← Chapters

မုန်တိုင်းမျိုးနွယ်

Vol. 28 Ch. 390

မုန်တိုင်းမျိုးနွယ်

Vol. 28 Ch. 390

"ဆရာ ဒါက ဘယ်လိုအစီအရင်လဲ"

ယဲ့ချန်က ခြင်္သေ့ကြီးကို မေးလိုက်ခြင်းဖြစ်သည်။ ကုန်းယွမ်၏ရတနာများက များပြားလွန်းသောကြောင့် ယဲ့ချန်မှာ ရတနာတိုင်းကို လေ့လာရန် အတော်အချိန်ယူလိုက်ရသည်။

"ငါက အစီအရင်တွေနဲ့ပတ်သက်လို့ သိပ်မကျွမ်းကျင်ပေမယ့် ဒီအစီအရင်ကတော့ ပြဿနာမဟုတ်ဘူး။ ဒါကဆန်းကျယ်ပြီး လူပေါင်းသိန်းချီနဲ့ ထုတ်ဖော်ရမယ့် အစီအရင်အမျိုးအစားဖြစ်တယ်"

ခြင်္သေ့ကြီးက ဖြေလိုက်သည်။

"ဒါဆိုရင် ကာကွယ်ရေးအစီအရင်လိုမျိုးလား"

ယဲ့ချန်က ဝမ်းသာသွားခဲ့သည်။ သူသည် မီးတောက်နီဂိုဏ်း၏ တောင်ကာကွယ်ရေးအစီအရင်ကို ပြန်လည်အမှတ်ရလိုက်သည်။ ကုန်းယွမ်၏အစီအရင်က မီးတောက်နီဂိုဏ်း၏အစီအရင်ထက် ပို၍အစွမ်းထက်နေနိုင်သည်။

"မှန်တယ်။ ဒါက သာမန်ဂိုဏ်းကာကွယ်ရေးအစီအရင်တစ်ခုဖြစ်လို့ အစီအရင်အကြောင်း နည်းနည်းသိရင်တောင် ထုတ်ဖော်နိုင်စွမ်းရှိတယ်။ ဒါက ကာကွယ်ရေးအစီအရင်ဖြစ်ပေမယ့် ချုပ်နှောင်နိုင်စွမ်းလည်း ရှိတယ်။ ဒီအစီအရင်စာရွက်ရဲ့အောက်ခြေမှာ မုန်တိုင်းဆိုတဲ့စကားကို ရေးထိုးထားလို့ မုန်တိုင်းမျိုးနွယ်ရဲ့ ကာကွယ်ရေးအစီအရင်ဖြစ်လိမ့်မယ်။ အစီအရင်ကိုခင်းကျင်းမယ့် တပည့်တွေက အများကြီးအားထုတ်စရာမလိုတဲ့အတွက် မြေမျက်နှာသွင်ပြင်က ဘယ်လောက်ရှုပ်ထွေးပါစေ အစီအရင်ကို အသက်သွင်းနိုင်တယ်။ အစွမ်းက အစီအရင်ထုတ်ဖော်သူတွေနဲ့ သက်ဆိုင်နေပြီး သူတို့ရဲ့အင်အားက သန်မာလေလေ အစီအရင်က ပိုပြီးအစွမ်းထက်လေလေဖြစ်တယ်"

ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။

"တကယ်လို့ ရန်သူကို ဒီအစီအရင်နဲ့ဖမ်းချုပ်နိုင်မယ်ဆိုရင် သတ်ဖို့လည်း လွယ်သွားပြီ။ ပြီးတော့ အလွယ်တကူ အသက်သွင်းနိုင်တယ်ဆိုတော့ ထောင်ချီဓားအစီအရင်နဲ့ ပေါင်းလိုက်ရင် ကြယ်ခန်းမကို ကာကွယ်နိုင်ပြီ"

ယဲ့ချန်က ကျေနပ်စွာ ရေရွတ်လိုက်သည်။ ထို့ကြောင့် သူသည် အစီအရင်ကို နင်ချင်းယွင်နှင့်အကြီးအကဲများအား လေ့လာရန် အမိန့်ပေးစေခိုင်းလိုက်သည်။ ကုန်းယွမ်၏ သိုလှောင်အိတ်အတွင်းရှိ စာအုပ်ပုံကြီးကြားတွင် မဟာအရှေ့ပိုင်းတိုက်ကြီး၏သမိုင်းကြောင်းကို မှတ်တမ်းတင်ထားသော သာမန်မှတ်တမ်းများလည်း ရှိနေသည်။ ၎င်းတို့က တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်သောကြောင့် ယဲ့ချန်သည် အားလုံးကို လက်မောင်းကာအတွင်း သိမ်းဆည်းလိုက်သည်။ မြေအဆီအနှစ်ဆေးလုံး၊ ကောင်းကင်အဆီအနှစ်ဆေးလုံးစသော ဆေးလုံးများကိုမူ သူက ယဲ့မျိုးနွယ်ဝင်များထံ ခွဲဝေပေးလိုက်သည်။

"ယဲ့ချန် မင်းနဲ့ကုန်းယွမ်တိုက်ခိုက်နေတာကို ဝံပုလွေတိုင်းပြည်က ဘုရင်သုံးယောက် စောင့်ကြည့်နေကြတယ်။ သူတို့က ကုန်းယွမ်ကိုကယ်သင့်မကယ်သင့် တိုင်ပင်နေကြတယ်။ မင်းမှာ ရန်သူတွေအများကြီး ရှိလာပြီ။ ဒီကောင်သုံးယောက်က နတ်ဘုရင်ထိပ်ဆုံးအဆင့်ဖြစ်ပေမယ့် သူတို့ရဲ့လိပ်ပြာလက်နက်ကို သတိထားရမယ်။ လိပ်ပြာလက်နက်ထဲမှာ အဘိုးကြီးတစ်ယောက် ရှိနေတယ်"

ခြင်္သေ့ကြီးက သတိပေးလိုက်သည်။

"ဝံပုလွေဘုရင်သုံးယောက်က ကြယ်ခန်းမအစွမ်းထက်လာတာကို ဘေးထွက်ပြီး ရပ်ကြည့်နေမှာမဟုတ်ဘူးဆိုတာ ကျုပ် သိတယ်။ ဒါပေမယ့် သူတို့က လက်ရှိမှာ ရန်စရဲမယ်မထင်ဘူး။ ကြယ်ခန်းမရဲ့အင်အားက အစွမ်းထက်လာပြီဆိုရင် ဒီကောင်တွေကို ဖြေရှင်းမယ်"

ယဲ့ချန်က လေးနက်စွာပြောလိုက်သည်။ လက်ရှိတွင် သူသည် ဝံပုလွေတိုင်းပြည်နှင့်မတိုက်ခိုက်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း တစ်နေ့တွင် ဤရန်သူများကို စာရင်းရှင်းရပေလိမ့်မည်။

ယဲ့ချန်သည် ယဲ့မျိုးနွယ်တောင်ကြားအတွင်း ဝိညာဥ်သစ်ပင်အောက်တွင် ကျင့်ကြံနေသည်။ ရှီဝူအင်ပါယာအတွင်း ကြယ်ခန်းမထွက်ပေါ်လာသော သတင်းက အနီးအနားရှိအင်ပါယာများကို တုန်လှုပ်စေခဲ့သည်။ တော်ဝင်မျိုးနွယ်များစွာက ကြယ်ခန်းမကိုမျက်နှာလုပ်၍ အညံ့ခံရန်အတွက် လက်ဆောင်ပဏ္ဏာများစွာနှင့် သံတမန်များကို စေလွှတ်လိုက်သည်။ သူတို့က ဝံပုလွေတိုင်းပြည်၏ ပိုင်နက်အတွင်းရှိနေသော်လည်း ၎င်းက လူသားများနှင့် ပတ်သက်ဆက်ဆံခြင်းမရှိပေ။ ထို့အပြင် သမာဓိကောင်စီ၏ ကောင်စီခွဲတစ်ခုလည်းရှိနေသောကြောင့် ဝံပုလွေတိုင်းပြည်သည် သူတို့နှင့် ပြဿနာမတက်လိုပေ။ သို့သော် ယဲ့ချန်သည် သမာဓိကောင်စီကို လုံးဝဂရုမစိုက်သောကြောင့် ကြယ်ခန်းမကို ပေါ်တင်တည်ထောင်လိုက်သည်။ ဝိညာဥ်မျှော်စင်၏ဖြစ်ရပ်အပြီးတွင် ပုန်းကွယ်နေသော အင်အားစုများစွာ ထွက်ပေါ်လာကြသည်။ သမာဓိကောင်စီက သူတို့နှင့်ပတ်သက်၍ အလုပ်များနေသောကြောင့် အသစ်ထွက်ပေါ်လာသည့် ကြယ်ခန်းမကို အာရုံမစိုက်အားပေ။

"ကြယ်ခန်းမ အစွမ်းပိုထက်လာဖို့အတွက် နတ်အဆင့်ကျင့်ကြံသူတွေ လိုတယ်။ ငါ ဘယ်နေရာမှာ သွားရှာရမလဲ"

ယဲ့ချန်က ကျင့်ကြံနေရင်း ကြယ်ခန်းမ၏တိုးတက်ရေးအတွက် အတွေးနက်လျက်ရှိသည်။

အလယ်အင်ပါယာ၏တောင်ဘက်တွင် အချင်းကီလိုမီတာတစ်ထောင်ကျော်ရှိကာ မြူခိုးများရစ်သိုင်းနေသော ရေကန်ကြီးတစ်ကန်သည် မုန်တိုင်းမျိုးနွယ်၏ပိုင်နက်အတွင်း တည်ရှိနေသည်။ ၎င်းက မြူခိုးများ တစ်နှစ်ပတ်လုံးဖုံးလွှမ်းနေပြီး အလွန်နည်းပါးသော လူများသာ ဝင်ရောက်ရဲသည်။ ထိုနေရာက မုန်တိုင်းမျိုးနွယ်၏ အခြေစိုက်ရာနေရာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း ရေကန်၏အလယ်သို့ မည်သူမှ မကျူးကျော်ရဲပေ။ ရေကန်နံဘေးမှ ဖြတ်သန်းသွားလာသူအချို့က ရေကန်၏အလယ်တွင် နတ်ပြည်နှင့်ဆင်တူသော နန်းတော်တစ်ခုရှိကြောင်း တွေ့ဖူးကြသည်။ သို့သော်လည်း ရေကန်အတွင်းကျူးကျော်မိလျှင် မရေမတွက်နိုင်သော ရေမိစ္ဆာသားရဲများ တိုက်ခိုက်ခြင်းခံရတတ်သောကြောင့် မည်သူမှ မကျူးကျော်ရဲကြချေ။

ရေကန်၏အလယ်တွင် မြူခိုးများကြား၌ ကျွန်းတစ်ခု တည်ရှိနေသည်။ ၎င်းအပေါ်တွင် အဆောက်အအုံများပြည့်နှက်နေပြီး ကျောက်စိမ်းနန်းတော်အချို့လည်း ရှိသည်။ ထိုနေရာတွင် အပြာရောင်ဝတ်စုံဆင်တူဝတ် တပည့်များက တိတ်ဆိတ်စွာကျင့်ကြံနေပြီး ကြွယ်ဝသောရေချီများကို စုပ်ယူနေကြသည်။ သူတို့၏ပုံရိပ်များက မြူခိုးများကြားတွင် ဝေဝေဝါးဝါးထွက်ပေါ်နေသည်။ လူပုံအလယ်တွင် ထွက်ပေါ်လာခဲသော မုန်တိုင်းမျိုးနွယ်တွင် တပည့်အရေအတွက်သိန်းချီကြောင်း မည်သူမှ ထင်ထားမည်မဟုတ်ပေ။ အချို့က မွေးကင်းစအရွယ်မှစတင်ပြီး ကျွန်းပေါ်သို့ ခေါ်ယူလာခြင်းခံရသူများ ဖြစ်သည်။ အချို့က ကုန်းမျိုးနွယ်မှ တပည့်များဖြစ်ကြသည်။ မုန်တိုင်းမျိုးနွယ်က နှစ်တစ်သောင်းကြာ သီးသန့်နေထိုင်ခဲ့သော်လည်း တိုးတက်မှုများက ရပ်တန့်သွားခြင်းမရှိပေ။ တပည့်တစ်ယောက်ချင်းစီက အပြင်ကမ္ဘာ၌ ထွက်ပေါ်လာလျှင် ပါရမီရှင်များအဖြစ် သတ်မှတ်ခံရလောက်အောင် အစွမ်းထက်သည်။

ကုန်းချန်တန်းက တိုက်ပွဲတွင်သေဆုံးသွားခဲ့ပြီး သူ့အတွက် လက်စားချေရန် ထွက်သွားသော ကုန်းယွမ်နှင့်နတ်ဝိဇ္ဇာသုံးယောက်လည်း အသတ်ခံလိုက်ရသည်။ ဤသတင်းထွက်ပေါ်လာသောအခါ မုန်တိုင်းမျိုးနွယ်တစ်ခုလုံးတွင် မုန်တိုင်းထန်သွားခဲ့လေသည်။ မုန်တိုင်းမျိုးနွယ်က ဤသို့ဆုံးရှုံးမှုမျိုး မခံစားရသည်မှာ နှစ်ပေါင်းအတော်ကြာပြီဖြစ်သည်။

ကုန်းချန်တန်းက မုန်တိုင်းအိမ်တော်သခင်ဖြစ်သော်လည်း မဟာအကြီးအကဲများ၏ ရုပ်သေးရုပ်သာဖြစ်သည်။ သို့သော် အဆုံးမဲ့အဆင့်သုံးကျင့်ကြံသူ မဟာအကြီးအကဲ ကုန်းယွမ်က ကွဲပြားသည်။ သူအသတ်ခံလိုက်ရခြင်းသည် မုန်တိုင်းမျိုးနွယ်၏သိက္ခာကို ရန်စလိုက်ခြင်းဖြစ်သောကြောင့် အစွမ်းထက်ကျင့်ကြံသူအားလုံး ဒေါသူပုန်ထနေကြသည်။

အဆုံးမဲ့အဆင့်သုံး ကျင့်ကြံသူတစ်ယောက်က အလယ်ကမ္ဘာတွင် စိတ်ရှိတိုင်းသောင်းကျန်းနိုင်ပေသည်။ ထို့အပြင် မုန်တိုင်းမျိုးနွယ်က အစွမ်းထက်သောကြောင့် သမာဓိကောင်စီနှင့်မိုးကြိုးမျိုးနွယ်ကဲ့သို့ အစွမ်းထက်အင်အားစုများမှလွဲလျှင် မည်သူမှထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်ပေ။ ကုန်းယွမ်ကလည်း ထိုအင်အားစုများကို သွားရောက်ရန်စရမည့် အကြောင်းအရင်းမရှိပေ။ ထို့ကြောင့် သူသည် ကုန်းချန်တန်းအတွက် လက်စားချေရန်တောင်းဆိုခဲ့သောအခါ မျိုးနွယ်က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ သို့သော် ကုန်းယွမ် အသတ်ခံလိုက်ရမည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။

နန်းတော်၏အလယ်တွင် ကောင်းကင်သို့ ရောက်လုမတတ်မြင့်မားသော ကျောက်တိုင်ကြီးများရှိနေသည်။ ၎င်းတို့က အမြင့်ချင်းမတူညီ ကွာခြားနေပြီး ထိပ်တွင် ပုံရိပ်တစ်ခုစီ ထိုင်နေကြသည်။ ၎င်းတို့ကို မြူခိုးများဖုံးလွှမ်းထားသဖြင့် ရှင်းလင်းစွာမမြင်နိုင်ပေ။ ကျောက်တိုင်တစ်ခုချင်းစီသည် မုန်တိုင်းမျိုးနွယ်အတွင်း အဆင့်အတန်းကိုကိုယ်စားပြုကာ အမြင့်နှင့်အဆင့်အတန်းက တိုက်ရိုက်အချိုးကျသည်။ လက်ရှိတွင် ကုန်းယွမ်ပိုင်ဆိုင်သော ကျောက်တိုင်က ဗလာဖြစ်နေခဲ့သည်။ ကုန်းယွမ်က မျိုးနွယ်အတွင်း အဆင့်ငါးဖြစ်ပြီး သူ့ထက်ပိုမြင့်သော ကျောက်တိုင်များသည် တိမ်များအကြား လုံးဝပျောက်ကွယ်နေပြီး မည်သူမှ ထိပ်ပိုင်းကိုမမြင်နိုင်ချေ။

နှစ်ပေါင်းများစွာအတွင်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကျော်လွန်လာသော်လည်း အလွန်အမင်းပါရမီရှိသော တပည့်များနှင့် နတ်ဝိဇ္ဇာများမှလွဲလျှင် သာမန်ကျင့်ကြံသူများက ထိုအကြီးအကဲများကို မြင်တွေ့ခွင့်မရှိပေ။

"မုန်တိုင်းမျိုးနွယ်ရဲ့ မဟာအကြီးအကဲကို ဘယ်သူ သတ်ရဲတာလဲ။ ငါတို့က လက်စားမချေဘူးဆိုရင် သိက္ခာကျစရာပဲ"

တည်ကြည်လေးနက်သော စကားသံတစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာသည်။ ထိုလူ၏အသံသည် မုန်တိုင်းမျိုးနွယ်၏တပည့်များကို ဒူးထောက်သွားစေသောကြောင့် နတ်ဘုရားတစ်ယောက်နှင့် ဆင်တူနေသည်။

"အစ်ကိုကြီး ဒီလူက ကုန်းယွမ်ကိုသတ်နိုင်တယ်ဆိုတော့ ကျင့်ကြံဆင့်က နိမ့်မှာမဟုတ်ဘူး။ သူက အသက်အရမ်းငယ်တယ်လို့လည်း ကြားတယ်။ နောက်ခံကြီးကြီးမားမား ရှိနေနိုင်တယ်"

နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူဖြစ်ဖြစ် မုန်တိုင်းမျိုးနွယ်ရဲ့ မဟာအကြီးအကဲကိုသတ်တဲ့အတွက် သေချာပေါက်လက်စားချေရမယ်"

တတိယမြောက်အသံ ထွက်ပေါ်လာပြန်သည်။ ဒူးထောက်နေသောတပည့်များက ကြောက်စိတ်ကြောင့် တုန်ယင်နေသည်။ စကားပြောနေသူများမှာ မုန်တိုင်းမျိုးနွယ်၏ ထိပ်ဆုံးအဆင့်များဖြစ်သောကြောင့် သူတို့သည် အသံတစ်ချက်ပင် မထွက်ရဲပေ။

"မုန်တိုင်းမျိုးနွယ် ပျောက်ကွယ်နေတာ နှစ်ပေါင်းရာချီပြီဆိုတော့ လောကကြီးက ငါတို့ကို မေ့နေပြီထင်တယ်"

"အစ်ကိုကြီး ကျုပ်အထင်ပြောရရင် ဒီကိစ္စကို အရင်ဆုံးစုံစမ်းသင့်တယ်။ ကိုယ့်ကိုကိုယ်သိခြင်းနဲ့ ရန်သူကိုသိခြင်းက တိုက်ပွဲတစ်ရာကိုအောင်နိုင်စေတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ ကုန်းယွမ်ကိုသတ်တဲ့ တရားခံကို သေချာပေါက်အလွတ်ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် လက်စားမချေခင် ဘယ်လိုလူမျိုးက အတင့်ရဲပြီး နောက်ကွယ်ကလုပ်နေတာလဲဆိုတာကို စုံစမ်းရပါမယ်"

"ကုန်းရှင်း ကုန်းလု ကုန်းယန် မင်းတို့သုံးယောက်ကို စုံစမ်းရေးအတွက် တာဝန်ပေးမယ်။ လောလောဆယ်မှာ ရန်သူနဲ့ မတိုက်ခိုက်နဲ့ဦး"

ခဏတာတိတ်ဆိတ်သွားပြီးနောက် အသံက ထပ်မံထွက်ပေါ်လာသည်။

"ကောင်းပါပြီ"

အမိန့်သံအဆုံးတွင် နတ်ဝိဇ္ဇာသုံးယောက်က လှစ်ခနဲထွက်ခွာသွားပြီး မြူခိုးများအကြားတွင် လျင်မြန်စွာပျောက်ကွယ်သွားသည်။

လင်းယွန်တောင်တန်း ယဲ့တောင်ကြားအတွင်း ဝိညာဥ်သစ်ပင်အောက်တွင် ယဲ့ချန်သည် တင်ပျဥ်ခွေထိုင်၍ လောကအတွင်းရှိ ကောင်းကင်ချီများကိုအာရုံခံကာ ကျင့်ကြံနေသည်။ ကောင်းကင်ချီများက ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားလျှင် အာကာသကျောက်တစ်လုံးကိုထုတ်ယူ၍ စုပ်ယူလိုက်သည်။ သူက အာကာသကျောက်ငါးတုံးကို စုပ်ယူပြီးနောက် ကျင့်ကြံဆင့်သည် မြင့်တက်လာခဲ့သည်။ ထိုအချိန်တွင် သူက လောကနှင့် တစ်သားတည်းဖြစ်လာသကဲ့သို့ ခံစားလိုက်ရပြီး ဉာဏ်အလင်းပွင့်ခြင်းထက်မြင့်သော အခြေအနေတစ်ခုသို့ ဝင်ရောက်နေသည်။ သူက ၎င်းအဆင့်ကို သမာဓိအဆင့်ဟု နာမည်ပေးလိုက်သည်။ ဤအဆင့်တွင် သူ၏ကျင့်ကြံနှုန်းသည် မူလထက် ပို၍မြန်ဆန်နေခဲ့သည်။

အာကာသကျောက်များ၏ကျေးဇူးကြောင့် ယဲ့ချန်သည် ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်ကို ကျော်ဖြတ်၍ နတ်ဝိဇ္ဇာစဦးအဆင့်သို့ နီးကပ်လာခဲ့သည်။ ဝိညာဥ်စစ်သည်တော်ကလည်း လျင်မြန်စွာပြောင်းလဲနေပြီး နတ်ဘုရင်အလယ်အဆင့်သို့ ရောက်ခါနီးဖြစ်သည်။ ဝိညာဥ်အသိစိတ်အရာတွင် ယဲ့ချန်၏ခွန်အားက နတ်ဘုရင်အလယ်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုအပ်သော်လည်း အဆင့်တက်ရန်အတွက် အနည်းငယ်တစ်ဆို့နေခဲ့သည်။

နတ်ဘုရင်စဦးအဆင့်၌ပင် ယဲ့ချန်၏ဝိညာဥ်အသိစိတ်သည် သာမန်နတ်ဘုရင်များထက် ပို၍အစွမ်းထက်ကာ မိုင်တစ်ထောင်အထိ ထောက်လှမ်းနိုင်ခဲ့သည်။ သူက လက်ရှိတွင် မည်သည့်အကွာအဝေးသို့ ဆန့်ထုတ်နိုင်ကြောင်း မသိရသောကြောင့် မိုင်တစ်ထောင်အရောက်တွင် ရှေ့ဆက်တိုးလိုက်သည်။ မိုင်တစ်ထောင့်ငါးရာအရောက်တွင် ယဲ့ချန်၏ဝိညာဥ်အသိစိတ်သည် အကန့်အသတ်သို့ ရောက်သွားခဲ့သည်။ သူက တောင်တန်း၊မြစ်၊ချောင်း၊အင်း၊အိုင်များအထက်တွင် မြင်ကွင်းကျယ်တစ်ခုကို မြင်နေရသည်။

သူ၏ဝိညာဥ်အသိစိတ်သည် စန်းမင်တောင်ကြားသို့ ရောက်သောအခါ အနက်ရောင်စွမ်းအင်များ ကောင်းကင်သို့ထိုးတက်နေသည့် မရဏနန်းတော်ကို မြင်လိုက်ရသောကြောင့် တုန်ခါသွားလေသည်။

All Chapters