ကြေးခွံနက် မြွေမျိုးနွယ်
Vol. 28 Ch. 391
"အစွမ်းထက်လိုက်တဲ့ အရှိန်အဝါ"
ယဲ့ချန်၏စိတ်က တုန်ယင်သွားပြီး မရဏနန်းတော်အတွင်းမှ ကြောက်မက်ဖွယ်အရာတစ်ခုကို အာရုံခံမိလိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က ကြောက်စိတ်များဖြစ်ပေါ်လာကာ မရဏနန်းတော်အတွင်းပိုင်းတွင် သွေးနီရောင်ဖျော့ဖျော့လင်းလက်နေသော အနက်ရောင်အရာကြီးတစ်ခုကို မသဲမကွဲမြင်လိုက်ရသည်။ ဝိညာဥ်အသိစိတ်က နတ်ဘုရင်ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း မရဏနန်းတော်အတွင်းမှ ထိုအရာကြီးကြောင့် ရှေ့ဆက်မသွားရဲဘဲ ဆက်လက်မစုံစမ်းတော့ပေ။ မရဏနန်းတော်အတွင်းရှိနေသည့်အရာကို သူမသိသော်လည်း လက်ရှိခွန်အားဖြင့် မဖြေရှင်းနိုင်ကြောင်း နားလည်ထားသည်။ သူက မရဏနန်းတော်အတွင်းမှရလာသော သေရည်များကို ခြင်္သေ့ကြီးအား မြည်းစမ်းစေ၍ ၎င်း၏ဇစ်မြစ်ကို မေးမြန်းရန် တေးထားလိုက်သည်။
သူ၏ဝိညာဥ်အသိစိတ်သည် အခြားနေရာများသို့ ဆက်လက်ရှာဖွေလိုက်ပြီး သစ်တောများအတွင်း မှော်သားရဲနှင့်ကောင်းကင်သားရဲများကို တွေ့ခဲ့ရသည်။ သူ၏အရှိန််အဝါကိုရသောအခါ ၎င်းတို့က ကြောက်လန့်သွားပြီး လှုပ်ပင်မလှုပ်ရဲတော့ပေ။ ယဲ့ချန်က သားရဲများစွာကိုတွေ့ရှိခဲ့ပြီး စုစည်းနေထိုင်ကြသော မျိုးနွယ်များကိုပင် တွေ့ခဲ့ရသည်။ သို့သော် ၎င်းမျိုးနွယ်များတွင် အသန်မာဆုံးခေါင်းဆောင်များမှာ ကောင်းကင်အဆင့်များသာ ဖြစ်ကြသည်။ နတ်ဘုရင်အဆင့်သားရဲများက အမှန်တကယ်ရှားပါးပေသည်။
ထို့နောက် ယဲ့ချန်သည် တောင်ပေါ်ရွာလေးတစ်ရွာကို ဖြတ်သန်းသွားချိန်တွင် အစွမ်းထက်အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်၏။ ၎င်းက နတ်ဝိဇ္ဇာတစ်ယောက်နှင့် သက်ဆိုင်နေသည်။ တောင်ပေါ်ရွာလေးတွင် လူဦးရေက ရာအနည်းငယ်သာရှိပြီး စုတ်ပြဲနေသောအဝတ်များ ဝတ်ဆင်ထားသည့် နတ်ဝိဇ္ဇာက သံကို သူ၏လက်အတွင်းမှ တူတစ်လက်ဖြင့် သွန်းလုပ်နေသည်။ သူသည် သက်လတ်ပိုင်းလူတစ်ယောက်နှင့်တူညီပြီး ကြွက်သားများပြည့်နှက်နေသော ခန္ဓာကိုယ်ထက်တွင် ကြောက်မက်ဖွယ် အမာရွတ်ကြီးများ ရှိနေသည်။ ၎င်းတို့မှာ ပူလောင်လှသော သံချောင်းများဖြင့် ဖိကပ်ခံထားရပုံပေါ်သည်။ သူက နတ်ဝိဇ္ဇာအဆင့် ပန်းပဲဆရာတစ်ယောက်ဖြစ်ပေသည်။
"ဘယ်နတ်ဘုရင်က ဒီနေရာကို ရောက်လာတာလဲ သိချင်မိတယ်။ ခြင်္သေ့နန်းတော်ရဲ့ ခြင်္သေ့ဘုရင်လား ဝံပုလွေတိုင်းပြည်ရဲ့ ဘုရင်သုံးပါးလား"
ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို သတိထားမိသွားသောအခါ နတ်ဝိဇ္ဇာသည် မျက်မှောင်ကြုတ်၍ ကောင်းကင်သို့မော့ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ နတ်အလင်းများတောက်ပနေသော သူ၏မျက်လုံးများသည် နတ်ဝိဇ္ဇာတစ်ယောက်၏အားမာန်ကို ထင်ဟပ်စေသည်။
"ကျုပ်က စီနီယာပြောတဲ့ နတ်ဘုရင်တွေမဟုတ်ပါဘူး။ တုန်းလင်ပြည်နယ် ယဲ့မျိုးနွယ်အဖွဲ့ဝင်တစ်ယောက်ပါ။ ကျုပ်က နတ်ဘုရင်တွေနဲ့အစွမ်းတူညီတဲ့ ဝိညာဥ်အသိစိတ်ကို ကျင့်ကြံနိုင်ခဲ့ပြီး စီနီယာကို မတော်တဆရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ခင်ဗျားကို တစ်နည်းနည်းနဲ့စော်ကားမိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ"
ယဲ့ချန်က နတ်ဘုရင်တစ်ယောက်ကဲ့သို့ မောက်မာခြင်းမရှိဘဲ ကိုယ့်ကိုကိုယ်နှိမ့်ချ၍ ဆက်ဆံလိုက်သည်။ နတ်ဝိဇ္ဇာတစ်ယောက်က တောင်ပေါ်ရွာလေးတစ်ရွာတွင် လာရောက်နေထိုင်ခြင်းမှာ အခက်အခဲတစ်ခုခုကြောင့် ဖြစ်နိုင်သည်။ သူ၏ခွန်အားသည် ဤပန်းပဲဆရာထက် သာလွန်နိုင်သော်လည်း အကြောင်းအရင်းမဲ့ ရန်မီးမပွားလိုပေ။
"လူသားတစ်ယောက်က ဝိညာဥ်အသိစိတ်ကို ဒီအခြေအနေအထိ ကျင့်ကြံနိုင်တာလား မဆိုးဘူး။ ကျုပ်က တိရှုံးလို့ခေါ်တဲ့ သာမန်ပန်းပဲဆရာတစ်ယောက်ပါ"
ယဲ့ချန်က ရန်လိုစိတ်မရှိဘဲ ယဥ်ကျေးစွာဆက်ဆံလာသောအခါ တိရှုံးသည် တစ်ချက်ပြုံး၍ သူ၏သတိကို အနည်းငယ်လျှော့ချလိုက်သည်။
"ဆရာတိက ဘာကြောင့် ဒီနေရာမှာ လာရောက်နေထိုင်တာလဲဆိုတာ ကျုပ် သိချင်မိတယ်"
ယဲ့ချန်က စပ်စုလိုက်သည်။
"ဒီလောကကြီးမှာ ဒုက္ခတွေအများကြီးရှိတယ်။ ငါက ငြိမ်းချမ်းမှုကို နှစ်သက်လို့ပါ"
တိရှုံးက ဖြေလိုက်သည်။
"ကျုပ် နားလည်ပါပြီ။ ကျုပ်တို့နှစ်ယောက်တွေ့ဆုံရတာ ကံတရားအလိုအရဖြစ်မယ်"
တိရှုံးက သူ၏အကြောင်းကို ပြောလိုစိတ်မရှိသောကြောင့် ယဲ့ချန်သည်လည်း ဆက်မမေးခဲ့ပေ။ ကံဟူသော စကားလုံးကိုကြားသောအခါ တိရှုံးသည် ရယ်မောလိုက်သည်။ ယဲ့ချန်သည် နတ်ဘုရင်တစ်ယောက်အောက် မနိမ့်သော ဝိညာဥ်ကိုကျင့်ကြံနိုင်ခဲ့ပြီး မိုင်တစ်ထောင်အထိ ထောက်လှမ်းနိုင်သောအခါ သူ့ကိုတွေ့ရှိသွားခြင်းက အဆန်းမဟုတ်ပေ။
"လူငယ်လေး မင်းက အခုဘယ်မှာလဲ"
တိရှုံးက သံကို တူဖြင့်ထုနှက်ရင်း မေးလိုက်သည်။ သူ၏ထုချက်များသည် ထူးဆန်းသောကာရံတစ်ခုနှင့် လှုပ်ရှားနေကာ တခါတရံတွင်နှေးကွေးပြီး တခါတရံတွင် မြန်ဆန်နေသည်။ သူ၏ပန်းပဲပညာက အခြားပန်းပဲပညာများနှင့် အလွန်ကွာခြားသောကြောင့် ယဲ့ချန်က အံ့သြနေခဲ့သည်။
"ကျုပ်က လက်ရှိတုန်းလင်ပြည်နယ်မှာ ရှိနေပါတယ်"
"တုန်းလင်ပြည်နယ်နဲ့ ဒီနေရာက မိုင်ပေါင်းတစ်ထောင့်ငါးရာလောက် ကွာဝေးတယ်။ လူငယ်လေး မင်းရဲ့ဝိညာဥ်က တကယ်သာမန်မဟုတ်ဘူး။ ထိပ်ဆုံးအဆင့် နတ်ဘုရင်တွေတောင် မိုင်တစ်ထောင်အပြင်ဘက်ကို မထောက်လှမ်းနိုင်ဘူး"
တိရှုံးသည် ယဲ့ချန်၏စကားကြောင့် အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။
"ဆရာတိက မြှောက်လွန်းနေပါပြီ"
"မင်းရဲ့လေသံအရဆိုရင် တော်တော်ငယ်မယ်ထင်တယ်။ အသက်ငယ်ငယ်နဲ့ ဒီလောက်ပါရမီရှိနေတာဆိုတော့ အနာဂတ်မှာ အဆုံးအစမဲ့လိမ့်မယ်။ တုန်းလင်ပြည်နယ်မှာ ကြယ်ခန်းမလို့ခေါ်တဲ့ အင်အားစုအသစ်တစ်ခုပေါ်လာတယ်လို့ ကြားတယ်။ မင်းနဲ့ ပတ်သက်နေလား"
"ကျုပ်က ကြယ်ခန်းမသခင်ပါ"
ယဲ့ချန်က တိရှုံး၏အမူအရာကို အကဲခတ်ပြီး အမှန်အတိုင်းဖြေလိုက်သည်။ ယဲ့ချန်၏စကားကြောင့် သူက အနည်းငယ်မျက်နှာပျက်သွားခဲ့သည်။
"ဆရာတိရဲ့ဒဏ်ရာတွေက တော်တော်ပြင်းထန်နေတယ်"
ယဲ့ချန်က စကားကို လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်သည်။ နတ်ဝိဇ္ဇာတစ်ယောက်က ပန်းပဲထုရာတွင် ဒဏ်ရာရနိုင်ချေ လုံးဝမရှိပေ။ ၎င်းတို့က ပြင်းထန်လွန်းသောကြောင့် အစွမ်းထက်ရန်သူတစ်ယောက်၏ လက်ချက်ဖြစ်နိုင်သည်။
"လူငယ်လေး ငါ့ဒဏ်ရာတွေက အတွင်းဒဏ်ရာဖြစ်လို့ အပြည့်အဝမပျောက်ကင်းနိုင်ဘူး။ ဒါပေမယ့် ပန်းပဲလုပ်တာမှာ ငါက နည်းနည်းထူးချွန်တယ်။ မင်းသာလိုချင်ရင် ဝိညာဥ်လက်နက်တစ်ခုနှစ်ခုလောက် လုပ်ပေးမယ်"
တိရှုံးက ကမ်းလှမ်းလိုက်သည်။
"ဆရာတိအတွက် ကျုပ်က ဘာပြန်လုပ်ပေးရမလဲ"
"လောလောဆယ်တော့ မလိုအပ်သေးဘူး။ မင်းအနေနဲ့ ငါ့အပေါ် အကြွေးတစ်ခုတင်နေတယ်လို့ မှတ်ထားပေးပါ။ ကြယ်ခန်းမ ပိုပြီးအစွမ်းထက်လာရင် ငါ ထုတ်ပြောမယ်။ ကြယ်ခန်းမက နိမ့်ကျသွားမယ်ဆိုရင်တော့ ဒီအကြွေးကို မေ့လိုက်ကြတာပေါ့"
တိရှုံးက တစ်လုံးချင်း ဖြေလိုက်သည်။
"ဆရာတိက ဘယ်အဆင့် ဝိညာဥ်လက်နက်တွေ ထုလုပ်ပေးနိုင်ပါသလဲ"
ယဲ့ချန်က စပ်စုလိုက်သည်။
"လူသားအဆင့်လက်နက်ဆိုရင် ပြဿနာမရှိဘူး။ မြေအဆင့်ကိုတောင် ငါ လုပ်ပေးနိုင်လောက်တယ်။ အတိတ်ကလောက် ငါ့ကျင့်ကြံဆင့် မသန်မာတော့တာ နှမြောစရာကောင်းတယ်။ မဟုတ်ရင် မင်းအတွက် ကောင်းကင်အဆင့်လက်နက်ကို လုပ်ပေးနိုင်မှာ"
တိရှုံးက ခါးသက်သက်ပြုံး၍ ဖြေလိုက်သည်။
ယဲ့ချန်၏စိတ်ထဲတွင် တိရှုံးသည် သက်လတ်ပိုင်းအရွယ်မဟုတ်ဘဲ နှစ်ပေါင်းများစွာအသက်ရှင်လာသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်သည်။ သူ၏ငယ်ရွယ်မှုကို ကျင့်စဥ်တစ်ခုက ထိန်းသိမ်းပေးထားပုံပေါ်သည်။ လက်ရှိတွင် နတ်ဝိဇ္ဇာထိပ်ဆုံးအဆင့်ဖြစ်နေသော တိရှုံးက အတိတ်ကလောက် သန်မာခြင်းမရှိဟုဆိုသောအခါ သူက အနည်းဆုံး အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်နေသည်။ သူက ဒဏ်ရာကြောင့် ကျင့်ကြံဆင့်နိမ့်ကျသွားပုံပေါ်ကာ ရန်သူများကို ရှောင်တိမ်းလာခြင်းဖြစ်နိုင်လေသည်။
"ဒီဒဏ်ရာတွေကြောင့် ငါ့ကျင့်ကြံဆင့်က နိမ့်ကျသွားခဲ့တယ်။ ငါ့ပညာကို လက်ဆင့်ကမ်းပေးချင်ပေမယ့် ဒီရွာလေးမှာ ပါရမီရှင်တွေမရှိဘူး။ မင်းရဲ့ကြယ်ခန်းမတပည့်တွေထဲမှာ ပန်းပဲပညာကို သင်ချင်သူတွေ ရှိလား"
တိရှုံးက ပန်းပဲထုနေရင်း မေးလိုက်ခြင်းဖြစ်သည်။
"ဆရာတိရွေးချယ်ဖို့အတွက် ကျုပ် လက်အောက်ငယ်သားတွေကို ပို့ပေးပါမယ်"
ဤစကားကိုကြားသောအခါ ယဲ့ချန်သည် ဝမ်းမြောက်စွာနှင့် ခေါင်းညိတ်လိုက်၏။ သူက ယဲ့မျိုးနွယ်ဝင်များနှင့် သစ္စာရှိကာယုံကြည်စိတ်ချရသော ကြယ်ခန်းမတပည့်များကို စေလွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းသူတစ်ယောက်ကို တိရှုံးက မျက်စိကျပြီး တပည့်အဖြစ် ရွေးချယ်လိုက်သည်။
"ငါ့အတွက် ကုန်ကြမ်းပစ္စည်းတွေ ထည့်ပေးလိုက်ဦး။ မင်းအတွက် လက်နက်တစ်ခု အလကားလုပ်ပေးမယ်"
"ဆရာတိကို ကျေးဇူးအများကြီးတင်ပါတယ်"
ယဲ့ချန်၏စိတ်ထဲတွင် စီကုန်းဖေးယွမ်၏ သိုလှောင်အိတ်အတွင်းမှရလာသော သတ္တုရိုင်းက ချက်ချင်းထွက်ပေါ်လာသည်။ သူက ၎င်းအကြောင်း သေချာမသိသော်လည်း ရှောင်ရိ၏ခွန်အားအပြည့်တိုက်ခိုက်မှုကပင် အစင်းရာမထင်စေခဲ့ပေ။ ထို့ကြောင့် သတ္တုရိုင်းသည် သေချာပေါက်ထူးခြားကာ ဆည်းဆာရွှေအောက် မနိမ့်ကျနိုင်ချေ။
"စီစဥ်စရာရှိတာတွေစီစဥ်ပြီးရင် ကျုပ် ဆရာတိကို လာတွေ့ပါမယ်"
ယဲ့ချန်က တိရှုံးကိုနှုတ်ဆက်၍ ဝိညာဥ်အသိစိတ်ကို နေရာရွှေ့လိုက်သည်။ တိရှုံးသည် ကောင်းကင်ကိုမော့ကြည့်၍ ပန်းပဲဆက်ထုနေခဲ့သည်။ သူက ဤတောင်ပေါ်ရွာကလေးတွင် နှစ်ပေါင်းများစွယနေထိုင်ပြီးနောက် အပြောင်းအလဲများကို ဖန်တီးနိုင်စွမ်းရှိသည့် ယဲ့ချန်ကဲ့သို့ ပါရမီရှင်လူငယ်လေးတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ ထို့နောက် သာမန်ပန်းပဲဆရာတစ်ယောက်၏ အသွင်အပြင်မျိုးရှိသော တိရှုံး၏မျက်လုံးများတွင် အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားလေသည်။
တောင်ပေါ်ရွာလေးတစ်ခုတွင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဇာတ်မြုပ်နေထိုင်မည်ဟု ယဲ့ချန်က မျှော်လင့်မထားခဲ့ပေ။ ပတ်ဝန်းကျင်တွင် အခြားကျင့်ကြံသူများရှိလိုရှိငြား သူက ဆက်လက်ရှာဖွေခဲ့သည်။ ဝိညာဥ်အသိစိတ်က တောင်တန်းများကိုဖြ တ်သန်းသွားသော်လည်း နောက်ထပ်ထူးဆန်းသူများကို ရှာမတွေ့ချေ။ ထိုအစား သူက လျှို့ဝှက်နယ်မြေတစ်ခုကိုရှာတွေ့ခဲ့ပြီး မိုင်ပေါင်းရာချီကျယ်ဝန်းကာ အနက်ရောင်မြူများရစ်သိုင်းနေသည့် ရွှံ့နွံအိုင်ကြီးတစ်ခုဖြစ်သည်။ ဝိညာဥ်အသိစိတ်သည် မြူခိုးများကို မထိုးဖောက်နိုင်ဘဲ အိုင်၏အစပ်တွင် အလောင်းများ ပြည့်နှက်နေသည်။ အများစုက သားရဲအလောင်းများဖြစ်ကာ လူသားအရိုးစုအချို့လည်း ရှိနေခဲ့သည်။ အစွမ်းထက်မှော်သားရဲတစ်ကောင်၏ အရှိန်အဝါက နွံအိုင်ကြီးအတွင်းမှ ထွက်ပေါ်နေသောကြောင့် ယဲ့ချန်ပင် တုန်ယင်သွားခဲ့ရသည်။ နက်ရှိုင်းကာကြောက်မက်ဖွယ်ကောင်းသော နွံအိုင်အတွင်း မည်သည့်သားရဲမျိုးနေထိုင်ကြောင်းကို သူလည်း မခန့်မှန်းတတ်ပေ။
နွံအိုင်၏အပြင်ဘက်တွင် ကျိုးပဲ့ပြီး ရေညှိများဖုံးအုပ်နေသော ကျောက်တိုင်တစ်ခု ရှိနေသည်။ ၎င်းအပေါ်တွင် ရှေးဟောင်းဘာသာစကားဖြင့် အဆိပ်တိမ်နတ်ဆိုးနွံအိုင်ဟုထင်ရသော စကားလုံးများကို ရေးထွင်းထားသည်။
ယဲ့ချန်သည် နွံအိုင်အစပ်တွင် အနက်ရောင်ဝိညာဥ်သားရဲအချို့ ရောက်နေသည်ကို သတိထားမိလိုက်၏။ ၎င်းတို့က နွံအိုင်အတွင်း ကျူးကျော်လိုက်ကြသော်လည်း ချက်ချင်းနာကျင်စွာအော်ဟစ်၍ အသွေးအသားများ အရည်ပျော်သွားကာ အရိုးစုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ အဆိပ်မြူများက အစွမ်းထက်လွန်းသောကြောင့် ဝိညာဥ်သားရဲများကို တိုက်ရိုက်အရည်ဖျော်ချပစ်လိုက်နိုင်သည်။ အသစ်ထပ်ရောက်လာသော ဝိညာဥ်သားရဲများကမူ ကြောက်စိတ်မရှိဘဲ နွံအိုင်အတွင်း ဝင်ရောက်ရန် ကြိုးစားနေကြပြန်သည်။
"ဝိညာဥ်သားရဲတွေက ဘာကြောင့် နေရာတိုင်းပေါ်လာရတာလဲ"
ယဲ့ချန်၏ခံစားချက်များ ဆိုးရွားလာပြီး အန္တရာယ်ဟူသောအသိက ပိုတိုးလာခဲ့သည်။ ဝိညာဥ်အသိစိတ်သည် နွံအိုင်အနီးရှိ ထူထပ်သော သစ်တောတစ်ခုထံ ရောက်ရှိသွားခဲ့သည်။ ထိုသစ်တောအတွင်း၌ ကျောက်ယဇ်ပလ္လင်များနှင့် သက်ရှိအချို့ နေထိုင်နေကြသည်။
"ဘယ်သူက ကြေးခွံနက်မြွေမျိုးနွယ်ရဲ့ မြင့်မြတ်မြေကို ကျူးကျော်လာရဲတာလဲ"
အော်သံတစ်ခုက ရုတ်တရက် ကျယ်လောင်စွာထွက်ပေါ်လာသည်။ နတ်ဘုရင်အဆင့်အောက်မနိမ့်သော ဝိညာဥ်အသိစိတ်ငါးခုက ယဲ့ချန်ထံ သတ်ဖြတ်လိုစိတ်ဖြင့် ဝုန်းခနဲတိုးဝင်လာကြသည်။
"ဒီနေရာမှာ ကောင်းကင်သားရဲနတ်ဘုရင်တွေ တကယ်ရှိနေတာလား။ ကြေးခွံနက်မြွေမျိုးနွယ်က ဘယ်လောက်အစွမ်းထက်လို့ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိနေတာလဲ"
ယဲ့ချန်က အလွန်အံ့အားသင့်သွားခဲ့သည်။ ဤအင်အားမျိုးက ဝံပုလွေတိုင်းပြည်အောက် မနိမ့်ကျသော်လည်း သူသည်ပင် တစ်ခါမှမကြားဖူးခဲ့ပေ။
"ကျုပ်က ဒီနေရာကို မတော်တဆရောက်လာတာပါ။ ခင်ဗျားတို့ကို စော်ကားလိုစိတ်မရှိပါဘူး"
ယဲ့ချန်သည် သူထံသို့ နတ်ဘုရင်ထိပ်ဆုံးအဆင့် ဝိညာဥ်ငါးခု ဝင်ရောက်လာသည်ကို ခံစားမိသောအခါ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ နောက်ဆုတ်ပေးလိုက်လေသည်။