← Chapters

တစ်ဆယ်တိုက်ပွဲအစီအရင်

Vol. 28 Ch. 383

တစ်ဆယ်တိုက်ပွဲအစီအရင်

Vol. 28 Ch. 383

ယဲ့ချန်က ခြင်္သေ့ကြီး၏စနောက်စကားများကို လျစ်လျူရှုကာ တိတ်တဆိတ်ကျင့်ကြံလိုက်ပြီး ဉာဏ်အလင်းပွင့်သော အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ဝိညာဥ်က လေထဲသို့မျောလွင့်လာကာ ပတ်ဝန်းကျင်ရှိစွမ်းအင်များကို စုပ်ယူလိုက်သည်။

သူ၏နောက်တွင်ရှိနေသော ဝိညာဥ်သစ်ပင်၏ မြစိမ်းရောင်သစ်ရွက်များက လက်ရှိအချိန်တွင် ညှိုးခြောက်နေသည်။ လက်သီးဆုပ်ခန့်ရှိသော ကျောက်မျက်သဏ္ဍာန် အကြည်ရောင်သစ်သီးများ ထွက်ပေါ်လာချိန်တွင် လူတိုင်းကို လိုချင်တပ်မက်စိတ်များ ဖြစ်ပေါ်လာစေသည်။ ယဲ့မျိုးနွယ်ဝင်တစ်ယောက်က သစ်သီးတစ်လုံးကို ခူးယူစားသောက်ခဲ့သော်လည်း ၎င်းက အလွန်ချဥ်သည့်အပြင် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပေ။ ထို့ကြောင့် စိတ်ပျက်သွားသော ယဲ့မျိုးနွယ်က သစ်သီးများကို ရင်မှည့်သည်အထိ ပစ်ထားခဲ့ကြသည်။ သို့သော်လည်း ဝိညာဥ်သစ်ပင်က လုံးဝအသုံးမဝင်သည်တော့ မဟုတ်ပေ။ ၎င်း၏မွှေးပျံ့သော ရနံ့က ကျင့်ကြံသူတစ်ယောက်၏ဝိညာဥ်ကို သိသိသာသာသန်မာလာစေနိုင်သည်။

ယဲ့ချန်က ဝိညာဥ်သစ်ပင်အောက်တွင် မကြာခဏတင်ပျဥ်ခွေထိုင်၍ ဝိညာဥ်အသိစိတ်ကို ကျင့်ကြံသည်။ ထို့အပြင် ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ဝင်ရောက်၍ ခြင်္သေ့ကြီး၏လေ့ကျင့်ပေးမှုအောက်တွင် ဝိညာဥ်စစ်သည်တော်ကလည်း တိုးတက်လာသည်။ အချိန်တစ်ခု ကြာသောအခါ ၎င်း၏ကျင့်ကြံဆင့်က အခြေတည်သွားပြီး နတ်ဘုရင်အလယ်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်။

"ယဲ့ချန် ဝိညာဥ်မျှော်စင်သုံးထပ်ကရခဲ့တဲ့ အဆုံးမဲ့တစ်ဆယ်ရှေးဟောင်းစာအုပ်ကို မှတ်မိသေးလား"

ခြင်္သေ့ကြီးက ရုတ်တရက် ဝမ်းမြောက်စွာ ရေရွတ်လိုက်သည်။

"ဟုတ်ကဲ့ မှတ်မိပါတယ်။ ဆရာက ဘာရှာတွေ့ထားပြီလဲ"

ယဲ့ချန်က စပ်စုလိုက်သည်။ သူက ရှေးဟောင်းစာအုပ်ကို နားမလည်သောကြောင့် ခြင်္သေ့ကြီးကို လေ့လာပေးရန် အကူအညီတောင်းခဲ့သည်။ ခြင်္သေ့ကြီးက ဝမ်းသာနေသောကြောင့် တစ်ခုခုကို ရှာတွေ့သွားပုံပေါ်သည်။

"ဒီစာအုပ်မှာ ရှေးဟောင်းတိုက်ပွဲ အစီအရင်တစ်ခုအကြောင်း ရေးထားတယ်။ နာမည်က တစ်ဆယ်တိုက်ပွဲအစီအရင်လို့ ခေါ်တယ်"

"တစ်ဆယ်တိုက်ပွဲအစီအရင်"

"ဒီအစီအရင်ကို အသက်သွင်းဖို့အတွက် ကျင့်ကြံဆင့်တူညီတဲ့ ကျင့်ကြံသူဆယ်ယောက် လိုအပ်တယ်။ တစ်ယောက်ချင်းစီက အထူးနည်းစနစ်တစ်ခုကို အတူတကွလေ့ကျင့်ပြီးရင် တိုက်ပွဲအစီအရင်ကို ထုတ်ဖော်နိုင်တယ်။ ဆန်းကျယ်အဆင့် ကျင့်ကြံသူဆယ်ယောက် ထုတ်ဖော်ထားတဲ့ တစ်ဆယ်တိုက်ပွဲအစီအရင်က နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်တယ်။ နတ်အဆင့်ကျင့်ကြံသူဆယ်ယောက် ထုတ်ဖော်ထားတဲ့ အစီအရင်က အဆုံးမဲ့အဆင့်ကျင့်ကြံသူကို ရင်ဆိုင်နိုင်တယ်"

"အစွမ်းထက်လှချည်လား"

ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန်က မျက်ခုံးပင့်လိုက်မိသည်။ ဤမျှအစွမ်းထက်သော အစီအရင်ဖြင့်ဆိုလျှင် ကြယ်ခန်းမ၏တိုက်ပွဲစွမ်းအားက အလွန်တိုးတက်လာမည် ဖြစ်သောကြောင့် သူက ဝမ်းသာလုံးဆို့နေခဲ့သည်။

"ဒါပေမယ့် စာအုပ်ကို ငါ လေ့လာရဦးမယ်။ အစီအရင်အတွက် လိုအပ်တဲ့ ကျင့်ကြံသူဆယ်ယောက်က အချင်းချင်းနားလည်မှုရှိနိုင်ဖို့ မကြာခဏ အတူတူကျင့်ကြံရမယ်"

ခြင်္သေ့ကြီးက ဆက်ပြောလိုက်သည်။ သူက တစ်ဆယ်တိုက်ပွဲအစီအရင်ကို ရာနှုန်းပြည့်လေ့လာနိုင်ခြင်း မရှိပေ။ အချို့ရှေးဟောင်းစကားလုံးများကို မှတ်မိနိုင်ရန်နှင့် အဓိပ္ပါယ်ကို နားလည်နိုင်ရန်အတွက် သူက ရံဖန်ရံခါ အချိန်ယူ၍ စဥ်းစားနေရဆဲပင်ဖြစ်သည်။

"အချင်းချင်းနားလည်မှုရှိဖို့ လိုအပ်တာလား။ ဒါက ပြဿနာမရှိပါဘူး။ အနာဂတ်မှာ ယဲ့မျိုးနွယ်ဝင်တွေနဲ့ လူငယ်ပါရမီရှင်တွေကို သူတို့စိတ်ကြိုက် ဆယ်ယောက်တစ်စုဖွဲ့ပြီး ကျင့်ကြံဖို့ နင်ချင်းယွင်ကို မှာထားလိုက်မယ်။ ဆရာက အစီအရင်ကို နားလည်ပြီဆိုရင် သူတို့ကို သင်ပြပေးပါ"

ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်လိုက်သည်။

"တကယ်လို့ ငါ့မျိုးနွယ်ဝင်တွေကို အာကာသကျောက်တွေသုံးပြီး ဆန်းကျယ်ဝိဇ္ဇာတွေဖြစ်လာအောင် ကျင့်ကြံခိုင်းပြီး တစ်ဆယ်တိုက်ပွဲအစီအရင်ကို လေ့ကျင့်ခိုင်းလိုက်ရင် သူတို့က နတ်ဘုရင်တွေကို တိုက်ခိုက်နိုင်လာလိမ့်မယ်။ ဒါဆိုရင် ကြယ်ခန်းမက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းရှိလာပြီ"

ယဲ့ချန်က စိတ်ထဲတွင် အနာဂတ်အတွက် အစီအစဥ်ဆွဲနေခဲ့သည်။ လက်ရှိတွင် သူက လောကတစ်ခုလုံးကို အုပ်ချုပ်ရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် ဝံပုလွေတိုင်းပြည်နှင့် သမာဓိကောင်စီကဲ့သို့ အင်အားစုများက အနိုင်ကျင့်လာလျှင် ကြယ်ခန်းမက တိုက်ခိုက်ရပေလိမ့်မည်။

ယဲ့ကျန့်တန်းနှင့် ယဲ့ချိန်ရွှမ်း ပြောစကားအရ ယဲ့တောင်ကြားကို မှော်သားရဲများစွာ စုံစမ်းနေကြောင်း ယဲ့ချန်က သိထားသည်။ ၎င်းတို့က ဝံပုလွေများမဟုတ်သော်လည်း ဝံပုလွေတိုင်းပြည်မှ ယဲ့တောင်ကြားအကြောင်း စုံစမ်းရန် စေလွှတ်ခြင်းဖြစ်ကြောင်း သူ နားလည်ထားသည်။ အတိတ်၌ ယဲ့မျိုးနွယ်က ဝံပုလွေတိုင်းပြည်ကို ကြောက်ရသော်လည်း ယဲ့ချန်၏လက်ရှိခွန်အားက ဝံပုလွေတိုင်းပြည်၏ ကောင်းကင်သားရဲ ဘုရင်သုံးယောက်ကို တိုက်ခိုက်နိုင်ပြီဖြစ်သည်။

"ချန်အာ ဝံပုလွေတိုင်းပြည်ရဲ့ သံတမန်ဆိုတဲ့ ကျင့်ကြံသူတစ်ယောက် ရောက်နေတယ်။ သူ့ကို သွားတွေ့မှာလား"

ထိုအချိန်တွင် ယဲ့ကျန့်တန်းက ယဲ့ချန်ထံရောက်လာပြီး သတင်းပို့လိုက်သည်။

"ကျွန်တော် သွားတွေ့လိုက်ပါမယ် အဖေ"

ယဲ့ချန်က ခဏတာတိတ်ဆိတ်သွားပြီး ချက်ချင်းထရပ်လိုက်သည်။ ဝံပုလွေတိုင်းပြည်က လျင်မြန်စွာလှုပ်ရှားလာပြီး မည်သည့်ရည်ရွယ်ချက်ဖြစ်ကြောင်း သူလည်း မသိရသေးပေ။

"ဝံပုလွေတိုင်းပြည်က ဘယ်လိုအင်အားစုမျိုးလဲ။ ငါတို့ကို ခြိမ်းခြောက်နိုင်လား"

ယဲ့ကျန့်တန်းက မျက်မှောင်ကြုတ်၍ စိုးရိမ်စွာမေးလိုက်သည်။ သူက နင်ချင်းယွင်နှင့် အခြားလူများထံမှ မဟာအရှေ့ပိုင်းတိုက်ကြီးအကြောင်း ပိုမိုသိရှိလာခဲ့သည်။ သူ၏အမြင်တွင် နတ်ဘုရင်အင်အားစုများက အလွန်အစွမ်းထက်နေခဲ့သည်။

"မစိုးရိမ်ပါနဲ့ အဖေ။ ဝံပုလွေတိုင်းပြည်မှာ နတ်ဘုရင်သုံးယောက်ရှိပေမယ့် ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်"

ယဲ့ချန်က ယဲ့ကျန့်တန်းကို ပြောလိုက်သည်။

"သုံးယောက်တည်းလား"

ယဲ့ကျန့်တန်းက စိုးရိမ်စိတ်များ ပျောက်ကွယ်သွားကာ ခေါင်းညိတ်လိုက်သည်။ အကယ်၍ နတ်ဘုရင်သုံးယောက်သာဆိုလျှင် ယဲ့ချန်၏နောက်လိုက်ဖြစ်သော ရှောင်ရိ၊ နန်ရှင်းတစ်နှင့် အားဖန်ကိုးတို့ကလည်း နတ်ဘုရင်များဖြစ်သောကြောင့် ကိစ္စများ လွယ်ကူသွားပြီဖြစ်သည်။ သို့သော် သူနားမလည်သည်က နတ်ဘုရင်များကြား၌ ခွန်အားကွာခြားချက်က အလွန်ကြီးမားကြောင်းဖြစ်သည်။ ရှောင်ရိတို့သုံးယောက်က နတ်ဘုရင်များဖြစ်သော်လည်း ရှောင်ရိနှင့်အားဖန်ကိုးမှာ စဦးအဆင့်များသာ ဖြစ်ကြသည်။ နန်ရှင်းတစ်က နတ်ဘုရင်ထိပ်ဆုံးအဆင့်ဖြစ်သော်လည်း ကောင်းကင်သားရဲဘုရင်သုံးယောက်နှင့်ယှဥ်လျှင် အင်အားချင်းကွာဟနေခဲ့သည်။ ဘုရင်သုံးယောက်ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသော ကျင့်ကြံသူမှာ ယဲ့ချန် ဖြစ်လေသည်။

ဝံပုလွေတိုင်းပြည်၌ မိစ္ဆာဝံပုလွေဆေဘာဟူသော လိပ်ပြာလက်နက်ကို ပိုင်ဆိုင်ထားသည်။ သွေးဘုရင်က ဆေဘာကိုကိုင်ဆောင်ထားလျှင် အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ကဲ့သို့ အစွမ်းထက်သောကြောင့် ယဲ့ချန်က မယှဥ်နိုင်ပေ။ ထို့ကြောင့် အကျိုးအပြစ်များကိုတွက်ချက်၍ ဝံပုလွေတိုင်းပြည်၏တမန်တော်နှင့် တွေ့ဆုံရန် သူက ဆုံးဖြတ်လိုက်သည်။ သူက မြို့ငါးမြို့အတွင်းရှိ ခန်းမတစ်ခုတွင် ဝံပုလွေတိုင်းပြည်၏တမန်တော်ကို လက်ခံတွေ့ဆုံခဲ့သည်။

ယဲ့ချန်ရှေ့သို့ရောက်လာသော ကျင့်ကြံသူက ဟေးရီဟုအမည်တွင်ပြီး အနက်ရောင်အသားအရေကို ပိုင်ဆိုင်ထားသည်။ သူကမှော်သားရဲနတ်ဘုရင်တစ်ယောက်ဖြစ်ကာ ငွေဘုရင်နှင့်အတူ ယဲ့တောင်ကြားသို့ လာရောက်စုံစမ်းဖူးသည်။ ထို့အပြင် သူက ဝိညာဥ်မျှော်စင်အတွင်းရှိတိုက်ပွဲတွင် ပါဝင်ပတ်သက်ခြင်းလည်း မရှိပေ။ ကြည့်ရသည်မှာ ဝံပုလွေတိုင်းပြည်သည် ဝိညာဥ်မျှော်စင်တိုက်ပွဲအပြီးတွင် အလုံးစုံအားနည်းသွားခြင်း မရှိချေ။

"ခန်းမသခင် နေကောင်းကျန်းမာရဲ့လား။ ကျုပ်က ဝံပုလွေတိုင်းပြည်ရဲ့ သံတမန်တစ်ယောက်ပါ"

ဟေးရီက အနည်းငယ်ဦးညွှတ်၍ ယဥ်ကျေးစွာ ပြောလိုက်သည်။ သို့သော် သူ၏မျက်လုံးများက ယဲ့ချန်ကို ဆက်တိုက်စူးစမ်းလေ့လာနေခဲ့သည်။

"ဘုရင်သုံးယောက်က မင်းကိုလွှတ်လိုက်တဲ့ အကြောင်းအရင်းကို ပြောစမ်း"

ခန်းမ၏အလယ်ရှိ ထိုင်ခုံပေါ်တွင် ထိုင်နေသော ယဲ့ချန်က သူ၏ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်၍ အေးစက်စက်မေးလိုက်သည်။

သူ၏ဝိညာဥ်ဖိအားကြောင့် ဟေးရီက အလွန်ထိတ်လန့်သွားခဲ့သည်။ ထို့အပြင် တစ်ဖက်လူက သူ၏နောက်ခံကို သိနေသည့်တိုင်အောင် ကြောက်လန့်နေခြင်းမရှိပေ။ ဤအစွမ်းထက်ဝိညာဥ်ကလည်း ဘုရင်သုံးယောက်အောက် အနည်းငယ်သာ အားနည်းနေခဲ့သည်။ သူက ငွေဘုရင်နှင့်အတူ ယဲ့တောင်ကြားကို စုံစမ်းခဲ့ချိန်တွင် ရှေးဟောင်းကျင့်ကြံသူတစ်ဦးရှိနေသည် ထင်မှတ်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရဖူးသည်။ သို့သော် ဝံပုလွေတိုင်းပြည်က တစ်ခုခုမှားနေသည်ဟု ဆုံးဖြတ်ပြီး စမ်းသပ်ရန် မှော်သားရဲများ စေလွှတ်ခဲ့သည်။ ဘုရင်သုံးယောက်၏ သုံးသပ်ချက်အရ ဤအရှိန်အဝါမှာ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ အစွမ်းထက်ရတနာတစ်ခု ဖြစ်နေနိုင်သည်။

သို့သော် သူတို့က အခြေအနေမှန်ကို တိတိကျကျမသိခင် အလောတကြီးမတိုက်ခိုက်ရဲသဖြင့် အခြေအနေကိုစူးစမ်းရန် ဟေးရီကို သံတမန်အဖြစ် စေလွှတ်လိုက်ကြသည်။ ယဲ့ချန်က လင်းယွန်တောင်တန်းပေါ်တွင် ကြယ်ခန်းမကို တည်ဆောက်လိုက်သောအခါ ၎င်းက ဝံပုလွေတိုင်းပြည်အတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်လာခဲ့သည်။ နှစ်ပေါင်းရာကျော်သော တိုက်ပွဲအတွင်း ဝံပုလွေတိုင်းပြည်က ခြင်္သေ့နန်းတော်လက်အောက်ရှိ ရှီဝူအင်ပါယာကို သိမ်းပိုက်ရန် များစွာအားထုတ်ခဲ့ရသည်။ ရှီဝူအင်ပါယာက ခြင်္သေ့နန်းတော်ကိုတိုက်ခိုက်ရန် အချက်အချာကျသော စစ်နယ်မြေတစ်ခုဖြစ်သောကြောင့် သူတို့၏ပိုက်နက်အတွင်း နောက်ထပ်ဆူးတစ်ချောင်း ပေါ်ပေါက်လာခြင်းကို သည်းမခံနိုင်ပေ။ ဟေးရီ လာရောက်သော အကြောင်းအရင်းမှာ ယဲ့ချန်၏နောက်ခံကို စစ်ဆေးရန်နှင့် ညှိုနှိုင်းဆွေးနွေးရန်ပင် ဖြစ်သည်။

"ကျုပ်က ဘုရင်သုံးယောက်ကိုယ်စား ခန်းမသခင်နဲ့ဆွေးနွေးဖို့ ရောက်လာတာပါ။ ရှီဝူအင်ပါယာက ဝံပုလွေတိုင်းပြည်ရဲ့ ပိုက်နက်ဖြစ်နေလို့ ကြယ်ခန်းမကို တည်ဆောက်တာက မသင့်တော်မှာ စိုးရိမ်ရပါတယ်"

ဟေးရီက ယဲ့ချန်၏ဝိညာဥ်ဖိအားကို တိတ်တဆိတ်ခုခံကာ ပြောလိုက်သည်။ သူက ထိပ်ဆုံးအဆင့် မှော်သားရဲနတ်ဘုရင်ဖြစ်သောကြောင့် ယဲ့ချန်၏ဖိအားအောက်တွင် တည်ငြိမ်စွာရှိနေနိုင်သည်။

"မင်းတို့က ဘာကိုစိုး ရိမ်နေကြတာလဲ။ ရှီဝူအင်ပါယာက ငါ့မွေးရပ်မြေဖြစ်လို့ ငါ့အင်အားစုကိုတည်ထောင်တာက ဝံပုလွေတိုင်းပြည်အပေါ် ပြဿနာမရှိဘူးလို့ ထင်တယ်။ မင်းတို့က ဝံပုလွေတိုင်းပြည်ရဲ့ပိုင်နက်ထဲမှာ ဂိုဏ်းတွေ၊ မျိုးနွယ်တွေနဲ့ တိုင်းပြည်တွေကို မရှိစေချင်တာလား"

ယဲ့ချန်က အေးစက်စက်မေးလိုက်ပြန်သည်။

"ခန်းမသခင်ရဲ့ခွန်အားက အဲ့ဒီအင်အားစုတွေနဲ့ ကွာခြားပါတယ်"

"ဘယ်လိုကွာခြားတာလဲ"

"အရှင်ရဲ့စွမ်းအားက ဝံပုလွေတိုင်းပြည်နဲ့ ယှဥ်နိုင်ပါတယ်။ အရှင့်လက်အောက်မှာလည်း နတ်ဘုရင်တွေ ရှိနေပါတယ်"

ဟေးရီက စောဒကတက်လိုက်သည်။

"ဒါဆိုရင် ဝံပုလွေတိုင်းပြည်ကိုယှဥ်နိုင်တဲ့ အင်အားစုတွေကို တည်ရှိခွင့်မပေးနိုင်ဘူးလို့ ဆိုလိုတာလား။ ဘုရင်သုံးယောက်က ဘာလုပ်ချင်နေတာလဲ။ မင်းတို့က ကြယ်ခန်းမကို မောင်းထုတ်ချင်တာလား ဒါမှမဟုတ် ဖျက်ဆီးပစ်ချင်တာလား။ ဝံပုလွေတိုင်းပြည်က စိန်ခေါ်လာရင် ကြယ်ခန်းမက တိုက်ခိုက်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး"

ယဲ့ချန်၏မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာကာ သတိပေးစကား ပြောလိုက်သည်။

"တိုက်ခိုက်မှာလား"

ဟေးရီက အနည်းငယ် အံ့သြသွားခဲ့သည်။ ယဲ့ချန်၏လေသံက အလွန်မောက်မာနေမည်ဟု သူက မျှော်လင့်မထားပေ။ ဝံပုလွေတိုင်းပြည်ကို ဆန့်ကျင်နိုင်သော နောက်ခံတစ်ခုခုကို ကြယ်ခန်းမက ပိုင်ဆိုင်ထားခြင်းဖြစ်နိုင်ပြီး ယဲ့တောင်ကြားအတွင်း ရှေးဟောင်းကျင့်ကြံသူလည်း အမှန်တကယ်ရှိနေနိုင်သည်။ ယဲ့ချန်က သူတို့ရှေ့တွင် အားနည်းနေလျှင် ကြယ်ခန်းမကို အလွယ်တကူသိမ်းသွင်းနိုင်မည်ဟု ဟေးရီက တွက်ချက်ထားသည်။ သို့သော် ကြယ်ခန်းမဘက်မှ စတင်စိန်ခေါ်လာမည်ဟု ထင်မထားသောကြောင့် သူက ကြောက်လန့်လာသည်။

"ခန်းမသခင်က နောက်နေပါပြီ။ အရှင်သုံးယောက်က ဒီကိစ္စကို စကားနဲ့ဖြေရှင်းဖို့ ကျုပ်ကို စေလွှတ်လိုက်တာပါ။ သူတို့က အရှင်နဲ့ ရန်သူမဖြစ်လိုပါဘူး"

ဟေးရီ၏လေသံက စတင်ပျော့ပြောင်းလာသည်။

"မင်း ငါ့ကို လာနောက်နေတာလား။ ဝံပုလွေတိုင်းပြည်က မင်းကိုပို့လိုက်တာ ကြယ်ခန်းမရဲ့အင်အားကို စမ်းသပ်ဖို့မဟုတ်လား။ မင်းက ဆွေးနွေးချင်ရင် ရိုးရိုးသားသားပြောစမ်း။ မင်းရဲ့ဘုရင်သုံးယောက်က စစ်ဖြစ်ချင်နေတယ်ဆိုရင်လည်း ကြယ်ခန်းမက အချိန်တိုင်း အသင့်ပဲလို့ ပြန်ပြောလိုက်"

ယဲ့ချန်က နှာခေါင်းရှုံ့၍ ထွက်သွားရန် မတ်တပ်ရပ်လိုက်သည်။

"ခဏစောင့်ပါဦး ခန်းမသခင်။ ဒေါသကိုထိန်းပါ။ ဝံပုလွေတိုင်းပြည်က ကြယ်ခန်းမနဲ့ ရန်သူမဖြစ်ချင်ပါဘူး။ ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် မဟာမိတ်ဖွဲ့ချင်ပါတယ်"

ဟေးရီက အလောတကြီးပြောလိုက်သည်။

"မဟာမိတ် ဟုတ်လား"

ယဲ့ချန်က သူ့ကို ခြားနားစွာ ကြည့်လိုက်သည်။

"မှန်ပါတယ်။ ခန်းမသခင်ရဲ့ကြယ်ခန်းမအတွက် ဝံပုလွေတိုင်းပြည်က ထောက်ပံ့ပေးနိုင်ပါတယ်"

"ဒါဆိုရင် ကြယ်ခန်းမက ဘာပြန်လုပ်ပေးရမှာလဲ"

ယဲ့ချန်၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက ဟေးရီ၏စကားကို ယုံကြည်ခြင်းမရှိပေ။ ဝံပုလွေတိုင်းပြည်က အမွေးပွလေး၏မျိုးနွယ်ကို သတ်ဖြတ်ခဲ့သော ရန်သူများဖြစ်မနေခဲ့လျှင်ပင် သူတို့၏ရည်ရွယ်ချက်က ကောင်းမွန်စိတ်ချရသည်ဟု သူက လုံးဝယုံမည်မဟုတ်ပေ။

"ဝံပုလွေတိုင်းပြည်က ခြင်္သေ့နန်းတော်ကို တိုက်ခိုက်ရာမှာ ကူညီပေးပါ။ ခန်းမသခင်က မဟာမိတ်အဖြစ် ခြင်္သေ့နန်းတော်ကို တိုက်ခိုက်ပေးရင် ကျုပ်တို့က ကြယ်ခန်းမကို အပြည့်အဝ ထောက်ပံ့ကူညီပေးပါမယ်"

ဟေးရီက လာရင်းရည်ရွယ်ချက်ကို ထုတ်ဖော်တင်ပြလိုက်လေသည်။

All Chapters