← Chapters

အမွေခံ မျှော်စင်ဆီသို့ တစ်ခေါက်

Vol. 20 Ch. 272

အမွေခံ မျှော်စင်ဆီသို့ တစ်ခေါက်

Vol. 20 Ch. 272

“လီဖူချန်း ... ပြန်လာပြီ”

ဂေါင်ချန်းရှန်နဲ့ ဝူကျင်မိန်တို့ ကလည်း သည်သတင်းကို တစ်ချိန်တည်းမှာ သိလိုက် ရပါတယ်။

လွန်ခဲ့တဲ့ နှစ်ဝက်လောက် ကတည်းက သူတို့ နှစ်ယောက်ဟာ ချစ်သူတွေ ဖြစ်သွားခဲ့ ကြပါပြီ။

သူတို့နှစ်ယောက်ရဲ့ ဖူးစာရေး နတ်မင်းကြီးကတော့ လီဖူချန်းပါပဲလေ။

တကယ်လို့ လီဖူချန်းသာ ယုဝူရှန်းနဲ့ အခြားသူတွေကို အနိုင် မယူနိုင်ခဲ့ရင် ဝူကျင်မိန်က သူမကိုယ်သူမ သေသေချာချာ ပြန်ဆန်းစစ်ခဲ့မှာ မဟုတ်ပါဘူး။

“ညီလေးလီက တိုက်ကြီး တစ်ခုလုံးမှာတောင်မှ နာမည်ကြီး နေပြီပဲ”

ဂေါင်ချန်းရှန်က ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

ဝူကျင်မိန်ရဲ့ အတွေးထဲမှာလည်း လီဖူချန်းရဲ့ ပုံရိပ်က ပေါ်လာခဲ့ပါတယ်။

သူမက လီဖူချန်း အပေါ်မှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ရှိနေခဲ့သလို လေးစား အားကျမှုလည်း ရှိပါတယ်။

ဒါပေမဲ့ သေချာတာ တစ်ခုကတော့ လီဖူချန်းက တိမ်တွေနှင့် အလားသဏ္ဌာန် ဆင်တူတဲ့ လူတစ်ယောက် ဖြစ်ပြီး သူမကတော့ မြေကြီး သာသာပါပဲ။ သူမနဲ့ လီဖူချန်းကြားက ကွာဟချက်တွေက အလွန်ပင် ကြီးမား သွားခဲ့ပါပြီ။

လီဖူချန်း ပြန်လာပြီဆိုတဲ့ သတင်းကြောင့် စိတ်အရှုပ်ရဆုံး ကတော့ ကောင်းရှုပါပဲ။

လီဖူချန်းနဲ့ သူမရဲ့ စေ့စပ်ပွဲကို သူမကိုယ်တိုင်သာ စပြီး ဖျက်သိမ်းခဲ့သည် မဟုတ်ပါလား။

“ငါဘယ်တော့မှ နောင်တ မရဘူး”

ကောင်းရှုရဲ့ မျက်လုံးတွေက ဆုံးဖြတ်ချက် ပြတ်သားနေသည့် မျက်လုံးမျိုးတွေပါပဲ။

တကယ်တမ်း ပြောရမယ် ဆိုရင်တော့ သူမရဲ့ ပါရမီနဲ့ အလားအလာ ကလည်း အညံ့ကြီးတော့ မဟုတ်ပါဘူး။ သူမကလည်း ကြယ်လေးပွင့် ရေအထူးပြု အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ပါပဲ။

သူမက သေချာပေါက်ကို ကောင်းကင် နယ်ပယ်ကို ရောက်မယ့် လူတစ်ယောက်ပါ။ တကယ်လို့သာ မဟာ ကံကောင်းမှုကြီးနဲ့ ကြုံရမယ် ဆိုရင်တော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကိုတောင် ရောက်သွား နိုင်ပါသေးတယ်။

“မောင်လေးလီက သာမန် အချိန်တွေမှာ ဆိုရင်တော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတာ။ ဒါပေမဲ့ သူ လှုပ်ရှားပြီ ဆိုရင်တော့ တကယ်ကို အံ့သြစရာ ကောင်းတာတွေ ဖြစ်လာတော့တာပဲ”

ချန်ဖန်းဟွာ ကလည်း လီဖူချန်း ပြန်လာပြီဆိုတဲ့ သတင်းကြောင့် အရမ်းကို စိတ်လှုပ်ရှား နေပါတယ်။ သူမရဲ့ ကျင်ကြံခြင်း အဆင့်ကလည်း မနှေးလှပါဘူး။ သူမက မြေကမ္ဘာ နယ်ပယ် အဆင့်၃ကိုတောင် ရောက်နေပါပြီ။ ဒါပေမဲ့လည်း လီဖူချန်းနဲ့ ယှဉ်လိုက်ရင်တော့ အများကြီး ကွာဟနေဆဲပါပဲ။

လီဖူချန်း ပြန်ရောက်လာပြီ ဆိုတဲ့ သတင်းက မိုးပြာရောင်ဂိုဏ်းရဲ့ တပည့်ရပ်ဝန်းမှာ တောမီးအလား ပျံ့နှံ့သွား ခဲ့ပါပြီ။

တပည့်တွေ အကုန်လုံး လိုလိုကလည်း လီဖူချန်းရဲ့ အကြောင်းကိုပဲ ပြောဆိုနေကြ တော့တာပါပဲ။

ဓားအရူးသူတော်၊ ကျားဓားရှင်၊ ခံစားချက်မဲ့ ဓားတို့ရဲ့ အကြောင်းကို ပြောနေရတာက သူတို့အတွက် ရိုးနေပြီ မဟုတ်ပါလား။

ပြီးတော့ လီဖူချန်း ဆိုတာက အပြင်စည်း ဂိုဏ်းသား ဘဝကနေ တိုက်ရိုက်တပည့် ဖြစ်သွားတာက ဘယ်လောက်မှ မကြာလိုက်ပါဘူး။

ဒါက သူတို့အတွက် စံနမူနာ ယူရမယ့် ဖြစ်ရပ် တစ်ခုပါပဲ။

***

ဇောင်ဝူကျင်းရဲ့ စံအိမ်မှာတော့ ...

အကြီးအကဲ ချီဟွာကလည်း သည်ကို ရောက်နေပါတယ်။

“လီဖူချန်း ...။ မင်းက အခုဆိုရင် အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာပါ နာမည် ကျော်နေပြီ။ ဒါပေမဲ့ မင်းက သည်နာမည် ကျော်ကြားတဲ့ အပေါ်မှာ သာယာ မနေနဲ့ဦး။ ကိုယ်ပိုင်စွမ်းရည်နဲ့ ကျော်ကြားတာ မဟုတ်တဲ့ ဂုဏ်သတင်း ဆိုတာက တံလျှပ်လိုပဲ။ အချိန်မရွေး ပျောက်ကွယ် သွားနိုင်တယ်။ မင်းအရင်ကထက်ကို ပိုကြိုးစား ရမယ်နော်”

ချီဟွာက လီဖူချန်းကို သတိပေး လိုက်ပါတယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

“အကြီးအကဲ ချီဟွာပြောတာက လုံးဝ မှန်ပါတယ်။ စိတ်မပူပါနဲ့ အကြီးအကဲ ... ကျွန်တော်က နာမည် ကျော်ကြားမှု အပေါ်မှာ သာယာနေမှာ မဟုတ်ပါဘူး”

ဇောင်ဝူကျင်းနဲ့ ချီဟွာဆိုတာက သူ့ကို ကူညီခဲ့တဲ့ အကြီးအကဲတွေပါပဲ။ သူ ကောင်းစားတာကို မြင်ချင်လို့ ချီဟွာက သတိပေးတယ် ဆိုတာကိုလည်း လီဖူချန်းက ကောင်းကောင်းကြီး သိပါတယ်။

ဇောင်ဝူကျင်းက ရယ်မောလိုက်ပြီး

"ချီဟွာ ... မင်းက အရမ်းကို အစိုးရိမ် ကြီးနေတာပဲ။ လီဖူချန်းရဲ့ စိတ်ဝိညာဉ်က မင်းထက်ကို အားနည်းမှာ မဟုတ်ဘူး။ သူ့လိုလူက ဘယ်လိုလုပ်ပြီး သည်လို နာမည် ကျော်ကြားမှု အပေါ်မှာ သာယာ နေမှာလဲ။ လီဖူချန်းက သူ့အတွက် ဘာအရေးကြီး သလဲ ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်ကွ”

ချီဟွာက ချောင်းတစ်ချက် ဟန့်လိုက်ပြီး

“ဒါတော့ မှန်တယ်။ ကျွန်တော်ပဲ အစိုးရိမ် ကြီးနေတာ နေမှာပါ”

လီဖူချန်းက ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်ပြီး သတ္တမမြောက် ဆန်းကြယ် တံခါးထဲကို ပထမဆုံး ဝင်နိုင်ခဲ့တဲ့ လူတစ်ယောက်လေ။ သည်လိုလူက ဘယ်လိုလုပ်ပြီး အပေါ်ယံ နာမည် ကျော်ကြားမှုတွေမှာ သာယာ နေမှာလဲ။

“ဖူချန်း ...။ မင်းက မိုးပြာရောင် ဂိုဏ်းရဲ့ အတော်ဆုံး တိုက်ရိုက် တပည့်တွေထဲက တစ်ယောက် ဖြစ်နေပြီ။ မင်းရဲ့ လီကလန်က မိုးပြာရောင်ဂိုဏ်းရဲ့ အပြင်မှာ ရှိတာဆိုတော့ သိပ်ပြီး စိတ်ချရတော့မှာ မဟုတ်ဘူး။ မင်းကို မကျေနပ်တဲ့ လူတွေက မင်းရဲ့ကလန်ကို သွားပြီး ဒုက္ခပေးနိုင်တယ်”

ဇောင်ဝူကျင်းက ရုတ်တရက် လီကလန် အကြောင်းကို ပြောလိုက်ပါတယ်။

ချီဟွာကလည်း ခေါင်းညိတ်လိုက်ပြီး

"ဒါတော့ ဟုတ်တယ်။ မင်းရဲ့ လီကလန်ကို မိုးပြာရောင် ဂိုဏ်းဆီကို ရွှေ့လိုက်ရင် ပိုကောင်းလိမ့်မယ်။ မိုးပြာရောင် ဂိုဏ်းရဲ့ တောင်တန်းကြီးတွေက အရှည်ကြီးပဲလေ။ မင်းတို့ လီကလန်အတွက် အပိုင်စား တောင်တစ်တောင်လောက်တော့ ပေးနိုင်ပါတယ်ကွ”

အကြီးအကဲ နှစ်ယောက်ရဲ့ အကြံပေးမှုကို ကြားရ အပြီးမှာတော့ လီဖူချန်းက လီကလန်ကို သတိရလာခဲ့ ပါတယ်။ သည်ကိစ္စကတော့ စိုးရိမ်စရာပါပဲ။

“သစ်ပင်တစ်ပင်ကို သေစေချင်ရင်တော့ ရေသောက်မြစ်ကို အရင် သတ်ရမယ်တဲ့”

ဒါကတော့ ကမ္ဘာဦး အစကနေ ယခုထက်ထိ မပြောင်းလဲသေးတဲ့ လောကနိယာမ တစ်ခုပါ။

“ဒါဆိုရင်တော့ ကျွန်တော်က အကြီးအကဲ နှစ်ယောက်ကို ဒုက္ခပေးရတော့ မှာပါပဲ။ အကြီးအကဲ နှစ်ယောက်ကပဲ ဂိုဏ်းတော်ရဲ့ စီမံခန့်ခွဲရေး ဌာမကို တင်ပြပေးကြပါဦး။ ကျွန်တော်က လီကလန်ကို မိုးပြာရောင် ဂိုဏ်းထဲကို ရွှေ့ပြောင်းဖို့ အတွက် စီစဉ်လိုက်ပါ့မယ်”

လီကလန်ကို မိုးပြာရောင် ဂိုဏ်းအတွင်း ရွှေ့မယ်ဆိုတာ ကောင်းကျိုးတွေ ချည်းပါပဲ။

လီကလန်က ယခုအချိန်မှာ အတော်လေး တိုးတက်နေပြီး မြို့ကြီး တော်တော် များများနဲ့လည်း စီးပွားရေး လုပ်ငန်းတွေ လုပ်ထားနိုင်ပါတယ်။ လီကလန်ရဲ့ တစ်နှစ်တာ ဝင်ငွေကလည်း အရင်ကထက်ကို ၁၀ဆမက များပြား လာခဲ့ပါပြီ။

ဒါပေမဲ့လည်း ကြွယ်ဝ ချမ်းသာမှု ဆိုတာက မျက်စိတစ်မှိတ် အတွင်းမှာတင် ပျောက်ကွယ် သွားနိုင်သည့် အရာပင် မဟုတ်ပါလား။ သည်ငွေကြေးတွေ၊ ဥစ္စာဓနတွေက လီကလန်ရဲ့ အနာဂတ် မျိုးဆက်တွေကို ပိုပြီး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေမှာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါတွေက ဂိုဏ်းတော်က ထောက်ပံ့မယ့် အရင်းအမြစ်တွေနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ ဆီနဲ့ရေလို ကွာခြား သွားခဲ့ပါပြီ။

ဂိုဏ်းတော်က ထောက်ပံ့တဲ့ အရင်းအမြစ်တွေ ဆိုတာက ငွေဘယ်လောက် ရှိရှိ အပြင်လောကမှာ ဝယ်ယူလို့ မရတဲ့ အရာတွေပါပဲ။

နောက်ထပ် အကျိုးရှိစေမယ့် အချက်တစ်ခု ကတော့ ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင်ကလန် ဖြစ်သွားတဲ့ အတွက် လီကလန်ရဲ့ အနာဂတ် မျိုးဆက်သစ် လေးတွေက ပိုပြီး အစွမ်းထက် လာတော့မှာပါ။

မိုးပြာရောင် ဂိုဏ်းရဲ့ နယ်နိမိတ် အတွင်းမှာဆိုရင် ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင်ကလန် ဖြစ်ချင်ကြတဲ့ ကလန်တွေ မရေမတွက် နိုင်အောင် ရှိပါတယ်။ ဒါပေမဲ့ အဲသည် ကလန်တွေက ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင်ကလန် ဖြစ်လာဖို့ အတွက် အဆင့်မမီသေးပါဘူး။

အခုတော့ လီဖူချန်းကြောင့် လီကလန်က ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင်ကလန် ဖြစ်ဖို့အတွက် အခွင့်အရေး ရခဲ့ပါပြီ။

***

ဇောင်ဝူကျင်း တည်ခင်းဧည့်ခံတဲ့ ညစာကတော့ တကယ်ပဲ ကောင်းမွန် လှပါတယ်။ ညစာ စားနေစဉ် အတွင်းမှာတော့ ဇောင်ဝူကျင်းက လီဖူချန်းကို ဇောင်မင်းယွီနဲ့ မသိမသာလေး စောင်းမြောင်း ချိတ်ပေး နေပါသေးတယ်။

လီဖူချန်းနဲ့ ဇောင်မင်းယွီတို့ကလည်း အဲဒါကို သတိပြုမိ နေတယ်လေ။

ဇောင်မင်းယွီရဲ့ အတွေးထဲမှာ ဘယ်လို ရှိနေသလဲ ဆိုတာကိုတော့ လီဖူချန်းက မသိပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ ဆိုရင်တော့ သည်လိုအစောပိုင်း ကာလမှာ ချစ်ရေး ချစ်ရာအတွက် စဉ်းစားဖို့က စောလွန်း နေပါသေးတယ်။

***

မိုးပြာရောင်ဂိုဏ်းရဲ့ အထက်ပိုင်း အကြီးအကဲတွေက လီကလန်ကို ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင်ကလန် ဖြစ်လာဖို့ တောင်းဆိုတာကို မဆိုင်းမတွပင် လက်ခံ လိုက်ကြပါတယ်။

ဒါက လုံးဝကို လက်ခံရမယ့် ကိစ္စပါပဲ။ လီဖူချန်း ဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ရှိတဲ့ လူငယ် ပါရမီရှင်တွေကို တောင်မှ နောက်ကောက် ချခဲ့တာလေ။ သူ့ရဲ့ အနာဂတ်က မှန်းဆလို့ကို မရသေးပါဘူး။ နောင်တစ်ချိန်မှာ လီဖူချန်းက မိုးပြာရောင်ဂိုဏ်းရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးမယ့် ထိပ်သီး ပညာရှင်ကြီး တစ်ယောက်တောင် ဖြစ်လာနိုင်ပါ သေးတယ်။ ပြီးတော့ လီကလန်ကို ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင်ကလန် အဖြစ် သတ်မှတ်ပေးဖို့ ဆိုတာက သူတို့အတွက် ဘာမှ အပန်းမကြီး လှပါဘူး။

ဒါက ဂိုဏ်းတော်ရဲ့ လီဖူချန်း အပေါ်မှာ ထားရှိတဲ့ စေတနာတွေကို ထုတ်ပြခွင့် ရတာနဲ့ အတူတူပါပဲ။

တကယ်လို့ လီဖူချန်းက သူတို့ ထင်ထားသလို မဖြစ်လာခဲ့ ရင်တောင်မှ မိုးပြာရောင် ဂိုဏ်းအနေနဲ့ ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး။ လီကလန်က ဂိုဏ်းတော်ရဲ့ အရင်းအမြစ်တွေကို ဘယ်လောက်အထိ သုံးစွဲနိုင်မှာ မို့လဲ။ လီကလန် သုံးစွဲမယ့် အရင်းအမြစ်တွေ ဆိုတာက ပင်လယ် သမုဒ္ဒရာကြီးထဲက ရေတစ်စက် သာသာမျှသာ ရှိပါတယ်။

ဂိုဏ်းချုပ်ကြီး အိုးရန်ဝမ်းထင်ရဲ့ တရားဝင် ခွင့်ပြုချက်ကို ရအပြီးမှာတော့ မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ တော်တော်များများနဲ့ အပြင်စည်း အကြီးအကဲ တော်တော်များများက လီကလန် အခြေစိုက်ရာ ဆီသို့ ထွက်သွား ကြပါပြီ။ သူတို့ရဲ့ တာဝန်ကတော့ လီကလန်ရဲ့ အပြောင်းအရွှေ့မှာ မလိုလားအပ်တဲ့ ပြဿနာ တစ်စုံတစ်ရာ မရှိစေဖို့ပါပဲ။

လီဖူချန်းကလည်း သူတို့ထဲမှာ လိုက်ပါ သွားခဲ့ပါတယ်။

လေပေါ်ပျံနိုင်တဲ့ ဝိညာဉ် သားရဲတွေရဲ့ ပျံသန်နှုန်းက အတော်လေးကို မြန်ဆန်လှတဲ့ အတွက် လီဖူချန်းတို့ တစ်သိုက်ဟာ နှစ်ရက် အတွင်းမှာပဲ ယုံဝူးမြို့ကို ရောက်ရှိ သွားခဲ့ပါပြီ။

သူတို့ဟာ ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင် ကလန်တစ်ခု ဖြစ်လာတော့မယ် ဆိုတာကို သိပြီးတဲ့ နောက်မှာတော့ လီကလန်သားတွေဟာ အလွန်အမင်း ပျော်ရွှင်နေကြ ပါတော့တယ်။

ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင် ကလန်တစ်ခု ဖြစ်လာဖို့ ဆိုတာက မရေမတွက်နိုင်တဲ့ ကလန်တွေရဲ့ အိပ်မက်တစ်ခုပင် မဟုတ်ပါလော။

သည်နေ့မှာတော့ အဲသည် အခွင့်အရေးက လီကလန်ဆီကို ရောက်လာခဲ့ပါပြီ။

ကလန် တစ်ခုလုံးကို ရွှေ့ပြောင်းတယ် ဆိုတာက သိပ်ပြီး လွယ်ကူလှတဲ့ ကိစ္စတစ်ခု မဟုတ်တဲ့ အတွက် လီဖူချန်းက ယုံဝူးမြို့မှာ ရက်အနည်းငယ်ကြာ နေထိုင်ပြီး ကူညီပေးရ ပါသေးတယ်။ ထို့နောက်မှာတော့ သူက မိုးပြာရောင်ဂိုဏ်းကို ပြန်လာခဲ့ပါတယ်။

ကျားနဂါးပြိုင်ပွဲက တစ်စထက်တစ်စ နီးကပ်လာပြီ ဖြစ်ပေမဲ့လည်း လီဖူချန်းကတော့ အေးအေးသက်သာ ရှိနေဆဲပါပဲ။ သူ့ရဲ့ လက်ရှိစွမ်းရည်နဲ့ ဆိုရင်တော့ ကျားနဂါး စာရင်းထဲကို ဝင်ဖို့အတွက်က စိတ်ပူစရာ မလိုတော့ပါဘူး။

သူက မြေကမ္ဘာ အဆင့်၇ကို ရောက်သွားရင်တောင်မှ ကျားနဂါး ပြိုင်ပွဲဝင်တွေထက် အဆင့်နိမ့် နေဦးမှာပါပဲ။ ကျားနဂါးပြိုင်ပွဲကို ဝင်ပြိုင်တဲ့ လူတွေက အနည်းဆုံးတော့ မြေကမ္ဘာ နယ်ပယ် အဆင့်၉ကို ရောက်နေပြီ မဟုတ်ပါလား။ အချို့ဆိုရင် မြေကမ္ဘာ နယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်ရှိနေပါပြီ။

“အင်း ... အမွေခံ မျှော်စင်ကို တစ်ခေါက်လောက် သွားရင် ကောင်းမယ်”

တစ်နေ့မှာတော့ လီဖူချန်းက ပျင်းပျင်းရှိတာနဲ့ အမွေခံ မျှော်စင်ကို သွားဖို့အတွက် စိတ်ကူး ရလာခဲ့ပါတယ်။

သူမိုးပြာရောင် ဂိုဏ်းကနေ မထွက်သွားခင် တုန်းကဆိုရင် အမွေခံ မျှော်စင်ရဲ့ ဒုတိယထပ်ကိုသာ ကျော်ဖြတ် နိုင်ခဲ့တာလေ။ လီဖူချန်းရဲ့ ရည်ရွယ်ချက် ကတော့ အမွေခံ မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ်ပြီး စတုတ္ထထပ်ရဲ့ အခြေအနေကို သွားလေ့လာဖို့ပါပဲ။

အမွေခံ မျှော်စင်ရဲ့ အရှေ့မှာတော့ တိုက်ရိုက်တပည့် အချို့ ရောက်နေ ကြပါပြီ။ သူတို့က လီဖူချန်းကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် လုံးဝ စိတ်လှုပ်ရှား သွားကြပါတယ်။

“ဂိုဏ်းတူ အစ်ကိုလီလည်း အမွေခံ မျှော်စင်ကို ရောက်လာတယ်ဟေ့။ အစ်ကိုလီရဲ့ အရင်တစ်ခေါက် ရလဒ်ကတော့ ဒုတိယထပ်ပဲ။ သည်တစ်ကြိမ်မှာတော့ အစ်ကိုလီက တတိယထပ်ကို ကျော်ဖြတ်နိုင်မယ်နဲ့ တူတယ်”

“မင်းက ဟာသလုပ် နေတာလား ...။ အစ်ကိုလီက တတိယထပ်ကို မကျော်ဖြတ်နိုင်စရာ အကြောင်း မရှိဘူးကွ။ အချိန်ဘယ်လောက် ယူရမလဲ ဆိုတာကိုသာ စောင့်ကြည့်ရမှာ”

တိုက်ရိုက် တပည့်တွေကတော့ လီဖူချန်းကို ကြည့်ပြီး တီးတိုး တီးတိုးဖြင့် ဆွေးနွေး နေကြပါပြီ။

***

All Chapters