လူရွေးချယ်ပွဲ
Vol. 20 Ch. 274
ဓားကျောက်စာတိုင် ချိုင့်ဝှမ်း -
အရင်တစ်ခေါက် သည်နေရာကို လာခဲ့တုန်းကတော့ လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်က အတော်လေး နိမ့်နေခဲ့ပါတယ်။
အခုတော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၆ကို ရောက်လာသည့် အပြင် ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကိုလည်း နားလည်အသုံးပြု နေနိုင်ပါပြီ။
လီဖူချန်း တစ်ယောက် ဓားကျောက်စာတိုင် ချိုင့်ဝှမ်းထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ဓားကျောက်စာ တိုင်ပေါ်မှာ ရှိနေတဲ့ ဓားဆန္ဒတွေက သူ့ရဲ့ မိစ္ဆာနှင် ဓားဆန္ဒကို လာဆက်သွယ် နေသလို ခံစားလိုက် ရပါတယ်။
မိစ္ဆာနှင် ဓားဆန္ဒက မီးဓာတ် အမျိုးအစား ဓားဆန္ဒထဲမှာ ပါဝင်တဲ့ အတွက် လာရောက် ဆက်သွယ်ကြတဲ့ ဓားဆန္ဒတွေကလည်း မီးဓာတ် အမျိုးအစားတွေ ချည်းပါပဲ။
အဲသည် ခံစားချက်က ဘာနဲ့ အလားသဏ္ဌာန် တူသလည်း ဆိုတော့ အစ်ကိုကြီးတွေက ညီငယ်လေး တစ်ယောက်ကို ဝိုင်းဝန်းသွန်သင် ဆုံးမနေ သလိုပါပဲ။
အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံး သွားတာနဲ့အမျှ လီဖူချန်းရဲ့ မိစ္ဆာနှင် ဓားဆန္ဒကလည်း ပိုပိုပြီး သန်မာ လာခဲ့ပါတယ်။
သည်လိုနဲ့ပဲ လီဖူချန်း တစ်ယောက် ဓားကျောက်စာတိုင် ချိုင့်ဝှမ်းထဲကို ရောက်လာခဲ့တာ ၅ရက်တိုင်တိုင် ရှိလာခဲ့ပါပြီ။
လီဖူချန်းရဲ့ မိစ္ဆာနှင် ဓားဆန္ဒဟာ အပြည့်အဝ ဖွံ့ဖြိုးဖို့ အတွက် အချိန် ဘယ်လောက်မှတောင် မလိုတော့ပါဘူး။
ဖွံ့ဖြိုးနေပြီ ဖြစ်တဲ့ မိစ္ဆာနှင် ဓားဆန္ဒဟာ အတော်လေးကို ကြောက်စရာ ကောင်းလှတဲ့ အဆင့်ကို ရောက်နေပါပြီ။ အခုဆိုရင် သည်ဓား ဆန္ဒထဲမှာ လီဖူချန်းရဲ့ စိတ်စွမ်းအား တွေကိုပါ ပေါင်းစပ်ထားလို့ ရပါတယ်။
ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ သည်မိစ္ဆာနှင် ဓားဆန္ဒထဲမှာ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေ ပါဝင်နေတာပါ။ သည်ချီ အရှိန်အဝါတွေကို အသုံးပြုပြီးတောင် အခြား လူတစ်ယောက်ကို သတ်ပစ်နိုင်စွမ်း ရှိနေပါပြီ။
( note -မြေကမ္ဘာအဆင့် အောက်က လူတွေကိုပဲ သတ်ပစ်နိုင်မှာပါ။)
“ကြည့်ရတာတော့ ပညာရပ် ဆန္ဒတွေဟာ စိတ်ဝိညာဉ် စွမ်းအားတွေနဲ့ ပေါင်းစပ်လိုက်ရင် အဆင့်ပို ကောင်းသွားတဲ့ ပုံပဲ။ ဒါပေမဲ့လည်း အဲသည်လို ပေါင်းစပ်ဖို့ အတွက်ဆိုရင် ပညာရပ် ဆန္ဒကိုယ်တိုင်က အဆင့်မြင့်ဆန္ဒ ဖြစ်နေရမယ် ထင်တယ်။ အဲဒါကြောင့်လည်း မြေကမ္ဘာအဆင့် ပညာရပ် ဆန္ဒတွေမှာ ကိုယ်ပိုင် အသိစိတ်တွေ ပါနေတာပဲ”
လီဖူချန်းက ပညာရပ် ဆန္ဒတွေနဲ့ ပတ်သက်ပြီး အသိတစ်ခု ရသွားခဲ့ပါတယ်။
မြူခိုးမြေထဲက သင်္ချိုင်းဂူထဲမှာ ဆိုရင် စိတ်ဝိညာဉ် စွမ်းအားတွေ ပါဝင်ကိန်းအောင်း နေတဲ့ ပညာရပ် ဆန္ဒတွေက ဂူသင်္ချိုင်းရဲ့ တံခါးတွေမှာ အတားအဆီး အနေဖြင့် ရှိနေခဲ့ကြသည် မဟုတ်ပါလား။
***
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းကို ဓားတာအို လမ်းစဉ်အတွက် အလွန် အရေးကြီးတဲ့ အချက်တွေကို သင်ကြား ပေးခဲ့တာပါ။ အဲသည်အတွက် လီဖူချန်းရဲ့ ဓားတာအို အခြေခံက အတော်လေးကို လုံလောက်နေပြီလို့ သတ်မှတ် နိုင်ပါတယ်။
အဲသည် ဓားတာအို အခြေခံတွေထဲကို ဓားကျောက်စာတိုင် ပေါ်မှာ ရှိနေတဲ့ ဓားဆန္ဒတွေရဲ့ အကူအညီပါ ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ မိစ္ဆာနှင် ဓားဆန္ဒက ကန့်သတ်ချက် မရှိတော့သည့် အလား ဖွံ့ဖြိုးတိုးတက် လာခဲ့ပါတယ်။
လီဖူချန်းက မိစ္ဆာနှင် ဓားဆန္ဒကို တိုးတက်လာအောင် လုပ်နေသလို အခြားသော ဓားဆန္ဒတွေကို တိုးတက်လာအောင် လုပ်ဖို့ကိုလည်း မမေ့လျော့ခဲ့ပါဘူး။
သူ့ရဲ့ ဆန်းကြယ် အလယ်အလတ် အဆင့် ဓားဆန္ဒတွေ ကလည်း ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒနီးပါးတောင် အားကောင်း လာကြပါပြီ။
သူ့ရဲ့ ဆန်းကြယ် အဆင့်နိမ့် ဓားဆန္ဒတွေကတော့ ဆန်းကြယ် အလယ်အလတ် အဆင့် ဓားဆန္ဒနီးပါးကို အားကောင်း လာပါတယ်။
လီဖူချန်းအနေနဲ့ အအံ့သြရဆုံး အရာကတော့ သူ့ရဲ့ ဆန်းကြယ် အဆင့်နိမ့် ဓားဆန္ဒဖြစ်တဲ့ ကြယ်ပျံ ဓားဆန္ဒဟာ ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒအဆင့်ကို သာလွန် သွားတာပါပဲ။ သည်ကြယ်ပျံ ဓားဆန္ဒက မီးတောက်ကြယ် ဓားဆန္ဒနဲ့ မျောလွင့်ဓား ဆန္ဒတို့နဲ့ ယှဉ်ရင်တောင် ဘယ်လောက်မှ အားနည်း မနေပါဘူး။
‘သည်ကြယ်ပျံ ဓားဆန္ဒက အရမ်းကို ရိုးရှင်းတာပဲ။ သူက လျင်မြန်မှုနဲ့ ပေါက်ကွဲမှု သက်သက်ကိုပဲ အားပေးတာ။ သည်လို ရိုးရှင်းတဲ့ ဓားဆန္ဒက ဓားအဆီအနှစ်တွေကို စုပ်ယူ နိုင်တာလား ...။ သည်ကြယ်ပျံ ဓားဆန္ဒကသာ အခြား ဓားဆန္ဒတွေရဲ့ အဆီအနှစ်ကို စုပ်ယူနိုင် ရင်တော့ မြေကမ္ဘာအဆင့် ဓားဆန္ဒတောင် ဖြစ်သွားလောက်တယ်”
လီဖူချန်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့ပါတယ်။
သည်ကြယ်ပျံ ဓားဆန္ဒက မိစ္ဆာနှင် ဓားဆန္ဒထက်တောင် ပိုအဆင့်မြင့် သွားနိုင်တယ် လို့လည်း သူက ထင်မြင် နေမိပါတယ်။
သည်နေရာမှာ မေးစရာတစ်ခု ရှိတာကတော့ ကြယ်ပျံ ဓားဆန္ဒဟာ ဘယ်အဆင့် အထိ ရောက်သွား နိုင်မလဲ ဆိုတာပါပဲ။
ထို့နောက်မှာတော့ လီဖူချန်းက လေ့ကျင့်နေတာကို ရပ်လိုက်ပြီး အနားယူဖို့ကို ဆုံးဖြတ် လိုက်ပါတော့တယ်။
လူရွေးချယ်ပွဲ ကျင်းပဖို့ အချိန်ကလည်း သိပ်မလိုတော့တဲ့ အတွက် လီဖူချန်းက သူ့ရဲ့ ခြံဝင်းထဲမှာပဲ နေပြီး အနားယူ နေပါတော့တယ်။
ဒါပေမဲ့လည်း လီဖူချန်း တစ်ယောက်ကတော့ ကောင်းကောင်းကို အနားမယူ လိုက်ရပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းရဲ့ အသိအကျွမ်းတွေက သူ့ခြံဝင်းဆီကို အဆက်မပြတ် လာရောက်လည်ပတ် နေလို့ပါပဲ။
လီရှန်းရှီနဲ့ လီကလန်သားတွေ ကလည်း လီဖူချန်းဆီကို လာကြပါတယ်။
ချွမ်စင်းမြို့ရဲ့ မြို့စားငယ်လေး ဖြစ်သွားတဲ့ ရှန်ထန်ကျင်း ကလည်း လီဖူချန်းကို ကျေးဇူးတင် စကား လာပြောပါသေးတယ်။
ရှောင်လီ၊ ချန်ဖန်းဟွာနဲ့ အခြားသော ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေ ကလည်း လီဖူချန်းဆီကို လာရောက် လည်ပတ် ကြပါတယ်။
ဂေါင်ချန်းရှန်နဲ့ ဝူကျင်မိန်တို့ ကလည်း လီဖူချန်းဆီကို လာရောက် လည်ပတ်ပါသေးတယ်။
“ကျင်းရွယ် ... မင်းရဲ့ လီကလန်က ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင် ကလန်တစ်ခု ဖြစ်လာပြီ ဆိုတော့ ငါ့ကို ထားသွားတော့ မှာလားဟင် ...”
လီကျင်းရွယ်ရဲ့ ဘေးမှာရှိနေတဲ့ လူငယ်ကတော့ ငွေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ဖြစ်တဲ့ ကျန်းဖန်ပါ။ သူက မြေကမ္ဘာနယ်ပယ် အဆင့်၄ကို ရောက်နေပါပြီ။ ကျန်းဖန်က လီကျင်းရွယ်ကို စသလိုလို နောက်သလိုလိုနဲ့ အတည်ကြီး ပြောနေတာ ဖြစ်ပါတယ်။
လီကျင်းရွယ်ကတော့ ကျန်းဖန်ရဲ့ ပေါင်တွင်းကြောကို ဆွဲလိမ်လိုက်ပြီး
“ကျန်းဖန် ... နင်ဘာတွေ လာမေး နေတာလဲ။ ငါဆိုတဲ့ လီကျင်းရွယ်က အဲလို အမျိုးအစားထဲ ကနဲ့ တူနေလို့လား”
ကျန်းဖန်နဲ့ လီကျင်းရွယ်က လီဖူချန်း မပေါ်လာခင်ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ အဲသည်တုန်း ကတော့ လီကလန်ကလည်း ကျန်းဖန်ကို အတော်လေး အရေးပေး ဆက်ဆံခဲ့ပါတယ်။ အဲဒါကြောင့်လည်း ယန်ကလန်က လီကျင်းရွယ်ကို ခန္ဓာကိုယ်ကို အရင်းပြုပြီး မြှူဆွယ်တယ်လို့ လှောင်ပြောင် ခဲ့တာပါ။
အရင်တုန်းကတော့ ကျန်းဖန်က တိုက်ရိုက်တပည့် ဆိုတဲ့ ဂုဏ်နဲ့ လီကလန် အပေါ်မှာ အတော်လေး မြောက်ကြွမြောက်ကြွနဲ့ ဆက်ဆံခဲ့ ဖူးပါတယ်။
ဒါပေမဲ့ လီဖူချန်း ပေါ်လာပြီး ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်သွားတဲ့ အခါမှာတော့ ကျန်းဖန်က မြောက်ကြွမြောက်ကြွ မလုပ်ရဲတော့ပါဘူး။
အခုချိန်မှာတော့ ကျန်းဖန်က မြောက်ကြွမြောက်ကြွ လုပ်ဖို့ မပြောနဲ့။ လီကျင်းရွယ်က သူ့ကို ထားသွားမှာ ကိုတောင် စိုးရိမ် နေရပါပြီ။
လီကလန် ဆိုတာက ဂိုဏ်းတော်ရဲ့ အဖွဲ့ဝင်ကလန်တောင် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
တကယ်လို့သာ ကျန်းဖန်က လီကလန်သား တစ်ယောက် ဖြစ်သွားမယ် ဆိုရင်တော့ ဂိုဏ်းက ထောက်ပံ့မယ့် အရင်းအမြစ်တွေကိုတောင် အလကား ဗလာကျိတ် ရဦးမှာလေ။ ကျန်းဖန် အတွက်တော့ လီရွယ်ကျင်းက တကယ့် ရတနာသိုက်ကြီး ဖြစ်နေခဲ့ပါပြီ။
***
“ညီလေးလီ ...။ အစ်ကိုက မင်းရဲ့ အရည်အချင်းကိုတော့ ယုံပါတယ်။ ဒါပေမဲ့ လူရွေးပွဲကို ရောက်ရင်တော့ ညီလေးက ပုကျင်းဆောင်ကို သတိထား ရလိမ့်မယ်။ သူက နံပါတ်တစ် တိုက်ရိုက်တပည့် ဖြစ်ခဲ့ဖူးတယ်”
ရှောင်လီက လီဖူချန်းကို သတိပေး လိုက်ပါတယ်။
ချန်ဖန်းဟွာကလည်း ခေါင်းညိတ်လိုက်ပြီး
“ပုကျင်းဆောင်ရဲ့ ကျင့်ကြံမှု အဆင့်က မြေကမ္ဘာနယ်ပယ် အထွတ်အထိပ်ကိုတောင် ရောက်နေပြီနော်။ သူက အတော်ဆုံး တိုက်ရိုက်တပည့် ၁၀ယောက်ထဲမှာ ပါတဲ့ ဂိုဏ်းတူအစ်ကို တစ်ယောက်ကိုတောင် တစ်ကွက်တည်းနဲ့ အနိုင်ယူ ထားသေးတယ်။ မောင်လေးလီ အနေနဲ့ ပုကျင်းဆောင်ကိုတော့ ဂရုစိုက်ရလိမ့်မယ်”
“ဟုတ်ကဲ့ပါဗျာ ... ကျွန်တော် သတိထားပါ့မယ်”
လီဖူချန်းက ကတိပေး လိုက်ပါတယ်။
သူကလည်း ပုကျင်းဆောင် အကြောင်းကို ကြားဖူးတဲ့ သူတစ်ယောက်ပါပဲ။ ပုကျင်းဆောင်က အမှန်တကယ်လည်း အစွမ်းထက်သူ တစ်ယောက်ပါ။
ဒါပေမဲ့ လီဖူချန်း ဆိုတာကလည်း အရင်တုန်းက လီဖူချန်းမှ မဟုတ်တော့တာလေ။
သူ့ရဲ့ စွမ်းဆောင်ရည်က ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ကျော်တက်သွားပြီး ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့တောင် ယှဉ်လို့ ရနေပါပြီ။
ထိုနေ့ညကိုတော့ လူငယ်တွေ အားလုံးက ပျော်ရွှင်စွာနဲ့ အတူတကွ ဖြတ်သန်း လိုက်ကြပါတယ်။
***
သည်လိုနဲ့ပဲ လူရွေးချယ်ပွဲ ကျင်းပမည့် နေ့ကိုတောက် ရောက်ရှိ လာခဲ့ပါပြီ။
သည်လူ ရွေးချယ်ပွဲကိုတော့ မိုးပြာရောင်ဂိုဏ်းရဲ့ အကြီးဆုံး သိုင်းစင်မြင့်ပေါ်မှာ ကျင်းပမှာပါ။ မြေကမ္ဘာနယ်ပယ် အဆင့်၆ကို ရောက်နေတဲ့ လူတိုင်းက သည်လူ ရွေးချယ်ပွဲအတွက် စာရင်းပေးသွင်း နိုင်ပါတယ်။
လူရွေးပွဲနေ့ နံနက်ခင်းမှာတော့ ...
သိုင်းစင်မြင့်ရဲ့ ပတ်ပတ်လည်မှာတော့ မိုးပြာရောင် ဂိုဏ်းသားတွေ နေရာ ယူထားကြပါပြီ။ သည်ဂိုဏ်းသားတွေ ထဲမှာ အများဆုံး ရောက်နေတာကတော့ အတွင်းစည်း တပည့်တွေပါပဲ။
သိုင်းစင်မြင့်နဲ့ သိပ်မဝေးလှတဲ့ နေရာမှာတော့ ပွဲကြည့်စင်တစ်ခု ရှိနေပါတယ်။ အဲသည်ပွဲကြည့်စင် ပေါ်မှာ ရောက်ရှိနေတဲ့ သူတွေကတော့ မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်တန်း အကြီးအကဲတွေပါ။
“ဟိုမှာ ကြည့်စမ်းဟေ့ ...။ အဲဒါက ဓားအရူးသူတော် လီရှင်းယုပဲ”
“အိုး ... အဲဒါက အစ်ကိုတော် ဓားအရူး သူတော်လား ...။ ငါ့ဘဝမှာတော့ ပထမဦးဆုံး အကြိမ် မြင်ဖူးတာပဲဟေ့”
“ဟေ့ ... ဟိုဘက်ကို ကြည့်ကြစမ်း ... အဲဒါက အစ်ကိုတော် ကျားဓားရှင်နဲ့ အစ်ကိုတော် ခံစားချက်မဲ့ဓား မဟုတ်လား ...”
လူရွေးပွဲကို ပါဝင် ယှဉ်ပြိုင်မယ့် တိုက်ရိုက် တပည့်တွေက တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ ကြပါပြီ။
အတွင်းစည်း ဂိုဏ်းသားတွေကလည်း အော်ကြီးဟစ်ကျယ်နဲ့ အားပေး နေကြပါတယ်။
သည်တိုက်ရိုက် တပည့်တွေ ဆိုတာက သူတို့အတွက်တော့ ဒဏ္ဍာရီ ပုံပြင်တွေ ထဲကလို သူရဲကောင်းတွေ မဟုတ်ပါလား။
“အစ်ကိုတော် လီဖူချန်းလည်း ရောက်လာပြီဟေ့ ...။ ကြည့်စမ်းပါဦးကွာ ... သူက ငယ်ငယ်လေးပဲ ရှိသေးတာနော် …”
“ဒါပေါ့ကွ ... အစ်ကိုတော် လီဖူချန်းက သည်နှစ်ထဲမှာမှ အသက်၂၀ ပြည့်ထားတာလေ”
“ပါရမီချင်း ယှဉ်မယ် ဆိုရင်တော့ အစ်ကိုတော် လီဖူချန်းက နံပါတ်တစ်ပဲကွ။ နှမြောစရာ ကောင်းတာက အစ်ကိုတော် လီဖူချန်းက အခုမှ မြေကမ္ဘာနယ်ပယ် အဆင့်၆ပဲ ရှိသေးတယ်။ သည်နေ့ လူရွေးပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေ ထဲမှာဆိုရင် အစ်ကိုတော်ရဲ့ ကျင့်ကြံမှု အဆင့်က အနိမ့်ဆုံးပဲ”
“ကိစ္စမရှိဘူးကွ ... ငါ့အတွက်တော့ အစ်ကိုတော် လီဖူချန်းက အတော်ဆုံးပဲ။ မင်း စောင်ကြည့်နေလိုက် ... အစ်ကိုတော် လီဖူချန်းက အားလုံးကို အနိုင်ယူ သွားလိမ့်မယ်”
လူတွေ အားလုံးကတော့ သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော်ဆွေးနွေး နေကြပါပြီ။
ပွဲကြည့်စင်ရဲ့ အလယ် တည့်တည့်မှာတော့ မိုးပြာရောင် ဂိုဏ်းချုပ် အိုးရန်ဝမ်းထင် အခန့်သား ထိုင်နေပါတယ်။
သူ့ရဲ့ ဘယ်ဘက်ခြမ်း မှာတော့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေ ရှိနေကြပြီး ညာဘက် အခြမ်းမှာတော့ ဂိုဏ်းထိန်းကြီးတွေ၊ အကြီးအကဲ ခေါင်ချုပ် ဇောင်ဝူကျင်းနဲ့ အခြား အကြီးအကဲတွေ ရှိနေပါတယ်။
“ဝမ်းထင် ... ဟိုကလေးက လီဖူချန်း ဆိုတာလား ...”
အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်က အိုးရန်ဝမ်းထင်ကို မေးမြန်း လိုက်ပါတယ်။ သူက လီဖူချန်းဆိုတာကို အရမ်း မြင်ဖူးချင်နေတဲ့ ပုံပါပဲ။
အိုးရန်ဝမ်းထင်က ခေါင်းညိတ်လိုက်ပြီး
“ဟုတ်ပါတယ် အထွတ်ခေါင်ချုပ် အကြီးအကဲ”ဟု ပြန်ဖြေလိုက်ပါတယ်။
“အံ့သြစရာပဲဟေ့ ...။ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်က သည်လို အောင်မြင်မှု မျိုးကိုတောင် ရနိုင်တယ်တဲ့လား ...။ အရင်တုန်းက ဆိုရင်တော့ ငါက သည်ကိစ္စကို ဘယ်လိုမှ ယုံနိုင်မှာ မဟုတ်ဘူး။ အခုတောင်မှ မျက်မြင်ကိုယ်တွေ့ ဖြစ်နေလို့သာ ယုံလိုက်ရတာ”
အထွတ်ခေါင်ချုပ် အကြီးအကဲတွေ ကတော့ လီဖူချန်းကို အံ့သြကြီးစွာဖြင့် အကဲခတ် နေကြပါတယ်။
သူတို့ အားလုံးဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ အများနဲ့မတူ တစ်မူ ထူးခြားနေတဲ့ ချီအရှိန်အဝါတွေကို ကောင်းကောင်းကြီး သတိပြုမိကြ ပုံပါပဲ။ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီး ကတောင်မှ လက်ရင်းတပည့် ရွေးချယ်သွားတဲ့ လီဖူချန်းကိုတော့ သူတို့ အားလုံးက အထင် မသေးရဲပါဘူး။
“အင်း ... သူ့ရဲ့ ကျင်ကြံခြင်း အဆင့်ကတော့ တော်တော်လေး နိမ့်ကျနေတာပဲ။ လူရွေးပွဲကိုကော သူကျော်နိုင်ပါ့ မလား”
လီဖူချန်းရဲ့ ကျင်ကြံခြင်းက မြေကမ္ဘာနယ်ပယ် အဆင့်၆သာ ရှိသေးတဲ့ အတွက် အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်က အနည်းငယ် သံသယ ဝင်မိသွားပါတယ်။
သူ သံသယ ဝင်မယ် ဆိုရင်လည်း ဝင်ချင်စရာပါပဲ။ သည်ရွေးချယ်ပွဲမှာ ပါဝင်မယ့်သူ တော်တော်များများက မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ရောက်နေကြ သူတွေပင် မဟုတ်ပါလား။ လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်က ထိုလူတွေနဲ့ ၃ ဆင့်ကို ကွာဟနေပါတယ်။ မြေကမ္ဘာ နယ်ပယ်မှာတော့ အဆင့်၃ဆင့် ကွာတယ် ဆိုတာက နည်းတဲ့ ကွာဟချက်မှ မဟုတ်တာလေ။
ပြီးတော့ ထပ်ပြီး ပြောစရာ ရှိတာကတော့ လီဖူချန်းရဲ့ ကျင့်ကြံချိန်က အတော်လေး နည်းနေပါ သေးတယ်။ လီဖူချန်းရဲ့ ပါရမီက ဘယ်လောက်ပင် ကောင်းနေ ပါစေဦး။ ကျင့်ကြံချိန် နည်းပါးတာက အားနည်းချက် တစ်ခု ဖြစ်လာနိုင်တယ်လေ။
"စောင့်ကြည့် ကြတာပေါ့ ...”
အိုးရန်ဝမ်းထင် ကလည်း အဲသည် အချက်ကို သတိပြုမိ ပါတယ်။ ဒါပေမဲ့သူက လီဖူချန်းရဲ့ အစွမ်းအစကို မမြင်သေးဘဲနဲ့တော့ ဘာမှတ်ချက်မှ မပေးချင် သေးပါဘူး။
***