← Chapters

ထိပ်သီး ပညာရှင်တို့ တွေ့ဆုံပွဲ

Vol. 20 Ch. 270

ထိပ်သီး ပညာရှင်တို့ တွေ့ဆုံပွဲ

Vol. 20 Ch. 270

နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုနဲ့ ဖန်တီးနိုင်စွမ်းကို လျှော့တွက်ထားပုံ ရပါတယ်။

တကယ်လို့သာ လီဖူချန်းက မိစ္ဆာနှင် ဓားဆန္ဒကို နားလည် အသုံးပြုနိုင်တဲ့ အဆင့်ကို မရောက်သေးရင်တော့ သည်ဆန်းကြယ် အဆင့်မြင့် ပ့င်းချုပ် ဓားကွက်ကို ဖန်တီးနိုင်ဖို့ မျှော်လင့်ချက်ရှိမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အခုတော့ လီဖူချန်းက မိစ္ဆာနှင် ဓားဆန္ဒကို နားလည်အသုံးပြု နေနိုင်ပြီလေ။

ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်ကို ဖန်တီးဖို့ ဆိုတာက လီဖူချန်း အတွက်တော့ အတော်ကြီးကို အဆင်ပြေ ချောမွေ့ သွားခဲ့ပါပြီ။

တစ်လဆိုတဲ့ အချိန် အတောအတွင်းမှာပဲ လီဖူချန်းက သူ့ရဲ့ ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်အတွက် လိုအပ်တာတွေကို အကြမ်းဖျင်း ဖန်တီး နိုင်ခဲ့ပါတယ်။

ကျားနဂါးပြိုင်ပွဲကို ကျင်းပဖို့ အတွက်ကလည်း လပိုင်းမျှသာ ကျန်တော့တဲ့ အချိန်ကို ရောက်နေပါပြီ။

“သွားစမ်း”

လီဖူချန်းရဲ့ လက်ထဲမှာ ရှိနေတဲ့ သစ်ကိုင်းခြောက်က အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း အနီရောင် အလင်းတန်း တစ်ခုက အဲသည် သစ်ကိုင်း အပိုင်းအစတွေကို တစ်နေရာတည်း မှာပဲ စုစည်းထား နေစေဆဲပါပဲ။

ဝုန်း ...

လီဖူချန်းက မြေပြင်ပေါ်ကို ရိုက်ချလိုက်တဲ့ အခါမှာတော့ ၆မီတာနီးပါး နက်တဲ့ အက်ကွဲကြောင်းကြီး တစ်ခု ပေါ်ထွက် လာခဲ့ပါပြီ။

လီဖူချန်းရဲ့ လက်ထဲက သစ်ကိုင်း အပိုင်းအစတွေကလည်း အမှုန်တွေ ဖြစ်သွားခဲ့ ပါတယ်။

သိုင်းကွက် နက်နဲ သိမ်မွေ့မှု အပိုင်းမှာတော့ သည်ဓားကွက်က မိစ္ဆာနှင် ဓားသိုင်းရဲ့ အစွမ်းအထက်ဆုံး ဓားကွက်ဖြစ်တဲ့ ‘မိစ္ဆာနှင်အရိပ် သတ်ဖြတ်ခြင်း'ကို မမီသေးပေမဲ့လည်း ဓားကွက် ပြင်းထန်မှု အပိုင်းမှာတော့ ‘မိစ္ဆာနှင် အရိပ်သတ်ဖြတ်ခြင်း’ထက် ပိုအားကောင်း နေပါပြီ။

“ကောင်းတယ်။ ကြည့်ရတာတော့ ဆရာက မင်းကို အထင်သေးခဲ့ မိပုံပဲ”

နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးကတော့ ထုံးစံအတိုင်း မည်သည့် နေရာကနေ မည်သို့မည်ပုံ ပေါ်လာသည် မသိဘဲ ပေါ်ထွက် လာပြန်ပါပြီ။ သူက လီဖူချန်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေပါသေးတယ်။

လီဖူချန်းကတော့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး

“ဆရာ ...။ ကျွန်တော်က ဆရာ့ကို စိတ်မပျက်စေ ခဲ့ဘူးမလား”

မိစ္ဆာနှင် ဓားဆန္ဒက ဖျက်ဆီးနိုင်စွမ်း အားကောင်းလွန်းတဲ့ ဓားဆန္ဒ တစ်ခုပါ။ အဲသည်အတွက် လီဖူချန်းက သည်ပေါင်းချုပ် ဓားကွက်ထဲမှာ ဓားကွက် အပြောင်းအလဲတွေ မထည့်ထားဘဲနဲ့ ရိုးရိုးရှင်းရှင်းသာ ဖန်တီး ထားခဲ့ပါတယ်။ သည်ရိုးရှင်းတဲ့ ဓားကွက်ကပဲ မိစ္ဆာနှင် ဓားဆန္ဒရဲ့ ဖျက်ဆီး နိုင်စွမ်းကို အမြင့်ဆုံး အခြေအနေအထိ ရောက်ရှိ သွားစေတာပါ။

“မင်းရဲ့ ထိုးထွင်း သိမြင်နိုင်စွမ်းက သည်အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ရှိတဲ့ သိုင်းသူရဲကောင်းတွေကိုတောင် နောက်ကောက် ချနိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ မင်းက မင်းကိုယ်မင်း ကာကွယ်နိုင်စွမ်း မရှိသေးဘူး”

ဟူး ...

နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လက်တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ လီဖူချန်းက လေထဲမှာ ရောက်သွားခဲ့ပါပြီ။

“မတောင့်ခံထားနဲ့”

နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းရဲ့ ညာဘက်လက်ကို ဆုပ်ကိုင် လိုက်ပါတယ်။

ရှဲ ... ရှဲ ... ရှဲ ... ရှဲ ...

လီဖူချန်းက သူ့ရဲ့ လက်ကောက်ဝတ်ကို သံပူကပ်လိုက် သလို ခံစားနေရ ပါတယ်။ သည် နာကျင်မှုက သူ့ရဲ့ အသားတွေ လောင်ကျွမ်းသွားလို့ ဖြစ်ပေါ်လာတဲ့ နာကျင်မှုမျိုးပါ။

ထို့နောက်မှာတော့ ထူးဆန်းတဲ့ အင်းကွက် တစ်ခုက လီဖူချန်းရဲ့ ညာဘက် လက်ပေါ်မှာ ဆေးမင်ကြောင် ထိုးထားသလို ပေါ်လာခဲ့ပါပြီလေ။

“ဒါ ... ဒါက  …”

လီဖူချန်းက ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။

နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက ရှင်းပြလိုက်ပါတယ်။

“ဒါက မြေကမ္ဘာအဆင့် သိုင်းအင်းကွက်ပဲ။ မင်းရဲ့ လက်ရှိ အဆင့်နဲ့ ဆိုရင်တော့ မင်းက မြေကမ္ဘာအဆင့် သိုင်းပညာတွေကို အသုံးပြုနိုင်မှာ မဟုတ်သေးဘူး။ ဒါပေမဲ့ ငါရေးဆွဲပေးလိုက်တဲ့ မြေကမ္ဘာအဆင့် သိုင်းအင်းကွက်ကိုတော့ မင်းက အသုံးပြုနိုင်လိမ့်မယ်။ မင်းက သည်အင်းကွက်ထဲကို အတွင်းအားတွေ ပို့ဆောင်လိုက်တာနဲ့ တစ်ပြိုင်နက် မြေကမ္ဘာအဆင့် သိုင်းအင်းကွက်က အသက်ဝင်လာမှာပဲ။ ဒါပေမဲ့ သည် မြေကမ္ဘာအဆင့် သိုင်းအင်းကွက်က မင်းရဲ့ အတွင်းအား အရည်အသွေးနဲ့ သက်ဆိုင်တယ်။ မင်းရဲ့ အတွင်းအားက ပိုကောင်း လာတာနဲ့အမျှ သည်မြေကမ္ဘာ သိုင်းအင်းကွက်ရဲ့ စွမ်းပကားကလည်း ပိုအားကောင်း လာလိမ့်မယ်။ ပြီးတော့ မင်း မှတ်ထားစရာ တစ်ခုရှိသေးတယ်။ သည်မြေကမ္ဘာ သိုင်းအင်းကွက်က တစ်ခါ သုံးပြီးတိုင်း သုံးပြီးတိုင်းမှာ အားနည်း သွားလိမ့်မယ်။ တစ်နေ့မှာ သည်အင်းကွက်က မင်းခန္ဓာကိုယ် ပေါ်ကနေ ပျောက်သွားလိမ့်မယ်။ အဲသည်အချိန် ရောက်ရင်တော့ မင်းက သည်မြေကမ္ဘာ သိုင်းအင်းကွက်ကို ဘယ်တော့မှ ပြန်အသုံးပြုနိုင်မှာ မဟုတ်တော့ဘူး”

“မြေကမ္ဘာအဆင့် သိုင်းအင်းကွက်လား ...”

လီဖူချန်းက ပါးစပ် အဟောင်းသား ဖြစ်နေပါပြီ။

သူ့ရဲ့လက်ရှိ အဆင့်နဲ့ဆိုရင် မြေကမ္ဘာအဆင့် သိုင်းပညာတွေကို လေ့ကျင့်နိုင်စွမ်း မရှိသေးဘူး ဆိုတာကို သူကိုယ်တိုင်လည်း သဘောပေါက်ပါတယ်။ မြေကမ္ဘာအဆင့် သိုင်းပညာကို လေ့ကျင့်နိုင်ဖို့ အတွက်ဆိုရင် သူက အနည်းဆုံးတော့ ကောင်းကင် နယ်ပယ်ကို ရောက်ရှိနေရမှာပါ။

မြေကမ္ဘာအဆင့် သိုင်းပညာတွေက ဘယ်လောက်အထိ အစွမ်းထက်လည်း ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မသိသေးပါဘူး။

ဒါပေမဲ့ အနည်းဆုံးတော့ မိစ္ဆာနှင် ဓားသိုင်းထက် ၁၀ဆမက အစွမ်းထက်မှာပါ။

၁၀ဆ မက အစွမ်းထက်တယ် ဆိုတာက ဘာအဓိပ္ပာယ်လဲ ဆိုတော့ လီဖူချန်းက ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင်ကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ပြီးတော့ သူ့ရဲ့ ချီအတွင်းအား ကောင်းလာတာနဲ့အမျှ သည်မြေကမ္ဘာ အဆင့် သိုင်းအင်းကွက်က ပိုပြီး အစွမ်းထက် လာဦးမှာပါ။ လီဖူချန်းသာ ကောင်းကင် နယ်ပယ်ကို ရောက်သွားပြီဆိုရင် သည်မြေကမ္ဘာ အဆင့် သိုင်းအင်းကွက်ရဲ့ စွမ်းပကားက ဘယ်လောက် အထိတောင် ကြောက်မက်ဖွယ်ရာ ကောင်းသွားမလဲ ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။

တစ်နာရီကျော် နီးပါး ကြာသွားတဲ့ အခါမှာတော့ သိုင်းအင်းကွက် ဆေးမင်ကြောင် ရေးဆွဲမှုက ပြီးပြည့်စုံ သွားခဲ့ပါပြီ။

ပဟေဠိ သိုင်းသမားကြီးရဲ့ မျက်နှာက ဖြူလျော့သွားခဲ့ သလို မျက်လုံး အစုံကလည်း မှေးမှိန် သွားပါတော့တယ်။

“ဆရာ  …”

လီဖူချန်းက သူ့ဆရာရဲ့ လုပ်ဆောင်ပေးမှုကို ကောင်းကောင်းကြီး နားလည်တဲ့ အတွက် ရင်ထဲမှာ အရမ်းကို ခံစားနေ ရတယ်လေ။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သိုင်းအင်းကွက်တစ်ခု ရေးဆွဲပေးဖို့ အတွက် စိတ်ဝိညာဉ် အဆီအနှစ် ဘယ်လောက်အထိ သုံးရသလဲဆိုတာကို သူမသိဘဲ ဘယ်နေပါ့ မလဲ။

သည် စိတ်ဝိညာဉ် အဆီအနှစ်တွေ ကုန်ခန်း သွားတာက ပြန်လည် ဖြည့်ဆည်းဖို့ အတွက် အရမ်းကို အချိန်ကြာညောင်း လွန်းပါတယ်။ ပြီးတော့ စိတ်ဝိညာဉ် အဆီအနှစ်တွေ ဆိုတာက ၁၀၀ ရာခိုင်နှုန်း ပြန်လည် ဖြည့်နိုင်ဖို့ ခက်ခဲလွန်း လှပါတယ်။

နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လက်ကာပြ လိုက်ပြီး

“ရတယ်။ ငါ ဘာမှ မဖြစ်ဘူး။ ငါ သည်ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲက ထွက်ခွာမယ် ဆိုရင် ပေးရမယ့် အဖိုးအခက သည်ထက်တောင် ကြီးမားသေးတယ်။ ပြီးတော့ ငါ့ရဲ့ လက်ရင်းတပည့်ကို လွယ်လွယ်နဲ့ သေခိုင်းလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ ...”

တကယ်တော့ သူက လီဖူချန်းအတွက် စိုးရိမ်တဲ့အတွက် သည်မြေကမ္ဘာ သိုင်းအင်းကွက်ကို ရေးဆွဲ ပေးထားတာပါ။ သူက လီဖူချန်းတစ်ယောက် အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ အချိန်အထိ စောင့်ကြည့်ချင် သေးတယ်လေ။

လီဖူချန်းကတော့ ဘာမှ မပြောတော့ဘဲ သူ့ရဲ့ ညာဘက် လက်ကိုသာ ငုံ့ကြည့်လိုက် ပါတော့တယ်။

အင်းကွက်က ပျောက်ကွယ်သွားပြီး ဖြစ်ပေမဲ့လည်း သူ့ရဲ့ တည်ရှိမှုကို လီဖူချန်းတစ်ယောက် ခံစား နေနိုင်ဆဲပါပဲ။

'ငါ မြေကမ္ဘာတံခါးနဲ့ ကောင်းကင်ဘုံ တံခါးကနေ ရခဲ့တဲ့ သိုင်းအင်းကွက်တွေ ကကော ဘယ်လို အသုံးပြုရမလဲ မသိဘူး”

လီဖူချန်းက ရုတ်တရက် တွေးမိလိုက်ပါတယ်။

မြေကမ္ဘာ တံခါးမှာ တုန်းကလည်း သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆေးမင်ကြောင် အင်းကွက်တွေ ပေါ်လာခဲ့တယ် မဟုတ်ပါလား။

အဲသည် ဆေးမင်ကြောင် အင်းကွက်တွေ ပျောက်ကွယ်သွားပြီး နောက်မှာတော့ လီဖူချန်းက သူတို့ရဲ့ တည်ရှိမှုကို အာရုံခံလို့ မရပါဘူး။

ကောင်းကင်ဘုံ တံခါးမှာလည်း လီဖူချန်းရဲ့ ဘယ်ဘက် လက်ဖဝါးပေါ်မှာ တံဆိပ်တစ်ခု ရိုက်နှိပ်ခြင်း ခံရပါသေးတယ်။ အဲသည် တံဆိပ်ရဲ့ တည်ရှိမှုကိုလည်း လီဖူချန်းက အာရုံခံလို့ မရပါဘူးလေ။

***

ကျားနဂါး ပြိုင်ပွဲ နီးကပ် လာတာနဲ့အမျှ ကောင်းကင်နယ်ပယ် ပညာရှင် အမြောက်အမြားနဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေဟာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ အပြင်ဘက်မှာ စုစည်း ရောက်လာကြပါပြီ။

သူတို့တွေက ချီအရှိန်အဝါတွေကို တမင်တကာ ထုတ်ပြမထားပေမဲ့လည်း သူတို့ရဲ့ ချီအရှိန်အဝါတွေက ကောင်းကင်ယံ ထက်မှာ မုန်တိုင်းတွေ၊ မိုးကြိုး လျှပ်စီးတွေကိုတောင် ဖြစ်ပေါ် နေစေပါတယ်။

သည်တစ်ကြိမ် နန်းတော် တံခါးတွေ ပွင့်လာတဲ့ အခါမှာတော့ ဘယ်ပါရမီရှင် လူငယ်မှ အထဲကို မဝင်ကြတော့ပါဘူး။

ကျားနဂါးပြိုင်ပွဲ ကျင်းပဖို့က သုံးလတောင် မလိုတော့တဲ့ အတွက် ဘယ်သူမှလည်း သည်လျှို့ဝှက် နယ်မြေထဲကို မဝင်ချင်တော့ဘူးလေ။

လူသား ပုံသဏ္ဌာန် အရိပ်တစ်ခုက ဟင်းလင်းပြင် နယ်မြေထဲကနေ ပေါ်ပေါက် လာခဲ့ပါပြီ။ သည် အရိပ်ရဲ့ တည်ရှိမှုက နန်းတော် အပြင်မှာ စောင့်ဆိုင်းနေကြတဲ့ ထိပ်သီး ပညာရှင်တွေကိုတောင် အမျိုးအမည် မသိတဲ့ ဖိအားတစ်မျိုးကို ခံစားရစေပါတယ်။

ပညာရှင်တွေ အားလုံးကတော့ အသက်ကိုတောင် ရဲရဲမရှူ နိုင်တော့ပါဘူး။

သာမန် အချိန်တွေမှာ ဆိုရင်တော့ သူတို့ဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ လက်ရွေးစင် ထိပ်သီး ပညာရှင်တွေပါပဲ။ သူတို့တွေက လေနဲ့မိုးကိုတောင် ဆင့်ခေါ်နိုင်စွမ်း ရှိကြတယ်လေ။

ဒါပေမဲ့လည်း သည်ဟင်းလင်းပြင် အရိပ်ရဲ့ အရှေ့မှာတော့ သူတို့အားလုံးက ပုရွက်ဆိတ် သာသာပါပဲ။

ဟူး ... ဟူး ... ဟူး ... ဟူး ...

နန်းတော်ထဲကနေ လူရိပ်တွေ တစ်ရိပ်ပြီး တစ်ရိပ် ထွက်လာကြပါပြီ။

“သူတို့တွေ ထွက်လာကြပြီဟေ့”

သည်ထိပ်သီး ပညာရှင်တွေ ထဲမှာတော့ မိုးပြာရောင် ဂိုဏ်းချုပ် အိုးရန်ဝမ်းထင်နဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်၂ယောက်လည်း ရှိနေပါတယ်။

သည်ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် နှစ်ယောက်ကတော့ မိုးပြာရောင်ဂိုဏ်းရဲ့ ဂိုဏ်းထိန်းကြီးတွေပါပဲ။ သူတို့ရဲ့ အထက်မှာတော့ အိုးရန်ဝမ်းထင်နဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေပဲ ရှိပါတော့တယ်။

သိပ်မကြာခင် မှာတော့ လီဖူချန်း၊ လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ကလည်း ထွက်လာကြပါပြီ။

အိုးရန်ဝမ်းထင် ကတော့ အားပါးတရ ပြုံးပြီး ကြိုနေပါတော့တယ်။ သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ မိုးပြာရောင်ဂိုဏ်းက အောင်မြင်မှု အကြီးကြီး ရခဲ့ပြီ မဟုတ်ပါလား။

သူက မူလတုန်းကတော့ လီရှင်းယုကို မိုးပြာရောင် ဂိုဏ်းရဲ့ အနာဂတ်လို့ သတ်မှတ် ထားတာပါ။ အခုတော့ လီဖူချန်းပါ ပေါ်လာပါပြီလေ။

ဇောင်ဝူကျင်းတစ်ယောက် လီဖူချန်းကို အရေးပေး ဆက်ဆံ နေတုန်းကတော့ အိုးရန်ဝမ်းထင်က လီဖူချန်း အပေါ်မှာ သိပ်ပြီး အလေး မထားမိခဲ့ပါဘူး။ သူက လီဖူချန်းကို သာမန်ထက် အနည်းငယ် သာတဲ့ ပါရမီရှင် တစ်ယောက်လို့သာ သတ်မှတ်ထားခဲ့ မိတာပါ။

သူက လီဖူချန်းတစ်ယောက် ကောင်းကင်နယ်ပယ် ရောက်မှာ မယုတ်ဘူးလို့လည်း ထင်ထား မိခဲ့ပါတယ်။ အခုတော့ အိုးရန်ဝမ်းထင်က ကြောက်လန့် နေပါပြီ။

အတော်ကြီးကို ကြောက်လန့် နေတာပါ။

ဘာကို ကြောက်သလဲ ဆိုတော့ လီဖူချန်းကို အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အဓိက အင်အားစုတွေက မျက်စိကျပြီး မိုးပြာရောင် ဂိုဏ်းကနေ လုသွားမှာကို ကြောက်နေတာ ဖြစ်ပါတယ်။

အခုဆိုရင် လီဖူချန်းရဲ့ အောင်မြင်မှုတွေက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကိုတောင် ပျံ့နှံ့နေပါပြီ။ မိုးပြာရောင် ဂိုဏ်းထဲမှာလည်း လီဖူချန်းရဲ့ နာမည် ဂုဏ်သတင်းက နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီတွေ အလားပါပဲ။

ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်ပြီး သတ္တမမြောက် ဆန်းကြယ် တံခါးထဲကို ပထမဆုံး ဝင်ရောက်နိုင်ခဲ့သူ။

နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ ပထမဆုံး လက်ရင်းတပည့်။

သည်သတင်းတွေက လီဖူချန်းရဲ့ နာမည်ကို ကျော်ကြားသထက် ကျော်ကြားစေခဲ့သည် မဟုတ်ပါလား။

သည်လို အစွမ်းထက် လှတဲ့ ပါရမီရှင်မျိုးက မိုးပြာရောင်ဂိုဏ်းရဲ့ သမိုင်းမှာတောင် တစ်ခါမှာ မပေါ်ခဲ့ ဖူးပါဘူး။

“လီဖူချန်း ...”

အိုးရန်ဝမ်းထင်က လီဖူချန်းကို အတွင်းအားဖြင့် လျှို့ဝှက်စွာ ဆက်သွယ် လိုက်ပါတယ်။

လီဖူချန်းတို့ တစ်သိုက်ကလည်း လူအုပ်ကြားမှာ ရှိနေတဲ့ အိုးရန်ဝမ်းထင်တို့ကို သတိပြုမိ လိုက်ကြပါပြီ။

"ဂိုဏ်းချုပ်”

သူတို့ လေးယောက်စလုံးက လက်နှစ်ဖက် ဆုပ်ကာ အိုးရန်ဝမ်းထင်ကို အရိုအသေ ပေးလိုက် ကြပါတယ်။

“ကောင်းတယ် ... ကောင်းတယ်။ မင်းတို့က ငါတို့ မိုးပြာရောင်ဂိုဏ်းကို မျက်နှာ မပျက်စေခဲ့ဘူး။ မင်းတို့အားလုံး အတွက် ငါ ဂုဏ်ယူမိတယ်”

အိုးရန်းဝမ်းထင်ရဲ့ မျက်နှာပေါ်က အပြုံးတွေကတော့ ပါးစပ်ကိုတောင် တပ်ချိတ်နေပါပြီ။

သည်လူငယ် လေးယောက်ထဲမှာ ဆိုရင် လီဖူချန်းနဲ့ လီရှင်းယုတို့က ပဟေဠိ သိုင်းသမားတွေရဲ့ လက်ရင်း တပည့်တောင် ဖြစ်ခဲ့ကြတာလေ။ ဒါက မိုးပြာရောင် ဂိုဏ်းရဲ့ နောက်မှာ ပဟေဠိ သိုင်းသမားတွေ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ အတူတူပါပဲ။

ပဟေဠိ သိုင်းသမားတွေ ရှိနေသေးသရွေ့ ကတော့ ဘယ်ဂိုဏ်းကမှ မိုးပြာရောင်ဂိုဏ်းကို ရန်စရဲမှာ မဟုတ်တော့ပါဘူး။

ရုတ်တရတ် သတ်ဖြတ်ခြင်း အငွေ့အသက် တစ်ခုက လီဖူချန်းရဲ့ အနားကို ရောက်လာခဲ့ပါတယ်။ အဲသည် အငွေ့အသက်ရဲ့ ပိုင်ရှင်ကတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ် လီရှုထန်ပါပဲ။

သူက လီဖူချန်းကို တွေ့လိုက်တာနဲ့ သူ့ရဲ့ လူသတ်ချင်စိတ်တွေကို ထိန်းမထား နိုင်တော့ပါဘူး။

အိုးရန်ဝမ်းထင်က လီရှုထန်ကို စိုက်ကြည့်လိုက်ပြီး

“လီရှုထန် … မင်းက ဘာဖြစ်ချင်တာလဲ။ လီဖူချန်းက နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ တစ်ဦးတည်းသော လက်ရင်းတပည့်ဆိုတာကိုလည်း မမေ့နဲ့ဦး”

လီရှုထန်ကတော့ အိုးရန်ဝမ်းထက်ကို ဂရုမစိုက်ဘဲ လီဖူချန်းကို လက်ညှိုးထိုးကာ

”မင်း ...။ မင်းကို အခုချိန်တော့ ငါက ထိနိုင်မှာ မဟုတ်သေးဘူး။ အေး ... ဒါပေမဲ့ တစ်နေ့မှာ ပဟေဠိ သိုင်းသမားတွေ မရှိတော့ရင်တော့ မင်းကို ငါကိုယ်တိုင် လာသတ်မယ်”

လီရှုထန်ကတော့ သူ့သားကို လီဖူချန်း သတ်သွားတယ်လို့ ထင်နေတဲ့ အတွက် အခုထက်ထိ အခဲမကြေ ဖြစ်နေပါသေးတယ်။

***

All Chapters