ကုန်းယွမ်
Vol. 28 Ch. 385
ခြောက်ရက်အကြာတွင် ဖြစ်သည်။ ကြယ်ခန်းမက ဖြည်းဖြည်းမှန်မှန် ရုပ်လုံးပေါ်လာပြီး မြို့ငါးမြို့၏ တည်ဆောက်ရေးလုပ်ငန်းများက လျင်မြန်စွာ လည်ပတ်နေကြသည်။
ယဲ့ချန်က လက်မောင်းကာအတွင်း စစ်ဆေးလိုက်သည်။ သူကိုယ်တိုင်အသုံးပြုရန်အတွက် ချန်ထားသော အာကာသကျောက်သုံးဆယ်သာ ကျန်ရစ်ပြီး အားလုံးကို ခွဲဝေပေးလိုက်ပြီဖြစ်သည်။ သို့သော် အကျိုးရလဒ်က သိသာပြီး သူ၏လက်အောက်ခံ ကောင်းကင်အဆင့် သားရဲများစွာက ဆန်းကျယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြသည်။ လူသားကျင့်ကြံသူများတွင်လည်း မြေဝိဇ္ဇာများ၊ ကောင်းကင်ဝိဇ္ဇာများနှင့် ဆန်းကျယ်ဝိဇ္ဇာများ ထွက်ပေါ်လာခဲ့ကြသည်။
ယဲ့ချန်က ကျင့်ကြံနေစဥ် ကြီးစိုးမှုရှိသော အရှိန်အဝါအချို့က ကြယ်ခန်းမ၏ပိုင်နက်သို့ ကျူးကျော်ဝင်ရောက်လာကြသည်။ အပြာရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော နတ်ဝိဇ္ဇာအချို့နှင်ံ ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်က ကြယ်တံခွန်များပမာ မြို့များထံ ဦးတည်လာနေကြသည်။ ဦးဆောင်လာသော အဆုံးမဲ့ကျင့်ကြံသူက ပိန်ပိန်ပါးပါးအဘိုးအိုတစ်ယောက်ဖြစ်ကာ လေထဲတွင် သူ၏မုတ်ဆိတ်ရှည်ကြီးက တဖြတ်ဖြတ်မျောလွင့်နေသည်။ သူက လေထဲတွင် မတ်တပ်ရပ်လိုက်ပြီး ပြင်းထန်သော အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ကြယ်ခန်းမ၏ သိန်းချီသောဂိုဏ်းဝင်များနှင့် သန်းချီသောအလုပ်သမားများက ကြောက်စရာဖိအားအောက်တွင် အသက်ရှူကျပ်နေကြဝည်။
"ကြောက်စရာကောင်းလိုက်တာ။ ဒီလူကလည်း နတ်ဘုရင်တစ်ယောက်လား"
လူတိုင်း ထိတ်လန့်နေကြသည်။ သူတို့၏အမြင်တွင် နတ်ဘုရင်က အစွမ်းထက်အဆုံးကျင့်ကြံသူဖြစ်ကာ အခြားအဆင့်များကို မသိကြပေ။
"မုန်တိုင်းမျိုးနွယ် မဟာအကြီးအကဲ ကုန်းယွမ် ရောက်လာတယ်။ လူသတ်သမားယဲ့ချန် ထွက်လာပြီး အသေခံစမ်း"
ကုန်းယွမ်၏စကားသံက သတ်ဖြတ်လိုစိတ်အပြည့်နှင့် ကြမ်းကြုတ်စွာ ထွက်ပေါ်လာသည်။ သူ၏သတ်ဖြတ်လိုစိတ် ထွက်ပေါ်လာသောအခါ အလုပ်သမားများက သွေးအန်လိုက်ကြသည်။ အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်၏ ဖိအားက အရေအတွက်သန်းချီသော သာမန်လူများကို သွေးပွက်ပွက်အန်စေခဲ့သည်။ ကုန်းယွမ်၏ခန္ဓာကိုယ်ပတ်လည်မှ ရေချီများထွက်ပေါ်လာကာ ဧရာမပင်လယ်သားရဲကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားသောကြောင့် နေရောင်ပင် ဖုံးကွယ်ခံလိုက်ရသည်။ သူက ပြိုင်ဘက်ကင်းဝိဇ္ဇာများတွင် အနိမ့်ဆုံးအဆင့်ဖြစ်သော်လည်း သူ၏အစွမ်းက သာမန်လူများစိတ်ကူးနိုင်သည်ထက် များစွာကျော်လွန်သည်။ ကုန်းယွမ်၏နောက်တွင် နတ်ဝိဇ္ဇာသုံးယောက်လိုက်ပါလာပြီး သူတို့ဝတ်ဆင်ထားသော ချပ်ဝတ်များ တောက်ပလင်းလက်နေကာ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ထားကြသည်။
မုန်တိုင်းအိမ်တော်သည် အလယ်ကမ္ဘာတွင် မုန်တိုင်းမျိုးနွယ်၏ ကိုယ်စားပြုဖြစ်သည်။ ခေါင်းဆောင်တိုင်းကို မုန်တိုင်းမျိုးနွယ်၏ မဟာအကြီးအကဲများက ရွေးချယ်ရခြင်းဖြစ်သည်။ ကုန်းချန်တန်းသည် ကုန်းယွမ်၏ တိုက်ရိုက်တပည့်ဖြစ်သောကြောင့် သူအသတ်ခံလိုက်ရသောအခါ ကုန်းယွမ်မှာ ယမ်းပုံမီးကျဒေါသထွက်နေခဲ့သည်။ မုန်တိုင်းမျိုးနွယ်၏ ကာကွယ်ထောက်ပံ့မှုကြောင့် အလယ်ကမ္ဘာတွင် မုန်တိုင်းအိမ်တော်က အမြဲတမ်း နံပတ်တစ်ဖြစ်နေခဲ့သည်။ မည်သူမှ မုန်တိုင်းအိမ်တော်ကို မထိရဲသော်လည်း လက်ရှိအိမ်တော်သခင်ကို မထင်မရှားလူငယ်လေးတစ်ယောက်က သတ်သွားသောအခါ မုန်တိုင်းမျိုးနွယ်ကို အရှက်ရစေခဲ့သည်။
"မင်းထွက်မလာရဲရင် အကုန်လုံးကိုသတ်ပစ်ပြီး တစ်ယောက်မှ အသက်မရှင်စေရဘူး"
ကုန်းယွမ်က ဒေါသတကြီးအော်ဟစ်လိုက်သောအခါ သူ၏အော်သံက ခေါင်းလောင်းကြီးတစ်လုံးပမာ မြည်ဟီးသွားခဲ့သည်။ အကယ်၍ ယဲ့ချန်သာထွက်မလာလျှင် သူ့အတွက် ပုရွက်ဆိတ်များနှင့်တူညီသော လူသန်းချီကိုသတ်ရန် မျက်ခုံးတစ်ချက်ပင် တွန့်မည်မဟုတ်ပေ။
"မင်းက သခင့်ကို စော်ကားရဲတယ်။ သေချင်နေတာလား"
နန်ရှင်းတစ်က သစ်တောအတွင်းမှ ပြေးထွက်လာပြီး ကုန်းယွမ်ထံ အမြှောက်ဆံတစ်ခုပမာ ဝင်ရောက်သွားခဲ့သည်။
"အားနည်းတဲ့ နတ်ဘုရင်လေးတစ်ယောက်က လေကြီးလှချည်လား"
ကုန်းယွမ်က နှာခေါင်းရှုံ့လိုက်ပြီး ညာလက်ဖြင့် ရိုက်ချလိုက်သည်။ ကောင်းကင်တွင်ရှိနေသော ဧရာမရေသားရဲကြီး၏ လက်ဝါးကလည်း ပြိုင်တူလှုပ်ရှားလာသည်။
ဘန်းခနဲမြည်သံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာ၍ နန်ရှင်းတစ်က လက်ဝါးကြီးနှင့် ထိမှန်သွားခဲ့သည်။ သူက နံရံတစ်ခုဖြင့် ပိတ်ဆို့ခံလိုက်ရသကဲ့သို့ တစ်လက်မပင် ရှေ့မတိုးနိုင်တော့ချေ။ သူက အော်ဟစ်ကြုံးဝါး၍ လက်ဝါးကြီးကို ဆက်တိုက်ထိုးနှက်နေသော်လည်း အကျိုးမရှိပေ။ ထို့နောက် ရေသားရဲကြီး၏ရိုက်ချက်ဖြင့် သူက တောင်တစ်လုံးထံ လွင့်ထွက်သွားကာ ကျောက်တုံးကြီးများအောက်တွင် နှစ်မြုပ်ခံလိုက်ရသည်။
ကြယ်ခန်းမ၏ဂိုဏ်းသားတိုင်းက မျက်လုံးပြူးသွားကြကာ ကြောက်လန့်လာကြသည်။ သူတို့က နန်ရှင်းတစ်မှာ ဒဏ္ဍာရီလာနတ်ဘုရင်တစ်ယောက်ဖြစ်ပြီး အလွန်သန်မာသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားကြောင်း ကောင်းစွာနားလည်ထားကြသည်။ လက်ရှိတွင် သူက ဤအဘိုးအို၏လက်ဝါးတစ်ချက်နှင့် လွင့်ထွက်သွားသောအခါ တစ်ဖက်လူမှာ သူတို့၏နတ်ဘုရင်ထက် ပို၍အစွမ်းထက်ကြောင်း သိသွားခဲ့ကြသည်။
"ခန်းမသခင်က ဘယ်သူ့ကို စော်ကားခဲ့တာလဲ"
ယဲ့မျိုးနွယ်ဝင်များလည်း စိုးရိမ်တကြီးဖြစ်ကာ ယဲ့ချန်ကို လိုက်ရှာနေကြသည်။ တစ်ဖက်လူက သတ်ဖြတ်လိုစိတ် ပြင်းပြနေသောအခါ သူတို့၏ခေါင်းဆောင်သာ ထွက်လာလျှင် သေချာပေါက် အသတ်ခံရမည်ဖြစ်သည်။
"ချန်အာ ဘယ်မှာလဲ။ သူ့ကို မြန်မြန်ပုန်းခိုင်း"
ယဲ့ချိန်ရွှမ်းက အလောတကြီး အမိန့်ပေးလိုက်သည်။ သူတို့၏အမြင်တွင် ဤအဘိုးအိုကို ယဲ့ချန်က ယှဥ်နိုင်မည်မဟုတ်ပေ။
"ယဲ့ချန် မင်းဘယ်မှာလဲ။ ထွက်လာပြီး အသေခံစမ်း"
ကုန်းယွမ်၏အသံက ပြင်းထန်လွန်းသောကြောင့် လင်းယွန်တောင်တန်းတစ်ခုလုံး တုန်ခါသွားကာ တောင်ထိပ်အချို့ စတင်ပြိုကျလာသည်။ မြို့ငါးမြို့အတွင်းရှိ ဂိုဏ်းသားများနှင့် အလုပ်သမားများအားလုံးလည်း သွေးအန်၍ မြေပြင်တွင် လဲကျသွားကြသည်။
ထိုအချိန်တွင် မရပ်မနားလည်ပတ်နေသော ဆေးအိုးကြီးတစ်ခုက လေထဲတွင် ထွက်ပေါ်လာသည်။ မီးတောက်များ ခြံရံနေသော ၎င်းက ကုန်းယွမ်ထံ တည့်တည့်မတ်မတ် ဝင်ရောက်လာနေသည်။
"ဒါက ဒဏ္ဍာရီလာ ကောင်းကင်တုန်ခါဆေးအိုးလား။ ဆေးအိုးသက်သက်က ငါ့ကို ဘာလုပ်နိုင်မှာလဲ"
ကုန်းယွမ်၏ အတွေးတစ်ချက်တွင် ရေသားရဲကြီးက ပါးစပ်ကိုဟ၍ ရေချီများကိုစုစည်းကာ ဧရာမမြှားကြီးတစ်ချောင်း ထွေးထုတ်လိုက်သည်။ ၎င်းကို ရေချီများမှ ဖန်တီးထားခြင်းဖြစ်သော်လည်း အလွန်အမင်းအစွမ်းထက်ပြီး တောင်တန်းတစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည်။
"ဘုန်း"
ဆေးအိုးနှင့်မြှား ထိမှန်သွားချိန်တွင် တန်ပြန်အားတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာသောကြောင့် အနီးရှိ တောင်တစ်လုံး မြေပြင်တွင် ပြားချပ်သွားခဲ့သည်။ ကောင်းကင်တုန်ခါဆေးအိုးက လေထဲတွင် ရပ်တန့်သွားကာ ရေချီများက ရေနွေးငွေ့များအဖြစ် လောင်ကျွမ်းခံလိုက်ရသည်။
"သရေကျသွားတာလား"
သူ၏တိုက်ကွက်ကို ကောင်းကင်တုန်ခါဆေးအိုးက အသာအယာကာကွယ်လိုက်နိုင်မည်ဟု မျှော်လင့်မထားသော ကုန်းယွမ်က မင်သက်သွားခဲ့သည်။ သူ၏မြင်ကွင်း၌ သစ်တောအတွင်းမှ တစ်လှမ်းချင်းထွက်လာသော လူတစ်ယောက် ဝင်ရောက်လာသည်။ ထိုလူက လေကို လှေကားထစ်များသဖွယ် နင်းတက်၍ ကောင်းကင်သို့ တက်လာခဲ့သည်။
"ငါ ထွက်လာပြီ"
ယဲ့ချန်၏အဖြူရောင်ဝတ်ရုံက လေထဲတွင် လွင့်နေသည်။ သူက အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။ ယဲ့ချန်၏ ပြိုင်ဘက်ကင်းဂုဏ်ကျက်သရေက ကြယ်ခန်းမဂိုဏ်းဝင်များနှင့် ယဲ့မျိုးနွယ်ဝင်များကို လေးစားသွားစေသည်။ အတိတ်တွင် သူတို့က ယဲ့ချန်ကို နတ်ဘုရင်တစ်ယောက်ဟုသာ ထင်မှတ်ခဲ့ကြသည်။ သို့သော် လက်ရှိတွင် ယဲ့ချန်က နတ်ဘုရင်အဆင့်ထက်ပိုသော ခွန်အားမျိုး ပိုင်ဆိုင်ထားကြောင်း သဘောပေါက်သွားကြသည်။
"မင်းက ယဲ့ချန်လား"
ယဲ့ချန်ကိုကြည့်နေသော ကုန်းယွမ်၏မျက်လုံးများက အေးစက်တင်းမာနေသည်။ အဆုံးမဲ့ကျင့်ကြံသူ၏ အရှိန်အဝါက ယဲ့ချန်ထံ လှိုင်းလုံးကြီးတစ်ခုပမာ ကျရောက်လာသည်။
"ဒီကောင်က အဆုံးမဲ့အဆင့်သုံးကို ရောက်နေပြီ။ ဒါပေမယ့် သူ့အရှိန်အဝါအရ ပြောရရင် စစ်နတ်ဘုရားကျောင်းတော်က နှစ်ယောက်ထက် ပိုပြီးအစွမ်းထက်နိုင်တယ်။ သတိကြီးကြီးထား"
ခြင်္သေ့ကြီးက ယဲ့ချန်ကို စိတ်ဖြင့် သတိပေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က ကုန်းယွမ်၏အရှိန်အဝါကြောင့် ရင်ထဲတွင် စိုးထိတ်သွားသောကြောင့် ဝိညာဥ်အသိစိတ်နှင့် ကာကွယ်လိုက်ရသည်။ သို့သော်လည်း ကုန်းယွမ်၏အရှိန်အဝါက ကီလိုဂရမ်တစ်သိန်းမက လေးလံနေခဲ့သည်။ အဆုံးမဲ့ကျင့်ကြံသူများက အရှိန်အဝါသက်သက်ဖြင့်ပင် အလွန်အစွမ်းထက်ကြသည်။ ယဲ့ချန်က ထိုအရှိန်အဝါအောက်တွင် မားမားမတ်မတ်ရပ်ကာ ကုန်းယွမ်ကို ရင်ဆိုင်နေသည်။
ယဲ့ချန်က အသက်ငယ်သော်လည်း သူ၏အရှိန်အဝါကို ကောင်းစွာခုခံနိုင်နေသောကြောင့် ကုန်းယွမ်က အနည်းငယ်အံ့သြသွားခဲ့သည်။ တစ်ဖက်လူက အဖိုးတန်ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏တပည့်ကို သတ်ခဲ့သောကြောင့် ယနေ့ သေချာပေါက် သေရပေလိမ့်မည်။
"ကုန်းချန်တန်းကို မင်း သတ်လိုက်တာလား"
ယဲ့ချန်ကိုကြည့်နေသော ကုန်းယွမ်၏အကြည့်က ဓားတစ်လက်ပမာ ထက်ရှနေသည်။
"ဟုတ်တယ်"
ယဲ့ချန်က ကုန်းယွမ်ကိုပြန်ကြည့်ကာ အေးစက်စက်ဖြေလိုက်သည်။
"ဒါဆိုရင် သေစမ်း"
ကုန်းယွမ်၏သတ်ဖြတ်လိုစိတ်က မိုးထိုးမတတ်မြင့်တက်သွားကာ လက်ဝါးချက် ထုတ်ဖော်လိုက်သည်။ ပင်လယ်သားရဲကြီး၏ ဧရာမလက်ဝါးကြီးက ယဲ့ချန်ထံ ကျဆင်းလာပြီး ၎င်းက လေကိုပင်ထိုးဖောက်လာကာ လေဟာနယ်ပင် ပျက်စီးမတတ်ဖြစ်နေခဲ့သည်။ လောကကြီးက အရောင်ပြောင်းသွားပြီး လေပြင်းများထန်လာကာ နေရောင်ပင် မှိန်သွားခဲ့သည်။ လက်ဝါးချက်အောက်တွင် သန်းချီသောလူများက မျက်နှာပျက်ကာ ကြောက်လန့်ကုန်သည်။
"ဒါက ဘယ်လိုစွမ်းအားကြီးလဲ။ ကြောက်စရာကောင်းလိုက်တာ"
"ချန်အာ အန္တရာယ်ရှိနေပြီ"
ယဲ့မျိုးနွယ်ဝင်များက ကောင်းကင်ကိုမော့ကြည့်ပြီး အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်ထားမိကြသည်။ သူတို့၏ကျင့်ကြံဆင့်များက အာကာသကျောက်များကြောင့် ခုန်ပေါက်တိုးတက်လာသော်လည်း ဤအဆင့်တိုက်ပွဲမျိုးတွင် ယဲ့ချန်ကို ဝင်ရောက်ကူညီနိုင်စွမ်း မရှိပေ။
"ခေါင်းဆောင် ခင်ဗျား ဘာမှမဖြစ်ရဘူး"
ယဲ့မျိုးနွယ်ဝင်များက စိတ်ထဲတွင် ပြိုင်တူဆုတောင်းလိုက်ကြသည်။
ဧရာမလက်ဝါးကြီးနှင့်ယှဥ်လျှင် ယဲ့ချန်က အရေးမပါသော အစက်အပြောက်ငယ်တစ်ခုနှင့် တူညီနေသည်။ အပျက်အစီးများကြားမှ တိုးတက်ထွက်လာသော နန်ရှင်းတစ်မှာ ကောင်းကင်မှမြင်ကွင်းကြောင့် ယဲ့ချန်ကို အလွန်စိုးရိမ်နေခဲ့သည်။ ဤလက်ဝါးချက်က သူ့ကို ရိုက်ထုတ်လိုက်သော လက်ဝါးထက် ပို၍အစွမ်းထက်ကြောင်း သူက အာရုံခံမိသောကြောင့်ဖြစ်သည်။
ကြောက်မက်ဖွယ်လက်ဝါးချက်က နီးကပ်လာသော်လည်း ယဲ့ချန်၏မျက်နှာက အေးတိအေးစက်ပင်ဖြစ်သည်။ ကုန်းယွမ်သည်လည်း အကျိုးအကြောင်းမဆီလျော်သော လူတစ်ယောက်ဖြစ်ကာ အစွမ်းထက်သည်ကို အကြောင်းပြု၍ မောက်မာတတ်သူဖြစ်သည်။ ယဲ့ချန်သာ ရှုံးနိမ့်သွားလျှင် သူက အားလုံးကို မျက်တောင်မခတ်ဘဲ သတ်ဖြတ်ပေလိမ့်မည်။
အစွမ်းထက်ဖိအားကြောင့် ယဲ့ချန်က သွေးကြောများ ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ကိုယ်ပေါ်တွင် ခရမ်းရောင်တစ်ချက် တောက်ပလာကာ တစ်ကိုယ်လုံးက နတ်ဆိုးချပ်ဝတ်၏ အကာအကွယ်အောက် ကျရောက်သွားခဲ့သည်။
"ဘုန်း"
လက်ဝါးချက်က ယဲ့ချန်ထိမှန်သွားကာ ထွက်ပေါ်လာသော အားလှိုင်းကြီးက ကျင့်ကြံသူများစွာကို လွင့်ထွက်သွားစေသည်။ တိုက်ပွဲနှင့် အနီးဆုံးတွင်ရှိနေသော တောင်တစ်လုံးက မြေပြင်အောက်သို့ နိမ့်ကျသွားခဲ့သည်။
"ကြောက်စရာကောင်းလိုက်တာ"
သန်းချီသောလူများက ကြောက်လန့်စွာ ရေရွတ်လိုက်ကြသည်။
"ခန်းမသခင် သေသွားပြီလား"
အားလုံး၏ရင်ထဲတွင် ဝမ်းနည်းစိတ်နှင့် ကြောက်စိတ်များ ရောယှက်နေသည်။ ကုန်းယွမ်က သူတို့ကို ပုရွက်ဆိတ်များပမာ သဘောထား၍ ခန်းမသခင်တစ်ယောက်တည်းကသာ ခုခံနိုင်သောကြောင့် သူတို့၏အသက်များက ယဲ့ချန်၏အသက်နှင့် ဆက်နွယ်နေသည်။
"ချန်အာ"
ယဲ့ကျန့်တန်းမှာ လက်သီးကို ပြင်းထန်စွာ ဆုပ်ထားမိသောကြောင့် လက်ဝါးအတွင်းမှ သွေးများပင် စီးထွက်လာသည်။ ဤအချိန်တွင် သူ လိုချင်သောအရာမှာ ယဲ့ချန်နှင့် ပခုံးချင်းယှဥ်တိုက်နိုင်မည့် စွမ်းအားမျိုးဖြစ်သည်။
"ခေါင်းဆောင် ခင်ဗျားမသေရဘူး"
"အစ်ကိုကြီး သေလို့မဖြစ်ပါဘူး"
ယဲ့မျိုးနွယ်ဝင်အားလုံးက မျက်စိကို အစွမ်းကုန်ဖွင့်ထားပြီး ကောင်းကင်ထက်တွင် ယဲ့ချန်ကို လိုက်ရှာနေခဲ့ကြသည်။ စွမ်းအားများ လွင့်ပြယ်သွားချိန်တွင် ကောင်းကင်၌ ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ ကုန်းယွမ်တို့လူစုရှေ့တွင် ပုံရိပ်တစ်ခုက မားမားမတ်မတ်ရပ်နေခဲ့သည်။
"ခေါင်းဆောင် မသေဘူးဟေ့"
"ခန်းမသခင်က ကာကွယ်လိုက်နိုင်တယ်"
လူတိုင်းက ပျော်ရွှင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။ ယဲ့ချန် အသက်ရှင်နေခြင်းက သူတို့အားလုံးကို ဝမ်းမြောက်စေခဲ့သည်။ များစွာသော ကျင့်ကြံသူများက ကိုယ့်ကိုကိုယ် ကြယ်ခန်းမ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာသည်ဟု ပထမဆုံးအကြိမ် ခံစားမိလိုက်ကြသည်။ သူတို့၏ကံကြမ္မာနှင့် အသက်က ကြယ်ခန်းမနှင့် ဆက်သွယ်သွားခဲ့လေသည်။