ကုန်းယွမ်နှင့်တိုက်ပွဲ
Vol. 28 Ch. 386
ကုန်းယွမ်၏လက်ဝါးချက်သည် နတ်ဆိုးချပ်ဝတ်၏ ကာကွယ်ရေးရုန်း ကိုးဆယ်ရာခိုင်နှုန်းကို အသက်ဝင်လာစေခဲ့သည်။ အကယ်၍ ဤလက်ဝါးသာ အဆအနည်းငယ် ပို၍အစွမ်းထက်နေလျှင် ၎င်း၏အကန့်အသတ်ကို ထိုးဖောက်သွားနိုင်ချေရှိသည်။ အဆုံးမဲ့အဆင့်သုံး ကျင့်ကြံသူတစ်ယောက်၏ အားကုန်တိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းလှသည်။ ထို့အပြင် ကုန်းယွမ်၏ခွန်အားနှင့် ကောင်းကင်ချီက အဆင့်တူချင်းဖြစ်သော ဝမ်ကျွင်းရှီထက် များစွာပို၍နက်ရှိုင်း အစွမ်းထက်ပေသည်။
"နတ်ဆိုးချပ်ဝတ်ပါလား။ မင်းက ကုန်းချန်တန်းကိုသတ်နိုင်ခဲ့တာ အံ့သြစရာမရှိဘူး။ ဒီနေ့ မင်းကို ဒီချပ်ဝတ်တောင် မကယ်နိုင်စေရဘူး"
ကုန်းယွမ်၏အကြည့်က ပို၍အေးစက် တင်းမာလာခဲ့သည်။ ယဲ့ချန်၏နတ်ဆိုးချပ်ဝတ်ကို ထောက်လှမ်းပြီးနောက် အစိတ်အပိုင်းအများစုက အဆင့်ရှစ်သာဖြစ်ကြောင်း သူက သိလိုက်သည်။ အကယ်၍ ၎င်းက အဆင့်ကိုးတစ်စုံဖြစ်နေလျှင် ကုန်းယွမ်ပင် ယဲ့ချန်ကို ထိနိုင်မည်မဟုတ်ပေ။
"မိုးကြိုးမျိုးနွယ်ရဲ့ ပိုလင်းအပြင် ခရမ်းရောင်နတ်ဆိုးချပ်ဝတ်တစ်စုံကို စုဆောင်းနိုင်ခဲ့တဲ့ ကျင့်ကြံသူက မင်းဖြစ်နေမယ်လို့ မထင်မထားဘူး။ မင်းရဲ့ချပ်ဝတ်က အဆင့်ရှစ်ဖြစ်နေတာ သနားစရာကောင်းလိုက်တာ။ ဒီနေ့နတ်ဆိုးချပ်ဝတ်ကို ငါကိုယ်တိုင် ထိုးဖောက်ပြမယ်"
ကုန်းယွမ်က ပြောပြောဆိုဆိုနှင့် ထူးထူးဆန်းဆန်းပါးလှသော ဆေဘာတစ်လက်ကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်သည်။ မိုးပြာရောင်လင်းလက်နေသော ဓားသွားပေါ်တွင် လျှို့ဝှက်ကျင့်စဥ်ငါးခုကို ရုန်းများအဖြစ် ရေးထွင်းထားသည်။
ကုန်းယွမ်၏ဆေဘာကြောင့် ယဲ့ချန်က အနည်းငယ် စိုးထိတ်သွားခဲ့သည်။ သူ၏လက်ထဲတွင်ရှိနေသော မုန်တိုင်းဓားကလည်း မုန်တိုင်းမျိုးနွယ်နှင့် သက်ဆိုင်နေသည်။ မုန်တိုင်းမျိုးနွယ်တွင် လက်နက်များပေါ်တွင် ကျင့်စဥ်ရုန်းများ ရေးထွင်းနိုင်သော ထူးခြားသည့်နည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ကုန်းယွမ်၏ဆေဘာပေါ်ရှိ ရုန်းအရေအတွက်ကို ယဲ့ချန်က သိချင်နေခဲ့သည်။ ဤလူက ဟုဖုန်းနှင့်ဝမ်ကျွင်းရှီထက် ပို၍ကိုင်တွင်ရခက်ခဲပြီး ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီကို ထုတ်သုံးလျှင်ပင် ရင်ဆိုင်နိုင်မည်မဟုတ်ဟု ခံစားနေရသည်။ ထို့အပြင် ဤနေရာ၌ သူ၏နောက်လိုက်များစွာ ရှိနေသောကြောင့် တိုက်ပွဲတစ်ခု ပြင်းထန်စွာဖြစ်ပွားလျှင် ကြယ်ခန်းမ၏အဖွဲ့ဝင်များစွာကို သေကြေပျက်စီးသွားစေနိုင်သည်။
"အဘိုးကြီး မင်း ငါ့ကိုတိုက်ချင်ရင် လိုက်ခဲ့စမ်း"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် တဟုန်ထိုးလျှပ်စီးကို အသုံးချ၍ ထွက်ပြေးလိုက်သည်။ သူက အရိပ်တစ်ခုပမာ လျင်မြန်စွာဖြင့် လင်းယွန်တောင်တန်း၏ တောင်ထိပ်တစ်ခုထံ ဦးတည်နေသည်။
"ခွေးကောင် ငြိမ်ငြိမ်လေး အသေခံစမ်း"
ကုန်းယွမ်က ဒေါသတကြီး ပြေးလိုက်သွားခဲ့သည်။ သို့သော် ယဲ့ချန်၏အလျင်က ပို၍မြန်ဆန်နေသောကြောင့် နောက်ချန်ပုံရိပ်များကြားတွင် သူက ပြတ်ကျန်ရစ်ခဲ့သည်။ သူက အလျင်ချင်း လုံးဝမယှဥ်နိုင်သောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ လျှို့ဝှက်ကျင့်စဥ်တစ်ခုကို ထုတ်သုံးထားသည့်တိုင်အောင် လျင်မြန်မှုတွင် ယဲ့ချန်အောက် နိမ့်ကျနေခဲ့သည်။
အကွာအဝေးချင်း ပို၍တိုးလာပြီးနောက် ကုန်းယွမ်က နောက်တွင်ကျန်ရစ်ခဲ့ပြီး ယဲ့ချန်က ထောင်ချီဓားအစီအရင်အတွင်း ဝင်ရောက်သွားခဲ့သည်။ ထို့နောက် သောင်းချီသော ဓားပေါင်းများစွာက ကောင်းကင်တွင်ထွက်ပေါ်လာကာ သတ်ဖြတ်လိုစိတ်တစ်ခုက ကုန်းယွမ်ကို ပစ်မှတ်ထားလာသည်။ ကုန်းယွမ်က လေထဲတွင် ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။ ထောင်ချီဓားအစီအရင်က သူ့ကို အနည်းငယ်ကြောက်လန့်စေသည်။ သူက အတွေ့အကြုံများသူပီပီ ယဲ့ချန်က သူ့ကိုတိုက်ခိုက်ရန် ဤနေရာသို့ မျှားခေါ်လာခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
"ကုန်းကြွယ် ကုန်းမင် ကုန်းမန် သတ်ကြစမ်း"
ကုန်းယွမ်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
နတ်ဝိဇ္ဇာသုံးယောက်က လက်နက်ကိုယ်စီဆွဲထုတ်၍ မြေပြင်ရှိ ကြယ်ခန်းမအဖွဲ့ဝင်များထံ တဟုန်ထိုးဝင်ရောက်သွားကြသည်။ သူတို့က ကြယ်ခန်းမ၏ သာမန်ကျင့်ကြံသူများကို သတ်ဖြတ်ရန် အသင့်ဖြစ်နေခဲ့သည်။
"မင်းက ဒီဓားအစီအရင်ထဲမှာ တစ်သက်လုံး ပုန်းနေနိုင်မလား ကြည့်ရသေးတာပေါ့"
ကုန်းယွမ်က ဆိုးယုတ်စွာပြုံးလိုက်ပြီး ယဲ့ချန်ရှိသော တောင်ထိပ်ကို အေးစက်စက်စိုက်ကြည့်နေခဲ့သည်။
ထောင်ချီဓားအစီအရင်အတွင်းရှိ ယဲ့ချန်သည် ကုန်းယွမ်က သူ့နောက်သို့လိုက်မလာဘဲ အဝေးတွင်ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူ၏လက်အောက်ခံ နတ်ဝိဇ္ဇာများက ကြယ်ခန်းမအဖွဲ့ဝင်များကို တိုက်ခိုက်နေပြီဖြစ်သောကြောင့် ယဲ့ချန်က ထောင်ချီဓားအစီအရင်ကို အသက်သွင်းလိုက်သည်။ အစီအရင်၏ တိုက်ခိုက်နိုင်သော အကွာအဝေးကို ကုန်းယွမ်က အလွန်အထင်သေးနေခဲ့သည်။
နတ်ဝိဇ္ဇာသုံးယောက်၏ ဓားချက်အောက်တွင် ထောင်ချီသောကျင့်ကြံသူများနှင့် အလုပ်သမားများ သတ်ဖြတ်ခံလိုက်ရပြီး မြေပြင်တွင် သွေးချင်းချင်းနီနေခဲ့သည်။ နတ်ဝိဇ္ဇာတစ်ယောက်၏ရှေ့တွင် သူတို့က အလွန်အားနည်းနေကာ ယှဥ်ပြိုင်နိုင်စွမ်းမရှိချေ။
"ခွေးကောင်တွေ ရပ်စမ်း"
နင်ချင်းယွင်၊ ရှဲ့တောက်၊ ရှဲ့ကျန်းနှင့် ဆန်းကျယ်အဆင့် ကျင့်ကြံသူများက လေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ခုန်တက်လာကြသည်။ သူတို့ထဲတွင် အချို့က ဆန်းကျယ်အဆင့်ထိပ်ဆုံးသို့ပင် ရောက်ရှိထားကြသည်။
"နိမ့်ကျတဲ့ကောင်တွေကများ စိန်ခေါ်ရဲတယ်"
ကုန်းကြွယ်တို့သုံးယောက်က လှောင်ပြောင်လိုက်ပြီး လက်ဝါးချက်များ ထုတ်ဖော်လိုက်သောအခါ ကြယ်ခန်းမ၏ ဆန်းကျယ်အဆင့် ကျင့်ကြံသူများမှာသွေးအန်၍ လွင့်ထွက်သွားကြသည်။ ကျင့်ကြံဆင့်နှင့်ခွန်အားက အဆမတန်ကွာခြားနေခဲ့သည်။
ထိုအချိန်တွင် နန်ရှင်းတစ်၊ အားဖန်ကိုးနှင့် ရှောင်ရိက ရန်သူသုံးယောက်ကို ရင်ဆိုင်ရန် တိုက်ပွဲအတွင်း ဝင်ရောက်လာကြသည်။ ရှောင်ရိနှင့်အားဖန်ကိုးက မူလသားရဲအသွင်သို့ ပြောင်းလဲထားကြကာ နတ်ဘုရင်သုံးယောက်နှင့် နတ်ဝိဇ္ဇာသုံးယောက်၏တိုက်ပွဲက ကြမ်းတမ်းရက်စက်စွာ ဖြစ်ပေါ်လာခဲ့သည်။
ကြယ်ခန်းမ၏ဂိုဏ်းသားများက နောက်သို့ဆက်တိုက် ဆုတ်ခွာသွားကြသည်။ တိုက်ပွဲအတွင်းမှ လွင့်စင်ထွက်လာသော သာမန်ဓားချီတစ်ခုတလေကိုပင် သူတို့က မခုခံနိုင်ကြချေ။ အလွန်ဝေးကွာသော အရပ်အထိ ဆုတ်ခွာပြီးမှသာ တိုက်ပွဲအခြေအနေကို ကြည့်ရှုရဲကြသည်။ တစ်ယောက်ချင်းစီ၏ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားဟန်များ ထွက်ပေါ်နေပြီး ကျင့်ကြံခြင်း၏ထိပ်တန်းဖြစ်သော နတ်အဆင့်ဆိုသည့် ပန်းတိုင်သို့ရောက်အောင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်ကြသည်။
"မင်းမှာ နတ်ဘုရင် နောက်လိုက်သုံးယောက် အမှန်တကယ်ရှိနေတယ်ပေါ့။ ငါ မင်းကို အထင်သေးမိသွားတယ်"
ကုန်းယွမ်က လှောင်ရယ်လိုက်ပြီး ဆိုးညစ်စွာဖြင့် ရှောင်ရိတို့သုံးယောက်ကို အလစ်ချောင်းတိုက်ခိုက်ရန် လှည့်ထွက်လိုက်သည်။ သူ၏ရေသားရဲကြီးက ဧရာမလက်ဝါးကြီးကိုမြှောက်ကာ ရိုက်ချရန် အသင့်ဖြစ်နေခဲ့သည်။
ဤမြင်ကွင်းကြောင့် ယဲ့ချန်၏မျက်လုံးများတွင် ခရမ်းရောင်မီးများ တောက်လောင်လာခဲ့သည်။ ကုန်းယွမ်၏ဘေးတွင် ဝိညာဥ်စစ်သည်တော်က ရုတ်တရက်ထွက်ပေါ်လာသည်။
"နဂါးငွေ့တန်းလက်ဝါးသိုင်း"
ဝိညာဥ်စစ်သည်တော်၏ လက်ဝါးချက် ထွက်ပေါ်လာသောအခါ ခရမ်းရောင်မီးတောက်များက ကြယ်စွမ်းအားများအဖြစ် ပြောင်းလဲသွားကြသည်။ ကုန်းယွမ်မှာ နေရာတွင် ချုပ်နှောင်ခံလိုက်ရသည်။ ဆယ်မီတာကျော်မြင့်သော ဝိညာဥ်စစ်သည်တော်၏ လက်ဝါးချက်က ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ပေးစွမ်းနေသည်။ ၎င်း၏ကြေးခေါင်းလောင်းများကဲ့သို့ ကြီးမားသောမျက်လုံးများက ကုန်းယွမ်ကို စိုက်ကြည့်နေပြီး လောက၏ချုပ်နှောင်မှုများမှ လွတ်မြောက်လိုသည့် သားရဲကြီးတစ်ကောင်ပမာ အော်ဟစ်ဟိန်းဟောက်နေသည်။ ၎င်း၏အရွယ်အစားက ကုန်းယွမ်၏ကောင်းကင်ချီများမှ ဖြစ်ပေါ်လာသော ရေသားရဲကြီးထက်ပင် ပို၍ကြီးမားနေသည်။
နဂါးငွေတန်းလက်ဝါးက ကောင်းကင်ကို ဖြတ်သန်းလာသော ကြယ်များကဲ့သို့ ကျရောက်လာသည်။
"ဝိညာဥ်အသွင်ဖြစ်တည်ခြင်း ကောင်းကင်သားရဲနတ်ဘုရင်လား။ ဒါပေမယ့် မင်းက နတ်ဘုရင်အဆင့်ဖြစ်နေတာ သနားစရာပဲ။ ငါ့ကိုသတ်ချင်ရင် အိပ်မက်ထဲမှာပဲ ရမယ်"
ကုန်းယွမ်၏မျက်နှာက လေးနက်သွားသည်။ သူက အော်ဟစ်လိုက်သောအခါ ရေသားရဲကလည်း ပြိုင်တူဟိန်းဟောက်လိုက်သည်။ ဘန်းခနဲမြည်သံနှင့်အတူ ၎င်းက ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်ထံ တစ်ကိုယ်လုံး ပစ်ဝင်သွားခဲ့သည်။ နတ်ဘုရင်တစ်ယောက်နှင့် အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ကြားတွင် အဆင့်ကြီးတစ်ဆင့် ကွာခြားနေသည်။
"ဘုန်း"
ဝိညာဥ်စစ်သည်တော်က ရေသားရဲကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ ဧရာမသားရဲကြီးနှစ်ကောင်၏ တိုက်ပွဲကြားတွင် ရေသားရဲက အသာစီးရယူနိုင်ခဲ့သည်။
"သေးငယ်တဲ့နတ်ဘုရင်တစ်ယောက်က ငါ့ကို တိုက်ခိုက်ရဲတယ်။ သေချင်နေတာလား"
ကုန်းယွမ်က လှောင်ရယ်လိုက်ပြီး ပိုမိုများပြားသော ကောင်းကင်ချီများကို ရေသားရဲကြီးထံ ပေါင်းစပ်ပေးလိုက်သည်။
ထောင်ချီဓားအစီအရင်အတွင်း ရှိနေသော ယဲ့ချန်က တန်ပြန်ဒဏ်ကြောင့် သွေးတစ်လုတ် အန်ချလိုက်ရသည်။ အဆုံးမဲ့ကျင့်ကြံသူများက အမှန်တကယ်အစွမ်းထက်သည်။ သို့သော် သူက ဝိညာဥ်စစ်သည်တော်ကိုထုတ်သုံးခဲ့ခြင်းမှာ ကုန်းယွမ်ကို သတ်ဖြတ်လိုသောကြောင့်မဟုတ်ဘဲ ရှောင်ရိတို့ကို မတိုက်ခိုက်နိုင်စေရန်သာ ဖြစ်သည်။
"ဒီလောက်မောက်မာမနေစမ်းနဲ့"
ယဲ့ချန်၏ခန္ဓာကိုယ်က ဓားအစီအရင်အတွင်း ပေါင်းစပ်သွားကာ ကောင်းကင်ချီများထွက်ပေါ်လာကာ အစီအရင်နှင့်လူ တစ်သားတည်းဖြစ်သွားခဲ့သည်။ လေထဲတွင် မတ်တပ်ရပ်နေသော ယဲ့ချန်အတွက် ဓားများက သူ၏ခြေလက်များပမာ ခံစားလိုက်ရ၏။
"ငါ့ဓားအစီအရင်က မင်းကို မသတ်နိုင်ဘူး ထင်နေတာလား။ ငါ့ကို တော်တော်အထင်သေးနေတယ်ပေါ့"
"ထောင်ချီဓားအစီအရင် သတ်စမ်း"
ယဲ့ချန်က လက်ထဲတွင် အစီအရင်၏ဗဟိုဓားကို ကိုင်ဆောင်ထားပြီး ကုန်းယွမ်ကို စိုက်ကြည့်နေခဲ့သည်။ သူက မူလဓားကို ယမ်းလိုက်သောအခါ သောင်းချီသောဓားများက မြစ်ကြီးတစ်ခုပမာစုစည်း၍ ပစ်မှတ်ထံ ဝင်ရောက်သွားကြသည်။
ကုန်းယွမ်က ဓားအစီအရင်ကို စိုးရိမ်နေသောကြောင့် သုံးကီလိုမီတာအကွာတွင် ရပ်နေခြင်းဖြစ်သည်။ သို့သော်လည်း သူက ၎င်း၏တိုက်ခိုက်နိုင်သော အကွာအဝေးကို အထင်သေးမိလိုက်သည်။ သူက ဝိညာဥ်စစ်သည်တော်ကို သတ်နိုင်လိုက်သောအခါ ဓားအစီအရင်က အသက်ဝင်ပြီးဖြစ်သည်။ မြစ်ကြီးတစ်ခုနှင့်တူညီသော ဓားစီးကြောင်းကြီးကိုကြည့်ကာ သူက အလွန်ထိတ်လန့်သွားခဲ့သည်။ ယဲ့ချန်၏ဝိညာဥ်စစ်သည်တော်က ဟန်ပြသာဖြစ်ပြီး ဤဓားအစီအရင်ကမှ အမှန်တကယ် သတ်ဖြတ်ရေးတိုက်ကွက်ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။
"ငါ့ကိုသတ်ဖို့ဒီလောက်မလွယ်ဘူး။ လျှို့ဝှက်ကျင့်စဥ် ရေသားရဲအကာအကွယ်"
ကုန်းယွမ်နှင့် ယဲ့ချန်ကြားတွင် ခွန်အားကွာခြားချက်က အလွန်ကြီးမားသောကြောင့် ကုန်းယွမ်က နှာခေါင်းရှုံ့လိုက်သည်။ အကယ်၍ ယဲ့ချန်ကသာ ဓားအစီအရင်လေးတစ်ခုတည်းနှင့် သူ့ကိုသတ်ချင်လျှင် အထင်သေးရာရောက်ပေသည်။
ရေသားရဲကြီးက ကုန်းယွမ်၏ခန္ဓာကိုယ်ပတ်လည်တွင် ဘောလုံးတစ်ခုပမာ ရစ်ပတ်ကာကွယ်လိုက်သည်။
"ထန် ထန် ထန်"
ဓားများက ၎င်းကိုထိမှန်သွားချိန်တွင် သတ္တုချင်းထိခတ်သံများ ထွက်ပေါ်လာကာ နေရာတိုင်းသို့ မီးပွားများ လွင့်စင်နေကြသည်။ တစ်သောင်းသောဓားများက ကုန်းယွမ်၏ခံစစ်ကို အချိန်တိုအတွင်း မထိုးဖောက်နိုင်သော်လည်း သူ့ကို နေရာတွင် ခြေချုပ်မိသွားစေခဲ့သည်။
"ကြည့်ရတာ မင်းရဲ့ဓားအစီအရင်က ဒီထက်မပိုဘူးထင်တယ်"
ကုန်းယွမ်က အေးစက်စက်ရယ်မော၍ လှောင်ပြောင်လိုက်သည်။ သို့သော် အမှန်တကယ်တွင် ဓားအစီအရင်က သူ့ကို ဖိအားကြီးမားစွာ ပေးနေသည်။ ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်ချီများ ဆက်တိုက်ကုန်ဆုံးနေကာ ရေသားရဲပျက်စီးသွားလျှင် သူက ပြဿနာတက်ပြီဖြစ်သည်။ သို့သော် သူက နတ်ဘုရင်တစ်ယောက်ရှေ့တွင် အားနည်းမှုကို ထုတ်မပြရဲချေ။ အဆုံးမဲ့ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီးနောက် နတ်ဘုရင်တစ်ယောက်ကြောင့် ဤအခြေအနေအထိ ဖိအားပေးခံရသည်မှာ သူ့အတွက် ပထမဆုံးဖြစ်သည်။
"ငါက မင်းရဲ့ခံစစ်ကို အမှန်တကယ်မထိုးဖောက်နိုင်ဘူး ထင်နေတာလား။ မင်းရဲ့လျှို့ဝှက်ကျင့်စဥ်ကို တော်တော်အထင်ကြီးနေတာလား"
ယဲ့ချန်က ကုန်းယွမ်ကို အထင်သေးစွာကြည့်လိုက်ပြီး ကောင်းကင်ဓားပျံများ ဖန်တီးလိုက်သည်။ သူ၏ညာလက် တစ်ချက်လှုပ်လိုက်သည်နှင့် တပြိုင်နက် ဓားပျံများက ရေသားရဲအတွင်းရှိ ကုန်းယွမ်ထံ ဝင်ရောက်သွားကြသည်။ ကောင်းကင်ချီကျင့်ကြံဆင့်က ဆန်းကျယ်အဆင့်သို့ ရောက်လာပြီးနောက် ယဲ့ချန်၏ကောင်းကင်ဓားပျံများ ရောက်နိုင်သော အကွာအဝေးက လေးကီလိုမီတာအထိ တိုက်ခိုက်နိုင်စွမ်းရှိလာသည်။
"ရွှစ် ရွှစ် ရွှစ်"
ကောင်းကင်ဓားပျံသုံးချောင်းက ထောင်ချီဓားအစီအရင်၏ ဓားများအတွင်း ရောနှောဝင်ရောက်သွားခဲ့သည်။ ဓားပျံသုံးလက်ကို သောင်းချီသော ဓားများအကြား ဖုံးကွယ်ထားသဖြင့် အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်သော ကုန်းယွမ်ပင် သတိမထားမိခဲ့ပေ။ ထို့နောက် ၎င်းတို့က ရေသားရဲကြီးကို ထိုးဖောက်သွားကြလေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက ငါ့လျှို့ဝှက်ကျင့်စဥ်ကို ဘယ်လိုလုပ်ထိုးဖောက်နိုင်တာလဲ"
ရေသားရဲအကာအကွယ်က အလွယ်တကူ ထိုးဖောက်ခံလိုက်ရသောကြောင့် ကုန်းယွမ်က အလန့်တကြားဖြစ်သွားခဲ့သည်။ ကောင်းကင်ဓားပျံသုံးလက်က ရေသားရဲကြီး၏ကိုယ်ပေါ်တွင် အပေါက်သုံးခုကို အလွယ်တကူ ဖြစ်ပေါ်လာစေခဲ့သည်။ ကုန်းယွမ်၏ ရေသားရဲအကာအကွယ်က အတိတ်တွင် လုံးဝထိုးဖောက်ခံရခြင်း မဖြစ်ဖူးပေ။ အလွန်အမင်းထက်ရှသော ဓားပျံသုံးလက်ကို မြင်လိုက်ရသောအခါ ၎င်းတို့နှင့်ထိမှန်ခံလိုက်ရလျှင် သူ၏ခန္ဓာကိုယ် ထုတ်ချင်းဖောက်ခံရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူက ၎င်းတို့ကို ဒရောသောပါး ရှောင်တိမ်းလိုက်ရသည်။
ဓားပျံသုံးလက်လုံး လွဲချော်သွားသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်က အမှန်တကယ် ကိုင်တွယ်ရခက်ခဲပေသည်။ ကုန်းယွမ်က ယဲ့ချန်၏တိုက်ကွက်ကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ကောင်းကင်ဓားပျံများကြောင့် ထိုးဖောက်ခံလိုက်ရသော ရေသားရဲအကာအကွယ်က ဓားအစီအရင်ကြောင့် ပျက်စီးသွားခဲ့သည်။ ထောင်သောင်းမကသော ဓားများအောက်တွင် ရေသားရဲကြီးမှာ တစ်ချက်သာဟိန်းဟောက်နိုင်၍ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့လေသည်။