← Chapters

ဆက်တိုက်နိုင်ပွဲ

Vol. 20 Ch. 276

ဆက်တိုက်နိုင်ပွဲ

Vol. 20 Ch. 276

ပဉ္စမအဆင့်ရဲ့  ပွဲစဉ်နံပါတ် ၁မှာတော့ လီဖူချန်းနဲ့ လျုဝူဟောင်တို့က ထိပ်တိုက် တွေ့ဆုံကြပါပြီ။

လျူဝူဟောင်ရဲ့ စွမ်းရည်ကတော့ ယုဝူရှန်းထက် သာမယ်ဆိုတာ  သိသာလွန်း နေပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။

လျူဝူဟောင်က ယုဝူရှန်းထက် ၂နှစ်ကြီးသည် မဟုတ်ပါလား။

လျူဝူဟောင်ကတော့ အခုချိန်အထိ ရှုံးပွဲ တစ်ပွဲပဲ ကြုံရပါသေးတယ်။

ယုဝူရှန်းကတော့ သုံးပွဲတိတိ ရှုံးခဲ့ပြီးပြီ။ နောက်ထပ်တစ်ပွဲ ထပ်ရှုံးလိုက်ပြီ ဆိုတာနဲ့ ယုဝူရှန်းက ပြိုင်ပွဲကနေ ထွက်ခွာ သွားရတော့မှာပါ။

သိုင်းစင်မြင့် ပေါ်မှာတော့ လျူဝူဟောင်က လီဖူချန်းကို မရေမရာသည့် ပုံမျိုးဖြင့် စိုက်ကြည့် နေပါတယ်။

လီဖူချန်းက အမွေခံ မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ်သွားနိုင်ပြီ ဆိုတာကိုလည်း သူက သိထားပြီးပါပြီ။

လျူဝူဟောင် ကိုယ်တိုင်ကတော့ အမွေခံ မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ်နိုင်စွမ်း မရှိသေးပါဘူး။

ဒါပေမဲ့လည်း သူက မာနကြီးသူ တစ်ယောက် ဖြစ်သည့်အလျောက် လီဖူလျန်းကို လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ပါဘူး။ သူက တတ်စွမ်း သလောက်တော့ ပြန်တိုက် သွားဦးမှာပါ။

“ငါ့ရဲ့ ဓားကွက်ကို မြည်းကြည့်စမ်း”

လျူဝူဟောင်က လက်ဦးမှု ရယူပြီး အရင် စတိုက်လိုက်ပါပြီ။

သူ့ရဲ့ လက်ထဲမှာ ရှိနေတဲ့ နက်ရွှေမှော်ဓားက တစ်လက်ကနေ နှစ်လက်၊ နှစ်လက်ကနေ လေးလက် နောက်ဆုံး လေးလက်ကနေ ရှစ်လက်အထိ ဖြစ်သွားပြီး လီဖူချန်းကို ဘက်ပေါင်းစုံ ကနေ ဖိနှိပ် လိုက်ပါတယ်။

သိပ်သည်းမှု၊ အဆုံးမဲ့ ခွန်အား၊ အနိုင်အထက် ရလိုမှု။ ဒါတွေ အားလုံးက လျူဝူဟောင်ရဲ့ ဓားချက်တွေထဲမှာ ခိုဝင် ကိန်းအောင်း နေပါတယ်။ ဒါကြောင့်လည်း လျူဝူဟောင်ရဲ့ ဘွဲ့နာမည်က အာဏာရှင် ဓားလို့ အမည်တွင် နေပုံပါပဲ။

သည်ဓားသိုင်း ကိုတော့ မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် အကုန်လုံးက သိထားကြပါတယ်။ ဒါက ဆန်းကြယ် အလယ်အလတ် အဆင့် ဓားသိုင်းဖြစ်တဲ့ ရှစ်ရိပ်ဖြာ ဓားသိုင်းပါပဲ။

“လီဖူချန်းကို သည်ဓားကွက်ကို ဘယ်လို ခုခံမှာလဲ”

အမွေခံ မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ် နိုင်ခဲ့ကြတဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် အချို့က လီဖူချန်းကိုသာ မမှိတ်မသုန် ကြည့်နေကြ ပါတယ်။

“လျူဝူဟောင် ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ပီသသားပဲ။ နှမြောစရာပဲ။ သူက ငါနဲ့မှ ထိပ်တိုက် လာတိုးတာကိုး …”

ရွှမ်း …

လီဖူချန်းက သူ့ရဲ့ဓားကို ဆွဲထုတ်လိုက်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတယ်။ လီဖူချန်းရဲ့ ဓားချက်က လျူဝူဟောင်ရဲ့ ရှစ်ရိပ်ဖြာ ဓားစက်ကွင်းထဲကို ထိုးဖောက်ဝင်ရောက် သွားခဲ့ပါပြီ။

ဝုန်း ...

လျူဝူဟောင်က အနောက်ဘက် အတော်ဝေးဝေးကို လွင့်ထွက် သွားခဲ့ပါတယ်။ သူ့ရဲ့ ဝတ်ရုံစတွေကလည်း လီဖူချန်းရဲ့ ဓားချက်ကြောင့် မီးကျွမ်း နေခဲ့ပါပြီ။

လီဖူချန်း ထုတ်သုံးလိုက်တဲ့ ဓားသိုင်းကတော့ မီးတောက်ကြယ် ဓားသိုင်းပါပဲ။

သူတို့ နှစ်ယောက်စလုံး ထုတ်သုံး လိုက်တာက ဆန်းကြယ် အလယ်အလတ် အဆင့် ဓားသိုင်းတွေ ဖြစ်ပေမဲ့လည်း လီဖူချန်းက ဓားသိုင်းကို ပိုပြီး ကျွမ်းကျင် လိမ္မာစွာနဲ့ ကောင်းကောင်း အသုံးချ နိုင်ပါတယ်လေ။

တကယ်လို့ လီဖူချန်းကသာ စိတ်ရှိမယ် ဆိုရင်တော့ သည်ဓားကွက်နဲ့တင် လျူဝူဟောင်ကို ပြာကျသွားသည် အထိ တိုက်နိုင် ပါသေးတယ်။

“ဝါး … အံ့သြစရာပဲ”

တိုက်ရိုက်တပည့်တွေ အကုန်လုံးကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားကြပါပြီ။

လီဖူချန်းရဲ့ ဓားချက် တစ်ချက်နဲ့တင် အရာရာကို အဆုံးအဖြတ် ပေးသွားသည် မဟုတ်ပါလား။ သည်တိုက်ပွဲကြီးက လုံးဝကို ဘက်မမျှပါဘူး။ လေးနှစ်သား အရွယ် ကလေး တစ်ယောက်နဲ့  လူကြီးတစ်ယောက် တိုက်ခိုက် နေသလိုပါပဲ။

သည်လိုနဲ့ပဲ ပြိုင်ပွဲက နဝမ အဆင့်ကို ရောက်လာခဲ့ပါပြီ။

အခု အချိန်မှာတော့ ပြိုင်ပွဲဝင်တွေက ၁၆ယောက်သာ ကျန်ရှိနေပါ တော့တယ်။

ယုဝူရှန်းကတော့ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက် ထွက်ခွာ သွားရပြီ ဖြစ်သလို  လျူဝူဟောင်က လည်း သုံးပွဲတိတိ ရှုံးပြီး သွားပါပြီ။

လီဖချန်းကတော့ အမွေခံ မျှော်စင်ရဲ့ တတိယထပ်ကို ကျော်ဖြတ် ထားနိုင်တဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်တွေကိုတောင် အနိုင်ယူ ထားပါတယ်။ လီဖူချန်းရဲ့ စွမ်းဆောင်ရည် ကလည်း ပြိုင်ပွဲဝင်တွေကြားမှာ ထင်းခနဲ ဖြစ်နေပါပြီ။

သိပ်မကြာခင်မှာပဲ လီဖူချန်းရဲ့ အလှည့်ကို ရောက်လာခဲ့ ပါတယ်။

သည်တစ်ကြိမ် လီဖူချန်းရဲ့ ပြိုင်ဘက်ကတော့ မိုးပြာရောင်ဂိုဏ်းရဲ့ နံပါတ်၅ အတော်ဆုံး တပည့်ဖြစ်တဲ့ လင်းယူပါပဲ။

လင်းယူကတော့ မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ရောက်နေပါပြီ။

လင်းယူကတော့  အမွေခံ မျှော်စင်ရဲ့ တတိယထပ်ကို လွန်ခဲ့တဲ့ တစ်နှစ် ကတည်းက ကျော်ဖြတ် နိုင်ခဲ့တာပါ။ သူက လီဖူချန်းကိုတော့ သေချာပေါက် အနိုင်ယူနိုင်မယ် ဆိုပြီး တွက်ထား ပါသေးတယ်။

လင်းယူက သိုင်းစင်မြင့်ပေါ် ရောက်တာနဲ့  လီဖူချန်းကို ပြုံးပြလိုက်ပြီး

“ညီလေး လီကတော့ တကယ့်ကို ပါရမီ ရှင်ပါပဲကွာ။ သည်လောက် အသက် ငယ်ငယ်လေးနဲ့တောင် အခုလို အစွမ်း ထက်နေပြီ။ ကြည့်ရတာတော့ နောက်ထပ် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် ဆိုရင် အစ်ကိုတောင်မှ ညီလေးလီကို နိုင်မယ် မထင်တော့ဘူး”

လင်းယူက လီဖူချန်းကိုတော့ ခြံထဲကကြက်  ဘယ်အချိန် ရိုက်သတ်သတ် ရတယ်ဆိုပြီး  ယူဆ ထားပုံပါပဲ။

လီဖူချန်းကလည်း ပြန်ပြုံးပြ လိုက်ပြီး

“အစ်ကိုတော်လင်း ... စလိုက်ရအောင်”

“ညီလေးလီ … သတိထား”

လင်းယူရဲ့ လက်ထဲက နက်ရွှေမှော်ဓားက အဆင်မပြတ် လှုပ်ရှားသွားပြီး နောက်မှာတော့ မရေမတွက်နိုင်တဲ့ ဓားစကြာတွေ ပေါ်လာခဲ့ပါပြီ။

သည်ဓားသိုင်းကတော့ ဆန်းကြယ် အလယ်အလတ်အဆင့် စကြာဓားသိုင်းပါပဲ။

မြေကမ္ဘာအဆင့်၉ ပညာရှင် တစ်ယောက်ရဲ့ လက်ထဲက ဆန်းကြယ် အလယ်အလတ် အဆင့် ဓားသိုင်းဟာ လျူဝူဟောင်ရဲ့ ရှစ်ရိပ်ဖြာ ဓားသိုင်းထက်ကို ပိုပြီး ကြောက်စရာ ကောင်းပါတယ်။

ပြီးတော့ လီဖူချန်းနဲ့ လင်းယူတို့ ကြားထဲက အဆင့် ကွာဟချက်ကလည်း ၃ဆင့်လောက် ကွာခြား နေတယ်လေ။

အခုချိန်မှာတော့ ကြယ်သုံးပွင့် လျှို့ဝှက် နည်းစနစ်တွေ ဖြစ်တဲ့ မီးနဂါး လျှို့ဝှက် နည်းစနစ်နဲ့ ဗလာနယ် လက်ဝါးတို့ ကလည်း လီဖူချန်းရဲ့ ဝှက်ဖဲတွေ မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ရိုက် တပည့်တွေ အကုန်လုံး နီးပါးဟာ ကြယ်သုံးပွင့် လျှို့ဝှက် နည်းစနစ်တွေကို လေ့ကျင့် ထားလို့ပါပဲ။

လီဖူချန်း အတွက်ကတော့ လင်းယူကို အနိုင်ယူဖို့ အတွက် သံနက် ဓားအဆီအနှစ် ဒါမှမဟုတ်  ပေါင်းချုပ် ဓားကွက်ကို ထုတ်သုံးဖို့ မလိုသေးပါဘူး။

လီဖူချန်းရဲ့ အသိစိတ် အာရုံက လင်းယူရဲ့ ဟာကွက်တွေကို မြင်နေရတယ်လေ။

“မီးတောက်ကြယ် လာစမ်း”

လီဖူချန်းက မီးတောက်ကြယ် ဓားသိုင်းကိုပဲ ပြန်ထုတ်သုံး လိုက်ပါတယ်။ ဒါပေမဲ့ သည်တစ်ကြိမ် သူ့ရဲ့ ဓားချက်ကတော့ လျူဝူဟောင်နဲ့ တိုက်တုန်းကထက် အများကြီး ပိုအားကောင်း နေပါတယ်။

လီဖူချန်းရဲ့ နက်ရွှေမှော် ဓားကနေ ထွက်လာတဲ့ မီးတောက်ကြယ်တွေက လင်းယူရဲ့ ဓားစကြာတွေကို တစ်စစီ ဖျက်ဆီးပစ် လိုက်ပါတယ်။

သိုင်းစင်မြင့် တစ်ခုလုံးကိုလည်း မီးပွားလေးတွေက လွှမ်းခြုံ သွားခဲ့ပါပြီ။

“ပြီးပြည့်စုံစွာ ဖွံ့ဖြိုးပြီး သွားတဲ့ ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒ"

ဇောင်ဝူကျင်းက ခပ်တိုးတိုးလေး ရေရွတ် လိုက်ပါတယ်။

ပြီးပြည့်စုံစွာ ဖွံ့ဖြိုးပြီး သွားတဲ့  ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒ ဆိုတာက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒ အဆင့်ကို ရောက်ဖို့တောင် ဘယ်လောက်မှ မလိုတော့ပါဘူး။

“ပြီးတော့ သူ့ရဲ့ တိုက်ခိုက်ပုံနဲ့ ဟာကွက် ရှာနိုင်စွမ်း”

အိုးရန်ဝမ်းထင်ရဲ့ အမြင်ကတော့ အင်မတန်မှ ထက်မြက်တဲ့ အတွက် လီဖူချန်းရဲ့ ဓားချက်တွေက လင်းဝူရဲ့ ဟာကွက်တွေ ထဲကိုသာ တိတိကျကျ တိုးဝင် သွားခဲ့တယ် ဆိုတာကို သတိပြုမိ လိုက်ပါတယ်။

ရွှပ် ... ရွှပ် ... ရွှမ်း …

လင်းယူရဲ့ ဓားသိုင်းက အမှန်တကယ်ကို ကောင်းမွန် လှပါတယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ ဓားသိုင်းကတော့ လက်ဖျားခါရတဲ့ အဆင့်ကို ဖြစ်နေပါပြီ။

လင်းယူက ဘယ်ဓားကွက်ကိုပဲ သုံးသုံး လီဖူချန်းက မဆိုင်းမတွပင် အဲသည် ဓားကွက်ကို ချေဖျက်ပစ် လိုတာပါပဲ။

“ဟူး ... ငါအစွမ်းကုန် ထုတ်မှ ရတော့မယ်”

လင်းယူက ချွေးစေးတွေ ထွက်နေပါပြီ။

“ဓားစကြာတွေ စုစည်းစမ်း”

နောက်ဆုံးမှာတော့ လင်းယူက သူ့ရဲ့ အားအထားရဆုံး ဓားကွက်ကို အသုံးပြု လိုက်ပါတော့တယ်။ ဓားစကြာ လှိုင်းလုံးကြီးတွေက လှိမ့်ကာ လှိမ့်ကာဖြင့် လီဖူချန်းဆီကို တိုးဝင် သွားခဲ့ပါပြီ။

“လေနှင်ရာကို လွင့်မျောမယ်”

လီဖူချန်းက မီးတောက်ကြယ် ဓားသိုင်းကနေ မျောလွင့် ဓားသိုင်းကို ပြောင်းလိုက်ပါတယ်။

သူ့ရဲ့ မျောလွင့် ဓားဆန္ဒက  လင်းယူရဲ့ ဓားစကြာ လှိုင်းလုံးကြီးတွေကို ထိန်းချုပ်လိုက်ပြီး  ပျောက်ကွယ် သွားစေပါတယ်။

ဝုန်း …

လင်းယူကတော့ မျောလွင့်ဓား ဆန္ဒကနေ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဖိအားတွေကို တောင့်မခံ ထားနိုင်တဲ့အတွက်  စင်မြင့် အပြင်ဘက် အထိကို လွင့်ထွက် သွားခဲ့ပါပြီ။

“ကျွန်တော့်ကို အလျှော့ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် အစ်ကိုလင်း …”

လီဖူချန်းကတော့ သူ့ရဲ့ နက်ရွှေမှော်ဓားကို ပြန်သိမ်း လိုက်ပါပြီ။

လင်းယူကတော့  လီဖူချန်းကို မယုံကြည်နိုင်တဲ့ ပုံဖြင့် အတန်ကြာ စိုက်ကြည့် နေပါတယ်။

ထို့နောက်မှာတော့ သူက သက်ပြင်း တစ်ချက် ချလိုက်ပြီး အရှုံးကို လက်ခံ သွားခဲ့ပါတယ်။

“ဟူး …”

“အခုလို ညှာတာပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ် ညီလေးလီ”

လင်းယူက လီဖူချန်းကို တရားမျှတစွာ ယှဉ်ပြိုင်ရင်းနဲ့ ရှုံးသွားခဲ့တာပါ။ အဲသည်အတွက် သူက   အရှုံးကို လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး။ လီဖူချန်းရဲ့ ဓားသိုင်းကိုက သူ့ထက် အများကြီး သာလွန် နေခဲ့တာပါ။

ဒါတောင် လီဖူချန်းက အခုမှ အသက်၂၀သာ ရှိနေပါသေးတယ်။

ဓားအရူး သူတော်တောင်မှ အသက်၂၀ အရွယ်မှာ လီဖူချန်းလို အစွမ်း မထက်သေးပါဘူး။

ဒါကြောင့်လည်း နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းကို လက်ရင်း တပည့်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

“အရမ်း အစွမ်းထက် လွန်းတယ်”

ကျန်ရှိနေသေးတဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်တွေကတော့ ခေါင်းတခါခါ ဖြစ်နေကြပါပြီ။

အစောပိုင်းတုန်း ကတော့ သူတို့ဆီမှာ ထိပ်ဆုံး လေးနေရာကို ရဖို့အတွက် မျှော်လင့်ချက် သေးသေးလေး ရှိနေပါသေးတယ်။

လီဖူချန်းနဲ့ လင်းယူရဲ့ တိုက်ပွဲ အပြီးမှာတော့ အဲသည် မျှော်လင့်ချက်ကလေးက နွေအိပ်မက်အလား ပျောက်ကွယ် သွားခဲ့ပါပြီ။

သည်အတိုင်း ဆိုရင်တော့ ထိပ်ဆုံး လေးနေရာကို လီရှင်းယု၊ ချန်ယွန်ဟူ၊ ရှုဖန်း၊ လီဖူချန်းနဲ့ ပုကျင်းဆောင်တို့ ငါးယောက်သာ လုရတော့မှာပါ။ ကျန်တဲ့သူတွေ အကုန်လုံးကတော့ အိမ်ဖြည့် သာသာပါပဲ။

“သည်ကောင်လေးက နာမည်ကျော် သလောက် တကယ် အစွမ်းထက်တာပဲ"

ပုကျင်းဆောင်ရဲ့ မျက်နှာ အမူအရာ ကလည်း လေးနက်တည်ကြည် သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ ဓားကျွမ်းကျင်မှုက တကယ့်ကို လက်ဖျား ခါစရာပါပဲ။ သည်အတိုင်း ဆိုရင်တော့  လီဖူချန်းက ပေါင်းချုပ်ဓားကွက် ဖန်တီး ထားနိုင်တဲ့ အခွင့်အရေး တော်တော် များနေပါပြီ။ ပုကျင်းဆောင် အတွက်ကတော့ လီဖူချန်းကို အလွယ်တကူနဲ့ အနိုင်ယူနိုင်မှာ မဟုတ်တော့ပါဘူး။

နဝမအဆင့်ရဲ့ ပွဲစဉ် နံပါတ်၈မှာတော့  ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ ဆုံတွေ့ကြပါပြီ။

သိုင်းကွက် အနည်းငယ် ယှဉ်ပြိုင် အပြီးမှာပဲ ချန်ယွန်ဟူက ရှုဖန်းကို အနိုင်ရ သွားခဲ့ပါတယ်။

ဒသမ အဆင့်ရဲ့ ပွဲစဉ် နံပါတ်တစ်မှာတော့ ဓားအရူးသူတော် လီရှင်းယုနဲ့ ကျားဓားရှင် ချန်ယွန်ဟူတို့ တွေ့ဆုံကြပါတယ်။

ချန်ယွန်ဟူက လီရှင်းယုရဲ့ ဓားကွက် သုံးကွက်နဲ့တင် ရှုံးသွားပါတယ်။

ဒသမ အဆင့်ရဲ့ ပွဲစဉ် နံပါတ်၃ မှာ ယှဉ်ပြိုင်မယ့်လူ နှစ်ယောက်ကတော့ လီဖူချန်းနဲ့ ပုကျင်းဆောင် တို့ပါပဲ။

“နောက်ဆုံးတော့ သူတို့ နှစ်ယောက် တွေ့ကြပြီ”

လူတွေအားလုံးက သည်တိုက်ပွဲကို စိတ်ဝင်စား နေကြပါတယ်။

တစ်ယောက်ကတော့ တစ်ချိန်တုန်းက နံပါတ်တစ် တိုက်ရိုက်တပည့်။

နောက်တစ်ယောက် ကတော့ တစ်ရှိန်ထိုး ကျော်ကြားလာတဲ့ တက်သစ်စ လူငယ် ပါရမီရှင်။

သည်နှစ်ယောက်ရဲ့ တိုက်ပွဲကတော့ မိုးပြာရောင်ဂိုဏ်းရဲ့ သမိုင်းဝင် တိုက်ပွဲတစ်ခု   ဖြစ်လာမှာ အသေအချာပါပဲ။

***

All Chapters