အမြင် ပြောင်းသွားကြပြီ
Vol. 20 Ch. 275
တိုက်ရိုက် တပည့်တွေ ထဲမှာတော့ လီဖူချန်းကို အမဲဖျက်ဖို့ ချောင်းနေကြတဲ့ လူနှစ်ယောက် ရှိနေပါတယ်။
ပထမ တစ်ယောက်ကတော့ ယုဝူရှန်း ဖြစ်ပြီး ဒုတိယ တစ်ယောက်ကတော့ လျူဝူဟောင် ဖြစ်ပါတယ်။
လီဖူချန်း တစ်ယောက် မိုးပြာရောင်ဂိုဏ်းကို စတင် ဝင်ရောက်လာတဲ့ အချိန်တုန်းက ဆိုရင် အပြင်စည်း ဂိုဏ်းရဲ့ အတော်ဆုံး တပည့်က ယုဝူရှန်းပါ။ ဒါပေမဲ့ သူက လီဖူချန်းရဲ့ ကျော်တက်ခြင်းကို ခံလိုက် ရပါတယ်။
လီဖူချန်း အတွင်းစည်း ဂိုဏ်းသား ဖြစ်လာတဲ့ အချိန်မှာတော့ လျူဝူဟောင်က အတွင်းစည်း ဂိုဏ်းသားတွေရဲ့ အတော်ဆုံး ဂိုဏ်းသား ဖြစ်နေတာပါ။ ဒါပေမဲ့ သူက လီဖူချန်းကို ရှုံးသွားပြီး အတော်ဆုံး အတွင်းစည်း ဂိုဏ်းသားဆိုတဲ့ ဘွဲ့ကို စွန့်လွှတ် လိုက်ရတယ်လေ။
သူတို့ နှစ်ယောက်စလုံးက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်ကြတဲ့ အတွက် မာနကြီးလွန်းတဲ့ လူငယ် နှစ်ယောက်ပါ။ လီဖူချန်းက သူတို့ကို အနိုင်ယူ သွားတာကို လုံးဝ သည်းမခံ နိုင်ပါဘူး။
လီဖူချန်းဆိုတဲ့ ဖိအားက သူတို့ နှစ်ယောက်ရဲ့ ကျင့်ကြံမှုနှုန်းကို ပိုပြီး လျင်မြန် စေခဲ့ပါတယ်။ အခုဆိုရင် သူတို့ နှစ်ယောက်စလုံးဟာ မြေကမ္ဘာနယ်ပယ် အဆင့်၆ကို ရောက်နေကြပါပြီ။
ဒါပေမဲ့ သူတို့နှစ်ယောက် မြေကမ္ဘာအဆင့်၆ကို ရောက်လာပုံချင်းကတော့ မတူညီပါဘူး။
ယုဝူရှန်းကတော့ ကံကောင်း ထောက်မစွာဖြင့် ကြယ်ကျောက်တုံး တစ်တုံး ရရှိခဲ့ပြီး ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ အတွက် သူ့ရဲ့ ကျင့်ကြံမှု အဆင့်က အလျင်အမြန် တိုးတက် သွားခဲ့တာပါ။
လျူဝူဟောင်ကတော့ ကြယ်ကျောက်တုံး မရခဲ့ပါဘူး။ သူက ဆန်းကြယ် အလယ်အလတ် အဆင့် မှော်ဆေးရည်တွေကို အများအပြား သောက်သုံးပြီး လေ့ကျင့်ခဲ့တာပါ။
မှော်ဆေးရည်တွေက လူတစ်ယောက်ရဲ့ ကျင့်ကြံမှု အဆင့်ကို တိုးတက်စေ နိုင်စွမ်း ရှိပါတယ်။ အဲသည် ဆေးရည်တွေက အတော်လေးကို ဈေးကြီးတာပါ။ ဆန်းကြယ် အလယ်အလတ် အဆင့် မှော်ဆေးရည်တွေ ဆိုရင်တော့ ပိုလို့တောင် ဈေးကြီး ပါသေးတယ်။
သည်ဆေးရည်တွေက ကျင့်ကြံမှု အဆင့်တွေကို အချိန်တို အတွင်းမှာ တိုးတက် စေနိုင်ပေမဲ့လည်း အများအပြား သောက်သုံးရင်တော့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဒါပေမဲ့လည်း လျူဝူဟောင်ကတော့ အဲသည်အချက်ကို အမှုမထားဘဲ လေ့ကျင့်ခဲ့တာပါ။ သူ့အတွက်ကတော့ လူရွေးချယ်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ရဖို့က ပိုပြီး အရေးကြီး နေတယ်လေ။
သူ့ခန္ဓာကိုယ် အတွင်းမှာ ဖြစ်လာမယ့် မသန့်စင် မှုတွေကိုတောင် နောက်ပိုင်းမှ ပြန်သန့်စင်ဖို့ အတွက် အချိန်ရှိပါ သေးတယ်။
‘ငါ ... ထိပ်ဆုံး လေးနေရာထဲမှာ တစ်နေရာ ရမှဖြစ်မယ်”
ယုဝူရန်းနဲ့ လျူဝူဟောင်တို့က စိတ်ထဲကနေပြီး ကြုံးဝါး လိုက်ကြပါတယ်။ သူတို့ နှစ်ယောက်စလုံးက လီဖူချန်းရဲ့ အရိပ်အောက်မှာ တစ်သက်လုံး မနေလိုကြပါဘူး။ သည် ၂နှစ်ဆိုတဲ့ အချိန် အတောအတွင်းမှာ ဆိုရင် သူတို့ နှစ်ယောက်ဟာ လီဖူချန်းကို အနိုင်ယူဖို့ ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ အသည်းအသန် လေ့ကျင့်ခဲ့ ကြတာပါ။
သည်လူ ရွေးချယ်ပွဲကတော့ သူတို့ရဲ့ နောက်ဆုံး အခွင့်အရေးပါပဲ။ တကယ်လို့ သူတို့က လီဖူချန်းကို မကျော်တက်နိုင်ခဲ့ဘူး ဆိုရင်တောင်မှပဲ တန်းတူတော့ ဖြစ်ကို ဖြစ်နေရပါမယ်။
သည်နေ့ လူရွေးချယ်ပွဲကို ပါဝင် ယှဉ်ပြိုင်မယ့် တိုက်ရိုက် တပည့်တွေကတော့ အယောက် ၃၀ ရှိပါတယ်။ အဲသည်တိုက်ရိုက် တပည့်တွေထဲက ၈၀ရာခိုင်နှုန်း ကတော့ ရွှေအဆင့်တိုက်ရိုက် တပည့်တွေ ဖြစ်ပြီး ကျန်တဲ့၂၀ ရာခိုင်နှုန်းကတော့ ငွေအဆင့် တိုက်ရိုက် တပည့်တွေ ဖြစ်ပါတယ်။
သည် ငွေအဆင့် တိုက်ရိုက်တပည့်တွေ ကတော့ အိမ်ဖြည့် သက်သက်သာ ပါဝင် လာကြတာပါ။ သူတို့က အများကြီးတော့ မမျှော်လင့် ထားကြပါဘူး။ သူတို့ကတော့ မြေကမ္ဘာ အဆင့်၆မှာသာ ရှိပါသေးတယ်။
လူရွေးပွဲကို ပါဝင် ယှဉ်ပြိုင်မယ့် တိုက်ရိုက်တပည့် အယောက်၃၀လုံး စုံသွားတဲ့ အချိန်မှာတော့ ဇောင်ဝူကျင်းက မတ်တတ် ထရပ်လိုက်ပြီး
“လူရွေးပွဲကတော့ တရားဝင် စတင်ပြီ ဖြစ်ပါတယ်။ သည်လူ ရွေးပွဲကိုတော့ အရင်ကနဲ့ မတူညီတဲ့ စည်းကမ်းချက် ထုတ်ပါမယ်။ ပြိုင်ပွဲဝင်တွေဟာ ပတ်လည် တိုက်ခိုက်ရမှာပါ။ ရှုံးပွဲ ၄ပွဲ ပြည့်သွားတဲ့ သူကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်တယ်။ ကဲ ... မင်းတို့အားလုံး ကံကောင်းကြပါစေ ...”
လူရွေးပွဲကတော့ လေးနေရာပဲ ရွေးမှာ ဖြစ်တဲ့အတွက် အတော်လေးကို ပြင်းထန်မှာ အသေချာပါပဲ။ လေးပွဲ တိတိ ရှုံးသွားတဲ့ လူတွေကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပါ။
ပြိုင်ဘက်တွေကို ရွေးချယ်တဲ့ အလုပ်ကိုတော့ ဒိုင်လူကြီး အဖြစ် ဆောင်ရွက်တဲ့ အကြီးအကဲက လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
လူရွေးပွဲကို ပါဝင် ယှဉ်ပြိုင်မယ့် တိုက်ရိုက်တပည့် အယောက် ၃၀လုံးရဲ့ နာမည်ကို သစ်သားချောင်းတွေ ပေါ်မှာ ရေးထားပြီး ပုံးတစ်ပုံးထဲမှာ ထည့်ထားပါတယ်။ ဒိုင်လူကြီး ဖြစ်တဲ့ အကြီးအကဲက ကြုံရာကျပန်း သစ်သားချောင်း နှစ်ခုကို ဆွဲထုတ်လိုက်မှာ ဖြစ်ပြီး အဲသည် သစ်သားချောင်း နှစ်ခုမှာ နာမည်ရေးထိုးထားတဲ့ တိုက်ရိုက်တပည့် ၂ယောက်ကတော့ တိုက်ခိုက် ရမှာပါ။
ဒိုင်လူကြီးအဖြစ် ဆောင်ရွက်တဲ့ အကြီးအကဲ သစ်သားချောင်းနှစ်ခုကို ဆွဲထုတ်လိုက်ပြီး
“ပထမဆုံးပွဲ ... ယုဝူရှန်းနဲ့ ထန်မို”
“ဟင် ... ယုဝူရှန်းလား ...”
လီဖူချန်းက ယုဝူရှန်းကို လှမ်းကြည့် လိုက်ပါတယ်။
လီဖူချန်းက ယုဝူရှန်းကို မတွေ့ရတာ ၂နှစ်တောင် ရှိခဲ့ပါပြီ။ ကြည့်ရတာတော့ ယူဝူရှန်းရဲ့ ချီအရှိန်အဝါတွေက ပိုပြီး သိပ်သည်း လာသလိုပါပဲ။ သည်၂နှစ် အတွင်းမှာတော့ ယုဝူရှန်းက အတော်လေး တိုးတက်လာခဲ့ပုံ ရပါတယ်။
သိုင်းစင်မြင့် ပေါ်မှာတော့ ယုဝူရှန်းနဲ့ ထန်မိုတို့က စတင် တိုက်ခိုက် နေကြပါပြီ။
ထန်မိုကတော့ အသက်၂၈နှစ် ရှိနေပြီဖြစ်တဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ သူက ကြယ်၄ပွင့် အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါ။
ဖုန်း ... ဖုန်း. ... ဘန်း ... ဘန်း ...
လူတွေအားလုံး ကတော့ ယုဝူရှန်းဟာ ထန်မိုရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ မှတ်ယူ ထားကြပါတယ်။ ဒါပေမဲ့လည်း သိုင်းကွက်၁၀၀ အပြီးမှာတော့ ယုဝူရှန်းက အထက်စည်းကို ရောက်လာခဲ့ ပါပြီ။
“သည်ကလေးက မဆိုးဘူး ...။ သူ့ရဲ့ တိုးတက်မှုက ချန်ယွန်ဟူ ငယ်တုန်းက ထက်တောင် ပိုကောင်း နေသေးတယ်”
အတွင်းစည်း အကြီးအကဲ တော်တော်များများ ကတော့ ခေါင်းတဆတ်ဆတ် ညိတ်ပြီး ယုဝူရှန်းကို ချီးကျူး နေကြပါတယ်။
သိုင်းကွက် ၁၂၀ ရောက်တဲ့ အခါမှာတော့ ယုဝူရှန်းက ထန်မိုကို စင်ပေါ်ကနေ ရိုက်ထုတ်ပစ် လိုက်နိုင်တဲ့ အတွက် အနိုင်ရသွား ခဲ့ပါပြီ။
ဒုတိယမြောက် ပွဲကတော့ လီဖူချန်းနဲ့ ငွေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ရဲ့ အလှည့်ပါပဲ။
ထိုငွေအဆင့် တိုက်ရိုက် တပည့်က လီဖူချန်းကို ဘယ်လိုမှ မယှဉ်နိုင်ဘူး ဆိုတာကို သိထားပါတယ်။
“ညီလေးလီ ... အစ်ကို့ကို နည်းနည်းပါးပါး သင်ပြပေးပါဦး”
လီဖူချန်းက ခေါင်းညိတ်ပြ လိုက်ပြီး
“စလိုက်ရအောင်”
ဒုတိယမြောက် တိုက်ပွဲကတော့ စတင်ပါပြီ။
ရွှမ်း ...
ဓားဆွဲထုတ်သံ တစ်ခုကို ကြားလိုက်ရပြီး နောက်မှာတော့ လီဖူချန်းရဲ့ ဓားက တစ်ဖက်လူရဲ့ လည်ပင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။
ငွေအဆင့် တိုက်ရိုက် တပည့်က ဘာဆို ဘာမှ မလုပ်လိုက် ရသေးခင်မှာပဲ လီဖူချန်းရဲ့ ဓားက သူ့ရဲ့ လည်ပင်းပေါ်မှာ ရောက်လာခဲ့တဲ့ အတွက် ငိုရမလိုလို ရယ်ရမလိုလို ခံစားနေရ ပါတယ်။
“ကျွန်တော်နိုင်ပြီ”
လီဖူချန်းကတော့ သူ့ရဲ့ ဓားကို အေးအေး သက်သာဖြင့် ပြန်သိမ်း လိုက်ပါတယ်။
“အခုလို သက်ညှာပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ညီလေး”
ငွေအဆင့် တိုက်ရိုက် တပည့်ကတော့ အခုချိန်အထိ ချွေးစေးတွေ ပြန်နေတုန်းပါပဲ။ လီဖူချန်းသာ ရန်သူဆိုရင် သူက အခါတစ်ရာလောက် သေနေပြီး လောက်ပြီ မဟုတ်ပါလား ...”
လီဖူချန်းကတော့ ဘာမှပြန်မပြောတော့ဘဲ ခေါင်းကိုသာ အသာအယာ ညိတ်ပြ လိုက်ပါတယ်။
“ဘာ…ဘာ ... ဘာဖြစ် သွားတာလဲဟ …။ တိုက်ပွဲက အခုမှ စတာ မဟုတ်ဘူးလား ...။ ငါက ခေါင်းညောင်းလို့ နည်းနည်းလေး ဟိုလှည့်သည်လှည့် လုပ်လိုက်တာလေ။ ပွဲအဖြေက ထွက်သွားပြီတဲ့လား ...”
အတွင်းစည်း တပည့် တစ်ယောက်ကတော့ လီဖူချန်း တိုက်ခိုက်တာကို မကြည့်လိုက်ရတဲ့ အတွက် အတော်လေး ကြေကွဲနေပုံပါပဲ။
“ဟေး ... ဓားနတ်ဆိုးတဲ့ကွ ။ မတူရင် မတူနဲ့ဟေ့ …”
“အစ်ကိုတော် လီဖူချန်းက အရမ်း အစွမ်းထက်တာပဲ။ ဓားအိမ်ထဲ ကနေ ဓားထုတ် လိုက်တာနဲ့ တစ်ဖက်လူကို နိုင်သွားပြီ”
လီဖူချန်းရဲ့ ပရိသတ်တွေကတော့ လီဖူချန်းကို အမှန်အကန် အားပေး နေကြပါတယ်။
အချို့အတွင်းစည်း ဂိုဏ်းသား အချို့ကတော့ လီဖူချန်းရဲ့ ဘုန်းတော်ဘွဲ့တွေကို မပြီးနိုင်မစီးနိုင် ရွတ်နေကြပါပြီ။
တတိယမြောက် ပွဲကတော့ လျူဝူဟောင်နဲ့ ငွေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ရဲ့ ပြိုင်ပွဲပါပဲ။
လျူဝူဟောင်ကလည်း သူ့ရဲ့ ပြိုင်ဘက်ကို ဓားကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူလိုက် နိုင်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ဓားကွက်ကတော့ လီဖူချန်းလို မမြန်လှပါဘူး။ သူက တစ်ဖက်လူကို ခွန်အားဖြင့် ဖိနှိပ်ပြီး အနိုင်လိုက်တာပါ။
တကယ့် ကျွမ်းကျင်သူတွေရဲ့ အမြင်မှာတော့ လျူဝူဟောင်ရဲ့ ဓားကွက်က လီဖူချန်းကို မမီသေးပါဘူး။ လီဖူချန်းရဲ့ ဓားအထုတ် အသွင်းကိုတော့ သူတို့ရဲ့ မျက်လုံးတွေနဲ့တောင် မနည်းလိုက်ကြည့် နေရသည် မဟုတ်ပါလား။
ထို့နောက်မှာတော့ လေးပွဲမြောက် ... ငါးပွဲမြောက် ... စသည်ဖြင့် ပွဲတွေက အဆက်မပြတ် ဖြစ်နေပါသေးတယ်။
ပထမအဆင့် ပြိုင်ပွဲတွေကတော့ လျင်လျင်မြန်မြန်ပဲ ပြိုင်ဆိုင် နေကြပါပြီ။
ဓားအရူးသူတော် ကျားဓားရှင်နဲ့ ခံစားချက်မဲ့ ဓားတို့ကလည်း သူတို့ရဲ့ ပြိုင်ဘက်တွေကို ဓားချက် တစ်ချက်တည်းနဲ့ အနိုင်ယူ လိုက်ကြပါတယ်။ သူတို့နဲ့ အခြားသော တိုက်ရိုက်တပည့်တွေ ကြားမှာရှိတဲ့ ကွာဟချက်က အလွန်ပင် ကြီးမားလှသည် မဟုတ်ပါလား။
ဆယ့်ငါးပွဲမြောက် ကတော့ ပုကျင်းဆောင်နဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ရဲ့ အလှည့်ပါပဲ။
ပုကျင်းဆောင်ရဲ့ ဓားကွက်ကတော့ အတော်လေးကို ပြင်းထန်လွန်း လှပါတယ်။ သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူက အတတ်နိုင်ဆုံး ကြိုးစားပြီး ခုခံပေမဲ့လည်း ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပါဘူး။ ပုကျင်းဆောင်ရဲ့ ဓားကွက်က တစ်ဖက်လူရဲ့ လက်ထဲက ဓားကို လွှတ်ထွက် သွားစေရုံ သာမက အဝတ်အစားတွေကိုပါ စုတ်ပြဲ သွားစေခဲ့ပါတယ်။
ဒါတောင်မှ ပုကျင်းဆောင်က သူ့ရဲ့ အကောင်းဆုံး ဓားကွက်တွေကို ထုတ်မသုံးသေးပါဘူး။ သူက သည်အတိုင်း ဓားချီတွေကို ပစ်လွှတ်လိုက်ပြီးသာ အနိုင်ယူ လိုက်တာပါ။
“အစ်ကိုတော် ပုကျင်းဆောင်ကလည်း အရမ်း အစွမ်းထက် တာပဲဟေ့။ အစ်ကိုတော် ဓားအရူး သူတော်နဲ့ အစ်ကိုတော် ကျားဓားရှင်က လွဲပြီး ဘယ်သူမှ အစ်ကိုတော် ပုကျင်းဆောင်ကို ယှဉ်တိုက်နိုင်မှာ မဟုတ်ဘူး”
“မင်းပြောတာကို ငါလက်မခံဘူးဟေ့ ...။ အစ်ကိုတော် ရှုဖန်းကလည်း မြေကမ္ဘာ အဆင့်၈ကို ရောက်နေပြီကွ။ အစ်ကိုတော် ရှုဖန်းကတော့ အစ်ကိုတော် ပုကျင်းဆောင်ကို ယှဉ်နိုင်မှာပဲ”
“အစ်ကိုတော် ရှုဖန်းနဲ့ အစ်ကိုတော် ပုကျင်းဆောင်ရဲ့ တိုက်ပွဲကတော့ ကြည့်ကောင်းမှာ အမှန်ပဲဟေ့”
ပွဲကြည့် ပရိသတ်တွေ ကတော့ လီဖူချန်းကို ပုကျင်းဆောင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ မယူဆ ထားကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ နှစ်ယောက်ကြားမှာ ရှိတဲ့ အဆင့် ကွာဟချက်က အတော်လေးကို ကြီးမားနေသည် မဟုတ်ပါလား။
ပထမအဆင့် ပြိုင်ပွဲတွေ ပြီးသွားပြီး သိပ်မကြာခင်မှာတော့ ဒုတိယအဆင့် ပြိုင်ပွဲတွေ စလာပြန်ပါပြီ။
"ပွဲစဉ် နံပါတ်တစ် ... လီဖူချန်းနဲ့ ယုဝူရှန်း”
အပြင်စည်း ဂိုဏ်းသားဘဝမှာ တွေ့ဆုံခဲ့ဖူးတဲ့ လူငယ် နှစ်ယောက်ကတော့ ဒုတိယ အဆင့်ရဲ့ ပွဲစဉ် နံပါတ်တစ်မှာ ပြန်ဆုံတွေ့ ကြပါပြီ။
အချိန်တွေက မတူတော့သလို သူတို့ရဲ့ ခံယူချက်တွေ၊ စိတ်နေစိတ်ထားတွေ ကလည်း အရင်တုန်းကလို မဟုတ်တော့ပါဘူး။
ယခုအချိန် လီဖူချန်းရဲ့ မျက်လုံးထဲ မှာတော့ ယုဝူရှန်းဆိုတာက သာမန် တိုက်ရိုက်တပည့် တစ်ယောက် သာသာပါပဲ။
သူတို့နှစ်ယောက် အပြင်စည်း အတော်ဆုံးဂိုဏ်းသားဆိုတဲ့ ဘွဲ့ကို လုကြတဲ့ အချိန်ကလည်း အတော်လေး ကြာညောင်းခဲ့ပြီ မဟုတ်ပါလား။
ရွှမ်း ...
ဓားကွက်တစ်ကွက် ...
ဓားကွက် တစ်ကွက်တည်းပဲ လိုအပ်ပါတယ်။
ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ယုဝူရှန်းကတော့ လီဖူချန်းရဲ့ ဓားကွက် တစ်ကွက်ကိုတောင် ခံနိုင်ရည် မရှိခဲ့ပါဘူး။
တိတ်ဆိတ်မှု ...
ဟုတ်ပါတယ်။ ပြိုင်ပွဲစင်မြင့်နဲ့ အနီး တစ်ဝိုက်မှာတော့ အပ်ကျသံတောင် ကြားရလောက်သည် အထိ တိတ်ဆိတ် သွားခဲ့ပါပြီ။
လက်ရွေးစင် ပါရမီရှင်ဟု သတ်မှတ် ခံထားရတဲ့ ယုဝူရှန်းတောင်မှ လီဖူချန်းရဲ့ ဓားကွက် တစ်ကွက်ကို မခုခံနိုင်ခဲ့ဘူးလေ။
ဒါက ယုဝူရှန်း တစ်ယောက် ညံ့နေလို့ မဟုတ်ပါဘူး။ လီဖူချန်း ကိုယ်တိုင်ကိုမှ အလွန်အမင်း အစွမ်းထက် နေလွန်းတာပါ။
ကျားနဂါး ပြိုင်ပွဲဆိုတာက သုံးနှစ်နေမှ တစ်ကြိမ် ကျင်းပတာ ဖြစ်ပါတယ်။
ကျားနဂါး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် အသင့်တော်ဆုံး အရွယ်ကတော့ အသက်၂၅နှစ် အရွယ်ပါပဲ။
ဒါပေမဲ့ လီဖူချန်းကတော့ အသက်၂၀ အရွယ်မှာတင် ကျားနဂါး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အစွမ်းအစတွေကို ထုတ်ပြခဲ့ပါပြီ။
ဒါက တကယ့်ကို ရူးသွပ်လောက် စရာပါပဲ။
ယုဝူရှန်းကတော့ နောက်တစ်ကြိမ် ကျားနဂါးပြိုင်ပွဲ ကျင်းပတဲ့ အချိန်မှသာ ဝင်ပြိုင်သာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ အခုအချိန်မှာတော့ သူ့ရဲ့ စွမ်းရည်က ကျားနဂါး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် မဖြစ်နိုင်သေးပါဘူး။
“အားယား ... လီဖူချန်းက ငါတို့နဲ့ အများကြီး ကွာဟ သွားခဲ့ပြီပဲ”
အပြင်စည်း ဂိုဏ်းရဲ့ အတော်ဆုံး တပည့် ၁၀ယောက်ထဲမှာ ပါဝင်ခဲ့ဖူးတဲ့ ဂေါင်ချန်းရှန်က သက်ပြင်းချ လိုက်မိပါတယ်။
အပြင်စည်း ဂိုဏ်းမှာတုန်းက သူတစ်ကြိမ် ကာကွယ် ပေးဖူးခဲ့တဲ့ လူငယ်လေးကတော့ နတ်နဂါး တစ်ကောင်အလား ပြောင်းလဲ သွားခဲ့ပါပြီလေ။
ရလဒ်က ဘယ်လိုမှ ကျေနပ်စရာ မဟုတ်ခဲ့ပေမဲ့လည်း ယုဝူရှန်းက ဘာမှ မတတ်နိုင်တော့ပါဘူး။
အရင် တစ်ကြိမ်တုန်းက ရှုံးခဲ့တာကို လက်မခံ ချင်ပေမဲ့လည်း သည်တစ်ကြိမ် မှာတော့ လက်မခံလို့ကို မရတော့ပါဘူး။
လက်ရှိ အချိန်မှာတော့ လီဖူချန်းနဲ့ သူ့ကြားမှာရှိတဲ့ ကွာဟချက်က မိုးနဲ့မြေကြီး လောက်ကို ကွာဟ သွားခဲ့ပါပြီ။ လီဖူချန်းက သူရှိနေတဲ့ အဆင့်အတန်းနဲ့ လားလားမျှ မဆိုင်တဲ့ နေရာက လူတစ်ယောက်ပါပဲ။
ဒုတိယအဆင့်ရဲ့ ပွဲစဉ် နံပါတ်၃မှာတော့ လျူဝူဟောင်က ခံစားချက်မဲ့ဓား ရှုဖန်းနဲ့ တွေ့ပြီး ရှုံးနိမ့်သွား ခဲ့ပါတယ်။
ရှုဖန်းဆိုတာက လျူဝူဟောင်လိုပဲ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တဲ့ အတွက် လျူဝူဟောင် အနေနဲ့ ရှုဖန်းကို ယှဉ်နိုင်ဖို့ရာ အကြောင်းမရှိပါဘူး။
စတုတ္ထအဆင့် ပွဲစဉ်တွေ အပြီးမှာတော့ ငွေအဆင့် တိုက်ရိုက် တပည့်တွေ အကုန်လုံးက လူရွေးပွဲကနေ ထွက်သွားခဲ့ ရပါပြီ။ ရွှေအဆင့် တိုက်ရိုက်တပည့် ၂ယောက်ကလည်း အဲသည် သူတွေထဲမှာ ပါသွားခဲ့ပါတယ်။
ပြိုင်ပွဲဝင် အယောက်၃၀မှာ ဆိုရင်တော့ ၂၂ယောက်သာ ကျန်ရှိနေပါ တော့တယ်။
***