← Chapters

ယဲ့မျိုးနွယ်သို့ ပြန်ရောက်ခြင်း

Vol. 28 Ch. 381

ယဲ့မျိုးနွယ်သို့ ပြန်ရောက်ခြင်း

Vol. 28 Ch. 381

ဝိညာဥ်သားရဲများက အပြစ်မဲ့သူလူသားများကို ရက်စက်စွာသတ်ဖြတ်နေခြင်းက ယဲ့ချန်ကို ဒေါသူပုန်ထစေခဲ့သည်။ ထို့ကြောင့် သူက လမ်းတလျှောက်ရှိသမျှ ဝိညာဥ်သားရဲအားလုံးကို သတ်ဖြတ်ခဲ့သည်။ ၎င်းတို့၏ကိုယ်ပေါ်တွင် မစုပ်ယူရသေးသော ဝိညာဥ်စွမ်းအင်များရှိနေပြီး ဝိညာဥ်စစ်သည်တော်က သတ်ဖြတ်လိုက်ချိန်တွင် စွမ်းအင်များက ဝိညာဥ်စစ်သည်တော်နှင့် ပေါင်းစည်းသွားကြသည်။ သူ၏မျက်လုံးအတွင်းရှိ ခရမ်းရောင်မီးတောက်က ပိုမိုတောက်လောင်လာခဲ့သည်။

ဝိညာဥ်သားရဲများက ကြမ်းတမ်းစွာတိုက်ခိုက်နေသော ဝိညာဥ်စစ်သည်တော်ထံ ကြောက်လန့်ခြင်းမရှိဘဲ သောင်းချီသောအရေအတွက်ဖြင့် လှိုင်းလုံးကြီးတစ်ခုပမာ တိုးဝင်နေကြသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က မောပန်းလာသောကြောင့် ဝိညာဥ်စစ်သည်တော်၏ တိုက်ခိုက်နိုင်စွမ်းက လျော့နည်းလာသည်။ သို့သော် သူက ဒန်တန်အတွင်းရှိ ကောင်းကင်ချီများကိုထုတ်ဖော်၍ ဝိညာဥ်စစ်သည်တော်ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ သောင်းချီသောဝိညာဥ်သားရဲများ၏ တိုက်ခိုက်မှုက နတ်ဘုရင်တစ်ယောက်ကို နောက်ဆုတ်သွားစေသော်လည်း ယဲ့ချန်က အနက်ရောင်မီးများ တောက်လောင်နေသော ကောင်းကင်တုန်ခါဆေးအိုးကို ထုတ်ဖော်လိုက်သည်။

"လာစမ်း"

ဝိညာဥ်သားရဲများမှာ ဆေးအိုးအတွင်း စုပ်ယူခံလိုက်ရချိန်တွင် ခဏအတွင်း မီးတောက်များနှင့် လောင်ကျွမ်းခံလိုက်ရသောကြောင့် နာကျင့်စွာအော်ဟစ်၍ ပြာဖြစ်ကုန်သည်။ နာရီဝက်အကြာတွင် ဝိညာဥ်စစ်သည်တော်၏ဘေးတွင် ဝိညာဥ်သားရဲအလောင်းများက တောင်တစ်လုံးပမာ စုပုံသွားခဲ့သည်။

နေလင်းယုန်နှင့်အတူ ရောက်ရှိလာသော ယဲ့ရွှမ်နှင့်ယဲ့မုန်က ဤမြင်ကွင်းကိုမြင်သောအခါ မျက်လုံးပြူးသွားကြသည်။ တောင်တစ်ခုပမာစုပုံနေသော အနက်ရောင်သားရဲများကို သူတို့က တစ်ခါမှမမြင်ဖူးခဲ့ပေ။ ယဲ့ချန်က လက်မောင်းကာအတွင်း ဝိညာဥ်သားရဲအလောင်းအချို့ကို ထည့်သိမ်းလိုက်ပြီးနောက် ယဲ့မျိုးနွယ်သို့ပြန်ရန် အလျင်လိုနေခဲ့သည်။ များပြားသော ဝိညာဥ်သားရဲများ ရုတ်တရက်ထွက်ပေါ်လာမှုက သူ၏စိတ်ကို လေးလံစေခဲ့သည်။ အခြားနေရာများတွင်လည်း ဤသားရဲများထွက်ပေါ်လာခြင်းရှိမရှိကို သူက သိချင်နေသည်။ ဝိညာဥ်သားရဲလှိုင်းလုံးအောက်တွင် ကျေးရွာ၊ မြို့ငယ်နှင့် မြို့ကြီးများမှာ ပြားပြားဝပ်သွားနိုင်သည်။

"ယဲ့မုန့် ယဲ့ရွှမ် ငါတို့ အမြန်ဆုံးပြန်ရမယ်"

ယဲ့ချန်က ဤသို့ရေရွတ်၍ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ရှီဝူအင်ပါယာထံ ပျံသန်းသွားလိုက်သည်။ နေလင်းယုန်ကလည်း အလျင်အမြန်ပျံသန်း၍ နောက်မှလိုက်ပါလာခဲ့သည်။

"ဆရာ ဝိညာဥ်သားရဲတွေ ဘယ်လိုလုပ် ဒီနေရာမှာပေါ်လာတာလဲ"

ယဲ့ချန်က ဤဖြစ်ရပ်နှင့်ပတ်သက်၍ မတင်မကျဖြစ်နေခဲ့သည်။

"ပြောဖို့ခက်တယ်။ စားစရာရှိနေသရွေ့ ဒီကောင်တွေက မျိုးပွားနိုင်တယ်။ အတိတ်တုန်းက ဝိညာဥ်သားရဲတွေက ဝိညာဥ်မျှော်စင်လိုနေရာမှာပဲ ထွက်ပေါ်လာတတ်တယ်။ သေမျိုးလောကမှာ လုံးဝမပေါ်လာဖူးဘူး။ အရင်က ဒီကောင်တွေဟာ ဝိညာဥ်မျှော်စင်အပြင်ဘက်မှာ မရှင်သန်နိုင်ပေမယ့် အရာရာပြောင်းလဲသွားပြီ။ အခု သူတို့ရဲ့ခေါင်းထဲမှာ ရတနာတွေရှိနေတာကလည်း တစ်ခုခုထူးဆန်းနေတယ်"

ခြင်္သေ့ကြီးသည်လည်း ဝိညာဥ်သားရဲများကြောင့် စိုးရိမ်စပြုလာသည်။

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ခြင်္သေ့ကြီး၏စကားများကို စဥ်းစားလိုက်သည်။ ဝိညာဥ်သားရဲလှိုင်းကို တစ်ယောက်ယောက်က ဖန်တီးလိုက်ပုံပေါ်သည်။ အမှောင်ဝိညာဥ်များကို မွေးမြူထားသော သမာဓိကောင်စီသည်လည်း တရားခံဖြစ်နိုင်ပြီး အစွမ်းထက်ဝိညာဥ်သားရဲများကို လိုချင်နေခြင်းဖြစ်နိုင်သည်။ ထျန်းယွမ်ငွေပြားများ ထွက်ပေါ်လာခြင်းကလည်း မူမမှန်ပေ။

"ယဲ့ချန် မင်းရဲ့မျိုးနွယ်ကို ကာကွယ်ချင်တယ်ဆိုရင် ပြင်ဆင်ထားသင့်တယ်။ ယဲ့မျိုးနွယ်တောင်ကြားက လျှို့ဝှက်တယ်ဆိုပေမယ့် ဝိညာဥ်သားရဲတွေအများကြီးကို မခုခံနိုင်ဘူး"

ခြင်္သေ့ကြီးက သတိပေးလိုက်သည်။

"ဒါဆိုရင် ဘယ်လိုကာကွယ်ရမလဲ"

"သာမန်မြို့ရိုးတွေက ဝိညာဥ်သားရဲတွေကို မတားဆီးနိုင်ဘူး။ အလယ်အင်ပါယာရဲ့မြို့တွေလိုမျိုး မြို့ရိုးကို အနက်ရောင်သံမဏိနဲ့ ပြုလုပ်ရမယ်။ သံမဏိနက်ရဲ့မာကျောမှုက အဆင့်မြင့်လို့ ဝိညာဥ်သားရဲတွေ မဖျက်ဆီးနိုင်ဘူး"

ခြင်္သေ့ကြီးက ခဏတာစဥ်းစား၍ အဖြေပေးလိုက်သည်။

လက်ရှိတွင် ယဲ့ချန်၌ သံမဏိနက်များဝယ်ယူရန် ငွေကြေး လုံလောက်စွာရှိနေသည်။ ထို့အပြင် သူက ယဲ့မျိုးနွယ်၏လုံခြုံရေးအတွက် မည်မျှကုန်ကျပါစေ မျက်ခုံးတစ်ချက်တွန့်မည်မဟုတ်ပေ။ ရှီဝူအင်ပါယာသို့ရောက်သောအခါ ဝိညာဥ်သားရဲများ၏အရိပ်အယောင်ကို မတွေ့ရသောကြောင့် သူက စိတ်အေးသွားခဲ့သည်။ ဝိညာဥ်သားရဲများက ဤနေရာအထိ ရောက်ရှိလာပုံမရချေ။

ယဲ့ချန်သည် လင်းယွန်တောင်တန်းတွင် မြို့များတည်ဆောက်နေသည်ကို သတိပြုမိလိုက်သည်။ ၎င်းတို့ကိုတည်ဆောက်နေသော လုပ်ငန်းခွင်တွင် ရွှေရောင်ချပ်ဝတ် တော်ဝင်စစ်သည်တော်များက လှည့်လှည်ကင်းစောင့်နေကြသည်။ ယဲ့ချန်က မြို့ရိုးတစ်ခုပေါ်သို့ ဆင်းသက်လိုက်သောအခါ အစောင့်များ၏သတင်းပို့မှုကြောင့် နင်ချင်းယွင်က ချက်ချင်းရောက်ရှိလာသည်။ မင်ဝူက တိုင်းပြည်တစ်ခုလုံးကို မင်းနေပြည်တော်မှ ကြီးကြပ်နေရသောကြောင့် ဤနေရာကိုအုပ်ချုပ်ရန် နင်ချင်းယွင်ကို တာဝန်ပေးထားခဲ့သည်။

"အရှင် ပြန်လာတာကို ကြိုဆိုပါတယ်"

ဝဖိုင့်ဖိုင့်ပုံရိပ်ကြီးက အလျင်အမြန်ရောက်ရှိလာကာ ယဲ့ချန်ကို အလွန်ရိုသေစွာဖြင့် ကြိုဆိုလိုက်၏။ သူ၏နောက်တွင် ရှဲ့တောက် ၊ရှဲ့ကျန်းနှင့် မြေဝိဇ္ဇာများ၊ ကောင်းကင်ဝိဇ္ဇာများ လိုက်ပါလာကြသည်။ ထိုကျင့်ကြံသူများကို ရှီဝူအင်ပါယာ၏ဂိုဏ်းအသီးအသီးထံမှ နင်ချင်းယွင်က စုဆောင်းထားခြင်းဖြစ်ကာ အားလုံးက ယဲ့ချန်ကို အရိုအသေပေးလိုက်ကြသည်။

ယဲ့ချန်ပြန်ရောက်လာကြောင်း သိရသောအခါ ယဲ့ကျန့်တန်းနှင့် ယဲ့မျိုးနွယ်ဝင်များလည်း ချက်ချင်းရောက်ရှိလာကြသည်။

"အဖေ သားမိုက်က အဖေ့ကို စိတ်ပူစေခဲ့မိပြီ"

မျက်တွင်းများချောင်ကျနေသော ယဲ့ကျန့်တန်းရှေ့တွင် ယဲ့ချန်က အလျင်အမြန် အရိုအသေပေးလိုက်သည်။

"မလိုပါဘူးကွာ။ မင်းပြန်ရောက်လာတာ ကောင်းတယ်"

ယဲ့ကျန့်တန်းက ကျေနပ်စွာပြုံးလိုက်သည်။ အလယ်အင်ပါယာသို့ ထွက်ခွာသွားသော ယဲ့ချန်ကို သူက အချိန်တိုင်း စိုးရိမ်နေခဲ့သည်။ ယခု ယဲ့ချန်က လုံခြုံစွာပြန်ရောက်လာသောအခါ စိုးရိမ်စိတ်များလွင့်ပါး ပျောက်ကွယ်ကုန်သည်။ သူ၏နောက်တွင် ယဲ့ချိန်ရွှမ်းနှင့် အခြားယဲ့မျိုးနွယ်ဝင်များရှိနေပြီး ရင်းနှီးသောမျက်နှာများအတွက် ယဲ့ချန်က ယဲ့မျိုးနွယ်ကို ကာကွယ်ပေးလိုစိတ်များ တိုးပွားလာသည်။

"ချန်အာ မုန်အာ ရွှမ်အာနဲ့လော့အာရော ပြန်လာကြပြီလား"

ယဲ့ချိန်ရွှမ်းက မေးလိုက်ခြင်းဖြစ်သည်။

"သူတို့က နောက်မှာပါလာတယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ယဲ့လော့မှအပ ရှီဝူယဲ့မျိုးနွယ်တစ်ခုလုံး ဆုံစည်းပြီဖြစ်သည်။

"ကောင်းတယ်။ ကောင်းတယ်"

ယဲ့မျိုးနွယ်ဝင်အားလုံးက စိတ်အေးသွားကြသည်။

ယဲ့မျိုးနွယ်ဝင်များထံမှ လက်ရှိအခြေအနေကို ယဲ့ချန်က စုံစမ်းလိုက်သည်။ မင်ဝူက လင်းယွန်တောင်တန်းတွင် မြို့များတည်ဆောက်စေပြီး ယဲ့မျိုးနွယ်ကိုကာကွယ်ရန်အတွက် စစ်သည်များစွာ စေလွှတ်ပေးခဲ့သည်။ ကြယ်ခန်းမ၏ခြေကုပ်ယူရာအဖြစ် သတ်မှတ်ထားသော လင်းယွန်တောင်တန်းတွင် ဆောက်လုပ်ရေးကို လုပ်သားသန်းပေါင်းများစွာဖြင့် လုပ်ကိုင်နေသောကြောင့် အလွန်ခမ်းနားသည့် မြင်ကွင်းတစ်ခုဖြစ်သည်။

"အရှင် ဒီလိုစီစဥ်ထားတာကို သဘောကျရဲ့လား"

နင်ချင်းယွင်က လေးစားစွာမေးလိုက်သည်။ အလယ်အင်ပါယာမှပြန်လာသော ယဲ့ချန်၏အရှိန်အဝါက ထက်ရှလာသဖြင့် သူက ဖိအားများခံစားနေရသည်။

အလယ်အင်ပါယာမှပြန်လာပြီးနောက် ယဲ့ချန်က ကျင့်ကြံသူများစွာကို တွေ့ဖူးခဲ့သောကြောင့် ဗဟုသုတများတိုးလာကာ အမြင်ကျယ်လာခဲ့သည်။

"မင်းတို့လုပ်ထားတာ ကောင်းတယ်။ ဒါတွေကိုသုံးပြီး ကျင့်ကြံဆင့်မြင့်အောင် လုပ်ကြ။ ကြယ်ခန်းမအတွက် လူတိုင်း အလုပ်လုပ်ကြရမယ်"

ယဲ့ချန်က ညာလက်ကိုယမ်းလိုက်သောအခါ အာကာသကျောက်များ၊ ဆေးလုံးများနှင့် ဝိညာဥ်လက်နက်များက နင်ချင်းယွင်တို့လူစုထံ ရောက်ရှိသွားကြသည်။ အာကာသကျောက်များထံမှ အာကာသချီကြောင့် သူတို့၏ကောင်းကင်ချီများ လှိုင်းထလာသည်။ ဤကား အဆင့်တက်ရန် ကူညီပေးနိုင်သော ရတနာတစ်ခုဖြစ်နေသောကြောင့် အားလုံး၏မျက်နှာများ ဝင်းလက်တောက်ပလာသည်။

"အရှင် ဒါက ဘယ်လိုရတနာလဲ"

နင်ချင်းယွင်က အပျော်လွန်နေသဖြင့် စကားပြောလိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်ကြီးက တုန်ခါနေသည်။

"အာကာသကျောက်တွေ မင်းတို့ရဲ့ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်တယ်။ ကြယ်ခန်းမအတွက် မင်းတို့အားလုံးက နတ်ဝိဇ္ဇာတွေဖြစ်လာရမယ်"

အလယ်အင်ပါယာရှိရာသို့ တစ်ချက်ကြည့်လိုက်ရင်း ယဲ့ချန်က အမိန့်ပေးလိုက်သည်။ သူ့ထံတွင် ရန်သူများရှိနေပြီး အထူးသဖြင့် အလယ်အင်ပါယာတွင် အစွမ်းအထက်ဆုံးဖြစ်သော သမာဓိကောင်စီကိုရင်ဆိုင်ရန် အင်အားများလိုအပ်နေသည်။ ထို့အပြင် အချိန်တိုင်းထွက်ပေါ်လာနိုင်သော ဝိညာဥ်သားရဲများကိုလည်း သူက ပူပန်နေသည်။ အနာဂတ်တွင် ဖြစ်လာနိုင်သော ကပ်ဘေးများကို ရင်ဆိုင်ရန်အတွက် သူက ကြယ်ခန်းမကို လေ့ကျင့်ပေးရပေလိမ့်မည်။ ကြယ်ခန်းမကို တည်ထောင်ရာတွင် သူက အားကုန်ထုတ်သုံးရန် ဆုံးဖြတ်ထားခဲ့သည်။

အဝေးတွင် ယဲ့ချန်ကို ဒူးတစ်ဖက်ထောက်၍ အရိုအသေပေးနေကြသော ကျင့်ကြံသူသိန်းချီရှိနေသည်။ အားလုံးက မင်ဝူနှင့်အခြားလူများ စုဆောင်းထားသော ပါရမီရှင်များဖြစ်ကာ ကြယ်ခန်းမ၏ အနာဂတ်အဖွဲ့ဝင်များဖြစ်ကြသည်။ ယဲ့ချန်က လက်မောင်းကာအတွင်းမှ ဝိညာဥ်သားရဲအလောင်းများကို ထုတ်ယူလိုက်သောအခါ တောင်ကုန်းတစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။

"ဒါတွေက ဝိညာဥ်သားရဲလို့ခေါ်တယ်။ သူတို့ရဲ့အသားနဲ့သွေးက ချီစုဆောင်းဆေးလုံးတွေထက် အာနိသင်ပိုကောင်းတယ်။ ဒီအလောင်းတွေကို ပါရမီရှင်လူငယ်တွေအတွက် ခွဲဝေပေးလိုက်"

ယဲ့ချန်က အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ အရှင်"

"ပြီးတော့ ဒီမြို့ရိုးတွေကို တည်ဆောက်ရာမှာ သံမဏိနက်တွေကို အသုံးပြုရမယ်။ ရနိုင်သမျှနေရာတွေကနေ ဝယ်ယူလိုက်ကြ။ မလုကြနဲ့။ ငွေကြေးမလုံလောက်ရင် ယဲ့မျိုးနွယ်က ထုတ်ပေးမယ်"

"အမိန့်အတိုင်းပါ အရှင်"

ယဲ့ချန်က ပြန်ရောက်ရောက်ချင်း အမိန့်များ ဆက်တိုက်ပေးလိုက်သည်။ သူက အတိတ်မှလူငယ်လေးနှင့် ကွာခြားနေပြီး အစွမ်းထက်ခေါင်းဆောင်တစ်ယောက်နှင့် ပိုတူလာခဲ့သည်။ ယဲ့ချန်၏အမိန့်များကို ဆောင်ရွက်ရန် နင်ချင်းယွင်တို့လူစုက ချက်ချင်းထွက်ခွာသွားကြသည်။ သူတို့က နေရာအသီးသီးမှ သံမဏိနက်များကိုစုဆောင်း၍ မြို့ရိုးများအတွင်း သွန်းလုပ်ပေါင်းစပ်စေခဲ့သည်။

ယဲ့တောင်ကြား၏ တောင်ထိပ်တစ်ခုတွင် ယဲ့ချန်က မတ်တပ်ရပ်နေသည်။ တောင်ကြားကိုကာကွယ်ရန်အတွက် ခံတပ်မြို့ငါးခုကို လုပ်သားများက တည်ဆောက်နေကြသည်။ မြို့ရိုးများတည်ဆောက်ပြီးလျှင် ယဲ့မျိုးနွယ်က လုံခြုံပေလိမ့်မည်။ ယဲ့ချန်က ဤတောင်ထိပ်သည် ထောင်ချီဓားအစီအရင်ခင်းကျင်းရန် အကောင်းဆုံးနေရာဖြစ်သည်ဟု ရွေးချယ်လိုက်သည်။ သူက ဓားအစီအရင်ကို ယဲ့ကျန့်တန်းအား ထိန်းချုပ်စေရန် ရည်ရွယ်ထားသည်။

"ထောင်ချီဓားအစီအရင် အသက်ဝင်စမ်း"

ယဲ့ချန်က လက်မောင်းကာကို ဖွင့်လိုက်သောအခါ သောင်းချီသောဓားများက မြစ်တစ်စင်းပမာ ပျံသန်းထွက်ပေါ်လာကြသည်။ ၎င်းတို့က နေရောင်အောက်တွင် ဓားသွားအရောင်အဝါများ တဖျတ်ဖျတ်လင်းလက် တောက်ပနေသည်။ သူက အစီအရင်၏ဗဟိုချက်ဖြစ်သော ဓားကို ယမ်းလိုက်သောအခါ ဓားများက ပြိုင်တူလှုပ်ရှားသွားကြသည်။ နတ်ဘုရင်တစ်ယောက်ပင် ဤဓားအစီအရင်ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

ထိုအချိန်တွင် မြို့တည်ဆောက်ရေးကို ကြီးကြပ်နေသော တော်ဝင်စစ်သည်များက ကောင်းကင်ရှိဓားပျံများကို မြင်လိုက်ကြသည်။ လေထဲတွင် မတ်တပ်ရပ်နေသော ယဲ့ချန်၏ပုံရိပ်နှင့် သောင်းချီသောဓားများ ပျံသန်းနေသည်ကို မြင်လိုက်ရသောအခါ အမှတ်တမဲ့ငေးမောနေခဲ့ကြသည်။ ကောင်းကင်တွင် ဓားအစီအရင်က ငါးကီလိုမီတာခန့်ကို ဖုံးအုပ်သွားကာ ကြီးကျယ်ခမ်းနားသောကြောင့် လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

ယဲ့မျိုးနွယ်ဝင်များက ယဲ့ချန်ပေးသော အာကာသကျောက်များကို အသုံးပြုကာ ရူးရူးမူးမူးကျင့်ကြံနေကြသည်။ အာကာသချီများက ရုပ်ခန္ဓာကိုသန်မာလာစေပြီး ကျင့်ကြံဆင့်များကို ခုန်ပေါက်တိုးတက်သွားစေသည်။ အာကာသကျောက်များကို စုပ်ယူပြီးနောက် သူတို့၏ကျင့်ကြံဆင့်များက အဆင့်ငယ်လေးငါးခုမက တိုးတက်သွားကြသည်။ မြို့ငါးခု တည်ဆောက်ပြီးသည်နှင့်တပြိုင်နက် ဤနေရာက ကြယ်ခန်းမ၏ဌာနချုပ် ဖြစ်လာပေလိမ့်မည်။

အဝေးရှိသစ်တောထဲတွင် မိစ္ဆာဝံပုလွေအချို့ရှိနေပြီး သူတို့က ယဲ့တောင်ကြားကို ထောက်လှမ်းပြီးနောက် သစ်တောအတွင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

"ယဲ့ချန် မင်းရဲ့လှုပ်ရှားမှုကို ဝံပုလွေတိုင်းပြည်က စောင့်ကြည့်နေတယ်"

ခြင်္သေ့ကြီး၏စကားသံက ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်းမှ ထွက်ပေါ်လာသည်။

"ကျုပ်နားလည်ပြီ။ ဒီကောင်တွေက လာတိုက်ခိုက်ရဲရင် ကြယ်ခန်းမမြင့်တက်လာဖို့အတွက် ပထမဆုံး ခြေနင်းတုံးဖြစ်သွားလိမ့်မယ်"

ယဲ့ချန်ကခေါင်းညိတ်၍ အေးစက်စက်ဖြေလိုက်သည်။ သူက ကိုယ်တိုင်လည်း ဝံပုလွေများ၏လှုပ်ရှားမှုကို အာရုံခံနိုင်ခဲ့လေသည်။

All Chapters