နတ်ရတနာ ထွက်ပေါ်လာခြင်း
Vol. 28 Ch. 393
"လျှို့ဝှက်ကျင့်စဥ် တိမ်လွတ်မြောက်ခြင်း"
နတ်ဝိဇ္ဇာ၏ခန္ဓာကိုယ်ကို မြူခိုးများက လွှမ်းခြုံသွားကာ တိမ်တစ်ခုအဖြစ်နှင့် လွင့်ပျံသွားခဲ့သည်။ ဝိညာဥ်စစ်သည်တော်က ရန်သူထွက်ပြေးသွားသော ဦးတည်ရာသို့ ချက်ချင်းလိုက်ပါသွားသော်လည်း မှုန်ဝါးဝါးပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ မုန်တိုင်းမျိုးနွယ်တွင် လျှို့ဝှက်ကျင့်စဥ်များစွာရှိသောကြောင့် ဤကား အစွမ်းထက်လွတ်မြောက်ရေး ကျင့်စဥ်တစ်ခုဖြစ်နိုင်သည်။ ဝိညာဥ်စစ်သည်တော်က ပစ်မှတ်၏တည်နေရာကို အတိအကျမသိသော်လည်း တိမ်ကို လက်ဝါးဖြင့် ဆက်တိုက်ရိုက်ချလိုက်သည်။
"ဘုန်း ဘုန်း ဘုန်း"
နတ်ဝိဇ္ဇာမှာ ဆက်တိုက်ရိုက်နှက်ခံနေရသောကြောင့် သွေးများအန်ထွက်လုနီးပါး ဖြစ်လာသည်။ သူက လျှို့ဝှက်ကျင့်စဥ်ဖြင့် ကိုယ်ယောင်ဖျောက်ထားသော်လည်း ရှောင်တိမ်းနိုင်ရန် မလွယ်ပေ။ လက်ဝါးချက်အနည်းငယ်သာ ထိမှန်ခံလိုက်ရသော်လည်း သူ၏ကိုယ်တွင်းရှိ သွေးနှင့်ချီများက လှုပ်ခတ်သွားခဲ့သည်။ သူသည် နတ်ဝိဇ္ဇာအလယ်အဆင့်ဖြစ်သော်လည်း နတ်ဘုရင်အလယ်အဆင့် ဝိညာဥ်စစ်သည်တော်ကို လုံးဝယှဥ်နိုင်ခြင်းမရှိပေ။ နတ်ဝိဇ္ဇာတစ်ယောက်နှင့် ကောင်းကင်သားရဲနတ်ဘုရင်တစ်ယောက်ကြားတွင် စွမ်းအားသည် သာမန်အခြေအနေတွင် များစွာကွာခြားခြင်းမရှိသော်လည်း ဝိညာဥ်စစ်သည်တော်က အဆင့်တူများထက် ပို၍အစွမ်းထက်နေခဲ့သည်။
ဝိညာဥ်စစ်သည်တော်က ရန်သူကိုသတ်ဖြတ်ခါနီးတွင် အဝေးမှ ပုံရိပ်နှစ်ခု ရုတ်တရက်ထွက်ပေါ်လာကာ ၎င်းကို တိုက်ခိုက်လိုက်ကြသည်။ သူတို့ကလည်း နတ်ဝိဇ္ဇာများဖြစ်ကြပြီး ဓားချီဖြင့်တိုက်ခိုက်လိုက်သောအခါ တဘုန်းဘုန်းမြည်ဟီးသွားကာ ၎င်းက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရ၏။ ထို့နောက် ပုံရိပ်သုံးခုက လှစ်ခနဲ ထွက်ပြေးသွားခဲ့ကြသည်။ ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်ကို ရန်သူများကို လိုက်ဖမ်းစေခဲ့သော်လည်း သူတို့သည် မိုင်တစ်ထောင့်ငါးရာအပြင်ဘက်အထိ ပြင်းထန်စွာတိုက်ခိုက်ရင်း လွတ်မြောက်သွားကြသည်။ သို့သော် သူတို့သုံးယောက်လုံးက အလွန်အခြေအနေဆိုးသွားကြလေသည်။
အဆင့်တူနတ်ဝိဇ္ဇာသုံးယောက်ကို ဝိညာဥ်စစ်သည်တော်သက်သက်ဖြင့် သတ်ဖြတ်ရန် ယဲ့ချန်အတွက် မလွယ်ကူခဲ့ပေ။ သို့သော်လည်း သူက ထိုသုံးယောက်ကို အပြင်းအထန်ဒဏ်ရာရအောင် တိုက်ခိုက်လိုက်နိုင်သည်။ ရန်သူများ လွတ်မြောက်သွားသောအခါ ယဲ့ချန်က စစ်ပွဲမြေပြင်ကို ပြန်လည်အာရုံစိုက်လိုက်သည်။
မုန်တိုင်းမျိုးနွယ်၏ နတ်ဝိဇ္ဇာသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်၍ အလွန်ကြောက်လန့်နေကြသည်။
"ဒီကောင်က အစွမ်းထက်လွန်းတယ်။ မုန်တိုင်းမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်တွေတောင် အလုပ်မဖြစ်ခဲ့ဘူး။ ငါတို့ကျင့်စဥ်တွေကို အဆုံးမဲ့အဆင့်ကျင့်ကြံသူတွေအပေါ်မှာတောင် အကျိုးသက်ရောက်နိုင်တယ်လေ။ ဒီကောင်က အကြီးအကဲကုန်းယွမ်ကိုသတ်တဲ့ တရားခံ ဖြစ်နေမလား"
"မဖြစ်နိုင်ဘူး။ ဒီလူရဲ့ကျင့်ကြံဆင့်က နတ်ဘုရင်အလယ်အဆင့်။ အကြီးအကဲကုန်းယွမ်ကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ"
"ဝံပုလွေတိုင်းပြည်ရဲ့ ငွေဘုရင်ဆီကနေ သတင်းရခဲ့တယ်။ အကြီးအကဲကုန်းယွမ်ကို အနက်ရောင်နာရီတစ်လုံးနဲ့ ဖိနှိပ်ထားပြီး ဒီကောင်က သတ်လိုက်တယ်တဲ့။ သူ့နောက်မှာ အစွမ်းထက်အင်အားစုတွေ မရှိဘူး"
နတ်ဝိဇ္ဇာသုံးယောက်က ကံကောင်းစွာဖြင့် သတင်းများရယူနိုင်ခဲ့ပြီး အသက်ရှင်လျက်သား လွတ်မြောက်ခဲ့ကြသည်။ သူတို့က မုန်တိုင်းမျိုးနွယ်သို့ပြန်ကာ မဟာအကြီးအကဲများက ဆက်လုပ်ရမည့်ကိစ္စကို ဆုံးဖြတ်ချက်ချပေလိမ့်မည်။
ကြယ်ခန်းမ၏တပည့်များက ဝိညာဥ်သားရဲများကိုသတ်ဖြတ်၍ အလောင်းများကိုသိမ်းယူနေစဥ် အဝေးသို့ငေးကြည့်နေသော ယဲ့ချန်က မျက်မှောင်ကြုတ်ကာ တွေးတောနေသည်။ ကြယ်ခန်းမတွင် ရန်သူများစွာရှိနေပြီး ဝိညာဥ်သားရဲများ၊ သမာဓိကောင်စီ၊ ဝံပုလွေတိုင်းပြည်နှင့် မုန်တိုင်းမျိုးနွယ်စသည်တို့ဖြစ်ကြသည်။ ကြယ်ခန်းမက ရူးသွပ်လောက်သော အမြန်နှုန်းဖြင့် တိုးတက်လာသော်လည်း ကျရောက်မည့်ကပ်ဘေးများကို အလုံးစုံကာကွယ်နိုင်ခြင်းမရှိပေ။
"ဆရာ ဆရာ့မှာ သားရဲတွေကျင့်ကြံနိုင်တဲ့ လျှို့ဝှက်ကျင့်စဥ်တွေ အများကြီးရှိတယ်မလား"
"ရှိတယ် ယဲ့ချန် မင်း ဘယ်လိုစီစဥ်ထားလို့လဲ"
ခြင်္သေ့ကြီးက ခေါင်းညိတ်လိုက်သည်။
"ဆရာဆီက ကျင့်စဥ်တွေကို ကျုပ်လက်အောက်ခံကောင်တွေကို သင်ပေးစေချင်တယ်"
ယဲ့ချန်က မချိပြုံးပြုံးကာ မျက်နှာပြောင်တိုက်၍ တောင်းဆိုလိုက်သည်။
"မင်းက ငါ့ဆီက အမြတ်ထုတ်ချင်နေတာလား။ မင်းကတိပေးထားတဲ့ ခြင်္သေ့မတွေ ဘယ်မှာလဲ"
ခြင်္သေ့ကြီးက နှာခေါင်းရှုံ့လိုက်သည်။
"စိတ်မဆိုးပါနဲ့ဆရာ။ ခြင်္သေ့ဘုရင်က လမ်းမှာရောက်နေလောက်ပါပြီ။ သူက ဆရာ့အတွက် သေချာပေါက် ခြင်္သေ့မလေးတွေခေါ်လာမှာပါ"
"ဟမ့် မင်းက အပြောချိုချိုလေးနဲ့ လုပ်စားနေတဲ့ကောင်"
"မလုပ်ရဲပါဘူးဗျာ ဟဲဟဲ"
ယဲ့ချန်က ခါးသက်သက်ရယ်မောလိုက်သည်။
"ဒီတစ်ခေါက်တော့ ထားလိုက်တော့။ မင်းအတွက် လျှို့ဝှက်ကျင့်စဥ်တွေပေးလိုက်မယ်။ မင်းက ထပ်လိုချင်တယ်ဆိုရင် ငါ့အတွက် ခြင်္သေ့မတစ်ကောင် မြန်မြန်ရှာလာခဲ့"
ယဲ့ချန်က ခြင်္သေ့ကြီးထံမှ လျှို့ဝှက်ကျင့်စဥ်၃၁ခုရယူနိုင်ခဲ့ပြီး သူ၏လက်အောက်ခံသားရဲများကို ခွဲဝေပေးလိုက်သည်။ ထို့အပြင် သူက သားရဲများအတွက် ဆေးလုံးများပါ ထုတ်ပေးလိုက်၏။ ၎င်းတို့၏ကျင့်ကြံဆင့်က အာကာသကျောက်များကြောင့် လျင်မြန်စွာ မြင့်တက်လာသည်။ ယဲ့မျိုးနွယ်ဝင်များကဲ့သို့ သူတို့ကလည်း တစ်ဆယ်တိုက်ပွဲအစီအရင်ကို စတင်လေ့ကျင့်လိုက်ကြသည်။ ကြယ်ခန်းမ၏ပတ်ဝန်းကျင်တွင် သိမ်းသွင်းနိုင်သော နတ်ဘုရင်များမရှိသောကြောင့် ယဲ့ချန်အနေဖြင့် သူ၏ငယ်သားများကို မြှင့်တင်ပေးရန်သာ တတ်နိုင်သည်။
ညအချိန်ရောက်လာသောအခါ လင်းယွန်တောင်တန်းက တိတ်ဆိတ်သွားပြီး လူတိုင်းက ကောင်းကင်ချီများကိုစုပ်ယူ၍ တိတ်တဆိတ်ကျင့်ကြံနေကြသည်။ လရောင်နှင့်ကြယ်ရောင်က ကောင်းကင်များတွင် တောက်ပစွာ လင်းထိန်နေသည်။ လေအေးတစ်ချက် ဖြတ်တိုက်သွားသည်။ ဤနေရာက ယဲ့ချန် ငယ်စဥ်မှစတင်၍ ကြီးပြင်းလာသော ပတ်ဝန်းကျင်ဖြစ်သည်။ ဤမြေ၏တစ်လက်မချင်းစီက ယဲ့ချန်နှင့် ရင်းနှီးကျွမ်းဝင်နေသည်။ သူက ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ထားသောအခါ နန်မန်တိုင်းပြည်ရှိရာတွင် အနီရောင်အလင်းတစ်ခု ကောင်းကင်သို့ထိုးတက်လာ၍ အမှောင်အတွင်း ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်၏။ အကယ်၍ ၎င်းက အလွန်အမင်းတောက်ပနေခြင်းမရှိလျှင် သူလည်း မြင်လိုက်ရမည်မဟုတ်ပေ။
"နန်မန်တိုင်းပြည်မှာ ဘာတွေဖြစ်နေတာလဲ"
"မင်းတို့ ဒီနေရာမှာ ကောင်းကောင်းကျင့်ကြံနေခဲ့ကြ။ ငါ နန်မန်တိုင်းပြည်ကို သွားလိုက်ဦးမယ်"
ယဲ့ချန်က ရှောင်ရိ၊ နန်ရှင်းတစ်နှင့် အားဖန်ကိုးတို့ကိုမှာကြား၍ လေပေါ်သို့ခုန်တက်ကာ နန်မန်တိုင်းပြည်ထံ ဦးတည်သွားလိုက်သည်။ ယဲ့ချန်ထွက်ခွာသွားချိန်တွင် ရှောင်ရိက လိုက်ချင်သော်လည်း သူ၏အရှိန်က နောက်ကျနေခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း ယဲ့ချန်က မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားလေသည်။
"ငါလည်း အစ်ကိုကြီးလို သန်မာလာစေရမယ်"
ရှောင်ရိက လက်သီးလေးများကိုဆုပ်၍ ကြုံးဝါးကာ ဝိညာဥ်ပုလဲအတွင်း ဝင်ရောက်သွားခဲ့သည်။ ဤရက်အနည်းငယ်အတွင်း သူက နတ်ဘုရင်အလယ်အဆင့်သို့ တက်နိုင်ခဲ့သည်။ သူ၏အသက်အရွယ်နှင့်ယှဥ်လျှင် ကျင့်ကြံနှုန်းက အလွန်မြန်ဆန်သော်လည်း မလုံလောက်ဟု ခံစားနေရသည်။
နေလင်းယုန်နှင့်ဝက်ဝံကြီးမှာလည်း ခြင်္သေ့ကြီး၏လျှို့ဝှက်ကျင့်စဥ်များကို ကျင့်ကြံခဲ့ကြသည်။ နန်ရှင်းတစ်က နတ်ဘုရင်ထိပ်ဆုံးအဆင့်တွင် နှစ်ပေါင်းတစ်ရာခန့်ရှိနေပြီဖြစ်သော်လည်း ကျင့်ကြံနှုန်းက နှေးကွေးနေခဲ့သည်။ သို့သော် ယဲ့ချန်၏နောက်လိုက်ဖြစ်လာသောအခါ ရတနာများရှိခဲ့သောကြောင့် ကျင့်ကြံဆင့်က သိသိသာသာတိုးတက်လာသည်။ အကယ်၍ သူက ခြေတစ်လှမ်းဆက်တိုးနိုင်လျှင် မဟာသာလွန်အဆင့်သို့ရောက်ပြီဖြစ်သောကြောင့် အလွန်ဝမ်းသာနေခဲ့သည်။ အတိတ်တွင် သူက မျှော်လင့်ချက်မဲ့နေသော်လည်း လက်ရှိ၌ အဆင့်တက်ရန် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့သည်။
တစ်နာရီကျော်အကြာတွင် ယဲ့ချန်သည် နန်မန်တိုင်းပြည်၏ ကောင်းကင်အထက်သို့ရောက်လာကာ သိန်းချီသော မြေအဆင့်ဝိညာဥ်သားရဲများက နန်မန်နေပြည်တော်ကို တိုက်ခိုက်နေကြောင်း တွေ့လိုက်ရသည်။ ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ကာ နန်မန်စစ်တပ်က အကြီးအကျယ်ထိခိုက်ပျက်စီးနေသည်။ လမ်းတလျှောက်လုံးရှိ မြို့ရွာများသည် ဝိညာဥ်သားရဲများ၏လက်ချက်နှင့် အပျက်အစီးပုံများဖြစ်နေကြသည်။ နန်မန်တိုင်းပြည်က ရှီဝူအင်ပါယာ၏ရန်သူဖြစ်ခဲ့သော်လည်း သေဆုံးနေသူများမှာ အပြစ်ကင်းသော သာမန်ပြည်သူများဖြစ်ကြသည်။ ထို့ပါဟုန်ယဲ့သည် သူ ယုံကြည်ထားသော ရည်မှန်းချက်ကို မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရသော ဝိညာဥ်သားရဲများကြောင့် ပျက်စီးသွားမည်ဟု မျှော်လင့်မထားပေ။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲသွားကာ ရာချီသောဝိညာဥ်သားရဲများကို တစ်ချက်တည်း သတ်ပစ်လိုက်သည်။
နန်မန်တော်ဝင်နန်းတော်၏ အထက်တွင် လေးငါးမိုင်ခန့်ကို အနီရောင်အလင်းတစ်ခုက လွှမ်းခြုံထားသည်။ ၎င်းအတွင်း၌ မီးချီများ တောက်လောင်နေသည်။ နန်မန်ပြည်သူများမှာ ဝိညာဥ်သားရဲများ၏တိုက်ခိုက်မှုကြောင့် လန့်နေကြပြီး တော်ဝင်နန်းတော်ကို ကြောင်ကြည့်နေမိကာ အခြေအနေအမှန်ကို နားမလည်နိုင်ကြသေးပေ။
ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသော အနီရောင်အလင်းက နန်မန်တော်ဝင်နန်းတော်၏မြေပြင်မှ မြင့်တက်လာခဲ့သည်။
"ဒါက ဘာကြီးလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းလိုက်သော်လည်း မြေအောက်တွင် မည်သည့်အရာမှန်းမသိရသော မီးလုံးတစ်ခုကိုသာ မြင်တွေ့ခဲ့သည်။
"ယဲ့ချန် မြေအောက်မှာ အလွန်အမင်းသန့်စင်တဲ့ မီးချီတစ်ခု ရှိနေတယ်။ ရတနာတစ်ခု ထွက်ပေါ်လာတော့မယ်။ ငါတို့ ဒါကို အရယူရမယ်"
ခြင်္သေ့ကြီးက ဝမ်းမြောက်စွာ သတိပေးလိုက်သည်။
ဤနေရာသို့ ရတနာကိုအာရုံခံမိသော ဝံပုလွေတိုင်းပြည်၏ဘုရင်သုံးယောက်လည်း ရောက်လာခဲ့သည်။ ထို့အပြင် အခြားအရှိန်အဝါများလည်း ယဲ့ချန်၏ဝိညာဥ်အသိစိတ် ထောက်လှမ်းနိုင်သော စက်ကွင်းအတွင်း ထပ်မံဝင်ရောက်လာကြသည်။ ဝိညာဥ်စွမ်းအင်များက ကောင်းကင်တွင်ပြည့်နှက်နေပြီး အချင်းချင်းက တိုက်ခိုက်လိုစိတ်ပြင်းပျစွာနှင့် အားပြိုင်နေကြသည်။ ခြင်္သေ့ကြီးရည်ညွှန်းသော ရတနာက ထွက်ပေါ်လာရန် နီးကပ်နေပြီဖြစ်သောကြောင့် မီးချီများက ပြင်းထန်လာသည်။ မည်သူမှ မီးလုံးအနားသို့မကပ်ရဲသောကြောင့် စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။
အချိန်ကြာလာသောအခါ အဝေးမှ အစွမ်းထက်ကျင့်ကြံသူများလည်း ထပ်မံရောက်ရှိလာကြသည်။ ရှောင်ရိတို့သုံးယောက်ကိုလည်း ယဲ့ချန်သည် ဝိညာဥ်အသိစိတ်နှင့် ဆက်သွယ်လိုက်သောကြောင့် သူတို့က နန်မန်တိုင်းပြည်ထံ ချက်ချင်းထွက်ခွာလာကြသည်။ ယဲ့ချန်၏တည်နေရာနှင့် မိုင်နှစ်ဆယ်အကွာတွင် ဝံပုလွေဘုရင်သုံးယောက်နှင့် လက်အောက်ခံ မှော်သားရဲနတ်ဘုရင်နှစ်ယောက် ရှိနေသည်။
"အရှင်တို့ အနီရောင်အလင်းက ဘာများလဲ"
ဟေးရီက မေးလိုက်ခြင်းဖြစ်သည်။ သူက မီးလုံးကို တိုက်ရိုက်စိုက်ကြည့်လိုက်ချိန်တွင် တောက်ပလွန်းသော မီးရောင်ကြောင့် မျက်လုံးများပင် မဖွင့်နိုင်ခဲ့ပေ။
"ဘိုးဘေးပြောတာကတော့ အနီရောင်မီးလုံးထဲမှာ ရှေးနတ်ရတနာတစ်ခု ရှိနေတယ်တဲ့"
မိစ္ဆာဝံပုလွေဆေဘာကို ကိုင်ဆောင်ထားသော သွေးဘုရင်က လေးနက်စွာဖြေလိုက်သည်။
"ရှေးဟောင်းနတ်ရတနာ"
ဝံပုလွေအားလုံး မျက်လုံးပြူးသွားကြသည်။ ပါရမီရှင်များ မှိုလိုပေါက်ခဲ့ဖူးသော ရှေးခေတ်မှ နတ်ရတနာများက အလွန်အမင်းအစွမ်းထက်ကြသည်။ သို့သော်လည်း ယနေ့ခေတ်တွင် အနည်းငယ်သာကျန်ရစ်ခဲ့ပြီး မီးလုံးအတွင်းမှ ရတနာအကြောင်း မခန့်မှန်းတတ်ကြပေ။
အနီရောင်အလင်းက ပိုမိုတောက်ပလာသောအခါ မြေပြင်က တုန်ခါလာခဲ့သည်။ ပြင်းထန်သောငလျင်ကြောင့် ကမ္ဘာမြေပြင် ပြိုကျလာသကဲ့သို့ ထင်မှတ်ရသည်။ အသတ်မခံရသေးသော ဝိညာဥ်သားရဲများက ခြေဦးတည့်ရာထွက်ပြေးသွားကြပြီး နန်မန်တိုင်းပြည်၏ပြည်သူများလည်း နေရာတိုင်း ပြန့်ကြဲသွားကြသည်။ တော်ဝင်မျိုးနွယ်ဝင်များပင် နန်းတော်ကို စွန့်ခွာထွက်ပြေးသွားခဲ့ကြသည်။
မိုင်တစ်ထောင်အဝေးမှ ကျင့်ကြံသူများပင် ဤအခြေအနေကို သတိပြုမိသွားကြပြီး ရတနာ ထွက်ပေါ်မလာသေးသော်လည်း ကျင့်ကြံသူတိုင်းက မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။ ဒါဇင်ချီသောနတ်ဝိဇ္ဇာများနှင့် နတ်ဘုရင်များ ရောက်ရှိလာကာ ယဲ့ချန်သည်ပင် သူတို့၏ဇစ်မြစ်ကို မဖော်ထုတ်နိုင်ခဲ့ပေ။ အများစုက ရှေးဟောင်းသားရဲမျိုးနွယ်နှင့်ရှေး ဟောင်းမျိုးနွယ်များမှ ဖြစ်နိုင်သည်။
"ယဲ့ချန် အဆုံးမဲ့ကျင့်ကြံသူတစ်ယောက် မရောက်လာသေးသရွေ့ မင်းမှာ အခွင့်အရေးရှိတယ်"
ခြင်္သေ့ကြီး၏စကားသံက နောက်တစ်ဖန် ထွက်ပေါ်လာသည်။ ရှောင်ရိသုံးယောက်က အလျင်အမြန်ရောက်ရှိလာပြီး ယဲ့ချန်၏ဘေးတွင်နေရာယူကာ မီးလုံးကို တအံ့တသြ စောင့်ကြည့်နေကြသည်။
မီးလုံးက ကောင်းကင်သို့မြင့်တက်လာပြီး မီးတောင်ပေါက်ကွဲသကဲ့သို့ အပူလှိုင်းများ ထုတ်လွှတ်နေသည်။ ပတ်ဝန်းကျင်အပူချိန်က မြင့်တက်လာသောကြောင့် ကျောက်တုံးများပင် အရည်ပျော်ကျကုန်သည်။ ထို့ကြောင့် ၎င်းက မည်မျှကြောက်စရာကောင်းကြောင်း သိသာနေသည်။ ရာသီဥတုက ပြောင်းလဲသွားကာ ကြည်လင်နေသော ကောင်းကင်ကြီးက မည်းနက်လာသည်။
"ဘယ်လိုရတနာမျိုးက ဒီလိုအစွမ်းမျိုးကို ထုတ်ဖော်နိုင်တာလဲ"
ယဲ့ချန်၏ရင်ခုန်သံများ မြန်ဆန်လာသကဲ့သို့ စိတ်အတွင်းရှိ ဓားပျံကလည်း တောက်ပလာကာ တုန်ခါနေသည်။ ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီကလည်း လက်မောင်းကာအတွင်း ပြင်းထန်စွာ တုန်လှုပ်လာကြလေသည်။