လာမှာလား၊ မလာဘူးလား
Vol. 70 Ch. 966
ကြယ်တာရာယွမ်ယင်ဝိညာဉ်၏ စွမ်းရည်မှာ ၎င်း၏ ပိုင်ရှင်အား အစွမ်းမြှင့်တင်ပေးနိုင်စွမ်း ရှိသည်။ ဂြိုဟ်တစ်လုံးနှင့် ပို၍ နီးကပ်လာလေလေ သို့မဟုတ် မိမိ၏ ပတ်ပတ်လည်၌ ရှိနေသည့် ဂြိုဟ်အရေအတွက်များ ပိုများလာလေလေ ထိုပိုင်ရှင်မှာလည်း ပို၍ အစွမ်းထက်လာလေလေ ဖြစ်သည်။
ကြယ်သုသာန်မှာမူ ဂြိုဟ်တစ်လုံး မဟုတ်ဘဲ ဟင်းလင်းပြင်ကြီးတစ်ခုသာ ဖြစ်၏။ ယခုတွင် ကောင်းကင်ယံထဲတွင်လည်း အခြား ကြယ်များကို မမြင်နိုင်ဘဲ တာအိုဂြိုဟ် တစ်လုံးကိုသာ မြင်နိုင်ပေသည်။ သို့ဖြစ်ရာ ဤ အခြေအနေကြီးမှာ ကြယ်တာရာယွမ်ယင်ဝိညာဉ်အား ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့အတွက် အကူအညီ အထောက်အပံ့တစ်ခု ဖြစ်နေပါသော်လည်း သူ ထင်မှတ်ထားသလောက် အစွမ်းထက်နေခြင်းတော့မရှိပေ။
သို့သော် ဝမ်ပေါင်လဲ့မှာ ဤကမ္ဘာကြီး၏ နွေးထွေးကြင်နာမှု အငွေ့အသက်များအား ရရှိပိုင်ဆိုင်သွားခဲ့စဉ်တုန်းက သူ၏ ကြယ်တာရာယွမ်ယင်ဝိညာဉ် စွမ်းအင်အား ထုတ်သုံးမိခဲ့၏။ ထိုစဉ်တုန်းက သူသည် ကောင်းကင်ယံထဲ၌ ပျောက်နေခဲ့သည့် ကြယ်များကိုပင် ရှာတွေ့ခဲ့သည်ဖြစ်ရာ ရှိသမျှ ကြယ်များအားလုံးကို မြင်တွေ့ပြီးသွားပြီ ဖြစ်သည်။ ထို့အပြင် သူသည် ဂြိုဟ်တစ်လုံးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားခဲ့ရပြီး ထိုခံစားချက်ကြီးမှာ သူ၏ အတွေးထဲမှ ပျောက်ကွယ်သွားခဲ့ခြင်းမရှိပေ။ ယခုတွင် သူ၏ ခန္ဓာကိုယ်ထဲမှ ကြယ်တာရာယွမ်ယင်ဝိညာဉ် အငွေ့အသက်များ ထွက်ပေါ်လာသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူသည် သူ၏ လက်နှစ်ဖက်အား မြှောက်လိုက်သောအခါ မိုးကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲရှိ ကြယ်အလင်းရောင်များ ပို၍ အားကောင်းလာရုံသာမက သူ၏ ခန္ဓာကိုယ်မှာလည်း ဝင်းလက်တောက်ပလာ၏။ ထို အလင်းရောင်များမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာပြီး နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားတော့မည့်အလား ဖြစ်သွားသည်။ ထို့နောက် သူသည် တဖြည်းဖြည်းနှင့် လေပေါ်သို့ မြောက်တက်သွားတော့သည်။
သူ လေပေါ်သို့ မြောက်တက်သွားပြီး ကြယ်အလင်းရောင်များ ထွန်းလင်းတောက်ပနေစဉ် ကောင်းကင်ယံထဲရှိ ထစ်ချုန်းသံများမှာ ပို၍ပင် ကျယ်လောင်လာ၏။ ထိုအချိန်တွင် တာအိုဂြိုဟ်ကြီး ဆင်းသက်လာခဲ့ပြီးနောက် အရောင်များ မှေးမှိန်သွားပြီး ပျောက်ကွယ်သွားခဲ့သည့် အခြား ကြယ်လေးများမှာ သူ့အား တုံ့ပြန်သည့်အနေဖြင့် ဖြည်းဖြည်းချင်း ပြန်လည်တောက်ပလာတော့သည်။
၎င်းတို့၏ အလင်းရောင်များမှာ အားပျော့နေသလို တာအိုဂြိုဟ်ကြီးမှာလည်း ၎င်းတို့အား ချက်ချင်း ဖိနှိပ်ချုပ်တည်းလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့ လေပေါ်သို့ မြောက်တက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် ကြယ်အလင်းရောင်များ ပို၍ တောက်ပလာသည်နှင့်အမျှ သူ ဂြိုဟ်တစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည့် ခံစားချက်ကြီးမှာလည်း ပို၍အားကောင်းလာ၏။ မိုးကောင်းကင်ကြီး တစ်ခုလုံးမှာလည်း စတင်ပြောင်းလဲလာပြီဖြစ်သည်။
ပုန်းလျှိုးကွယ်လျှိုး လုပ်နေခဲ့ရသည့် ကြယ်များမှာ တာအိုဂြိုဟ်ကြီး၏ ဖိနှိပ်အားများကို ပို၍ ခုခံတွန်းလှန်လာကြသဖြင့် ကြယ်အလင်းရောင်များမှာလည်း အဆက်မပြတ် ထွက်ပေါ်လာနေ၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့နှင့်အတူ ပူးပေါင်းကာ တာအိုဂြိုဟ်ကြီး၏ အနိုင်ကျင့်ဗိုလ်ကျမှုများကို တွန်းလှန်နိုင်ရန် ကြိုးစားနေကြသည့်ပုံပင်။ သို့သော် ထိုအခိုက်အတန့်တွင် တာအိုဂြိုဟ်၏ ဖိနှိပ်ချုပ်တည်မှု စွမ်းအားများမှာလည်း ပို၍အားကောင်းလာ၏။
၎င်းမှာ ယခင်တုန်းက ဝမ်ပေါင်လဲ့အား အထင်သေးနေခဲ့ပါသော်လည်း ယခုတွင်မူ သူ့ကြောင့် စိုးရိမ်စိတ်များ စတင်ကြီးထွားလာရပြီ ဖြစ်သည်။ ၎င်း၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ဘဲ ဂြိုဟ်တစ်လုံး ဖြစ်နေ၏။ သို့ဖြစ်ရာ သူ၏ လုပ်ရပ်များမှာ ၎င်း၏ ဂုဏ်ပုဏ်အား စိန်ခေါ်နေသကဲ့သို့ပင်။
ယခုလို ဖြစ်နေရခြင်းမှာ ကြယ်တာရာယွမ်ယင်ဝိညာဉ်၏ ဂုဏ်သတ္တိတစ်မျိုးကြောင့်ပင်။ ဝမ်ပေါင်လဲ့ပင်လျှင် ထိုလျှို့ဝှက်ချက်အား ယခုမှ သိရှိလိုက်ရခြင်း ဖြစ်သည်။ ထို လျှို့ဝှက်ချက်မှာ... ကြယ်တာရာယွမ်ယင်ဝိညာဉ်အား ကြယ်တစ်လုံးအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရနေခြင်းပင်။
၎င်းမှာ ကြယ်တစ်လုံး၏ အပြင်ပိုင်း ကိုယ်ထည်အား ပိုင်ဆိုင်ထားခြင်းမရှိပါသော်လည်း စိတ်ဆန္ဒများကို ပိုင်ဆိုင်ထား၏။
ထို မြင်ကွင်းအား မြင်လိုက်ရသည့်လူတိုင်းမှာ အမူအရာများ ပြောင်းလဲသွားကြ၏။
ပြည်သူ့ရင်ပြင်ထဲရှိ လူပုံစံစက္ကူရုံများ အားလုံးမှာလည်း အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။ ပညာရှိပုံစံ ကျင့်ကြံသူနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့မှာ ပင့်သက်များ ရှိုက်မိသွားကြ၏။ သူတို့၏ဘေးတွင် ရှိနေသည့် မိန်းမငယ်လေးမှာလည်း ဆွံ့အနေရပြီဖြစ်သည်။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း မျက်ဝန်းများထဲ၌ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးပင်လျှင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်ဝန်းများဖြင့် မသိစိတ်မှနေ၍ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာမိသွား၏။
" ကြယ်တာရာယွမ်ယင်ဝိညာဉ်ပဲ "
အဆုံးမဲ့တာအိုနယ်မြေထဲရှိ ဒဏ္ဍာရီလာ ယွမ်ယင်ဝိညာဉ်ငါးမျိုးထဲမှ တစ်မျိုးဖြစ်သည့် ကြယ်တာရာယွမ်ယင်ဝိညာဉ်မှာ ထူးခြားအံ့ဖွယ်အရာများထဲမှ တစ်ခုဖြစ်ပေသည်။ ထို့အပြင် ၎င်းမှာ ရှားပါးလွန်းလှသောကြောင့် သူစိမ်းများမှာ ၎င်းအား အလွယ်တကူ အာရုံခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးပင်လျှင် ထိုဝိညာဉ်အကြောင်း ကြားဖူးရုံမျှသာ ကြားဖူးထားခြင်းဖြစ်ပြီး လုံးဝ မမြင်ဖူးခဲ့ပေ။ ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့ဆီ၌ ထို ဝိညာဉ် ရှိနေခဲ့သည်ကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။
အခြားသူများမှာလည်း ထိုနည်းတူပင်။ ယခုတွင် သူတို့မှာ ယခုလိုဖြစ်လာရသည့် အကြောင်းရင်းအား နားလည်သွားပါသော်လည်း သူတို့၏ နှလုံးသားများထဲမှ အံ့သြတုန်လှုပ်မှုများမှာ လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၍ပင် အားကောင်းလာ၏။ အဘယ်ကြောင့်ဆိုသော်... ထိုအချိန်တွင် မိုးကောင်းကင်ကြီး တစ်ခုလုံးထဲရှိ ကြယ်များမှာ စတင် ကြိုးစားရုန်းကန်လာကြသောကြောင့်ပင်။ ၎င်းတို့မှာ တာအိုဂြိုဟ်အား အရှုံးမပေးချင်သောကြောင့် ခုခံတွန်းလှန်လိုပါသော်လည်း ခေါင်းဆောင်တစ်ယောက် လိုနေသည့်ပုံပင်။
တာအိုဂြိုဟ်ကြီးမှာလည်း ထို အခြင်းအရာများကို သတိထားမိလိုက်သဖြင့် ၎င်း၏ အမျက်ဒေါသများမှာ ပို၍ပင် အားကောင်းလာ၏။ ထို့ကြောင့် ၎င်းဆီမှ အလင်းရောင်များ ပို၍ ထွက်ပေါ်လာသဖြင့် မိုးကောင်းကင်ကြီးတစ်ခုလုံးမှာ တုန်ရီနေရပြီ ဖြစ်သည်။ ၎င်းမှာ ၎င်း၏ စိတ်ဆန္ဒအား ဆန့်ကျင်ရန် ကြိုးစားနေသည့် ကြယ်များအားလုံးကို ဖိနှိပ်ချုပ်တည်းပစ်ချင်နေသည်။
၎င်းဆီမှ အလင်းရောင်များ ထွက်ပေါ်လာသည်နှင့် ကြယ်များမှာလည်း ထပ်၍ ဖိနှိပ်ချုပ်တည်းခံရတော့မည့်ပုံ ပေါက်သွားသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွား၏။ ထို့နောက် သူသည် ပါးစပ်ဟကာ မိုးကောင်းကင်ကြီး တစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွားအောင် အော်ပြောလိုက်တော့သည်။
" အို အသင်ကြယ်များ။ အခုချိန်မှ မကြိုးစားရင် ဘယ်အချိန်မှ ကြိုးစားတော့မှာလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ အော်ပြောလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ ထိုအခါ သူ၏ လက်ရိုက်တံမှာ ချက်ချင်းဆိုသလိုပင် ကြယ်အလင်းရောက်များဖြင့် ဝင်းလက်တောက်ပလာတော့သည်။ ထို့နောက် သူသည် သူ၏ လက်အား ဝှေ့ယမ်းလိုက်သဖြင့် သူ၏ လက်ရိုက်တံကြီးမှာ ကြယ်ပျံတစ်လုံးကဲ့သို့ မိုးကောင်းကင်စည်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။
နောက်ဆုံးတွင် ၎င်းမှာ မိုးကောင်းကင်စည်ကြီးအား ဆယ့်ရှစ်ကြိမ်မြောက်အဖြစ် ရိုက်ခတ်မိသွားတော့သည်...
ထိုအခါ ထွက်ပေါ်လာသည့် ဗုံးသံကြီးမှာ မိုးကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ ၎င်းမှာ ဆယ့်ရှစ်ချက်မြောက် ရိုက်ချက် ဖြစ်ပါသော်လည်း စည်ကြီးမှာ အဆက်အပြတ် တီးခတ်ခံလိုက်ရသကဲ့သို့ပင်။ ထို့ကြောင့် ဗုံသံများမှာလည်း အဆက်မပြတ်ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွား၏။
ထိုအခါ ကောင်းကင်ကြီးမှာ ပြောင်းလဲသွားပြီး လေပြင်းများ စတင်တိုက်ခတ်လာသည်။ တိမ်တိုက်များမှာလည်း ပြောင်းပြန် ရွေ့လျားနေသည့်ပုံ ပေါက်နေတော့သည်။ မိုးကောင်းကင်ကြီးမှာ တစ်စစီ ကြေမွသွားတော့မည့်အလား ဖြစ်နေပြီး ဧရာမ အက်ကွဲကြောင်းကြီးများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ သို့သော် ထို အက်ကွဲကြောင်းကြီးများမှာ အစစ်မဟုတ်ဘဲ တာအိုဂြိုဟ်၏ ဖိနှိပ်ချုပ်တည်းမှုများကြောင့် ပေါ်ပေါက်လာသည့်ပုံပင်။ တစ်ချိန်ထဲမှာပင် ကြယ်များ၏ အော်ဟစ်မြည်တမ်းသံများနှင့် တူသော အသံကျယ်ကြီးများမှာ ကောင်းကင်ယံထဲ၌ ပေါက်ကွဲထွက်ပေါ်လာ၏။
လေထုထဲတွင်လည်း ထစ်ချုန်းသံများဖြင့် ပြည့်နှက်နေသောကြောင့် သက်ရှိတိုင်းမှာ တုန်လှုပ်ချောက်ချားနေကြရပြီ ဖြစ်သည်။ မိုးကောင်းကင်ကြီးမှာ လုံးဝ ပြောင်းလဲသွားပြီဖြစ်သလို ကြယ်များမှာလည်း မရေမတွက်နိုင်လောက်အောင် ပေါ်ပေါက်လာကြပြီ ဖြစ်သည်။ ၎င်းတို့အားလုံးမှာ ထွန်းလင်းတောက်ပနေကြ၏။
တာအိုဂြိုဟ်ကြီးမှာ ထိုကြယ်များအား ဖိနှိပ်ချုပ်တည်းထားနိုင်ရန် မည်မျှပင် ကြိုးစားနေစေကာမူ ၎င်းတို့အား ရပ်တန့်၍ မရတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ပေါ်ပေါက်လာသည့် ကြယ်များထဲတွင် သာမန်ဂြိုဟ်များသာမက ဝိညာဉ်ဂြိုဟ်များ၊ အင်မော်တယ်ဂြိုဟ်များနှင့် အထူးဂြိုဟ်များပါ ပါနေသောကြောင့်ပင်။
ဒုတိယအဆင့် အထူးဂြိုဟ်များမှ နဝမအဆင့် အထူးဂြိုဟ်များအထိ ပါသည့် ထောင်ပေါင်းများစွာသော ဂြိုဟ်များသာမက ယခင်တုန်းက လုံးဝ ပေါ်ပေါက်လာခဲ့ခြင်း မရှိသည့် ပထမအဆင့် အထူးဂြိုဟ် သုံးဆယ့်ခုနစ်လုံးပင်လျှင် အပြည့်အဝ ပေါ်ပေါက်လာကြပြီ ဖြစ်သည်။ ထို့ကြောင့် မိုးကောင်းကင်ကြီးထဲ၌ ကြယ်အလင်းရောင်များဖြင့် ပြည့်နှက်နေ၏။ ထိုမြင်ကွင်းကြီးမှာ ကြယ်များ အားပြိုင်နေသည့် မြင်ကွင်းကြီးနှင့်ပင် ဆင်တူပေသည်။
ထို အခြင်းအရာများကြောင့် တာအိုဂြိုဟ်ကြီးမှာ တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ ၎င်းမှာ ၎င်း၏ ဘုန်းတန်ခိုးအား မေးခွန်းထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် အမျက်ချောင်းချောင်းထွက်သွားရပြီး ၎င်း၏ အပြင် ကိုယ်ထည်မှာလည်း စတင်ပြောင်းလဲလာ၏။ နောက်ဆုံးတွင် လေထဲတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီးနောက် ၎င်းမှာ ကောင်းကင်ယံထဲ၌ အပြည့်အဝ ရုပ်လုံးပေါ်လာတော့သည်။ ထိုအချိန်တွင် ၎င်း၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများမှာ အလုံးအရင်း ထွက်ပေါ်လာသောကြောင့် မိုးကောင်းကင်ကြီးမှာ တွန့်လိမ်ပုံပျက်သွားရ၏။ အထူးဂြိုဟ်များ အပါအဝင် အခြားဂြိုဟ်များမှာလည်း ဆက်လက်တောင်ခံနိုင်စွမ်း မရှိတော့ပေ။ သို့သော် ထိုအခိုက်အတန့်တွင်...
မိုးသောက်ကြယ်တစ်လုံးနှင့် တူပြီး တာအိုဂြိုဟ်ထက် တစ်ဆင့်သာနိမ့်သည့် ဂြိုဟ်တစ်လုံးမှာ တွန့်လိမ်ပုံပျက်နေသည့် မိုးကောင်းကင်ကြီး၏ အရှေ့ပိုင်းတွင် ပေါ်ပေါက်လာသည်။ ၎င်း ပေါ်ပေါက်လာသည်နှင့် ရှေးဆန်သည့် အငွေ့အသက်တစ်မျိုးမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် ထို ဂြိုဟ်ကြီးမှာ ၎င်း၏ ကိုယ်ပိုင်နယ်မြေတစ်ခုအား သတ်မှတ်လိုက်သည့် ဘုရင်တစ်ပါးကဲ့သို့ အစွမ်းကုန် ထွန်းလင်းတောက်ပလာ၏။ ထို့ကြောင့် မိုးကောင်းကင်ကြီးမှာလည်း တွန့်လိမ်ပုံပျက်နေခြင်း မရှိတော့ပေ။
တစ်အောင့်ခန့်အကြာတွင် ထိုကဲ့သို့ ရှေးဆန်သည့် အငွေ့အသက်များ ထုတ်လွှတ်နေသော ဂြိုဟ်များမှာ တစ်လုံးပြီးတစ်လုံး ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာသဖြင့် နောက်ဆုံးတွင် ကိုးလုံးအထိ ရှိသွား၏။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့တွင် နေရာယူထားကြကာ ၎င်းတို့ထဲမှ တစ်လုံးမှာဆိုလျှင် အလယ်ဗဟိုတွင်ရှိနေပြီး တာအိုဂြိုဟ်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ချင််နေသည့်ပုံ ပေါက်နေသည်။
" ရှေးဟောင်းဂြိုဟ်တွေပဲ " ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ ရေရွတ်မိလိုက်၏။ ကြယ်သုသာန်အင်ပါယာထဲရှိ ရှေးဟောင်းဂြိုဟ်များအကြောင်း သိရှိထားသည့် လူများအားလုံးမှာလည်း ဆွံ့အမှင်တက်သွားကြသည်။
ကြယ်သုသာန်အင်ပါယာ၏ ရှေးဟောင်းမှတ်တမ်းများအရဆိုလျှင် ရှေးဟောင်းဂြိုဟ်များမှာ... တာအိုဂြိုဟ်များနှင့် ဆင်တူပေသည်။ ထို ရှေးဟောင်းဂြိုဟ်များမှာ တာအိုဂြိုဟ်များအဖြစ်သို့ မတက်လှမ်းနိုင်ခဲ့ပါသော်လည်း ဇွဲမလျှော့ကြသည့် ဒဏ္ဍာရီလာ ဂြိုဟ်များ ဖြစ်ကြပေသည်။ ထို့အပြင် ၎င်းတို့မှာ ကြယ်သုသာန်အင်ပါယာကြီးထက်ပင် ပို၍သက်တမ်းရင့်ကြသည့် ပုံပင်။
၎င်းတို့ တာအိုဂြိုဟ်များအဖြစ်သို့ မတက်လှမ်းနိုင်ခဲ့ရခြင်းမှာ ကံအကျိုးမပေးခဲ့သောကြောင့်သာ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သို့ဖြစ်ရာ ၎င်းတို့မှာ ကံတက်လာသည်နှင့် တာအိုဂြိုဟ်များအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေ ရှိပေသည်။
စက္ကူစည်းမျဉ်းဥပဒေသစွမ်းအားများ ပိုင်ဆိုင်ထားသည့် တာအိုဂြိုဟ်ကြီး တာအိုဂြိုဟ်အဖြစ်သို့ အောင်မြင်စွာရောက်ရှိသွားရသည့် အကြောင်းရင်းမှာမူ ၎င်းမှာ ကြယ်သုသာန်အင်ပါယာ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသောကြောင့်ပင်။ ထို့အပြင် ၎င်းမှာ ကြယ်သုသာန်၏ စိတ်ဆန္ဒကိုလည်း အကူအညီ အထောက်အပံ့များအဖြစ် ရရှိခဲ့သေးသည်။
သို့ဖြစ်ရာ ရှေးဟောင်းဂြိုဟ်များမှာ အထူးဂြိုဟ်များထက်ပင် ပို၍ ကြီးမြတ်သည်ဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ တာအိုဂြိုဟ်ပြီးလျှင် ၎င်းတို့မှာ အစွမ်းအထက်ဆုံး မဟုတ်ပါလော။ ယနေ့တွင် ရှေးဟောင်းဂြိုဟ် ကိုးလုံးနှင့် တာအိုဂြိုဟ်တစ်လုံးမှာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာပြီ ဖြစ်သည်။ သမိုင်းတစ်လျှောက်လုံးတွင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုး လုံးဝ မပေါ်ပေါက်လာခဲ့ဖူးပေ။
ထို့ကြောင့် ကမ္ဘာကြီးတစ်ခုလုံး အံ့ဩတုန်လှုပ်နေစဉ် အရပ်မျက်နှာအနှံ့တွင် ရှိနေကြသည့် ကြယ်များမှာ တလက်လက်တောက်ပနေကြ၏။ သို့ဖြစ်ရာ မိုးကောင်းကင်ကြီးမှာ စကားလုံးများနှင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် ထွန်းလင်းတောက်ပနေတော့သည်။ ထိုမြင်ကွင်းအား မြင်လိုက်ရသည့် လူတိုင်းမှာ တစ်ခေါင်းလုံး ထူပူသွားရသည်သာ ဖြစ်သည်။ လေထဲတွင်ရပ်နေသည့် ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် ခေါင်းမော့ကာ ကောင်းကင်ယံထဲရှိ ကြယ်စင်စုကြီးအား စိုက်ကြည့်နေ၏။
ထို ကြယ်စင်စုကြီးထဲတွင် ကြယ်များ မရေမတွက်နိုင်လောက်အောင် ရှိနေသည်။ ထောင်ပေါင်းများစွာသော အထူးဂြိုဟ်များမှာ ထို ကြယ်စင်စုကြီး၏ အတွင်းပိုင်းထဲတွင် ရှိနေကြ၏။ ရှေးဟောင်းဂြိုဟ် ကိုးလုံးထဲမှ ရှစ်လုံးမှာ အလယ်ပိုင်းတွင် ရှိနေကြပြီး နဝမမြောက် ရှေးဟောင်းဂြိုဟ်မှာမူ ထိုဂြိုဟ်ရှစ်လုံး၏ အလယ်တွင်ရှိနေသည်။
နောက်ဆုံးတွင် သူသည် ထို ကြယ်များအားလုံး၏ ဝန်းရံခြင်းကို ခံထားရသည့်ပုံ ပေါက်နေသည့် တာအိုဂြိုဟ်ကြီးအား စိုက်ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ဆိုလိုက်တော့သည်။
" ဒီတစ်ခေါက် ငါ ဘယ်ပြင်ပအကူအညီကိုမှ မယူထားဘူး။ ကဲ... မင်း လာမှာလား မလာဘူးလား “