← Chapters

ဖိနှိပ်ခြင်း

Vol. 28 Ch. 387

ဖိနှိပ်ခြင်း

Vol. 28 Ch. 387

တိုးဝင်လာနေသော ဓားစီးကြောင်းကြီးကို ကုန်းယွမ်က ထိပ်တိုက်ရင်ဆိုင်မရဲသောကြောင့် ထွက်ပြေးလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ထိမှန်ခါနီးဖြစ်နေသော ဓားများကိုလည်း လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

"အစွမ်းထက်လိုက်တဲ့ အစီအရင်။ မင်းက ငါ့ကို မုန်တိုင်းမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်ထုတ်သုံးရအောင် ဖိအားပေးနိုင်မယ်လို့ မထင်ထားဘူး။ ဒီကျင့်စဥ်နဲ့သေရတာ ဂုဏ်ယူလိုက်စမ်း"

ပထမဆုံးအကြိမ်အနေဖြင့် ကုန်းယွမ်သည် ယဲ့ချန်ကဲ့သို့ နတ်ဘုရင်တစ်ယောက်ကို အလေးအနက်ထားမိလိုက်သည်။ သူ၏ဆေဘာပေါ်ရှိ ကျင့်စဥ်ရုန်းကို အသက်သွင်းလိုက်သောအခါ ၎င်းက ချက်ချင်းတောက်ပလာသည်။ ထို့နောက် သူက ထောင်ချီဓားအစီအရင်အတွင်းရှိ ယဲ့ချန်ကို စိုက်ကြည့်ကာ တစ်ကိုယ်လုံးက ဓားအလင်းတစ်ခုအဖြစ် အသွင်ပြောင်း၍ တိုးဝင်လာခဲ့သည်။

"လျှို့ဝှက်ကျင့်စဥ် ဖျက်ဆီးရေးကြယ်"

ကုန်းယွမ်၏အလျင်က ကောင်းကင်တွင် ငှက်တစ်ကောင်ကဲ့သို့ ရုတ်တရက်မြန်ဆန်လာသည်။ ယဲ့ချန်ကလည်း ကုန်းယွမ်ကိုတိုက်ခိုက်ရန် အစီအရင်ဓားများကို ထိန်းချုပ်လိုက်သည်။ သို့သော်လည်း ၎င်းတို့က ရန်သူ၏အလျင်ကို အမီမလိုက်နိုင်ခဲ့ပေ။ ကုန်းယွမ်က အလွန်အမင်းမြန်ဆန်နေပြီး သူ၏ခွန်အားဖြင့်ဆိုလျှင် ဓားအစီအရင်အတွင်းရှိ ယဲ့ချန်ကို သတ်ဖြတ်ရန် လုံလောက်သည်ထက်ပိုနေခဲ့သည်။

"မင်းကြောင့် နတ်ဆိုးဖိနှိပ်နာရီကို ထုတ်သုံးရလိမ့်မယ်လို့ မထင်ထားဘူး။ ငါ့ရတနာကြောင့် သေရတာ မင်းအတွက် ဂုဏ်ယူစရာကောင်းလိမ့်မယ်"

ရှောင်ရိတို့သုံးယောက်က မုန်တိုင်းမျိုးနွယ်၏ နတ်ဝိဇ္ဇာသုံးယောက်အောက် အနည်းငယ်အားနည်းသောကြောင့် လက်ရှိတွင် ဒဏ်ရာများရနေသည်ကို ယဲ့ချန်က တွေ့လိုက်ရသည်။ အကယ်၍ သူတို့ကို ယဲ့ချန်သာမကူညီလျှင် အသက်အန္တရာယ်ရှိသောကြောင့် နတ်ဆိုးဖိနှိပ်နာရီကို ချက်ချင်းထုတ်သုံးလိုက်သည်။

ယဲ့ချန်၏စကားကိုကြားသောအခါ ကုန်းယွမ်က ထိတ်လန့်သွားသည်။ တစ်ဖက်လူတွင် အဖိုးတန်ရတနာရှိနေလျှင် ကိုယ်ကျိုးနည်းသွားနိုင်သဖြင့် သူ၏အရှိန်က နှေးကွေးစပြုလာသည်။

ထိုအချိန်တွင် ယဲ့ချန်က လက်မောင်းကာအတွင်းမှ ဧရာမအနက်ရောင်နာရီကြီးကို ပစ်ထုတ်လိုက်သည်။ ထို့နောက် များစွာသောဆေးလုံးများက ၎င်းအတွင်း စီးဝင်လာသောအခါ ရုတ်တရက်တောက်ပလာ၍ ကုန်းယွမ်၏ခေါင်းအထက်သို့ လွင့်ပျံလာခဲ့သည်။ ယဲ့ချန်က ခဏအတွင်း နာရီကိုထောက်ပံ့ရန် ချီပြိုကွဲဆေးလုံး နှစ်သိန်းကျော် အသုံးပြုလိုက်သည်။

"ဒါက ဘာကြီးလဲ"

ကုန်းယွမ်က ကြောက်အားလန့်အားဖြင့် သူ၏ခေါင်းအထက်မှ ကျဆင်းလာသော နာရီကြီးကို လက်ဝါးဖြင့်ရိုက်လိုက်သည်။ သူ၏လက်ဝါးက နာရီအပေါ် ကျရောက်သွားသောအခါ တဒေါင်ဒေါင်မြည်ဟီသွား၍ အသံလှိုင်းများက သူ့ကို နာကျင်စေခဲ့သည်။ ကောင်းကင်ချီများစွာလည်း ပျက်ပြယ်သွားကာ လျှို့ဝှက်ကျင့်စဥ်က လမ်းခုလတ်တွင် တားမြစ်ခံလိုက်ရသည်။ နတ်ဆိုးဖိနှိပ်နာရီကို တိုက်ခိုက်သူသည် တန်ပြန်ဒဏ်ကို ခံစားရမည်ဖြစ်သည်။ ထို့နောက် ၎င်းက ကုန်းယွမ်ကိုဝါးမျို၍ လင်းယွန်တောင်တန်းအပေါ်သို့ သက်ဆင်းသွားခဲ့သည်။

"ဘုန်း"

ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာသည်။ တောင်တန်းကြီးတစ်ခုလုံး တုန်ခါသွားပြီး တိုက်ပွဲကိုကြည့်နေသူများအားလုံး မျက်လုံးပြူးသွားခဲ့ကြသည်။ ယဲ့ချန်က လေထဲတွင် ဓားအစီအရင်၏ဓားများခြံရံလျက် နတ်ဘုရားတစ်ပါးသဖွယ် ဝံ့ကြွားစွာရပ်နေသည်။

"ခန်းမသခင်က ရန်သူကို ဖိနှိပ်လိုက်တယ်"

"ခန်းသခင်ရဲ့ရတနာက အစွမ်းထက်လွန်းတယ်"

ကြယ်ခန်းမ၏တပည့်များအားလုံး တပြိုင်နက် အော်ဟစ်လိုက်မိကြသည်။ ကုန်းယွမ်၏ကျင့်ကြံဆင့်ကို မသိကြသော်လည်း နတ်ဘုရင်အဆင့်ထက် သာလွန်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်းကို သူတို့က နားလည်ထားသည်။ သို့သော်လည်း သူက ယဲ့ချန်ကို ရှုံးနိမ့်သွားခဲ့သည်။ ယဲ့မျိုးနွယ်ဝင်များလည်း ထိတ်လန့်သွားကြပြီး ယဲ့ချန်က အစွမ်းထက်ရန်သူကို အနိုင်ယူလိုက်မည်ကို မျှော်လင့်မထားကြပေ။

မုန်တိုင်းမျိုးနွယ်၏ နတ်ဝိဇ္ဇာသုံးယောက်ကမူ အလွန်ကြောက်လန့်သွားကြသည်။ သူတို့က ကုန်းယွမ် မည်မျှအစွမ်းထက်ကြောင်း သိထားသဖြင့် သေးငယ်သောတိုင်းပြည်လေးတစ်ခုမှ လူငယ်လေးတစ်ယောက်က ဖိနှိပ်ပြလိုက်သောအခါ လိပ်ပြာလွင့်မတတ်ဖြစ်သွားကြသည်။ ကုန်းယွမ်မှာ သေလားရှင်လားပင် မသိရချေ။

"ငါတို့ဘာလုပ်ကြမလဲ"

"မဟာအကြီးအကဲကို ကယ်ကြ"

ကုန်းကြွယ်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ သူတို့က မဟာအကြီးအကဲတစ်ယောက်ကိုစွန့်ပစ်၍ ထွက်ပြေးသွားလျှင် သေဒဏ်ပေးခံရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရှောင်ရိတို့ကိုတိုက်ခိုက်နေခြင်းအား စွန့်လွှတ်ကာ နတ်ဆိုးဖိနှိပ်နာရီထံ တဟုန်ထိုးပြေးထွက်သွားခဲ့ကြသည်။

"မင်းတို့က ကုန်းယွမ်ကို ကယ်ချင်တာလား။ အစွမ်းအစမရှိဘဲ သေချင်နေကြတာထင်တယ်"

ယဲ့ချန်သည် မုန်တိုင်းမျိုးနွယ်နှင့်သူ့ကြားတွင် ရန်ကြွေးတစ်ခု ဖြစ်ပေါ်လာကြောင်း နားလည်သည်။ အကယ်၍ သူက ရန်သူတစ်ယောက်ကို လွှတ်ပေးလိုက်မိလျှင် သေချာပေါက် လက်စားချေခံရပေလိမ့်မည်။ ထို့ကြောင့် တစ်ယောက်လာလျှင် တစ်ယောက်၊ နှစ်ယောက်လာလျှင် နှစ်ယောက်သတ်ဖြတ်ပြီး အလွတ်မပေးဝံ့ချေ။ သူ၏ညာလက်ဖြင့် လေထဲတွင်တန့်နေသော ကောင်းကင်တုန်ခါဆေးအိုးကို ထိန်းချုပ်ကာ ကုန်းကြွယ်တို့သုံးယောက်ထံ ပစ်ခတ်လိုက်သည်။ ကောင်းကင်တုန်ခါဆေးအိုး ဝင်ရောက်လာသောအခါ ကုန်းကြွယ်က လက်ဝါးဖြင့်ရိုက်ကာ တွန်းထုတ်ချင်ခဲ့သည်။ သို့သော် ယဲ့ချန်၏မျက်လုံးများက ခရမ်းရောင်မီးတောက်လောင်လာကာ ဆေးအိုးထံမှ ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။

ကုန်းကြွယ်၏လက်ဝါးနှင့် ဆေးအိုး ထိမှန်သွားချိန်တွင် ၎င်းက ရပ်တန့်သွားခြင်းမရှိဘဲ ကုန်းကြွယ်ကို အပြင်းအထန်ဝင်ဆောင့်ပစ်လိုက်သည်။

"ဘုန်း"

ဆေးအိုးက ကုန်းကြွယ်၏ခန္ဓာကိုယ်ကို လွင့်ထွက်သွားစေကာ ပါးစပ်အတွင်းမှ သွေးများ အန်ထွက်စေခဲ့သည်။ သူက ယဲ့ချန်ကို မကျေမနပ်စိုက်ကြည့်ရင်း ကောင်းကင်ထက်မှ ထိုးကျသွားခဲ့သည်။ တစ်ဖက်လူ၏ရတနာက ဤမျှအစွမ်းထက်နေမည်ဟု မျှော်လင့်မထားမိပေ။ ကုန်းမင်နှင့်ကုန်းမန်က အပြင်းအထန်ဒဏ်ရာရသွားသော ကုန်းကြွယ်ကို ချက်ချင်းကယ်တင်ရန် ကြိုးစားလိုက်သည်။ သူတို့က ကုန်းကြွယ်ကိုဖမ်းမိခါနီးတွင် ယဲ့ချန်ကိုင်ဆောင်ထားသော ထောင်ချီဓားအစီအရင်၏ ဗဟိုဓားက တစ်ချက်လှုပ်ခတ်သွားခဲ့သည်။

သောင်းချီသောဓားများက နတ်ဝိဇ္ဇာသုံးယောက်ထံ ဘက်ပေါင်းစုံမှတိုးဝင်လာကာ ဝါးမျိုသွားခဲ့သည်။ သူတို့က လျှို့ဝှက်ကျင့်စဥ်များထုတ်ဖော်၍ ကိုယ့်ကိုကိုယ်ကာကွယ်လိုက်ကြသော်လည်း ဓားစီးကြောင်းအတွင်း ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ နတ်ဝိဇ္ဇာတစ်ယောက်က ထောင်ချီဓားအစီအရင်အတွင်း ပိတ်မိသွားလျှင် သေလမ်းသာရှိသည်။ ထို့နောက် ကောင်းကင်မှ သွေးများမိုးရွာသကဲ့သို့ ကျဆင်းလာပြီး ကောင်းကင်က ခဏအတွင်း ကြည်လင်သွားခဲ့သည်။

နတ်ဝိဇ္ဇာသုံးယောက်မှာ ထောင်ချီဓားအစီအရင်ရှေ့မှောက်တွင် အသံတစ်ချက်ပင်မထွက်နိုင်ဘဲ သေဆုံးသွားကြသည်။ ကြယ်ခန်းမဂိုဏ်းဝင်များမှာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။ သူတို့က ထောင်ချီဓားအစီအရင် အစွမ်းထက်ကြောင်း သိထားသော်လည်း ဤမျှအစွမ်းထက်မည်ဟု မျှော်လင့်မထားပေ။ ရန်သူများက နတ်ဝိဇ္ဇာများဖြစ်သော်လည်း ကြယ်ခန်းမသခင်လက်ချက်နှင့် အလွယ်တကူ အသတ်ခံလိုက်ရသည်။

အဝေးရှိတောင်တန်းပေါ်တွင် နတ်ဆိုးဖိနှိပ်နာရီက တုန်ခါလာပြီး ကုန်းယွမ်က ချိုးဖောက်ထွက်ပြေးရန် ကြိုးစားနေသည်။ ၎င်းက ကုန်းယွမ်ကို ဖိနှိပ်ထားနိုင်သော်လည်း သတ်ဖြတ်နိုင်စွမ်းမရှိချေ။ သို့သော် ၎င်းက ကုန်းယွမ်၏ကောင်းကင်ချီများကိုတော့ ဆက်တိုက်စုပ်ယူနေခဲ့သည်။

"အထဲကိုရောက်မှတော့ မင်းကို နောက်ထပ်ချုပ်နှောင်ထားရလည်း ပြဿနာမရှိဘူး"

ယဲ့ချန်က လက်မောင်းကာအတွင်းမှ ဆေးလုံးများကို နာရီအတွင်း ထည့်သွင်းပေးလိုက်ပြန်သည်။ ထိုအခါ အနည်းငယ်မှိန်ဖျော့နေသော ရတနာက ဆေးလုံးများ၏ထောက်ပံ့မှုကြောင့် ချက်ချင်းတောက်ပလာကာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။

"ငါ့ကို လွှတ်ပေးစမ်း။ မုန်တိုင်းမျိုးနွယ်ရဲ့ မဟာအကြီးအကဲကိုသတ်ရင် မုန်တိုင်းမျိုးနွယ်က မင်းကို အလွတ်ပေးမယ်မထင်နဲ့"

နာရီအတွင်းမှ ကုန်းယွမ်က ဒေါသတကြီးအော်ဟစ်နေခြင်းဖြစ်သည်။

"တော်တော်စကားများတဲ့ကောင်"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ကုန်းယွမ်ကိုလွှတ်ပေးလိုက်လျှင် ကျားကို တောင်ပေါ်သို့ပြန်လွှတ်ပေးသည်နှင့် တူညီသည်။ သို့သော်လည်း သူက လက်ရှိတွင် ကုန်းယွမ်ကိုသတ်ရန် နည်းလမ်းရှာမတွေ့ဖြစ်နေခဲ့သည်။ လက်မောင်းကာအတွင်း၌လည်း ဆေးလုံးများ ကုန်ခမ်းသွားသည်။ အကယ်၍ သူက နာရီကို ဆေးလုံးများ ထပ်မံမထောက်ပံ့နိုင်လျှင် ကုန်းယွမ်က ခဏအတွင်း လွတ်မြောက်လာတော့မည်ဖြစ်သည်။ သူက ခဏတာစဥ်းစား၍ မြေပြင်ရှိ ယဲ့မျိုးနွယ်ဝင်များရှေ့တွင် ဆင်းသက်လိုက်သည်။

"ချန်အာ အခုဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ"

ယဲ့ကျန့်တန်းက အလျင်စလိုရောက်ရှိလာကာ စိုးရိမ်တကြီးမေးလိုက်သည်။ သူက တောင်ပေါ်ရှိ နတ်ဆိုးဖိနှိပ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းက ကုန်းယွမ်ကိုဖိနှိပ်ထားသော်လည်း သတ်ဖြတ်နိုင်ပုံမရချေ။ ကုန်းယွမ်၏အော်သံကိုပင် လူတိုင်း ကြားနေရသည်။

"အဖေ ယဲ့မျိုးနွယ်မှာ ချီပြိုကွဲဆေးလုံး ဘယ်လောက်ရှိလဲ"

ယဲ့ချန်က မေးလိုက်သည်။ ကုန်းယွမ်ကို နတ်ဆိုးဖိနှိပ်နာရီအတွင်း ချုပ်နှောင်ထားနိုင်သရွေ့ ပို၍အားနည်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်က ရန်သူကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားရန် ဆုံးဖြတ်လိုက်သည်။

"မင်း ဘယ်လောက်လိုချင်တာလဲ"

"များနိုင်သလောက်များများ"

ယဲ့ချန်က တစ်လုံးချင်းဖြေလိုက်သည်။ ချီပြိုကွဲဆေးလုံးတစ်သိန်းကျော်က နတ်ဆိုးဖိနှိပ်နာရီကို ဆယ့်ငါးမိနစ်သာ အသက်သွင်းနိုင်သည်။

"ငါ ချက်ချင်းသွားယူလိုက်မယ်"

ယဲ့ကျန့်တန်းနှင့် ယဲ့မျိုးနွယ်ဝင်များက တုံ့ဆိုင်း၍မဖြစ်ကြောင်း နားလည်ထားသဖြင့် ချက်ချင်းထွက်ခွာသွားကြသည်။ နတ်ဆိုးဖိနှိပ်နာရီအတွင်းမှ ကုန်းယွမ်လွတ်မြောက်သွားလျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်က ကြောက်စရာပင်။ ဤအဆင့်ရန်သူမျိုးက သူတို့မရင်ဆိုင်နိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်။ ခဏအတွင်း ယဲ့မျိုးနွယ်ဝင်များက ဆေးလုံးနှစ်သန်းကျော်နှင့် ပြန်လည်ရောက်ရှိလာကြသည်။

"မင်းထပ်လိုချင်သေးရင် လျှို့ဝှက်ခန်းထဲမှာ ကျန်သေးတယ်"

ယဲ့ချိန်ရွှမ်းက ပြောလိုက်ခြင်းဖြစ်သည်။

"ဒီလောက်ဆိုရင် လုံလောက်ပါပြီ"

ယဲ့ချန်က ဆေးလုံးများကို လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်သည်။ သူက အရေအတွက်နှစ်သန်းကျော်ကို မြင်လိုက်ရသောအခါ အလွန်အံ့သြသွားခဲ့သည်။ ယဲ့မျိုးနွယ်က အချိန်ခဏအတွင်း ဤမျှကြွယ်ဝလာမည်ဟု မျှော်လင့်မထားခဲ့ပေ။ ထို့နောက် သူက လေပေါ်သို့ခုန်တက်ကာ ပျံသန်းသွားပြီး နတ်ဆိုးဖိနှိပ်နာရီအပေါ်သို့ ဆင်းသက်လိုက်သည်။

"ငါ့ကို ထုတ်ပေးစမ်း။ မင်းတို့အားလုံး သေချင်နေတာလား"

ကုန်းယွမ်က အလွန်ဒေါသထွက်နေခဲ့သည်။ ဤရတနာအတွင်း ဖိနှိပ်ခံထားရခြင်းက ကောင်းသောအရာမဟုတ်ပေ။ သူက ငရဲဘုံသို့ရောက်နေသကဲ့သို့ ခံစားနေရပြီး မိစ္ဆာနတ်ဆိုးများ၏ အော်ဟစ်ကြုံးဝါးသံများကို ဆက်တိုက်ကြားနေရသည်။ ထို့အပြင် ကိုယ်တွင်းရှိ ကောင်းကင်ချီများကလည်း လျင်မြန်စွာစီးထွက်နေသည်ဖြစ်ရာ အချိန်ကြာလေလေ ပို၍အန္တရာယ်များလေလေဖြစ်သည်။

"ကုန်းယွမ် ဒီနေ့ မင်းကို ဘယ်သူမှမကယ်နိုင်ဘူး"

ယဲ့ချန်၏မျက်လုံးများက သတ်ဖြတ်လိုစိတ်ကြောင့် ဝင်းဝင်းတောက်နေသည်။ ကုန်းယွမ်က ဖမ်းချုပ်ခံထားရသည့်တိုင်အောင် သူ့ကို သတ်ဖြတ်ချင်နေခဲ့သည်။

"ခွေးကောင် မင်းရဲ့ရတနာက ငါ့ကိုဖမ်းထားနိုင်ပေမယ့် အများဆုံး ကောင်းကင်ချီကိုပဲ ကုန်ခမ်းစေနိုင်တာမဟုတ်လား။ မင်းက ဒါကိုအသက်သွင်းဖို့ ဆေးလုံးတွေ မရေမတွက်နိုင်အောင် အသုံးပြုရတာကိုလည်း ငါ မြင်ပြီးပြီ။ ဒါပေမယ့် မင်းက ဒါကို အချိန်ကြာကြာအသုံးမပြုနိုင်ဘူး။ ငါပြန်ထွက်လာရင် မင်းတို့အားလုံး သေစေရမယ်"

ကုန်းယွမ်က ခြိမ်းခြောက်လိုက်သည်။

ထိုအချိန်တွင် နတ်ဆိုးဖိနှိပ်နာရီ၏အလင်းရောင်က အနည်းငယ်မှိန်ဖျော့သွားကာ တုန်ခါလာပြန်သည်။ ကုန်းယွမ်က ထိုးဖောက်ထွက်ပြေးရန် အသင့်ပြင်ထားလိုက်သည်။

"ဟား ဟား မင်းမှာ ဆေးလုံးတွေ မကျန်တော့ဘူးမလား။ ဒီနာရီစုတ်ကို ငါ ဖျက်ဆီးပစ်မယ်"

ကုန်းယွမ်က ကောင်းကင်ချီများကိုစုစည်း၍ အထက်သို့ အားကုန်တိုးထွက်လိုက်သည်။ အနီးအနားရှိတောင်ကြီးများထံမှ ကျောက်စိုင်ကျောက်ခဲကြီးများ ပဲ့ထွက်ကုန်သည်။ နတ်ဆိုးဖိနှိပ်နာရီ ကြွတက်လာသည်ကို သူက ခံစားလိုက်ရသည်။

"မင်းကိုဖမ်းထားနိုင်ဖို့ ဆေးလုံးတွေအများကြီး လိုအပ်တယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလောက်လွယ်လွယ်နဲ့ ထွက်ပြေးနိုင်မယ် ထင်နေတာလား။ ဖိနှိပ်စမ်း"

ယဲ့ချန်က နတ်ဆိုးဖိနှိပ်နာရီအပေါ်တွင် မတ်တပ်ရပ်နေရင်း ဆောင့်နင်းချလိုက်သောအခါ ၎င်းက တောင်အတွင်း ပို၍နစ်ဝင်သွားခဲ့သည်။ ထို့နောက် လက်မောင်းကာပွင့်လာပြီး မရေမတွက်နိုင်လောက်အောင်များသော ဆေးလုံးများက ၎င်းအတွင်း ရေစီးကြောင်းတစ်ခုပမာ စီးဝင်သွားလေသည်။

All Chapters