အငှားဓားဖြင့်လူသတ်ခြင်း
Vol. 28 Ch. 384
အမွေးပွလေးသည် ဝံပုလွေတိုင်းပြည်၏လက်ချက်ကြောင့် သေမလိုဖြစ်ခဲ့ရသည်။ ဤအချက်တစ်ခုတည်းကပင် ကြယ်ခန်းမကို ဝံပုလွေတိုင်းပြည်နှင့် မဟာမိတ်အဖြစ် မပူးပေါင်းရန် လုံလောက်ပေသည်။ ထို့အပြင် ခြင်္သေ့နန်းတော်ကို တိုက်ခိုက်ရန်ကလည်း ပို၍မဖြစ်နိုင်ပေ။
"ဘုရင်သုံးယောက်က တော်တော်အကြံကြီးနေတာပဲ။ မင်းတို့က ခြင်္သေ့နန်းတော်နဲ့ တိုက်ပွဲမှာ ကြယ်ခန်းမကို ပွန်းအနေနဲ့ ထိုးကျွေးချင်နေတာလား"
ယဲ့ချန်က အေးစက်စက်မေးလိုက်သည်။
(မှတ်ချက်။ ။ ပွန်းသည် စစ်တုရင်ကစားရာတွင် ထိုးကျွေးခံရတတ်သော အားအနည်းဆုံးအရုပ်ဖြစ်သည်)
"ခန်းမသခင် အထင်လွဲနေပါပြီ"
ဟေးရီက အလောတကြီး ကန့်ကွက်လိုက်သည်။ အခြားအင်အားစုများက ဤအချက်ကိုသိနေလျှင်ပင် ပေါ်တင်ထုတ်မပြောရဲပေ။ သို့သော် ယဲ့ချန်က ထက်မြက်ကာ ကြီးစိုးလွန်းသောကြောင့် ဟေးရီအနေဖြင့် ကြောက်လန့်စပြုလာသည်။
"အထင်လွဲတာ ဟုတ်လား။ ဘာက အထင်လွဲတာလဲ ရှင်းစမ်းပါဦး။ ဝံပုလွေတိုင်းပြည်နဲ့ ကြယ်ခန်းမက လုံးဝမပူးပေါင်းနိုင်ဘူး။ ကြယ်ခန်းမကို ငါ သေချာပေါက်တည်ထောင်မယ်။ ဘုရင်သုံးယောက်က မကျေနပ်ဘူးဆိုရင် ကိုယ်တိုင်လာတွေ့ခိုင်းလိုက်။ မင်းလိုသံတမန်တစ်ယောက် လွှတ်စရာမလိုဘူး"
"နန်ရှင်းတစ် ဧည့်သည်ကို ပြန်ပို့ပေးလိုက်"
ယဲ့ချန်က ခပ်ပြတ်ပြတ်ပြောလိုက်ပြီး မနီးမဝေးတွင်ရှိနေသော နန်ရှင်းတစ်ကို အမိန့်ပေးလိုက်သည်။
"ကောင်းပါပြီ သခင်"
"စိတ်မရှိပါနဲ့။ ခင်ဗျား ထွက်သွားသင့်ပြီ"
တစ်ကိုယ်လုံး ကြွက်သားများပြည့်နှက်နေပြီး ဟေးရီထက် ခေါင်းတစ်လုံးပိုမြင့်သော နန်ရှင်းတစ်က ချက်ချင်းရောက်ရှိလာသည်။ သူက ဟေးရီကိုငုံ့ကြည့်၍ နတ်ဘုရင်အရှိန်အဝါကို ထုတ်ဖော်ကာ ပြောလိုက်သည်။
"ခန်းမသခင် စိတ်အေးအေးထားပါ။ အရှင်သုံးယောက်က ခင်ဗျားကိုတောင်းပန်ဖို့ တစ်ယောက်ယောက် သေချာပေါက်စေလွှတ်ပါလိမ့်မယ်။ အခုတော့ ကျုပ်ကို သွားခွင့်ပြုပါ"
ဟေးရီ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်အချို့ ဖြတ်သန်းသွားသော်လည်း သူက အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ခန်းမအတွင်းမှ လှည့်ထွက်သွားခဲ့လေသည်။
ဟေးရီက နှိမ့်ချစွာပြောဆိုနေသော်လည်း မကောင်းသော ရည်ရွယ်ချက်များရှိနေသည်ကို ယဲ့ချန်က အတပ်ပြောနိုင်သည်။ အကယ်၍ သူကသာ အားနည်းပြနေလျှင် ဝံပုလွေတိုင်းပြည်က သေချာပေါက်အနိုင်ကျင့်ပေလိမ့်မည်။ ၎င်းတို့၏ ကြမ်းကြုတ်ကောက်ကျစ်မှုအကြောင်းကို သူက ကောင်းစွာနားလည်ထားသည်။ ဝံပုလွေတိုင်းပြည်က ကြယ်ခန်းမနှင့်ပူးပေါင်းရန် ကြိုးစားမှု အထမမြောက်သောကြောင့် နောက်ထပ်ပြုလုပ်မည့် အစီအစဥ်ကို သူ မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ကာ ကျင့်ကြံဆင့်ကိုမြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ထံတွင် ရတနာကောင်းများရှိသော်လည်း ၎င်းတို့က အပြင်အားသာဖြစ်၍ ကိုယ်ပိုင်ခွန်အားလောက် စိတ်ချရခြင်းမရှိနိုင်ပေ။
ယဲ့ချန်က ခဏတာစဥ်းစား၍ ခြင်္သေ့နန်းတော်ထံ ဆက်သားတစ်ယောက် စေလွှတ်လိုက်သည်။ ကြယ်ခန်းမက တည်ထောင်ကာစဖြစ်၍ ဝံပုလွေတိုင်းပြည်နှင့် စစ်မက်ဖြစ်ပွားရန် အင်အားမလုံလောက်ပေ။ စစ်ဖြစ်လျှင် ကြယ်ခန်းမ၏အင်အားက များစွာယုတ်လျော့သွားနိုင်သည်။ ထုံတန်က သူ့အပေါ်တွင် အကြွေးတင်နေသောကြောင့် ယဲ့ချန်က သူ၏အကူအညီကို လိုအပ်လာသောအခါ ငြင်းဆန်လိမ့်မည်မဟုတ်ပေ။
ကောင်းကင်က ဖြည်းဖြည်းချင်း မည်းမှောင်လာသည်။ ယဲ့တောင်ကြားနှင့် မိုင်ထောင်ချီဝေးကွာသော အရပ်ရှိ သစ်တောကြီးအတွင်း၌ ခမ်းနားသော အဆောက်အအုံများ ရှိနေခဲ့သည်။ ၎င်းတို့ကို အစိမ်းရောက်ကျောက်များဖြင့် တည်ဆောက်ထားကာ ရှေးဆန်ပြီးကြီးကျယ်သော အသွင်ကိုဆောင်သည်။ ၎င်းတို့ဘေးတွင် သွားလာနေသော မိစ္ဆာဝံပုလွေများစွာရှိနေပြီး လူသားများအတွက် ကန့်သတ်နယ်မြေတစ်ခု ဖြစ်သည်။ အကယ်၍ လူသားတစ်ယောက်သာ မျက်စိလည်လမ်းမှား၍ ဤနေရာသို့ရောက်လာခဲ့လျှင် ၎င်းတို့၏အစာအဖြစ် သေဆုံးရပေလိမ့်မည်။
အဆောက်အအုံများ၏ ပတ်လည်တွင် ထောင်ချောက်များစွာကို တပ်ဆင်ထားသည်။ ခန်းမကြီးတစ်ခုအတွင်း၌ ဝံပုလွေများစွာ စုဝေးနေကြသည်။ ပလ္လင်တစ်ခုထက်တွင် အရပ်သုံးမီတာရှည်သော လူတစ်ယောက်ထိုင်နေပြီး အပေါ်ပိုင်းဗလာနှင့် ဆံပင်ရှည်များကို ဖြန့်ချထားသည်။ သူ၏ရင်ဘတ်တွင် အနီရောင်ဝံပုလွေခေါင်း ဆေးမင်တစ်ခုရှိနေသောကြောင့် ကြမ်းကြုတ်ရက်စက်ပုံပေါ်သည်။ သူ၏လက်ထဲတွင် သွေးများဖြည့်ထားသော အနီရောင်သေရည်ခွက်တစ်ခု ကိုင်ထားသည်။ သူက ဝံပုလွေတိုင်းပြည်၏ သွေးဘုရင်ဖြစ်ကာ ကျန်လက်တစ်ဖက်တွင် မိန်းမလှလေးတစ်ယောက်ကို ဖက်ထားသည်။ သူမက အလွန်လှပသော်လည်း မျက်နှာထက်တွင် မျက်ရည်များ စီးကျနေခဲ့သည်။ သူမက လူမဟုတ်ဘဲ နှင်းသမင်တစ်ကောင်ဖြစ်ကာ ချွန်ထက်သော နားရွက်တစ်စုံနှင့် သလင်းကျောက်ပမာ ကြည်လင်သော အသားအရေကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူမက အလွန်ကြောက်လန့်နေခဲ့သည်။
ပလ္လင်၏ဘေးဘယ်ညာတွင် ထိုင်ခုံနှစ်ရှိနေပြီး တစ်ကိုယ်လုံး သွေးများစွန်းထင်းနေသော ဘုရင်နှစ်ယောက် ထိုင်နေခဲ့သည်။ သူတို့က နှင်းသမင်တစ်ကောင်စီကို ရက်စက်စွာ စားသောက်ထားခြင်းဖြစ်သည်။ ထိုအချိန်တွင် ကြယ်ခန်းမသို့ သံတမန်အဖြစ် စေလွှတ်ခံရသော ဟေးရီက ခန်းမအတွင်း ဝင်ရောက်လာခဲ့သည်။
"အရှင်တို့"
ဟေးရီက အရိုအသေပေး၍ လေးစားစွာ လျှောက်တင်လိုက်၏။
"မင်း ဘာတွေသိလာရလဲ"
သွေးဘုရင်က မေးလိုက်ခြင်းဖြစ်သည်။
"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ အရှင်။ ကြယ်ခန်းမသခင် ယဲ့ချန်က မောက်မာပြီး ဝံပုလွေတိုင်းပြည်နဲ့ ပူးပေါင်းလိုစိတ် မရှိပါဘူး"
ဟေးရီက ယဲ့ချန်နှင့်တွေ့ဆုံခဲ့သော ဖြစ်စဥ်အစအဆုံးကို တစ်လုံးမကျန် တင်ပြလိုက်သည်။
"ဒီကောင်က တကယ် ဒီလိုပြောလိုက်တာလား"
သွေးဘုရင်၏မျက်နှာက မည်းနက်သွားပြီး သူ၏လက်အတွင်းရှိ နှင်းသမင်မလေးက နာကျင်စွာအော်လိုက်မိသည်။ သူမက နာကျင်မှုကြောင့် သတိလစ်လုနီးပါးဖြစ်နေသည်။ သွေးဘုရင်က ဒေါသထွက်လာသောကြောင့် သူမ၏လက်တစ်ဖက်ကို ရက်စက်စွာ ချိုးပစ်လိုက်ခြင်းဖြစ်သည်။
"ဒီငယ်သားက မလိမ်ရဲပါဘူး အရှင်"
ဟေးရီသည်လည်း သွေးဘုရင်၏ဒေါသကို ကြောက်လန့်နေခဲ့သည်။
"အစ်ကိုကြီး ဒီခွေးကောင်မှာ အားကိုးစရာတစ်ခုခုရှိနေလို့ မောက်မာနေတာဖြစ်ရမယ်။ ယဲ့တောင်ကြားမှာ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် တကယ်ရှိနေတာများလား"
ငွေဘုရင်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
"ကြည့်ရတာ ဒီကိစ္စအတွက် အကျိုးအပြစ်ကို သေချာဆင်ခြင်ရလိမ့်မယ်။ ဘိုးဘေးကို ဆုံးဖြတ်ခိုင်းကြတာပေါ့"
သွေးဘုရင်က ခဏတာစဥ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူတို့က ရန်မစသင့်သော ရန်သူတစ်ယောက်ကို ရန်စမိလျှင် ဝံပုလွေတိုင်းပြည် ပျက်စီးသွားနိုင်သည်။
"ကျုပ်အမြင်ပြောရရင် ရှေးဟောင်းကျင့်ကြံသူ အမှန်တကယ်ရှိနေရင်တောင် ရှီဝူအင်ပါယာမှာ ကြယ်ခန်းမကို တည်ထောင်ခွင့်မပေးသင့်ဘူး။ ကျုပ်တို့က ဘေးထွက်နေလိုက်ရင် အနာဂတ်မှာ ဝံပုလွေတိုင်းပြည်အတွက် နေရာရှိမှာမဟုတ်ဘူး။ ဝံပုလွေတိုင်းပြည်က တိုက်ခိုက်ဖို့ မသင့်ရင်တောင် ကျန်တဲ့အင်အားစုတွေက မလုပ်နိုင်ဘူးလို့ မဆိုလိုဘူး။ ကြယ်ခန်းမရဲ့အင်အားကိုပါ စမ်းသပ်ပြီးသား ဖြစ်သွားမယ်။
"ကျုပ်အမြင်အရ အစွမ်းထက်ကျင့်ကြံသူက သာမန်ကိစ္စတွေမှာ ဝင်ပါချင်စိတ်ရှိမှာမဟုတ်ဘူး။ ဒါကြောင့် သူက ယဲ့ချန်ကို ကိုယ်စားလှယ်သဘောမျိုး ခန့်ထားတာဖြစ်ရမယ်။ ကြယ်ခန်းမကို စော်ကားတာက ပြဿနာတစ်ခု မဖြစ်နိုင်ဘူး။ အစွမ်းထက်ကျင့်ကြံသူ ထွက်လာရင်တောင် ကျုပ်တို့က ချက်ချင်းတောင်းပန်လိုက်ရင် ပြဿနာကြီးမဟုတ်ပါဘူး"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော မီးဘုရင်က သုံးသပ်ပြလိုက်ခြင်းဖြစ်သည်။
"ပြဿနာက ငါတို့အစား ဘယ်သူက တိုက်ခိုက်ပေးမှာလဲ။ ကြယ်ခန်းမကို အခုမှတည်ထောင်ကာစဖြစ်ပေမယ့် နတ်ဘုရင်တွေ ပိုင်ဆိုင်ထားတယ်။ သာမန်အင်အားစုတွေက ဘာမှမစွမ်းဆောင်နိုင်လောက်ဘူး"
သွေးဘုရင်က ခေါင်းယမ်းလိုက်သည်။
"မုန်တိုင်းအိမ်တော်သခင် ကုန်းချန်တန်းကို အလယ်အင်ပါယာရဲ့ မီးတောက်နီဂိုဏ်းမှာ ကြယ်ခန်းမသခင် ယဲ့ချန် သတ်လိုက်တဲ့သတင်းကို အစ်ကိုကြီး မသိဘူးမလား။ ကျုပ်တို့က မုန်တိုင်းအိမ်တော်ကို ဒီအကြောင်းသတင်းပို့လိုက်ရင် သူတို့က သေချာပေါက်တိုက်ခိုက်လိမ့်မယ်"
မီးဘုရင်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။
"အငှားဓားနဲ့လူသတ်မယ် ကောင်းလိုက်တဲ့အကြံကွာ။ ညီနှစ်ကို ဝံပုလွေတိုင်းပြည်ရဲ့ဦးနှောက်လို့ ခေါ်သင့်ပါတယ် ဟား ဟား"
သွေးဘုရင်က ကျယ်လောင်စွာရယ်မော၍ ချီးကျူးလိုက်သည်။
မုန်တိုင်းအိမ်တော်သည် အလွန်စွမ်းအားကြီးပြီး သမိုင်းကြောင်း ရှည်လျားသောကြောင့် ဝံပုလွေတိုင်းပြည်ပင် မစော်ကားရဲပေ။ ဤတစ်ကြိမ်တွင် မုန်တိုင်းအိမ်တော် ဝင်ရောက်ပတ်သက်လာလျှင် သူတို့က ဘေးထွက်ရပ်နိုင်ပြီဖြစ်သည်။ အကယ်၍ ကြယ်ခန်းမမှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာခြင်းမရှိလျှင် ဝံပုလွေတိုင်းက ပါဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။
ယဲ့ချန်သည် ယဲ့တောင်ကြားအတွင်း အပြင်းအထန်ကျင့်ကြံနေသည်။ ဝံပုလွေတိုင်းပြည်က ကြယ်ခန်းမကို ဤအတိုင်းထားမည်မဟုတ်ကြောင်း နားလည်ထားသည်။ သူက ဝံပုလွေတိုင်းပြည်၏ အကြံအစည်များကို သေချာပေါက်ဂရုစိုက်ရပေမည်။ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကို သူက ပိုင်ဆိုင်ထားသော်လည်း မိစ္ဆာဝံပုလွေဆေဘာက အစွမ်းထက်ရတနာတစ်ခုဖြစ်ကြောင်း ခြင်္သေ့ကြီးက ပြောထားသဖြင့် မပေါ့ဆရဲပေ။ သူ၏လက်အောက်ငယ်သား အများစုကလည်း မသန်မာသောကြောင့် ဆေးလုံးများစွာ လိုအပ်နေသည်။ လက်ရှိတွင် သူ့ထံ၌ ဆေးလုံးများပြတ်လပ်နေသောကြောင့် အချိန်ယူကာ သန့်စင်ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ ဆေးပညာကလည်း ကျင့်ကြံခြင်း၏ လမ်းစဥ်တစ်ခုဖြစ်သည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က လက်မောင်းကာအတွင်း ဝင်ရောက်လိုက်သည်။ မီးချီများစွာ အားဖြည့်ပေးထားသောကြောင့် ၎င်း၏ဝိညာဥ်က များစွာသန်မာလာခဲ့သည်။ လက်မောင်းကာအတွင်းရှိ ဆေးအိုးအောက်တွင် မီးများတောက်လောင်လာပြီး ယဲ့ချန်က ထောင်ချီသည့်ဆေးကုန်ကြမ်းများ ထည့်သွင်းကာ စတင်ဖော်စပ်လိုက်သည်။ သူ၏ကျင့်ကြံဆင့် မြင့်တက်လာသောကြောင့် ဆေးဖော်ရာတွင် အောင်မြင်မှုနှုန်းကလည်း ကြီးကြီးမားမား တိုးတက်လာခဲ့သည်။ တစ်နာရီအကြာတွင် ဆေးလုံးဖြစ်တည်ရန် အသင့်ဖြစ်လာပြီး ရာချီသော ဝိညာဥ်စုစည်းဆေးလုံးများ ဖြစ်ပေါ်လာသည်။
ယဲ့ချန်က တစ်ရက်အချိန်ယူ၍ သန့်စင်ပြီး ဝိညာဥ်အခြေတည် ဆေးလုံးငါးရာကျော်နှင့် ဝိညာဥ်စုစည်း ဆေးလုံးနှစ်ထောင်ကျော် ရရှိခဲ့သည်။ ခြင်္သေ့ကြီးကလည်း တစ်ဆယ်တိုက်ပွဲအစီအရင်ကို အောင်မြင်စွာလေ့လာနိုင်ခဲ့သဖြင့် ယဲ့ချန်က ၎င်းကို ယဲ့မျိုးနွယ်ဝင်များကို သင်ကြားပေးလိုက်သည်။ လက်ရှိတွင် ယဲ့တောင်ကြားက တက်ကြွလှုပ်ရှားနေသည်။ လေ့ကျင့်ရေးကွင်းတွင် ဆယ်ယောက်တစ်စုခွဲထားသော ယဲ့မျိုးနွယ်ဝင်များ လေ့ကျင့်နေကြသည်။ အားလုံးက လုံ့လဝီရိယအပြည့်နှင့် ကြိုးစားကျင့်ကြံနေသည်။ အတိတ်တွင်ကြုံခဲ့ရသော အန္တရာယ်ကြောင့် ယဲ့မျိုးနွယ်ဝင်များ၏စိတ်ဓာတ်က ပြတ်သားခိုင်မာလာကာ အချိန်ခဏပင် အနားမယူကြပေ။
ယဲ့ချန်က လူသားကျင့်ကြံသူများအပြင် မှော်သားရဲများအတွက် ဆေးလုံးနှင့်ရတနာများကို ခွဲဝေပေးခဲ့သည်။ ၎င်းတို့က သူ့အပေါ် သစ္စာအလွန်ရှိသောကြောင့် သံသယဝင်ရန် မလိုအပ်ချေ။ ၎င်းတို့၏ခွန်အားများ တိုးတက်လာလျှင် သူက တစ်ဆယ်တိုက်ပွဲအစီအရင်ကိုပါ သင်ကြားပေးမည်ဟု ဆုံးဖြတ်ထားသည်။
ထို့နောက် ယဲ့ချန်က လုပ်ရိုးလုပ်စဥ်အတိုင်း ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ကာ ပတ်ဝန်းကျင်မိုင်တစ်ထောင်ကို စစ်ဆေးလိုက်သည်။ ကြယ်ခန်းမ၏လုံခြုံရေးအတွက် ယဲ့ချန်က ပတ်ဝန်းကျင်ကို အချိန်တိုင်းစစ်ဆေးပြီး ချဥ်းကပ်လာနိုင်ချေရှိသော အန္တရာယ်ပေါင်းစွာကို ထောက်လှမ်းနေခဲ့သည်။
မိုင်ရာချီဝေးသော သစ်တောအတွင်း သားရဲအော်သံများ ထွက်ပေါ်နေသည်။ သူ၏ဝိညာဥ်အသိစိတ်က အသံများကိုခြေရာခံ၍ အခင်းဖြစ်ရာသို့ရောက်သောအခါ ထိတ်လန့်သွားခဲ့သည်။ ဓားခုတ်ကောင်နှင့်တူညီသော ဝိညာဥ်သားရဲသုံးကောင်နှင့် မှော်သားရဲအလောင်းတစ်ခုကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ မှော်သားရဲက မြေအဆင့် ဆင်ကြီးတစ်ကောင်ဖြစ်ကာ အရိုးထိနက်သော ဒဏ်ရာကြီးများနှင့် သေဆုံးနေခဲ့သည်။ မြေပြင်တစ်ခုလုံး သွေးများစွန်းထင်းနေကာ ဝိညာဥ်သားရဲများကလည်း မြေအဆင့်များဖြစ်ကြသည်။ ၎င်းတို့က အလောင်း၏ဝိညာဥ်ကို စားသောက်ပြီးဖြစ်သောကြောင့် အသားများကို စတင်စားသောက်နေကြသည်။ ရှီဝူအင်ပါယာတွင် ဝိညာဥ်သားရဲများ ပထမဆုံးထွက်ပေါ်လာကြပြီး အရေအတွက်က နည်းပါး၍ မြေအဆင့်ဖြစ်သာဖြစ်သော်လည်း ယဲ့ချန်အတွက် ကြီးမားသောဖိအားနှင့် စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေသည်။
သူ၏အတွေးတစ်ချက်တွင် ဝိညာဥ်အသိစိတ်က ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းသွားကာ ဝိညာဥ်သားရဲများကို လှံပုဆိန်နှင့် ထက်ခြမ်းပိုင်းချလိုက်သည်။ သူတို့က အသံတစ်ချက်ပင်မထွက်နိုင်ဘဲ သေဆုံးသွားကြသည်။ နတ်ဘုရင်တစ်ယောက်ရှေ့တွင် မြေအဆင့်သားရဲတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်နှင့် တူညီသည်။
ယဲ့ချန်က ပတ်ဝန်းကျင်ကို အသေအချာစစ်ဆေးလိုက်ပြီး နောက်ထပ်ဝိညာဥ်သားရဲများကို ရှာမတွေ့ခဲ့ပေ။ သူက ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းကာ လေးလေးနက်နက် စဥ်းစားနေခဲ့သည်။
"ဂီး ဂီး ဂီး"
ယဲ့တောင်ကြားအတွင်းရှိ လင်းယုန်ဖြူများက ကောင်းကင်သို့ပျံတက်သွားကာ ဝိညာဥ်သားရဲအလောင်းများထံ ဦးတည်သွားကြသည်။ ဝိညာဥ်သားရဲများ၏အသားက ၎င်းတို့၏ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်သောကြောင့် ယဲ့ချန်က အလဟဿမဖြစ်စေရန် စေလွှတ်လိုက်ခြင်းဖြစ်လေသည်။