← Chapters

နှိပ်စက်ခြင်း

Vol. 28 Ch. 388

နှိပ်စက်ခြင်း

Vol. 28 Ch. 388

ချီပြိုကွဲဆေးလုံး တစ်သိန်းမကသော အရေအတွက်က နတ်ဆိုးဖိနှိပ်နာရီအတွင်း ဝင်ရောက်သွားကာ တဘုန်းဘုန်းပေါက်ကွဲနေသည်။ ၎င်းက ပိုမိုတောက်ပလာ၍ ဆန်းကျယ်သော စွမ်းအားများ ပိုမိုထွက်ပေါ်လာသည်။ အတွင်းရှိကုန်းယွမ်မှာ တင်းကျပ်လာသကဲ့သို့ ခံစားနေရပြီး နတ်ဆိုးဖိနှိပ်နာရီ၏ဖိအားက တောင်ကြီးတစ်လုံးကဲ့သို့ ရုတ်တရက်ကြီးမားလာမည်ဟု မျှော်လင့်မထားပေ။

"ဘုန်း"

မြေပြင်တစ်ခုလုံး တုန်ခါသွားကာ ကုန်းယွင်အပေါ်သို့ ဖိအားကြီးတစ်ခု ကျဆင်းလာသည်။ လည်ချောင်းထဲမှ သွေးများ ပျို့တက်လာသောကြောင့် ပါးစပ်ထဲတွင် ခါးသက်သက်အရသာကို ခံစားလိုက်ရသည်။ နတ်ဆိုးဖိနှိပ်နာရီ၏ဖိအားအောက်တွင် သူက လှုပ်ပင်မလှုပ်နိုင်တော့ချေ။

"ခွေးကောင်လေး မင်းနဲ့ မင်းရဲ့တစ်မျိုးနွယ်လုံးကို သတ်ပစ်မယ်ကွ"

ကုန်းယွမ်က ဒေါသတကြီးအော်ဟစ်နေသည်။ သူက နာရီကိုချိုးဖျက်နိုင်ကာနီးတွင် ၎င်းက ရုတ်တရက် အဆမတန်လေးလံလာခြင်းက ယဲ့ချန်၏လက်ချက် ဖြစ်နိုင်သည်။

"အဘိုးကြီး အထဲမှာ ရက်နှစ်ဆယ်လောက် ငြိမ်ငြိမ်နေစမ်း။ အချိန်တန်ရင် ဒီသခင်လေးက မင်းကိုလွှတ်ပေးမယ်"

ယဲ့ချန်က နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်သည်။

နာရီအတွင်း နတ်ဆိုးအော်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။ ကုန်းယွမ်က ၎င်းကို အဆက်မပြတ်ထုရိုက်နေသော်လည်း ခေါင်းလောင်းသံများ ထွက်ပေါ်လာသောအခါ အခြေအနေပိုဆိုးလာခဲ့သည်။ သူ၏ဆံပင်များရှုပ်ပွနေသဖြင့် ငရဲမှ နတ်ဆိုးကြီးတစ်ကောင်နှင့်ပင် ဆင်တူလာခဲ့သည်။

"အဘိုးကြီး မင်းရဲ့ကိုယ်ထဲက ကောင်းကင်ချီတွေစီးထွက်နေတာကို ခံစားရလား။ ဒါက နတ်ဆိုးဖိနှိပ်နာရီရဲ့ အစွမ်းဆိုတာကို ပြောပြလိုက်မယ်။ မင်းက ဒီအထဲမှာ အချိန်တစ်ခုကြာအောင် ပိတ်မိနေရင် ကောင်းကင်ချီတွေ အားလုံးခြောက်ခမ်းသွားပြီး တစ်ကိုယ်လုံး သွေးအိုင်အဖြစ် ပျော်ကျသွားလိမ့်မယ်။ မင်းကများ ငါ့ရတနာကို အထင်သေးရဲတယ်"

ယဲ့ချန်က စကားလုံးများနှင့် ကုန်းယွမ်ကိုခြောက်လှန့်ကာ စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်လိုက်သည်။

"မဖြစ်နိုင်ဘူး။ နတ်ဆိုးဖိနှိပ်နာရီက ငါ့ကို မသတ်နိုင်ဘူး"

ကုန်းယွမ်က အရူးတစ်ယောက်ကဲ့သို့ အသက်ကယ်လျှို့ဝှက်ကျင့်စဥ်များကို ဆက်တိုက်ထုတ်ဖော်နေသော်လည်း သူ၏တိုက်ကွက်တိုင်းက နာရီနှင့်အတွေ့တွင် ပင်လယ်အတွင်းကျသွားသော ရွှံ့နွံများပမာ အသုံးမဝင်ဖြစ်နေသည်။

"မသတ်နိုင်ဘူး ဟုတ်လား။ မင်းက အခုမှ အဆုံးမဲ့အဆင့်သုံး ကျင့်ကြံသူတစ်ယောက်သာသာပါ။ ငါက မင်းလိုလူမျိုးတွေကို သတ်ခဲ့ဖူးတယ်။ မင်းကိုကြည့်ရတာ နောက်ဆုံးကျမှ ဒူးထောက်မယ်ထင်တယ်"

ယဲ့ချန်၏စကားအဆုံးတွင် နတ်ဆိုးဖိနှိပ်နာရီက ပိုမိုတင်းကျပ်လာခဲ့သည်။ ထို့ကြောင့် ကုန်းယွမ်က ရူးသွပ်စပြုလာသော်လည်း ၎င်းကိုချိုးဖျက်ရန် မျှော်လင့်ချက်တစ်ခုကို မြင်လိုက်ရသည်။

"ပျက်စီးစမ်း"

သူက အော်ဟစ်ကြုံးဝါး၍ ကောင်းကင်ချီများကိုစုစည်းကာ နာရီကို အတွင်းမှ ကောင်းကင်သို့ ပင့်တင်လိုက်သည်။ ၎င်းက လေပေါ်သို့ အနည်းငယ်မြှောက်တက်လာကာ လွင့်ထွက်သွားတော့မည့်ဟန်နှင့် အဆက်မပြတ်တုန်ခါလာသည်။ အဆုံးမဲ့အဆင့်သုံးကျင့်ကြံသူတစ်ယောက်က အစွမ်းထက်ကာ နတ်ဆိုးဖိနှိပ်နာရီ တင်းကျပ်လာချိန်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန် ကြိုးစားနိုင်ခဲ့သည်။ ထို့နောက် သူက ပိုမိုများပြားသော ကောင်းကင်ချီများကိုထုတ်ဖော်၍ နာရီကို ဆက်တိုက်ပင့်တင်နေခဲ့သည်။

"ထွက်ပြေးချင်တာလား။ ဒီလောက်မလွယ်ဘူးကွ"

ယဲ့ချန်၏လက်မောင်းကာအတွင်းမှ ဆေးလုံးတစ်သိန်းကျော်က နတ်ဆိုးဖိနှိပ်နာရီအတွင်း ဝင်ရောက်သွားပြန်သည်။ အနည်းငယ်မှိန်ဖျော့လာသော ရတနာက ပြန်လည်တောက်ပလာသဖြင့် ကုန်းယွမ်ကို ဖိနှိပ်နိုင်ခဲ့သည်။ ၎င်းက တောင်အတွင်းသို့ ပြန်လည်နစ်ဝင်သွားခဲ့သည်။ သူက နာရီအတွင်းမှလွတ်မြောက်ရန် မျှော်လင့်ချက်တစ်ခု ရှာတွေ့ခဲ့သော်လည်း ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။

"အဘိုးကြီး မင်းက လွတ်ခါနီးဖြစ်သွားတယ်ဆိုတော့ မဆိုးပါဘူး။ ဒါပေမယ့် မင်းမလွတ်နိုင်ခဲ့ဘူး ဟား ဟား သနားစရာကောင်းလိုက်တာ။ ကြည့်ရတာ နောက်ထပ်ရက်နှစ်ဆယ်လောက် ပိတ်မိနေဦးမယ်ထင်တယ်"

နတ်ဆိုးဖိနှိပ်နာရီအပေါ်တွင် ရပ်နေသော ယဲ့ချန်က လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။

ကုန်းယွမ်မှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်ကာ မုန်းတီးစိတ်များ ပြည့်နှက်နေသည်။ သူက အပြင်သို့ထွက်ကာ ယဲ့ချန်ကို အပိုင်းပိုင်းအစစ လုပ်ပစ်ချင်စိတ်များဖြစ်ပေါ်နေသည်။ သို့သော် သူသည် နာရီကိုချိုးဖျက်ရန် ကြိုးစားလိုက်ချိန်တိုင်း ၎င်းက ပြန်လည်ဖိနှိပ်ခြင်းကိုသာ ခံနေရသည်။ သူ၏ကောင်းကင်ချီများပင် အားနည်းလာကြောင်း ခံစားနေရသဖြင့် ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် အားလုံး ကုန်ခမ်းသွားနိုင်သည်။ ထိုအချိန်တွင် သူက သေရန်ကိုသာ ထိုင်စောင့်နေရပေလိမ့်မည်။

သူက အဆုံးမဲ့ကျင့်ကြံသူများကြားတွင် နှစ်ပေါင်းတစ်ရာခန့် ကျော်ကြားခဲ့ဖူးသည်။ ထို့နောက် မုန်တိုင်းမျိုးနွယ်၏ ကန့်သတ်နယ်မြေသို့ဝင်ရောက်ကာ နှစ်ပေါင်းများစွာကြာအောင် လျှို့ဝှက်ကျင့်စဥ်များကို လေ့လာခဲ့သဖြင့် ခွန်အားများ တိုးတက်လာသည်။ သို့သော်လည်း ယနေ့တွင် သူက နတ်ဘုရင်အဆင့်သာရှိသော လူငယ်လေးတစ်ယောက်၏လက်ထဲတွင် ဖိနှိပ်ခံထားရလေသည်။ ထို့ကြောင့် သူက မသေလိုသောကြောင့် နတ်ဆိုးဖိနှိပ်နာရီကို အစွမ်းကုန်တိုက်ခိုက်ကာ လွတ်မြောက်လိုနေခဲ့သည်။

ကြယ်ခန်းမတပည့်များနှင့် ယဲ့မျိုးနွယ်ဝင်များက ဤမြင်ကွင်းအစအဆုံးကို စောင့်ကြည့်နေပြီး စိတ်ဓာတ်များ တက်လိုက်ကျလိုက်ဖြစ်နေခဲ့သည်။ ရန်သူက နတ်ဘုရင်အဆင့်ထက် ပို၍သန်မာသောကြောင့် ခန်းမသခင်၏ရတနာအောက်တွင် ဖိနှိပ်ခံထားရသည့်တိုင်အောင် သေဆုံးမသွားဘဲ လွတ်မြောက်ရန် ကြိုးစားနိုင်နေသည်။

"ဒီအဘိုးကြီးက အစွမ်းထက်လွန်းတယ်"

နတ်ဆိုးဖိနှိပ်နာရီ အပေါ်သို့ကြွတက်လာတိုင်း သူတို့က ကုန်းယွမ်လွတ်မြောက်သွားမည်ကို စိုးရိမ်နေရသည်။ အကယ်၍ ရတနာကသာ ဆက်လက်ဖမ်းချုပ်ထားနိုင်ခြင်းမရှိလျှင် သူ့ကိုရင်ဆိုင်နိုင်သော နည်းလမ်းမရှိချေ။ သို့သော်လည်း ယဲ့ချန်၏လက်အတွင်းမှ ဆေးလုံးများ ကျဆင်းသွားတိုင်း ရတနာက ပြန်လည်ငြိမ်သက်သွားသည်ကို မြင်သောအခါ ပြန်လည်စိတ်အေးသွားကြသည်။

ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်တန်းက အချင်းချင်းကြည့်လိုက်မိသည်။ ဆေးလုံးများကျဆင်းသွားတိုင်း အရေအတွက်သိန်းချီ ကုန်ဆုံးသွားသည်ကို သူတို့က သိထားကြသည်။ ယဲ့မျိုးနွယ်တွင် လင်ဇီးကုန်သွယ်ရေးမှ ချီပြိုကွဲဆေးလုံး သုံးလေးသန်းကျော်ရရှိထားသော်လည်း ဤပမာဏကို အမြဲတမ်းတတ်နိုင်မည်မဟုတ်ပေ။ ကုန်းယွမ်ကို ခဏတာဖိနှိပ်နိုင်ရန်အတွက် ဆေးလုံးတစ်သိန်းကျော်ကို ဆက်တိုက်အသုံးပြုနေရသည်။ အကယ်၍ ဆေးလုံးများပြတ်လပ်သွားလျှင် ရန်သူက ချက်ချင်းလွတ်မြောက်လာပြီး ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမ ဖျက်ဆီးခံလိုက်ရမည်ကို သူတို့က ပူပန်နေကြရသည်။

လူတိုင်း၏စိတ်ခံစားချက်များက နတ်ဆိုးဖိနှိပ်နာရီ၏ လှုပ်ရှားမှုတိုင်းတွင် ကပ်တွယ်နေသည်။ ကျန်တစ်ဖက်တွင် ယဲ့ချန်က အလွန်တည်ငြိမ်နေခဲ့သည်။ သူက ၎င်းကို မျက်ခြည်မပြတ်စောင့်ကြည့်နေရင်း စကားဖြင့် ကုန်းယွမ်၏စိတ်ဓာတ်ကို ရိုက်ချိုးနေသည်။ ရန်သူက ရုန်းကန်လာလျှင် ဆေးလုံးများကို အချိန်မီထောက်ပံ့ပေးလိုက်သည်။

နာရီအတွင်းရှိ ကုန်းယွမ်မှာ ရူးသွပ်စပြုလာသည်။ နတ်ဆိုးနှင့်သရဲများ၏ အော်သံပေါင်းစုံက သူ၏စိတ်ကိုနှောင့်ယှက်နေပြီး ယဲ့ချန်၏လှောင်ပြောင်စကားများက သူ့ကို ဒေါသထွက်စေသည်။ သူက ချိုးဖျက်ရန် ကြိုးစားလိုက်တိုင်း ဖိနှိပ်ခံနေရပြီး ကောင်းကင်ချီများစွာ ကုန်ခမ်းနေသည်။

"အဘိုးကြီး ဒီတစ်ခေါက်လည်း မလွတ်ပြန်ဘူးလား။ နောက်တစ်ခါကျ ပိုကြိုးစားဦး"

ယဲ့ချန်က ကုန်းယွမ်ကို ဆက်တိုက်ရန်စနေသည်။ သူ၏လက်ထဲတွင် ဆေးလုံးတစ်သန်းကျော်သာ ကျန်ရစ်သောကြောင့် ဤသို့ဆက်တိုက်သုံးနေရလျှင် ခဏအတွင်း ကုန်ခမ်းသွားနိုင်သည်။ ဆေးလုံးများကုန်ခမ်းသွားလျှင် နတ်ဆိုးဖိနှိပ်နာရီအတွင်းမှ ကုန်းယွမ်ကို လွှတ်ပေးလိုက်ရမည်ဖြစ်သည်။ ကုန်းယွမ် လွတ်မြောက်သွားပါက ယဲ့မျိုးနွယ်နှင့်ကြယ်ခန်းမအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်လာနိုင်ပြီး တစ်နေ့တွင် လက်စားချေရန်အတွက် အခြားကျင့်ကြံသူများနှင့်အတူ သေချာပေါက် ပြန်ရောက်လာပေလိမ့်မည်။ ဤအဘိုးအိုက အားနည်းသူများကို မြက်ပင်များပမာ သဘောထားသောကြောင့် သွေးချောင်းစီးသတ်ဖြတ်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။ ထို့ကြောင့် သူက တစ်ဖက်ရန်သူများ ကြောက်လန့်သွားစေရန် ကုန်းယွမ်ကို သေချာပေါက်သတ်ရပေလိမ့်မည်။

ယဲ့ချန်၏စိတ်ထဲတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေပြီး ဆေးလုံးမည်မျှကုန်သွားပါစေ တုံ့ဆိုင်းမနေခဲ့ပေ။ အစွမ်းထက်ရန်သူများ ပတ်လည်ဝိုင်းနေသောအခါ သူ့ထံတွင် ရွေးစရာမရှိပေ။ တိုက်ခိုက်ပြီးသတ်ဖြတ်ခြင်းကသာလျှင် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်သည်။ ကုန်းယွမ်ကဲ့သို့ အစွမ်းကျင့်ကြံသူတစ်ယောက်ကို သတ်ပြလိုက်လျှင် ဝံပုလွေတိုင်းပြည်နှင့် မုန်တိုင်းမျိုးနွယ်လည်း ကြောက်လန့်သွားနိုင်သည်။ သို့မဟုတ်လျှင် ထိုအင်အားစုများက ကြယ်ခန်းမကို အနိုင့်ကျင်ရန် အတင့်ရဲ၍ တိုက်ခိုက်လာနိုင်ပေသည်။

ကုန်းယွမ်သည် နတ်ဆိုးဖိနှိပ်နာရီကို လေးငါးကြိမ်ခန့် ဆက်လက်တိုက်ခိုက်ပြီးနောက် ကောင်းကင်ချီများစွာ ကုန်ဆုံးသွားခဲ့သည်။ ယဲ့ချန်က ကုန်းယွမ်ကို ဆက်လက်တိုက်ခိုက်စေလိုသဖြင့် ရန်စနေသော်လည်း မမျှော်လင့်စွာနှင့် ထိုလူက ရပ်တန့်လိုက်သည်။

"အဘိုးကြီး သေပြီလား"

ယဲ့ချန်က နာရီအပြင်ဘက်မှ အော်မေးလိုက်သော်လည်း အချိန်အတန်ကြာသည်အထိ စကားတစ်ခွန်းမှ ထွက်ပေါ်မလာခဲ့ပေ။ ကုန်းယွမ်က မိုက်မဲသူတစ်ယောက်မဟုတ်သောကြောင့် ယဲချန်၏ရတနာကို မချိုးဖျက်နိုင်ကြောင်း လက်ခံလိုက်ပြီး သူ၏ခွန်အားကို ကုန်ခမ်းစေလိုသဖြင့် ယဲ့ချန်ကရန်စနေကြောင်းကိုပါ သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူက ချက်ချင်းတင်ပျဥ်ခွေထိုင်ကာ လိပ်အသက်ရှူလျှို့ဝှက်ကျင့်စဥ်ဖြင့် လက်ရှိအခြေအနေကို အကောင်းဆုံးထိန်းသိမ်းထားခဲ့သည်။

အလွန်တိတ်ဆိတ်ငြိမ်သက်သွားသော နာရီကြီးကြောင့် ယဲ့ချန်က အနည်းငယ်စိုးရိမ်လာသည်။ အကယ်၍ ကုန်းယွမ်သာ သူ၏ခွန်အားကိုထိန်းသိမ်းထားလျှင် ဆေးလုံးများကုန်ခမ်းသွားပါက ချက်ချင်းလွတ်မြောက်လာနိုင်သည်။ ဤရန်သူသာ လွတ်မြောက်လာလျှင် ယဲ့ချန်က သတ်ဖြတ်နိုင်စွမ်းမရှိသောကြောင့် ပြဿနာအကြီးအကျယ် တက်လာနိုင်သည်။

"ဘာဆက်လုပ်ရမလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ အလေးအနက်စဥ်းစားလိုက်သည်။ နာရီအတွင်း၌ ကုန်းယွမ်က သိက္ခာရှိဘုန်းတော်ကြီးတစ်ပါးကဲ့သို့ မလှုပ်မယှက်ထိုင်နေခဲ့သည်။

"ဒေါင်"

ခဏအကြာတွင် ယဲ့ချန်က နာရီ၏ကိုယ်ထည်ကို အပြင်ဘက်မှ ရုတ်တရက် လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ ထွက်ပေါ်လာသော ခေါင်းလောင်းသံကြီးက ကျယ်လောင်လွန်းသဖြင့် သူ၏နားစည်များပင် ကွဲထွက်လုနီးပါး ခံစားလိုက်ရသည်။ သူက နားနှစ်ဖက်ကို လက်ဖြင့်အုပ်ကိုင်လိုက်ပြီး နာရီအပေါ်မှပြုတ်ကျမသွားစေရန် ဟန်ချက်ထိန်းနေရသည်။ ထိုအချိန်တွင် အတွင်းရှိ ကုန်းယွမ်မှာ ပိုမိုဆိုးရွားသောအခြေအနေနှင့် ကြုံတွေ့နေရသည်။

"ငါ မင်းကိုရော မင်းတို့တစ်မျိုးလုံးကိုရော သတ်ပစ်မယ်။ ခွေးကောင်လေး မင်း အသေဆိုးနဲ့သေရမှာ"

ကုန်းယွမ်မှာ ဒေါသထွက်လွန်းသဖြင့် သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။ ခေါင်းလောင်းသံထွက်ပေါ်လာချိန်တွင် သူက တည်ငြိမ်နိုင်ခြင်းမရှိတော့ဘဲ ရတနာကို ကောင်းကင်ချီများဖြင့် ကြမ်းတမ်းစွာတိုက်ခိုက်လိုက်သည်။ ယဲ့ချန်သည်လည်း ခေါင်းလောင်းသံကြောင့် နာကျင်ခဲ့ရသော်လည်း အတွင်းရှိကုန်းယွမ်က အဆရာချီပိုဆိုးသော နာကျင်မှုကို ခံစားနေရသည်။

"မင်းကများ ငါ့မျိုးနွယ်ကို သတ်ချင်နေသေးတယ်။ ဒါဆိုရင် ငါ မင်းကို အရင်ဆုံးသတ်မယ်။ မင်းက ဒီရတနာထဲကနေ လွတ်မြောက်နိုင်မလား ကြည့်ရသေးတာပေါ့"

နတ်ဆိုးဖိနှိပ်နာရီ၏အသုံးပြုပုံကို သဘောပေါက်သွားသော ယဲ့ချန်က အေးစက်စက်ပြုံးကာ ၎င်းကိုအားဖြည့်ရန်အတွက် ဆေးလုံးများစွာပေါင်းထည့်လိုက်သည်။ ထို့နောက် သူက လက်ဝါးတွင် ကောင်းကင်ချီများစုစည်းကာ နာရီပေါ်သို့ တစ်ချက်ပြီးတစ်ချက် ရိုက်ချလိုက်သည်။

"ဒေါင် ဒေါင် ဒေါင် ဒေါင်"

ကြောက်မက်ဖွယ်အသံလှိုင်းကြီးများက မိုးချုန်းသံကဲ့သို့ ထွက်ပေါ်လာကာ ယဲ့ချန်ကိုလည်း ထိမှန်သွားသဖြင့် နားနှစ်ဖက်မှ သွေးများ အဆက်မပြတ်ယိုစီးကျလာသည်။ ကြယ်ခန်းမတပည့်များနှင့် ယဲ့မျိုးနွယ်ဝင်များမှာ နားကိုလက်ဖြင့်အုပ်၍ ဆယ်မိုင်အကွာအထိ ထွက်ပြေးသွားခဲ့ရသည်။ ခေါင်းလောင်းသံ၏အစွမ်းက အဝေးမှကြည့်ရှုနေသူများကိုပင် ထိခိုက်စေခဲ့သောအခါ အလယ်ဗဟိုတွင်ရှိနေသော ယဲ့ချန်အတွက် ပိုမိုပြင်းထန်နေခဲ့သည်။ သို့သော်လည်း သူက နာရီကို လက်ဖြင့် အဆက်မပြတ်ရိုက်နှက်နေပြီး ခေါင်းလောင်းမှပေးသော နာကျင်မှုကို ဂရုမစိုက်ခဲ့ပေ။ အတွင်းရှိကုန်းယွမ်က သူ့ထက် အဆပေါင်းရာချီဆိုးသော နာကျင်မှုကို ခံစားနေရသောကြောင့်ပင်ဖြစ်သည်။

"ခွေးကောင်လေး ငါသရဲဖြစ်ရင်တောင် မင်းကို အလွတ်မပေးဘူး"

ကုန်းယွမ်မှာ ခေါင်းကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ နာကျင်စွာအော်ဟစ်နေသည်။ ကောင်းကင်ချီများက နတ်ဆိုးဖိနှိပ်နာရီကို ဆက်တိုက်ထိမှန်နေသော်လည်း ၎င်းက လုံးဝရွေ့လျားခြင်းမရှိဘဲ တည်ငြိမ်နေခဲ့လေသည်။

All Chapters