← Chapters

ခန်းမခွဲများတည်ထောင်ခြင်း

Vol. 28 Ch. 382

ခန်းမခွဲများတည်ထောင်ခြင်း

Vol. 28 Ch. 382

တစ်ကိုယ်တော်ခွန်အားအရာတွင် ယဲ့ချန်က ဝံပုလွေတိုင်းပြည်၏ဘုရင်သုံးပါးကို ကြောက်စရာမလိုသော်လည်း စုစုပေါင်းအင်အားတွင် ဝံပုလွေတိုင်းပြည်၏စစ်တပ်ကို အထင်မသေးရဲပေ။ ၎င်းတွင် မရေမတွက်နိုင်သော ဆန်းကျယ်အဆင့်သားရဲများနှင့် သန်းချီသောသားရဲများ ပါဝင်သည်။ ဘုရင်သုံးပါးက တိုက်ခိုက်ခြင်းမရှိလျှင်ပင် ဝံပုလွေတိုင်းပြည်၏စစ်တပ်က အသစ်တည်ထောင်ကာစ ကြယ်ခန်းမကို ကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိသည်။

သို့သော်လည်း သူက ကြယ်ခန်းမကိုမြှင့်တင်ရန် ဆုံးဖြတ်ထားသောကြောင့် လုံးဝနောက်ဆုတ်မည်မဟုတ်ပေ။ ဝံပုလွေတိုင်းပြည်မှ အမှန်တကယ်တိုက်ခိုက်လိုလျှင် သူကလည်း သွေးဖြင့် ပေးဆပ်စေမည်ဖြစ်သည်။

တစ်ရက်အကြာတွင် နေလင်းယုန်က ယဲ့မုန်နှင့်ယဲ့ရွှမ်ကို သယ်ဆောင်၍ ပြန်ရောက်လာခဲ့သည်။ လမ်းတွင် သူတို့ကကျင့်ကြံရင်း အာကာသကျောက်များကြောင့် မြေဝိဇ္ဇာအဆင့်သို့ တိုးတက်သွားကြသည်။ အာကာသကျောက်များ၏အစွမ်းက နှစ်ယောက်လုံးကို အလွန်အံ့သြသွားစေသည်။ ထို့အပြင် ကျန်ရှိနေသေးသော အာကာသချီများက သူတို့ကို ဆန်းကျယ်ဝိဇ္ဇာအဆင့်အထိ ရောက်စေရန် လုံလောက်နေခဲ့သည်။

လင်းယွန်တောင်တန်းတစ်ခုလုံးက တက်ကြွလှုပ်ရှားနေပြီး ပတ်ဝန်းကျင်က သက်ဝင်လာသည်။

မြို့ငါးမြို့အနက် အခမ်းနားဆုံးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အမြန်ဆုံးဖြစ်သော မြို့၏အစည်းအဝေးခန်းမအတွင်း နင်ချင်းယွင်၊ ရှဲ့တောက် ၊ရှဲ့ကျန်းနှင့် နေမီးတောက်တို့ငှက်တို့ စုဝေးနေကြသည်။

"အရှင်က လက်ရှိမှာ ကျင့်ကြံဖို့အတွက် အာရုံစိုက်မယ်လို့ပြောတယ်။ သူက မြို့တည်ဆောက်ရေးအတွက် မင်းတို့ရဲ့အကူအညီကို လိုအပ်နေတယ်"

နင်ချင်းယွင်က ပြောလိုက်ခြင်းဖြစ်သည်။

"ကျုပ်တို့က အရှင့်အမိန့်ကို ဘယ်လိုလုပ်ဆန့်ကျင်ရဲမှာလဲ။ ဘယ်လောက်ခက်ခဲပါစေ ကျုပ်တို့ အကောင်းဆုံးလုပ်မယ်"

"လင်းယွန်တောင်တန်းမှာ အရှင်ခင်းကျင်းလိုက်တဲ့ ဓားအစီအရင်က ဘယ်လောက်အစွမ်းထက်မလဲ သိချင်မိတယ်"

ရှဲ့ကျန်းက ထောင်ချီဓားအစီအရင်အကြောင်း စပ်စုလိုက်သည်။

"အရှင်ပြောတာကတော့ နတ်ဘုရင်တစ်ယောက်တောင် ဒီအစီအရင်နဲ့ တိုက်ခိုက်ခံရရင် သေလိမ့်မယ်တဲ့"

နင်ချင်းယွင်က ရှဲ့ကျန်းကို တစ်ချက်ကြည့်၍ လေးနက်စွာဖြေလိုက်သည်။

"နတ်ဘုရင်ကိုတောင် သတ်နိုင်တာလား"

နတ်ဘုရင်တစ်ယောက်က ပြိုင်ဘက်ကင်းဖြစ်သည်ဟု ထင်မှတ်ထားကြသော လူတိုင်းက တအံ့တသြဖြစ်သွားကြသည်။

"အရှင်က ပြောလိုက်သေးတယ်။ ကြယ်ခန်းမအတွက် အလုပ်ကြိုးစားပြီး ဂုဏ်သိက္ခာတက်စေခဲ့ရင် သူက ဒီလူကို နတ်အဆင့်ရောက်အောင် ကူညီပေးမယ်"

နင်ချင်းယွင်က ပျော်ရွှင်စွာ အသိပေးလိုက်သည်။ သူနှင့်နေမီးတောက်ငှက်က ယဲ့ချန်၏ ပထမဆုံးနောက်လိုက်များဖြစ်သောကြောင့် ယဲ့ချန်၏အင်အားစုတွင် သေချာပေါက်နေရာပေးခံရမည်ဖြစ်သည်။ ယဲ့ချန်၏ကတိစကားကို သိလိုက်ရသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။ သူတို့၏အရှင်က နတ်ဘုရင်တစ်ယောက်ထက် ပို၍အစွမ်းထက်နေနိုင်ပြီး သေချာပေါက်မရိုးရှင်းပေ။ သူတို့၏စိတ်ဓာတ်များ တက်ကြွလာပြီး အစွမ်းထက်အရှင်သခင်၏ နောက်လိုက်ဖြစ်ရခြင်းအတွက် ဂုဏ်ယူနေကြသည်။ တစ်နေ့တွင် သူတို့၏အရှင်က သူတို့ကိုဦးဆောင်ပြီး မဟာအရှေ့ပိုင်းတိုက်ကြီးကိုပင် အုပ်ချုပ်နိုင်လောက်သည်။

"လူတိုင်းက အာကာသကျောက်တွေရဲ့အစွမ်းကို သိပြီးကြမယ်လို့ ကျုပ် ယုံတယ်။ နတ်အဆင့်ဆိုတာက လက်လှမ်းမမီနိုင်တာမျိုး မဟုတ်ဘူး။ အခု ကြယ်ခန်းမ အင်အားကြီးမားလာဖို့အတွက် လူတိုင်း အပြင်းအထန်ကြိုးစားရမယ်"

"ဂိုဏ်းချုပ်နင်ပြောတာ မှန်တယ်"

"ကျုပ်ကို ဂိုဏ်းချုပ်လို့ မခေါ်ပါနဲ့ဗျာ။ အခုကစလို့ လက်ထောက်နင်လို့သာ ခေါ်ကြပါ"

"ကောင်းပါပြီ လက်ထောက်နင်"

"ရှဲ့ကျန်း ရှဲ့တောက် နေမီးတောက်ငှက် အရှင့်အမိန့်ကို နာခံကြပါ"

နင်ချင်းယွင်၏မျက်နှာက တည်ကြည်သွား၍ လေးနက်စွာပြောလိုက်သည်။

"နောက်လိုက်တွေက အမိန့်နာခံဖို့အသင့်ပါ"

အားလုံးက ဦးညွှတ်လိုက်ကြသည်။

"အနာဂတ်မှာ မင်းတို့သုံးယောက်က ကောင်းကင်ဓားခန်းမ၊ ဆေဘာရိုင်းခန်းမနဲ့ မီးတိမ်ခန်းမကို တာဝန်ယူတည်ဆောက်ကြရမယ်။ တစ်ယောက်ချင်းစီက မြို့တစ်မြို့စီကို အုပ်ချုပ်ရမယ်။ ကောင်းကင်ဓားခန်းမနဲ့ ဆေဘာရိုင်းခန်းမက လူသားကျင့်ကြံသူတွေကိုရှာဖွေပြီး မီးတိမ်ခန်းမက သားရဲတွေကိုစုဆောင်းဖို့အတွက် တာဝန်ယူရမယ်။ အရှင်က မင်းတို့အတွက် ကျင့်စဥ်၊ သိုင်းပညာနဲ့ လျှို့ဝှက်ကျင့်စဥ်တွေ ချီးမြှင့်ပေးမယ်။ ကျုပ်က သုံးယောက်လုံးကို ခန်းမတွေတည်ဆောက်ဖို့အတွက် တာဝန်လွှဲအပ်လိုက်ပါတယ်"

နင်ချင်းယွင်က ယဲ့ချန်၏အမိန့်ကို အကြီးအကဲသုံးယောက်ထံ လက်ဆင့်ကမ်းလိုက်သည်။

"အမိန့်တော်အတိုင်းပါ"

ရှဲ့ကျန်း၊ ရှဲ့တောက်နှင့် နေမီးတောက်ငှက်က အလွန်ဝမ်းသာသွားကြသည်။ ယဲ့ချန်က သူတို့ကိုယုံကြည်သောကြောင့် ခန်းမခွဲခေါင်းဆောင်များအဖြစ် တာဝန်ပေးအပ်ခြင်းဖြစ်သည်။ လက်ရှိတွင် ယဲ့ချန်ပေးထားသော အာကာသကျောက်များနှင့် ဆေးလုံးများ၏အကူအညီကြောင့် သူတို့၏ကျင့်ကြံဆင့်က ခုန်ပေါက်တိုးတက်လာသည်။ ရှဲ့တောက်နှင့်ရှဲ့ကျန်းက အလယ်အဆင့်ဆန်းကျယ်ဝိဇ္ဇာများ ဖြစ်လာကြပြီး နေမီးတောက်ငှက်ကလည်း အလယ်အဆင့်ဆန်းကျယ်သားရဲ ဖြစ်လာခဲ့သည်။ ထို့အပြင် သူတို့က လျှို့ဝှက်ကျင့်စဥ်အချို့ကိုပင် ယဲ့ချန်ထံမှ သင်ယူခဲ့ကြရသည်။ အမိန့်ကို လက်ခံပြီးသည်နှင့်တပြိုင်နက် သုံးယောက်လုံးက အင်အားစုဆောင်းရန် ချက်ချင်းပြင်ဆင်လိုက်ကြသည်။ သူတို့က ယဲ့ချန်စိတ်မကွက်စေရန် အစွမ်းကုန်ကြိုးစားနေကြသည်။

ကြယ်ခန်းမ တည်ထောင်ကာစတွင် သားရဲအဖွဲ့ဝင်အရေအတွက်က နည်းပါးလွန်းသောကြောင့် လက်ရှိတွင် မီးတိမ်ခန်းမက အင်အားနည်းနေသည်။

"ဘိုးဘေး မီးတိမ်ခန်းမက ကျုပ်တို့ရဲ့အင်အားစုဖြစ်တယ်။ တပည့်အသစ်တွေရှာဖို့ ဘယ်လိုလုပ်ကြမလဲ"

နင်ချင်းယွင်က ရိုသေစွာ မေးလိုက်ခြင်းဖြစ်သည်။ သူက ကြယ်ခန်းမသခင်၏ လက်ထောက်ဖြစ်သော်လည်း အခြားလူများမရှိသောအခါ နေမီးတောက်ငှက်ကို ရိုသေစွာ ဆက်ဆံနေဆဲပင်ဖြစ်သည်။

"ဒီကိစ္စသေးသေးလေးက ပြဿနာမဟုတ်ပါဘူး။ မစိုးရိမ်ပါနဲ့ ငါးရက်အတွင်း ငါ ဖြေရှင်းပေးမယ်"

နေမီးတောက်ငှက်က တစ်ချက်ပြုံး၍ ယုံကြည်မှုရှိစွာပြောလိုက်သည်။

"ဘိုးဘေးက ဘယ်လိုလုပ်မယ် တွေးထားတာလဲ"

နင်ချင်းယွင်က စပ်စုလိုက်သည်။

"ဒီမှာခဏစောင့်နေ။ ငါ သိပ်မကြာခင် ပြန်လာခဲ့မယ်"

နေမီးတောက်ငှက်က မူလအသွင်သို့ပြောင်းလဲလိုက်ကာ ဧရာမမီးငှက်ကြီးတစ်ကောင်က ကောင်းကင်သို့ပျံတက်သွားကာ အဝေးရှိတောတောင်များထံ ခရီးနှင်လိုက်သည်။

လင်းယွန်တောင်တန်း၏ အနက်ပိုင်းသို့ရောက်သောအခါ သူက တောင်ထိပ်တစ်ခုပေါ်တွင်နား၍ ကျယ်လောင်စွာ ကြေညာလိုက်သည်။ သူ၏အသံက တောင်တန်းတစ်ခွင်သို့ မိုးချုန်းသံပမာ ပဲ့တင်ထပ်သွားခဲ့သည်။

"ကြယ်ခန်းမသခင် နတ်ဘုရင်ရဲ့ အမိန့်အရ မီးတိမ်ခန်းမက အဖွဲ့ဝင်တွေကို စုဆောင်းနေပါတယ်။ ငါနဲ့ ဘယ်သူတွေလိုက်ခဲ့ချင်လဲ"

နေမီးတောက်ငှက်၏အသံက လင်းယွန်တောင်တန်း၏အနက်ပိုင်းသို့ ဆက်တိုက်ပျံ့နှံ့သွားခဲ့သည်။ သူ၏အသံကို တုံ့ပြန်ဟန်ဖြင့် သားရဲဟိန်းသံများက ဟိုမှသည်တရစပ် ပြန်လည်ထွက်ပေါ်လာကြသည်။

နေမီးတောက်ငှက်က ကြယ်ခန်းမသို့ပြန်လာသောအခါ သူ့နောက်တွင် သားရဲများအုပ်ကြီး လိုက်ပါလာခဲ့သည်။ သိန်းချီသော မှော်သားရဲများနှင့် ကောင်းကင်သားရဲများတွင် မြေအဆင့်နှင့်ကောင်းကင်အဆင့်များ မရှားပါးသောကြောင့် လက်ထောက်ခန်းမသုံးခုတွင် မီးတိမ်ခန်းမက အစွမ်းအထက်ဆုံးဖြစ်လာခဲ့သည်။

ရှဲ့တောက်နှင့်ရှဲ့ကျန်းက အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ သူတို့က များစွာအားထုတ်၍ ကြိုးစားနေသော်လည်း အဖွဲ့ဝင်အသစ် တစ်သိန်းစီသာ ရှာဖွေနိုင်ခဲ့သည်။ နေမီးတောက်ငှက်က ရက်အနည်းငယ်အတွင်း သိန်းချီသောသားရဲများစွာကို ခေါ်ဆောင်လာနိုင်ခဲ့သည်။

ယဲ့ချန်က ယဲ့မျိုးနွယ်တောင်ကြားအတွင်း ကျင့်ကြံနေခဲ့သည်။ နန်ရှင်းတစ်၊ ရှောင်ရိနှင့် နေလင်းယုန်က လုပ်စရာမရှိသောကြောင့် တောင်ကြားအတွင်း လှည့်ပတ်သွားလာနေကြသည်။ နတ်ဘုရင်သုံးယောက်၏အသွင်အပြင်က ကြယ်ခန်းမတပည့်များကို ပိုမိုထိတ်လန့်သွားစေခဲ့သည်။ အထူးသဖြင့် ကြယ်ခန်းမသို့ ဝင်ရောက်ကာစဖြစ်သော သားရဲများအတွက် ပို၍ထိတ်လန့်ဖွယ်ရာဖြစ်သည်။ မူလတွင် သူတို့က ကြယ်ခန်းမ၏ခွန်အားကို သံသယဝင်နေကြသော်လည်း ရှောင်ရိတို့သုံးယောက်ကို မြင်သောအခါ သံသယများ ကွယ်ပျောက်သွားကြသည်။ ဤနတ်ဘုရင်သုံးယောက်က ခန်းမသခင်၏လက်အောက်ခံများဖြစ်ကြောင်း သိလိုက်ရသောအခါ ခန်းမသခင်မှာ အစွမ်းထက်ကောင်းကင်သားရဲ နတ်ဘုရင်ဖြစ်ကြောင်း သေချာသွားခဲ့လေသည်။

ခန်းမသုံးခုအပြင် ယဲ့ချန်က ယဲ့မျိုးနွယ်ထိန်းချုပ်နိုင်သော အင်အားစုကိုလည်း ပိုမိုကျယ်ပြန့်စေခဲ့သည်။ နင်ချင်းယွင်၏တင်ပြချက်အရ လက်ရှိတွင် ကြယ်ခန်းမ၌ ကျင့်ကြံသူ စုစုပေါင်းရှစ်သိန်းကျော်ဖြစ်ကြောင်း သိခဲ့ရသည်။ ဤအင်အားစုတွင် မြေအဆင့်အထက်ကျင့်ကြံသူများ နည်းပါးသော်လည်း အသစ်တည်ထောင်ကာစ အင်အားစုတစ်ခုအတွက် အတော်အတန်များသော ပမာဏဖြစ်သည်။ သို့သော်လည်း ဤစစ်တပ်က နတ်ဘုရင်များ၏ သန်းချီသောစစ်တပ်များ အောက်နိမ့်ကျနေဆဲပင်ဖြစ်သည်။

"ဝမ်အာ ငါ မူလအသွင်ကိုပြောင်းလိုက်ရင် မင်းမကြောက်ဘူးဆိုတာ သေချာလား"

ရှောင်ရိက ဝမ်အာနှင့် အတူတူဆော့ကစားနေခဲ့သည်။

"ကြောက်ပါဘူး"

ဝမ်အာက ခေါင်းယမ်းပြလိုက်သည့်အပြင် ရှောင်ရိ၏မူလအသွင်ကို မြင်တွေ့ချင်စိတ်များပင် ဖြစ်ပေါ်နေသည်။

"ဒါဆိုရင် တကယ်ပြောင်းလိုက်ရမလား"

ရှောင်ရိက ခေါင်းညိတ်လိုက်သည်။

"အွန်း"

ဝမ်အာက သဘောတူလိုက်သည်။

ရှောင်ရိသည် ဝမ်အာနှင့် အတူရှိနေရခြင်းကို နှစ်သက်သည်။ သူမ၏ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါက သူနှင့်နီးကပ်သည်ဟု ခံစားနေရသည်။ ထို့အပြင် သူက ဝမ်အာနှင့်အတူရှိနေလျှင် ကျင့်ကြံဆင့်က လျင်မြန်စွာ တိုးတက်နေသည်။

"အသွင်ပြောင်းစမ်း"

ရှောင်ရိက မီတာသုံးရာကျော်ရှည်သော ဧရာမတောင်ပံမြွေနဂါးကြီးဖြစ်သွားကာ ကျောပေါ်တွင် တောင်ပံသုံးခုရှိနေပြီး မျက်လုံးများက မီးအိမ်ကြီးများကဲ့သို့ ဝင်းဝင်းတောက်နေသည်။ နတ်ဘုရင်တစ်ယောက်၏အရှိန်အဝါက ပေါက်ကွဲထွက်ပေါ်လာသည်။ အဝေးရှိကျင့်ကြံသူများက သူ၏အရှိန်အဝါကြောင့် ကြောက်လန့်သွားကြသည်။ ကံကောင်းစွာဖြင့် သူတို့က ရှောင်ရိကို နတ်ဘုရင်ဖြစ်ကြောင်း သိထားသဖြင့် လိပ်ပြာလွင့်မသွားခဲ့ကြပေ။

ကြယ်ခန်းမ၏ အဖွဲ့ဝင်လူသားများက အစပိုင်းတွင် သားရဲများကို ကြောက်လန့်နေခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သားရဲများက လူအသွင်ပြောင်းနိုင်ပြီး လူသားမစားကြောင်းသိလာကြသောအခါ အချင်းချင်းရင်းနှီးသွားကြသည်။ သူတို့၏ရန်လိုစိတ်များက ပျောက်ကွယ်သွားသည်။ ထို့ကြောင့် ရှောင်ရိ၏မူလအသွင်ကို မြင်သောအခါ အားလုံးက ရိုသေလေးစားနေကြပြီး ကြယ်ခန်းမ၏အကြီးအကဲ နတ်ဘုရင်က အလွန်အစွမ်းထက်ကြောင်း တွေးနေကြသည်။ ဤခွန်အားမျိုး ပိုင်ဆိုင်ထားသော ကြယ်ခန်းမက အခြားမျိုးနွယ်များနှင့် အင်ပါယာများကို ကျော်လွန်ပြီး များစွာမြင့်တက်လာမည်ဟု အားလုံးက လက်ခံယုံကြည်သွားကြလေသည်။

"ရှောင်ရိ နင်က အစွမ်းထက်လိုက်တာ။ အစက ဝမ်အာတစ်ယောက်တည်း သားရဲအသွင်ပြောင်းနိုင်တယ်လို့ ထင်နေတာ။ ရှောင်ရိကလည်း ဝမ်အာနဲ့ အတူတူပဲနော်"

ရှောင်ရိ၏မူလအသွင်ကို မြင်သောအခါ ဝမ်အာက ကြောက်လန့်ရမည့်အစား လက်ခုပ်လက်ဝါးတီး၍ အားပေးလိုက်သည်။ ထို့နောက် ငှက်အော်သံတစ်ခုက ကြည်လင်စွာထွက်ပေါ်လာကာ လောကတစ်ခွင် ပဲ့တင်သွားခဲ့သည်။ ဝမ်အာက နေရာမှ ဖြတ်ခနဲပျောက်ကွယ်သွားကာ အစိမ်းရောင်ငှက်တစ်ကောင်အဖြစ် ကောင်းကင်၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူမ၏ခန္ဓာကိုယ်က များစွာမကြီးမားသော်လည်း တောင်ပံများ မီတာဒါဇင်ခန့် ရှည်လျားသည်။ သူမပျံသန်းသွားသော နေရာတိုင်းတွင် အစိမ်းရောင်မီးလျှံများ အတန်းလိုက်ကျန်ရစ်ခဲ့သည်။ ဤကား ဒဏ္ဍာရီလာနတ်ဖီးနစ်၏ မျိုးဆက်ဖြစ်သည်။

သို့သော်လည်း ဝမ်အာက ဖီးနစ်တစ်ကောင်၏အစွမ်းကို အပြည့်အဝမထုတ်ဖော်နိုင်ပေ။ သူမက လူသားတစ်ယောက်ဖြစ်သော်လည်း ခန္ဓာကိုယ်အတွင်း၌ ဖီးနစ်ဧကရာဇ်၏သွေးကို သယ်ဆောင်ထားသည်။ ထို့ကြောင့် သူမက နတ်ဘုရင်အဆင့်သို့ မရောက်သေးသော်လည်း သားရဲအသွင်သို့ပြောင်းလဲနိုင်ကာ ခွန်အားအချို့ ပိုင်ဆိုင်ထားခဲ့သည်။

ဝိညာဥ်သစ်ပင်အောက်တွင် ကျင့်ကြံနေသော ယဲ့ချန်က အစိမ်းရောင်ဖီးနစ်ထွက်ပေါ်လာသဖြင့် ဝိညာဥ်အသိစိတ်နှင့် ထောက်လှမ်းလိုက်သည်။ ဝမ်အာက ဖီးနစ်အသွင်ပြောင်းနိုင်ကြောင်း သိလိုက်ရသောအခါ အံ့သြသွားခဲ့သည်။

"ဖီးနစ်ဧကရာဇ်ချင်ရဲ့ မျိုးဆက်သွေး နိုးထလာပြီ"

ခြင်္သေ့ကြီးက ကျေနပ်စွာ ရေရွတ်လိုက်သည်။

"ဧကရာဇ်ချင်က ဘယ်လိုလူမျိုးလဲ"

ယဲ့ချန်က မေးလိုက်သည်။

"သူက ဒဏ္ဍာရီလာနတ်ဖီးနစ် ပြန်လည်ဝင်စားတဲ့သူဖြစ်တယ်။ လူသားကမ္ဘာမှာ လူသားမိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကလေးတစ်ယောက် မွေးဖွားခဲ့တယ်။ သူက သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီး သူ့မျိုးဆက်တွေလည်း ဘယ်ရောက်သွားမှန်း မသိရဘူး။ ဒါပေမယ့် ဧကရာဇ်ချင်ရဲ့မျိုးဆက်တွေ ထွက်ပေါ်လာရင်လည်း ထွက်ပေါ်လာတဲ့ခေတ်တိုင်းမှာ အစွမ်းထက်ကျင့်ကြံသူတွေ ဖြစ်ခဲ့တယ်။ မင်းသာ ဝမ်အာကိုလက်ထပ်လိုက်ရင် ကျင့်ကြံဆင့်က သေချာပေါက်တိုးတက်လာလိမ့်မယ်"

ခြင်္သေ့ကြီးက တိုက်တွန်းလိုက်သည်။

ယဲ့ချန်က ခါးသက်သက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ သူက သားရဲတစ်ကောင်မဟုတ်သည့်အပြင် ဆိုးရွားသော ဝါသနာမျိုးမရှိသည့်အတွက် အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်ကို စိတ်ဖြင့်ပင် မတွေးရက်ချေ။

"ဝမ်အာရဲ့မျိုးဆက်သွေးက တော်တော်သန့်စင်တယ်။ မင်းအတွက် နှမြောစရာကြီး"

ယဲ့ချန်၏ အမူအရာကြောင့် ခြင်္သေ့ကြီးက စနောက်လိုက်လေသည်။

All Chapters