီးလို့ သုံးရက် အကြာမှာတော့ လီဖူချန်းတစ်ယောက် မြေကမ္ဘာနယ်ပယ် အဆင့်၆ကို ရှောရှောရှူရှူ ရောက်သွားခဲ့ပါပြီ။
နှစ်ဝက်လောက်ကြာမှ ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တက်တယ် ဆိုတာက မြန်တယ်လို့ ပြောလို့မရသလို နှေးတယ်လို့လည်း သတ်မှတ်လို့ မရပါဘူး။
အထူးသဖြင့် လီဖူချန်းလို ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက် အတွက်ပေါ့လေ။
တကယ်လို့ ကြယ်တာရာ လမ်းမပေါ်ကရတဲ့ ကြယ်တာရာစွမ်းအင် အထောက်အပံ့သာ မရှိရင်တော့ လီဖူချန်းအနေနဲ့ အဆင့်တစ်ဆင့် တက်ဖို့ကို တစ်နှစ်လောက်တောင် ကြာနိုင်ပါတယ်။
ပြီးတော့ မြေကမ္ဘာနယ်ပယ် ဆိုတာက အဆင့်တစ်ဆင့် တက်ဖို့ကို မနည်း ကြိုးစားရသည့် နယ်ပယ်တစ်ခုပင် မဟုတ်ပါလား။ ကောင်းမွန်တဲ့ အရိုးတည်ဆောက်ပုံ မရှိဘဲနဲ့တော့ အဆင့် တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်ဖို့က အဆင် မပြေလှပါဘူး။
မြေကမ္ဘာနယ်ပယ် အဆင့်၆ကို ရောက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အတွင်းမှာ ရှိနေတဲ့ ကြယ်တာရာ စွမ်းအင်ပုလင်း တစ်ဝက်လောက်က ကုန်ဆုံး သွားခဲ့ပါပြီ။ လက်ကျန် ကြယ်တာရာ စွမ်းအင်တွေကလည်း လီဖူချန်းကို မြေကမ္ဘာနယ်ပယ် အဆင့်၇ကို ရောက်စေတဲ့ အထိ မလုံလောက်သေးပါဘူး။
'တကယ်လို့သာ အချိန်ရှိနေသေးရင် ကြယ်ကျောက်တုံး တစ်ခုလောက်တော့ လိုက်ရှာရမယ်'
လီဖူချန်းက အတွေးတစ်ခု ရလာခဲ့ပါတယ်။
ကြယ်ကျောက်တုံးတွေ ဆိုတာက အင်မတန် ရှားပါးတဲ့ အရာတွေ ဖြစ်ပေမဲ့လည်း လီဖူချန်းကတော့ တစ်ခုလောက် လိုချင်နေပါတယ်။ တကယ်လို့သာ အခွင့်အရေး ရခဲ့မယ် ဆိုရင်တော့ လီဖူချန်းက ကြယ်ကျောက်တုံးတွေကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။
နောက်ထပ်၃ရက် အကြာမှာတော့ လီဖူချန်းရဲ့ အတွင်းအား ကျင့်စဉ်ကလည်း နောက်တစ်ဆင့်ကို ရောက်သွားခဲ့ပါပြီ။
အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ် အဆင့်၁၅ကနေ အဆင့်၁၆ကိုပေါ့။
အဆင့်တစ်ဆင့်သာ တက်သွားတယ် ဆိုပေမဲ့လည်း အဲသည် တစ်ဆင့်ရဲ့ အရေးပါပုံကိုတော့ လီဖူချန်း တစ်ယောက် ကောင်းကောင်းကြီး သိနေပါတယ်။
ကျားနဂါး စာရင်းဝင်တိုင်းက ကျင်ကြံခြင်း နယ်ပယ်မှာ အတော်လေး မြင့်ကြပါတယ်။ အနည်းဆုံးတော့ မြေကမ္ဘာနယ်ပယ် အဆင့်၈မှာ ရှိနေတာပါ။ ဒါပေမဲ့ သူတို့ရဲ့ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်တွေကတော့ အဆင့်၁၅မှာသာ ရှိနေသေးတာလေ။ လီဖူချန်း ခန့်မှန်း ရသလောက် ဆိုရင်တော့ အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံး မှာတောင်မှ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ် အဆင့်၁၆ကို ရောက်အောင် လေ့ကျင့်နိုင်တဲ့ လူငယ် ပါရမီရှင်တွေ ၁၀ယောက် မပြည့်ပါဘူး။
မိုးပြာရောင် ဂိုဏ်းရဲ့ အကြီးအကဲ ခေါင်ချုပ်ဖြစ်တဲ့ ဇောင်ဝူကျင်းတောင်မှ သူ့ရဲ့ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ကို အဆင့်၁၉အထိသာ လေ့ကျင့် နိုင်သေးတာပါ။ အတွင်းစည်း အကြီးအကဲ အတော်များများ တောင်မှ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ် အဆင့်၁၆ လောက်မှာသာ ရှိပါသေးတယ်။
လီဖူချန်းရဲ့ လက်ရှိအတွင်းအား ကျင့်စဉ် အဆင့်က အတွင်းစည်း အကြီးအကဲ တစ်ယောက်ရဲ့ အဆင့်ကိုတောင် ရောက်နေပါပြီ။
သူက ယခုအချိန်မှာ အတွင်းစည်း အကြီးအကဲတွေကို မယှဉ်နိုင် သေးပေမဲ့လည်း နောင်အနာဂတ်မှာတော့ သေချာပေါက် ယှဉ်နိုင် လာတော့မှာပါ။
လီဖူချန်းက အခုမှ အသက်၂၀သာ ရှိနေသေးသည် မဟုတ်ပါလား။
အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ် အဆင့်၁၆ကို ရောက်သွားတဲ့ လီဖူချန်းရဲ့ ချီအတွင်းအား အရည်အသွေးက မြေကမ္ဘာနယ်ပယ် အဆင့်၇မှာရှိတဲ့ ပညာရှင်တွေရဲ့ ချီအရည်အသွေးထက် လုံးဝ နိမ့်ကျမနေပါဘူး။
ကျင့်ကြံမှု အဆင့်တစ်ဆင့် တက်သွားပြီးတဲ့ အခါမှာတော့ သူ့ရဲ့မိစ္ဆာနှင် ဓားသိုင်းကို ပိုပြီး အကျွမ်းတဝင် ရှိလာတယ်လို့ လီဖူချန်းက သတိပြုမိ လိုက်ပါတယ်။
သူ့ရဲ့ လက်ရှိပုံစံက ဘာနဲ့ တူနေသလဲ ဆိုတော့ ကလေးလေး တစ်ယောက်က ဓားမကြီး ကိုင်ပြီး လျှောက်သွားနေတဲ့ အဖြစ်ကနေ ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ဓားမကြီး ကိုင်ပြီး လျှောက်သွား နေသလိုပါပဲ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ဗျာ အားနဲ့ဝန် မျှလာတယ်ပေါ့။
“ငါသာ ကောင်းကင်နယ်ပယ် အဆင့်က ပညာရှင် ဆိုရင်တော့ သည်မိစ္ဆာနှင် ဓားဆန္ဒကို အလွယ်လေး နားလည် အသုံးပြုနိုင်မှာပဲ”
လီဖူချန်းက သူ့ရဲ့ ထိုးထွင်း သိမြင်မှုကိုတော့ လုံးဝ ယုံကြည်မှု ရှိပါတယ်။ သူ့မှာ လိုအပ်နေတာ ဆိုလို့ ကျင့်ကြံခြင်း အဆင့်ပဲ လိုတာပါ။
***
သည်လိုနဲ့ နောက်ထပ် သုံးလ ကုန်ဆုံးသွားခဲ့ ပြန်ပါပြီ။
ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကလည်း နောက်ထပ်တစ်ကြိမ် ပြန်လည် ဖွင့်လှစ် လာပြန်ပါတယ်။
သည်တစ်ကြိမ်မှာတော့ လူငယ်တွေ သိပ်မလာတော့ပါဘူး။ သည်ကိုလာတဲ့ လူတိုင်းက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ တစ်နှစ်တိတိ နေထိုင်ပြီး ပဟေဠိ သိုင်းသမားတွေရဲ့ သင်ပြမှုကို လိုချင်ကြတာပါ။ ဒါပေမဲ့ ကျားနဂါး ပြိုင်ပွဲကို ကျင်းပဖို့ အချိန်ကလည်း နှစ်ဝက်နီးပါးသာ ကျန်ရှိတော့တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြတဲ့ လူငယ် ပါရမီရှင်တွေက သည်ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို မဝင်ကြတော့ပါဘူး။ သည်တစ်ကြိမ် ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေဆီကို ရောက်လာတဲ့ သူတွေကတော့ ကျားနဂါး စာရင်းထဲကို ဝင်ဖို့ မျှော်လင့်ချက် မရှိတဲ့ သူတွေချည်းပါပဲ။
မီးတောက် ...
တောင်ထိပ်ပေါ်မှာ ရပ်နေတဲ့ လီဖူချန်းရဲ့ လက်ထဲမှာတော့ မီးလောင်ကျွမ်းနေတဲ့ သစ်ကိုင်းခြောက်လေး တစ်ခု ရှိနေပါတယ်။
ဒါပေမဲ့ သည်မီးတောက်က သစ်ကိုင်းခြောက်ကို မပျက်စီးစေဘဲ သဟဇာတ ဖြစ်စွာ တည်ရှိနေတာပါ။
“ဒါက မိစ္ဆာနှင် ဓားဆန္ဒလား ...”
လီဖူချန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်မိ ပါတယ်။
သည် မိစ္ဆာနှင် ဓားဆန္ဒက အရမ်းကို ထူးခြားဆန်းကြယ် လွန်းလှပါတယ်လေ။ သည်ဓားဆန္ဒထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ထူးခြားမှုတွေတောင် ပါဝင် နေသလိုပါပဲ။
လီဖူချန်းက သစ်ကိုင်းကို ရေပြင်ညီ အတိုင်း လွှဲရိုက် လိုက်ပါတယ်။
ဝုန်း ...
လီဖူချန်းရဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကတော့ မီးလောင်ပြင်ကြီး တစ်ခုထဲကို ရောက်သွားသည့် အလား ပူလောင် သွားခဲ့ပါပြီ။
“ကောင်းတယ် …။ နောက်ဆုံးတော့ မင်းက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို ထုတ်ဖော် အသုံးပြုသွား နိုင်ပြီပေါ့လေ”
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လေထဲနေ ပေါ်လာပြီး လီဖူချန်းကို ချီးကျူး လိုက်ပါတယ်။ သူက အရမ်းကို ကျေနပ်အားရ နေပုံပါပဲ။
လီဖူချန်းဆိုတာက သူ့၏ ပထမဦးဆုံး လက်ရင်းတပည့်ပင် မဟုတ်ပါလော။
“ဒါတွေအားလုံးက ဆရာရဲ့ လမ်းညွှန် သင်ကြား ပေးမှုတွေကြောင့်ပါ”
လီဖူချန်းက ရိုသေ ကျိုးနွံစွာဖြင့် ပြောလိုက်ပါတယ်။
“အဓိကက မင်းရဲ့ ကြိုးစား အားထုတ်မှု ပါပဲကွာ။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးလည်း မနှိမ့်ချ စမ်းပါနဲ့”
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက ပြုံးပြီး ပြန်ပြော လိုက်ပြန်ပါတယ်။ ထို့နောက်မှာတော့ သူက
“မင်းက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကိုတောင်မှ ထုတ်ဖော် အသုံးပြုနိုင်ပြီ ဆိုတော့ ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်ကိုလည်း တီထွင်ဖန်တီးဖို့ ကြိုးစား သင့်တယ်နော် …”
ကြည့်ရတာတော့ နံပါတစ် ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းအတွက်ကို ကြိုတင်ပြီး အစီအစဉ်တွေ ချမှတ်ထားပုံပါပဲ။
“ဟုတ်ကဲ့ပါ ဆရာ ...။ ကျွန်တော် ကြိုးစားပါ့မယ်”
ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ်ဓားကွက်ကို ဖန်တီးရတယ်ဆိုတာက အင်မတန်မှ ခက်ခဲလွန်းတဲ့ အရာတစ်ခုပါ။ ကောင်းကင်နယ်ပယ် ပညာရှင်တွေတောင်မှ ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်ကို အလွယ်တကူ မဖန်တီးနိုင်ပါဘူး။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုနဲ့ ဆရာဖြစ်သူ့ရဲ့ သင်ကြား ပြသမှုတွေကို ပေါင်းလိုက်ရင်တော့ ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်ကို ဖန်တီးဖို့ ဆိုတာက မဖြစ်နိုင်စရာ အကြောင်း မရှိပါဘူးလေ။
ဒါကြောင့်လည်း လီဖူချန်းက ကြိုးစားပါ့မယ်လို့ ကတိ ပေးလိုက်တာပါ။
သူက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကိုတောင် နားလည် အသုံးပြု နိုင်မှတော့ ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်ကိုလည်း ဖန်တီး နိုင်မှာပါပဲ။
လောကမှာ ပထမဦးဆုံး ခြေလှမ်းတစ်လှမ်း စလှမ်းဖို့တာ ခဲယဉ်းတာပါ။ နောက်ပိုင်း ခြေလှမ်းတွေ အတွက်ကတော့ သူ့ဟာနဲ့သူ အရှိန် ရသွားတတ်တာ မဟုတ်ပါလား။
“မင်းလုပ်နိုင်မယ် ဆိုတာ ဆရာ ယုံကြည်တယ်"
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းတစ်ယောက် ဘယ်လောက်အထိ စွမ်းဆောင် နိုင်မလဲ ဆိုတာကို စောင့်ကြည့်ချင် ပါသေးတယ်။
လီဖူချန်း တစ်ယောက် ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်ကို မဖန်တီး နိုင်ရင်တောင်မှ သူက လီဖူချန်းအပေါ် စိတ်ပျက်သွားမှာ မယုတ်ပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။
ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်ကို ဖန်တီးဖို့ ဆိုတာက ကောင်းကင်နယ်ပယ် ပညာရှင်တိုင်း နီးပါးတောင် တတ်နိုင်သည့် အရာမှ မဟုတ်ခဲ့တာကိုး။
ဒါပေမဲ့ လီဖူချန်း ကသာ ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်ကို ဖန်တီး သွားနိုင်တယ် ဆိုရင်တော့ ဒါက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ တပည့်တစ်ဦးကို ပြုစုပျိုးထောင် နိုင်ခဲ့တာနဲ့ အတူတူပါပဲလေ။
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီး အနေနဲ့ကတော့ လီဖူချန်းကို အနာဂတ်မှာ ပြန်တွေ့ရချင်မှ ပြန်တွေ့ရမှာပါ။
ဒါပေမဲ့ ... တစ်နေ့ ... တစ်နေ့မှာတော့ လီဖူချန်းတစ်ယောက် ရေမြွေလေး အသွင်ကနေ တကယ့် နဂါးစစ်စစ် တစ်ကောင် အဖြစ် ပြောင်းသွားပြီး ကောင်းကင် တစ်ခုလုံးကို လွှမ်းမိုးသွားနိုင် ပါလိမ့်မယ်။
အဲသည် အချိန် ရောက်ရင်တော့ သူက သူ့တပည့်ရဲ့ ဂုဏ်သတင်းတွေကို ပြန်ကြား ရပါလိမ့်မယ်။
လီဖူချန်းတစ်ယောက် သိသည်ဖြစ်စေ၊ မသိသည်ပဲ ဖြစ်စေ။
ပဟေဠိ သိုင်းသမားကြီး ကတော့ သူ့ရဲ့ ပထမဆုံး လက်ရင်းတပည့် အတွက် ဘဝ တစ်လျှောက်လုံးမှာ ဂုဏ်ယူ နေမိမှာပါပဲ။
“ငါ့တပည့် အောင်မြင်ပါစေလို့ ဆရာ ဆုတောင်းပါတယ်ကွာ ...”
ထို့နောက်မှာတော့ ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းရဲ့ မြင်ကွင်းကနေ ပျောက်ကွယ် သွားပါတော့တယ်။
***