မုန်တိုင်းမျိုးနွယ်၏သူလျှို
Vol. 28 Ch. 392
"ဒီနေရာက ကြေးခွံနက်မြွေမျိုးနွယ်ရဲ့ ပိုင်နက်ဖြစ်တယ်။ မင်းမှာ ကိစ္စမရှိဘူးဆိုရင် ချက်ချင်းထွက်သွားပါ"
ဝိညာဥ်အသိစိတ်ငါးခုက ရန်လိုစွာဖြင့် ပြိုင်တူအော်ဟစ်လိုက်ကြသည်။ တစ်ဖက်လူမှ စကားရှည်ရှည်ဝေးဝေးပြောလိုဟန်မရှိသောကြောင့် ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
"ဆရာ ကြေးခွံနက်မြွေမျိုးနွယ်က ဘယ်လိုသားရဲတွေလဲ။ အစွမ်းထက်ကြလား"
ယဲ့ချန်က ခြင်္သေ့ကြီးထံ အကျိုးအကြောင်းစုံစမ်းလိုက်သည်။ ၎င်းမျိုးနွယ်က ကြီးစိုးမောက်မာလွန်းသည်။ အကယ်၍ နတ်ဘုရင်ငါးယောက်သာဆိုလျှင် ယဲ့ချန်က စိုးရိမ်နေမည်မဟုတ်သော်လည်း ပိုမိုကြောက်မက်ဖွယ်ကောင်း အရှိန်အဝါအချို့ကို သူက အာရုံခံမိခဲ့သည်။
"ကြေးခွံနက်မြွေက ရှောင်ရိလို ရှေးဟောင်းသားရဲမျိုးနွယ်ဖြစ်တယ်။ မင်း သူတို့ကို ဘယ်မှာရှာတွေ့တာလဲ"
ခြင်္သေ့ကြီးက ပြန်မေးလိုက်သည်။ ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ် တိုးတက်လာကြောင်းနှင့် ကြေးခွံနက်မြွေမျိုးနွယ်ကို ရှာတွေ့ခဲ့ကြောင်း ရှင်းပြလိုက်သည်။
"စိုးရိမ်စရာမလိုဘူး။ မင်းက သူတို့ကိုရန်မစသရွေ့ မင်းကို ပြဿနာလာရှာမှာမဟုတ်ဘူး။ သူတို့က တစ်ခုခုကို ကာကွယ်စောင့်ရှောက်နေတာဖြစ်ရမယ်"
ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။ ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ ကြေးခွံနက်မြွေများသာ အာဏာအတွက်တိုက်ခိုက်လိုလျှင် နတ်ဘုရင်အင်အားစုနှစ်ခုထက် မနိမ့်သော အင်အားမျိုးကို တည်ထောင်နိုင်စွမ်းရှိသည်။ သို့သော်လည်း သူတို့က နှိမ့်နှိမ့်ချချသာနေထိုင်ကြသည်။ နတ်ဘုရင်အင်အားစုနှစ်ခုလုံးက ဤမျိုးနွယ်ကို ရန်စလိုမည်မဟုတ်ပေ။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ဆက်လက်ရှာဖွေလိုက်ပြီး ကြယ်ခန်းမ၏လုံခြုံရေးအတွက် မိုင်တစ်ထောင်အတွင်း ရှိသမျှအခြေအနေများကို နားလည်နိုင်ရန်ဖြစ်သည်။ မည်သည်ကိုမှ ရှာမတွေ့တော့သောကြောင့် ၎င်းက လင်းယွန်တောင်တန်းအတွင်း ပြန်ရောက်လာကာ ကျောက်စိမ်းနန်းတော်ထံ ရောက်ရှိခဲ့သည်။ ၎င်းက မီတာတစ်ထောင်မြင့်၍ ကိုးထပ်ရှိကာ သက်တန့်ရောင်တောက်ပနေသဖြင့် ကြီးကျယ်ခမ်းနားပုံပေါ်သည်။ ယဲ့ချန်က ၎င်းကိုစုံစမ်းလိုသော်လည်း သက်တန့်အလင်းကြောင့် ဝိညာဥ်အသိစိတ်က ပြန်ကန်ထွက်လာသည်။ အကြီးအကဲထန်းယွမ်က သူ့ကိုဝင်ခွင့်ပေးခဲ့သော်လည်း လျှို့ဝှက်ချက်များကို သိစေချင်ပုံမရချေ။ အကယ်၍ သူက အချိန်ရှိလျှင် ကိုယ်တိုင်သွားရောက်ပြီး ရှာဖွေရမည်ဖြစ်သည်။ သို့သော် လက်ရှိတွင် ကြယ်ခန်းမ၌ အန္တရာယ်များ ပတ်လည်ဝိုင်းနေသောကြောင့် ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်အတွင်း အချိန်ယူ၍ ရှာဖွေနိုင်ခြင်း မရှိသေးပေ။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်သောအခါ ၎င်းက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ တစ်နေရာမှစတင်၍ တစ်ခုလုံးပြောင်းလဲသွားကာ စွမ်းအင်များတိုးတက်လာ၍ လောကကြီးနှင့် တစ်သားတည်းဖြစ်သွားပုံပေါ်သည်။ သူက မျက်လုံးကို ဖွင့်လိုက်သောအခါ ခရမ်းရောင်မီးတောက်များ ရုတ်တရက်တောက်ပလာ၍ ၎င်းက အဆင့်တက်သွားကြောင်း နားလည်လိုက်၏။ ဝိညာဥ်အသိစိတ်သည် နတ်ဘုရင်အလယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ဝိညာဥ်စစ်သည်တော်ကို ဖွဲ့စည်းလိုက်သောအခါ ၎င်းက ပို၍အရပ်ရှည်လာပြီး ပိုမိုကြီးမားလာသည်။ ၎င်းသည် မီတာနှစ်ဆယ်ကျော်ရှည်လာပြီး ခေါင်းအစခြေအဆုံး ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်ဖော်ထားသည်။ လှံပုဆိန်ကြီးတွင် မီးများတောက်လောင်နေကာ တစ်ကိုယ်လုံးတွင် ခရမ်းရောင်မီးတောက်များသည် နဂါးများကဲ့သို့ လည်ပတ်နေသည်။ ဝိညာဥ်စစ်သည်တော်သည် ရှေးခေတ်ဟောင်းမှ လူသန်ကြီးတစ်ယောက် နိုးထလာသည်နှင့်တူညီနေပြီး တောင်နှင့်ပင်လယ်များကို မှောက်လှန်နိုင်သော စွမ်းအားကို ပိုင်ဆိုင်လာခဲ့သည်။
ဝိညာဥ်ကနတ်ဘုရင်အလယ်အဆင့်သာဖြစ်သော်လည်း ၎င်းသည် ဝံပုလွေတိုင်းပြည်၏ မည်သည့်ဘုရင်နှင့်မဆို တိုက်ခိုက်နိုင်ကြောင်း ယဲ့ချန်က ယုံကြည်သည်။ အတိတ်တွင် ကျောက်စိမ်းနန်းတော်၌ သူက ဝံပုလွေနတ်ဘုရင်တစ်ယောက်၏ အကြည့်တစ်ချက်၌ပင် အလွန်ကြောက်လန့်ခဲ့ရသော်လည်း လက်ရှိ၌ သူတို့နှင့် အဆင့်တူဖြစ်လာခဲ့သည်။ ဝိညာဥ်က ပိုမိုအစွမ်းထက်လာသောအခါ ကောင်းကင်တုန်ခါဆေးအိုး၏အစွမ်းလည်း တိုးလာခဲ့သည်။
တစ်နှစ်အတွင်း ယဲ့ချန်သည် ကောင်းကင်ချီကျင့်ကြံမှုတွင် ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်လာပြီး ဝိညာဥ်က နတ်ဘုရင်အလယ်အဆင့်ဖြစ်လာသည်။ ဤအမြန်နှုန်းက ကောင်းကင်ကိုပင် ဆန့်ကျင်နေသည်။ ကျင့်ကြံခြင်းတွင် အခြေခိုင်မာရန် အရေးကြီးသော်လည်း အန္တရာယ်များပြည့်နှက်နေသော ဤကမ္ဘာတွင် ယဲ့ချန်အတွက် နှေးကွေးနေ၍မရပေ။ တစ်ခုတည်းသော နည်းလမ်းက လျင်မြန်စွာ အဆင့်တက်ရန်သာဖြစ်သည်။
ယဲ့ချန်က ဆက်လက်ကျင့်ကြံနေပြီး ကြယ်ခန်းမက ဖြည်းဖြည်းမှန်မှန်တိုးတက်နေသည်။ ကျင့်ကြံနေသော ယဲ့မျိုးနွယ်ဝင်များ၏အော်သံများက သိုင်းလေ့ကျင့်ကွင်းမှ ထွက်ပေါ်နေသည်။ မျက်တောင်တစ်ခတ်အတွင်း လဝက်ကုန်ဆုံးသွားကာ မြို့ငါးမြို့က တည်ဆောက်နေဆဲပင်ဖြစ်သည်။ မြို့များ၏ဘေးရှိ တောင်များပေါ်တွင် ကြယ်ခန်းမ၏အဖွဲ့ဝင်များက နေရာတိုင်းတွင် ကျင့်ကြံနေကြသည်။ မှော်သားရဲနှင့်ကောင်းကင်သားရဲများက ဟိုမှသည်သွားလာနေကြပြီး ကောင်းကင်ထက်တွင်လည်း ပျံသန်းနိုင်သော သားရဲများ အချိန်တိုင်း ပျံသန်းနေကြသည်။
ယဲ့ချန်က ပတ်ဝန်းကျင်တွင် ချီစုဆောင်းအစီအရင်များ တည်ဆောက်ထားသောကြောင့် ကောင်းကင်ချီများ ကြွယ်ဝလျက်ရှိသည်။ ကောင်းကင်ချီများက တိမ်များကဲ့သို့စုဝေးနေသောကြောင့် လျှို့ဝှက်ဘုံတစ်ခုနှင့်ပင် တူညီနေသည်။
ယဲ့ချန်၏ညွှန်ကြားမှုဖြင့် ယဲ့မုန်နှင့်အချို့တပည့်များက သတ္တုရိုင်းများကိုသယ်ဆောင်ကာ တိရှုံးထံ သွားရောက်လိုက်ကြသည်။ တိရှုံးက သူတို့၏ပါရမီကိုသဘောကျသောကြောင့် တပည့်အဖြစ် လက်ခံလိုက်သောကြောင့် ယဲ့မုန်တို့လူစုက သူ၏လက်အောက်တွင် ကျင့်ကြံလိုက်ကြသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်သည်လည်း တိရှုံးထံ ရောက်လာခဲ့သည်။
"ဆရာတိ ဒီသတ္တုရိုင်းတွေကို သဘောကျရဲ့လား"
"ဒီသတ္တုရိုင်းက ငွေနက်လို့ခေါ်တယ်။ ဒါကိုအသုံးပြုပြီး မင်းအတွက် လက်နက်တစ်ခုလုပ်ပေးမယ်။ ဒီသတ္တုရိုင်းကို အခြားသတ္တုတွေနဲ့ရောလိုက်ရင် ကီလိုဂရမ်ငါးရာလောက်လေးတဲ့ လက်နက်တစ်ခု ရနိုင်တယ်။ ဒါအတွက် လက်နက်ဝိညာဥ်တစ်ခု ဖန်တီးပေးလိုက်ရင် သေချာပေါက် လူသားအဆင့်ဖြစ်စေရမယ်"
တိရှုံးက ကတိပေးလိုက်သည်။
"ဒါဆိုရင် ဆရာတိကို ဒုက္ခပေးမိပါပြီ။ သူတို့ကိုလည်း ဂရုစိုက်ပေးပါဦး"
ယဲ့ချန်၏ဝိညာဥ်အသိစိတ်သည် ကျင့်ကြံနေသော ယဲ့မုန်တို့လူစုထံ အကြည့်ရောက်သွားခဲ့သည်။
"ဒီတပည့်တွေထဲမှာ မိုးကြိုးကျင့်စဥ်ကိုကျင့်ကြံတဲ့ ယဲ့မျိုးနွယ်ဝင်တွေက ငါ့ထက်တောင် ထူးချွန်ဦးမယ်။ သူတို့ကို ကျင့်ကြံရေးကျင့်စဥ်တွေ မသင်ပေးနိုင်ပေမယ့် ဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတာနဲ့ လျှို့ဝှက်ကျင့်စဥ်တွေ သင်ပေးလိုက်ပါမယ်"
တိရှုံးက တစ်ချက်ပြုံး၍ ဖြေလိုက်သည်။ မိုးကြိုးဧကရာဇ်ကျင့်စဥ်က သာမန်ကျင့်စဥ်များ မယှဥ်နိုင်လောက်အောင် အစွမ်းထက်သောကြောင့် သူက နိမ့်ကျသည်ဟုခံစားနေရခြင်းက မထူးဆန်းပေ။ ယဲ့ချန်သည် တိရှုံးနှင့် စကားအနည်းငယ်ပြောပြီးနောက် ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
ထိုအချိန်တွင် အဝေးတစ်နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ လင်းယွန်တောင်တန်း၏မြောက်ပိုင်းတွင် သိန်းချီသော အဆင့်တစ်ဆယ် ဝိညာဥ်သားရဲအုပ်ကြီး ထွက်ပေါ်လာသည်။ ကံကောင်းစွာဖြင့် ၎င်းတို့၏ကျင့်ကြံဆင့်က နိမ့်ကျနေသည်။
"ကြယ်ခန်းမတပည့်တွေ နားထောင်ကြ။ လင်းယွန်တောင်တန်းရဲ့ မြောက်ပိုင်းမှာ ဝိညာဥ်သားရဲတွေ ထွက်ပေါ်လာကြတယ်။ အဆင့်တစ်ဆယ်အထက်က တပည့်တွေအားလုံး တိုက်ခိုက်မယ်"
ယဲ့ချန်က မျက်လုံးများဖွင့်၍ အော်ဟစ်လိုက်သောအခါ ပတ်ဝန်းကျင်၌ သူ၏အသံက ပဲ့တင်ထပ်သွားခဲ့သည်။
"အဆင့်တစ်ဆယ်အထက်က တပည့်တွေ လိုက်ခဲ့ကြ။ ဝိညာဥ်သားရဲတွေကို သတ်မယ်"
နင်ချင်းယွင်က ဤသို့အမိန့်ပေးပြီး ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
"ကောင်းကင်ဓားခန်းမရဲ့တပည့်တွေ လိုက်ခဲ့ကြ"
"ဆေဘာရိုင်းခန်းမရဲ့တပည့်တွေ သွားကြစို့"
"မီးတိမ်ခန်းမရဲ့တပည့်တွေ ချီတက်ကြ"
ရှဲ့တောက်နှင့်ရှဲ့ကျန်းက လူသားကျင့်ကြံသူများကိုဦးဆောင်၍ နင်ချင်းယွင်နောက်မှ ကပ်လိုက်သွားကြသည်။ နေမီးတောက်ငှက်သည်လည်း မရေမတွက်နိုင်အောင်များပြားသော သားရဲများကို ဦးဆောင်လိုက်သည်။ မီးတိမ်ခန်းမက ကြယ်ခန်းမ၏လက်အောက်ခန်းမသုံးခုတွင် အစွမ်းအထက်ဆုံးဖြစ်သောကြောင့် ကောင်းကင်တစ်ခွင် သားရဲပုံရိပ်များ ပြည့်နှက်လာသည်။
အကယ်၍ ဝိညာဥ်သားရဲများသည် ပို၍အစွမ်းထက်သန်မာနေလျှင် ယဲ့ချန်ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရမည်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့က အဆင့်တစ်ဆယ်သာဖြစ်သောကြောင့် ကြယ်ခန်းမ၏တပည့်များကို လေ့ကျင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဝိညာဥ်သားရဲအရေအတွက်က ပိုတိုးလာခဲ့သည်။ ဤလှိုင်းလုံးကြီးက လူသားအင်ပါယာတစ်ခုကိုဖျက်ဆီးရန် လုံလောက်နေသည်။ သူ၏မြင်ကွင်းအတွင်း တိုက်ပွဲနေရာတစ်ခုလုံးက ဖရိုဖရဲဖြစ်နေခဲ့သည်။
"တော်ဝင်မြို့တော်ကို ဆက်သားတစ်ယောက်စေလွှတ်ပြီး ပြည်သူတွေအားလုံးကို မြို့တော်ထဲမှာနေခိုင်းဖို့ မင်ဝူကို သတိပေးလိုက်"
ကြယ်ခန်းမ၏ပိုင်နက်တွင် မြို့ငါးမြို့သာရှိသောကြောင့် ရှီဝူအင်ပါယာ၏ပြည်သူများအားလုံးကို လက်မခံနိုင်ပေ။ ထို့ကြောင့် ယဲ့ချန်သည် ဤသို့ပြုလုပ်ရန်သာ တတ်နိုင်သည်။
သူ၏ဝိညာဥ်အသိစိတ်သည် လင်းယွန်တောင်တန်း၏မြောက်ပိုင်းသို့ ရောက်သောအခါ ကြယ်ခန်းမနှင့် ဝိညာဥ်သားရဲများ၏တိုက်ပွဲက စတင်နေပြီဖြစ်သည်။ ဆေဘာအလင်းများနှင့် ဓားရောင်များက နေရာတိုင်းတွင် တဖျတ်ဖျတ်လက်နေကြသည်။ သူက နေရာတိုင်းကိုစောင့်ကြည့်နေပြီး ကြယ်ခန်းမ၏တပည့်တစ်ယောက် အသက်အန္တရာယ်ရှိလျှင် အကောင်းဆုံးကြိုးစား၍ ကယ်တင်ပေးလိုက်၏။ သို့သော် ဒဏ်ရာများနှင့်သေခြင်းတရားက ရှောင်လွှဲမရနိုင်ပေ။ သူတို့အနေဖြင့် ပို၍သန်မာလာစေရန် သေခြင်းရှင်ခြင်းတိုက်ပွဲများကို ကျော်ဖြတ်ရပေလိမ့်မည်။
တောင်တန်းတစ်ခုပေါ်တွင် သာမန်လယ်သမားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်ရှိနေကာ တိုက်ပွဲကို စောင့်ကြည့်နေသည်။
"ကြယ်ခန်းမရဲ့အင်အားက အသစ်တည်ထောင်ကာစထက် အများကြီးပိုပြီး အစွမ်းထက်နေတယ်"
ထိုလူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူ၏အရှိန်အဝါကို အာရုံခံမိသော ယဲ့ချန်က နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းအာရုံစိုက်လိုက်သည်။
"ကြယ်ခန်းမကို ဘယ်သူက ခိုးကြောင်ခိုးဝှက်စောင့်ကြည့်နေတာလဲ"
ယဲ့ချန်၏အော်သံနှင့်အတူ ဝိညာဥ်အသိစိတ်၏အရှိန်အဝါ ထွက်ပေါ်လာသည်။
"ကျုပ်က တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပါ။ ဖြတ်သွားဖြတ်လာတွေ့မိတာဖြစ်လို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
နတ်ဝိဇ္ဇာက ယဲ့ချန်၏ဖိအားကိုခုခံရန် ကောင်းကင်ချီကို ချက်ချင်းလည်ပတ်လိုက်သည်။ သူက မျက်နှာပျက်သွားပြီး လက်နှစ်ဖက်ဆုပ်ကာ တောင်းပန်လိုက်သည်။ ယဲ့ချန်၏ဖိအားကြောင့် သူက အသက်ရှူကျပ်နေသည်။ ဝိညာဥ်အသိစိတ်က နတ်ဘုရင်အလယ်အဆင့်သာဖြစ်သော်လည်း သာမန်နတ်ဘုရင်များ၏ဝိညာဥ်နှင့် အလွန်တရာကွာခြားနေသည်။ နတ်ဝိဇ္ဇာ၏အရှိန်အဝါမှ ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"မုန်တိုင်းမျိုးနွယ် မင်းက ကြယ်ခန်းမကို သူလျှိုလာလုပ်တာလား။ သေစမ်း"
ဝိညာဥ်အသိစိတ်သည် ဝိညာဥ်စစ်သည်တော်အဖြစ် ချက်ချင်းပြောင်းလဲသွားကာ ရန်သူနတ်ဝိဇ္ဇာထံ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"နဂါးငွေ့တန်းလက်ဝါးသိုင်း"
နတ်ဝိဇ္ဇာသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်ချီများရပ်တန့်သွားကြောင်း ခံစားလိုက်ရသည်။ ယဲ့ချန်က ချက်ချင်းတိုက်ခိုက်လာမည်ဟု သူက မျှော်လင့်မထားခဲ့ပေ။ နဂါးငွေ့တန်းလက်ဝါးချက်တွင်ပါဝင်သော စွမ်းအားကို သူကမခုခံနိုင်သဖြင့် မျက်နှာပျက်သွားသည်။
"မုန်တိုင်းချပ်ဝတ်"
နတ်ဝိဇ္ဇာက မုန်တိုင်းမျိုးနွယ်၏ကာကွယ်ရေးကျင့်စဥ်ကို ထုတ်ဖော်လိုက်သောအခါ ခန္ဓာကိုယ်ထက်တွင် အပြာရောင်တလက်လက်ဖြစ်နေသော ချပ်ကာတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက ခန္ဓာကိုယ်ကိုကာကွယ်ထားပြီး ရေချီများ ပတ်လည်ဝိုင်းနေသည်။
"နဂါးငွေ့တန်းလက်ဝါးသိုင်းကို မုန်တိုင်းချပ်ဝတ်နဲ့ ခုခံချင်တာလား။ ပျက်စီးစမ်း"
ယဲ့ချန်က ကြုံးဝါးလိုက်သည်။ ခရမ်းရောင်မီးတောက်များသည် ကောင်းကင်ရှိကြယ်များကဲ့သို့ ကျဆင်းလာ၍ မုန်တိုင်းချပ်ဝတ်ကို ထိုးဖောက်လိုက်သည်။
"ဘန်း ဘန်း ဘန်း"
"ကြောက်စရာကောင်းလိုက်တဲ့ ဝိညာဥ်ကျင့်စဥ်"
နတ်ဝိဇ္ဇာ၏သွေးကြောဆုံချက်များ ပေါက်ကွဲသွားကာ သွေးတစ်လုတ် အန်ချလိုက်ရသည်။ သူ၏မျက်လုံးများတွင် ကြောက်စိတ်များ ဖြစ်ပေါ်လာလေသည်။