← Chapters

ရတနာကိုလုယူခြင်း

Vol. 28 Ch. 394

ရတနာကိုလုယူခြင်း

Vol. 28 Ch. 394

ဓားပျံကိုပင် တုံ့ပြန်မှု ဖြစ်ပေါ်လာစေသောကြောင့် ဤရတနာက မရိုးရှင်းနိုင်ပေ။ မြေပြင်အတွင်းမှ တစ်ခုခုတိုးထွက်လာသည်ကို ယဲ့ချန်က ခံစားနေရသည်။ ၎င်းက မြေမျက်နှာပြင်နှင့်နီးကပ်လာလေလေ ဓားပျံ၊ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီတို့က ပို၍လှုပ်ခတ်လေလေဖြစ်သည်။ ကောင်းကင်တွင် တိမ်မည်းများပြည့်နှက်လာပြီး ကျင့်ကြံသူတိုင်းက မွန်းကျပ်မှုကို ခံစားလိုက်ရသည်။

နတ်အဆင့်ကျင့်ကြံသူများက အနီရောင်အလင်းကို စိုက်ကြည့်နေကြပြီး ၎င်း၏လှုပ်ရှားမှုတိုင်းက သူတို့ကို စိတ်လှုပ်ရှားစေသည်။ သူတို့အားလုံးက ရတနာကို စိုက်ကြည့်နေရင်း အသက်ရှူရပင်ခက်ခဲလာသည်။

"ဘုန်း"

မြေပြင်က ကျယ်လောင်စွာပေါက်ကွဲသွားပြီး အနီရောင်မီးလုံးတစ်ခုက မြေပြင်အထက်သို့တက်လာ၍ အလင်းတန်းခြောက်ခုအဖြစ် ကွဲထွက်သွားခဲ့သည်။

"နတ်ရတနာ ထွက်ပေါ်လာပြီ"

နတ်အဆင့်ကျင့်ကြံသူများက အလင်းတန်းခြောက်ခုနောက်သို့ ပြေးလိုက်သွားကြသည်။

"ယဲ့ချန် ချက်ချင်းလှုပ်ရှားတော့"

ခြင်္သေ့ကြီးက ချက်ချင်းတိုက်တွန်းလိုက်သည်။

"ရှောင်ရိ အားဖန်ကိုး နန်ရှင်းတစ် သွားကြစို့"

ယဲ့ချန်က ချက်ချင်းအော်ဟစ်လိုက်ပြီး ရှောင်ရိတို့ကို အမိန့်ပေးကာ ပြေးထွက်လိုက်သည်။

ထိုအချိန်တွင် နတ်ဝိဇ္ဇာတစ်ယောက်က အလင်းတန်းတစ်ခုကို လက်လှမ်းလိုက်သည်။ သူက ရတနာကိုအပိုင်ရပြီဟု ပျော်ရွှင်နေသော်လည်း ကြောက်မက်ဖွယ်အပူလှိုင်းတစ်ခု တိုးဝင်လာခဲ့သည်။ ၎င်းက အလွန်မြန်သောကြောင့် ရှောင်တိမ်းရန် အချိန်မမီတော့ပေ။

"အား"

နတ်ဝိဇ္ဇာက နာကျင်စွာအော်ဟစ်၍ မီးတောက်များကြားတွင် ချက်ချင်းပြာကျသွားခဲ့သည်။ ကျန်တစ်နေရာတွင် နောက်ထပ်နတ်ဘုရင်တစ်ယောက်က အလင်းတန်းတစ်ခုကို ဖမ်းမိနိုင်ခဲ့သည်။ သို့သော်လည်း ထိုကျင့်ကြံသူက ပြာအဖြစ်ပြောင်းလဲသွားသော မြင်ကွင်းကို ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် ထင်ထင်ရှားရှားမြင်လိုက်ရသောကြောင့် ထိတ်လန့်သွားခဲ့သည်။

"ငါ့ဘဝမှာ ဒီလောက်သန့်စင်တဲ့ မီးချီကို မမြင်ဖူးဘူး။ ဒီရတနာက သေချာပေါက်အစွမ်းထက်ရမယ်"

ခြင်္သေ့ကြီးက တအံ့တသြရေရွတ်လိုက်သည်။ အနီရောင်အလင်းခြောက်ခုက လေးငါးမိုင်အကွာသို့ရောက်သောအခါ အပူချိန်များလျော့ကျသွားကာ ကြိုးကြာတစ်ကောင်၏အလျင်မျိုးနှင့် ကောင်းကင်တွင် ပျံသန်းသွားကြသည်။

"ရှောင်ရိ မင်းတို့က နောက်တစ်ခုကို လိုက်ဖမ်းကြ"

မီးတောက်စွမ်းအင်များ ပျောက်ကွယ်သွားသောအခါ ယဲ့ချန်က ချက်ချင်းလှုပ်ရှားလိုက်သည်။

"ကောင်းပါပြီ သခင်"

"အစ်ကိုကြီး ဂရုစိုက်ပါ"

ယဲ့ချန်က တစ်နေရာသို့ပြေးထွက်သွားပြီး နေလင်းယုန်၊ ရှောင်ရိနှင့် ဝက်ဝံကြီးက အခြားတစ်နေရာသို့ ပြေးလိုက်သွားခဲ့ကြသည်။

တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကြောင့် လျှပ်ပြက်သကဲ့သို့မြန်ဆန်နေသော ယဲ့ချန်က အလင်းတန်းတစ်ခုကို လိုက်လံဖမ်းဆီးခဲ့သည်။ သူနှင့် ရည်ရွယ်ချက်ချင်းတူညီသော နတ်ဝိဇ္ဇာတစ်ယောက်နှင့် နတ်ဘုရင်တစ်ယောက် ထွက်ပေါ်လာကြသည်။ နတ်ဘုရင်က ဝံပုလွေတိုင်းပြည်၏ ငွေဘုရင်ဖြစ်သည်။

"ဒီရတနာက ဝံပုလွေတိုင်းပြည်ရဲ့အပိုင်ဖြစ်တယ်။ လုယူရဲတဲ့သူတိုင်း အသတ်ခံရမယ်"

ငွေဘုရင်က လျင်မြန်စွာပျံသန်းနေရင်း အော်ဟစ်ခြိမ်းခြောက်လိုက်သည်။

"ဝံပုလွေတိုင်းပြည်က ဘယ်လောက်အစွမ်းထက်လို့လဲ။ တောက်လင်မျိုးနွယ်က မင်းတို့ကို မကြောက်ဘူး"

ရှေးဟောင်းမျိုးနွယ်တစ်ခုမှဖြစ်သော နတ်ဝိဇ္ဇာက ငွေဘုရင်ကို လုံးဝမကြောက်ပေ။

"မင်းတို့နှစ်ယောက် တိုက်ကြစမ်း"

အကြံတူသူနှစ်ယောက် အချင်းများနေစဥ် ယဲ့ချန်သည် အလင်းတန်းနောက်သို့ တရစပ်လိုက်ပါသွားခဲ့သည်။ ယဲ့ချန်က ဤဖြစ်ရပ်ကို အမြတ်ထုတ်သွားသောအခါ ငွေဘုရင်က ထိတ်လန့်သွားသည်။ သူသည် နတ်ဝိဇ္ဇာကိုနောက်ဆုတ်သွားစေရန် တိုက်ခိုက်လိုက်ပြီး ဝိညာဥ်ကို ငွေရောင်ဧရာမဝံပုလွေကြီးအဖြစ် ပြောင်းလဲကာ ယဲ့ချန်ထံ ခုန်အုပ်စေလိုက်သည်။

"ထွက်သွားစမ်း"

အလင်းတန်းနောက်သို့ လိုက်ဖမ်းနေသော ယဲ့ချန်က ကြုံးဝါးလိုက်သောအခါ ဝိညာဥ်စစ်သည်တော် ထွက်ပေါ်လာခဲ့သည်။ ၎င်းက ငွေဘုရင်၏ဝိညာဥ်ကို ရိုက်ထုတ်လိုက်ပြီး ဘုန်းခနဲမြည်သံနှင့်အတူ နောက်ဆုတ်သွားစေသည်။ ငွေဘုရင်က ဒေါသတကြီးဖြစ်သွားကာ ကျောထက်မှ တောင်ပံတစ်စုံကို အားကုန်ခတ်ရင်း ဝိညာဥ်စစ်သည်တော်ထံ တိုးဝင်လာသည်။

"မနောလက်နက်ရဲ့အစွမ်းကို မြည်းကြည့်စမ်း"

ဝိညာဥ်စစ်သည်တော်၏ လက်အတွင်း၌ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော သံကြိုးတစ်ချောင်း ရုတ်တရက်ထွက်ပေါ်လာသည်။ ၎င်း၏တိုက်ခိုက်မှုများက ခန့်မှန်းရအလွန်ခက်ခဲပေသည်။

"ဘန်း ဘန်း ဘန်း"

သံကြိုးက ငွေဘုရင်၏ဝိညာဥ်ကို ဆက်တိုက်ရိုက်နှက်လိုက်သောအခါ သူက နာကျင်စွာအော်လိုက်မိသည်။ သူက ယဲ့ချန်တွင် မနောလက်နက်တစ်ခုရှိနေမည်ဟု ထင်မထားခဲ့ပေ။ မနောလက်နက်တစ်ခု၏တိုက်ခိုက်မှုက ခန့်မှန်းရအလွန်ခက်ခဲသည့်အပြင် ထိမှန်ပါကလည်း ကြီးစွာနာကျင်စေသည်။ ဝိညာဥ်စစ်သည်တော်နှင့် ငွေဘုရင် တိုက်ခိုက်နေစဥ် နတ်ဝိဇ္ဇာက ယဲ့ချန်၏လမ်းကို ပိတ်ဆို့လိုက်သည်။

ယဲ့ချန်က ညာလက်ဖြင့် ကောင်းကင်တုန်ခါဆေးအိုးကိုပစ်ထုတ်လိုက်ပြီး ၎င်းက တဝှီဝှီလည်ပတ်၍ ရန်သူထံ ဝင်ရောက်သွားသည်။ တစ်ဖက်လူသည် ၎င်းကိုမြင်လိုက်ရသောအခါ ကောင်းကင်တုန်ခါဆေးအိုး၏အစွမ်းကို သိရှိထားပြီးဖြစ်သောကြောင့် အဝေးမှသာ လက်ဝါးဖြင့် တားဆီးလိုက်၏။ သို့သော်လည်း ဆေးအိုးက အရှိန်လျော့မသွားဘဲ လက်ဝါးချက်ကို ဖျက်ဆီးကာ ဆက်လက်တိုးဝင်လာသည်။ နတ်ဝိဇ္ဇာက အဝေးသို့ အလောတကြီးထွက်ပြေးလိုက်ရ၏။ ယဲ့ချန်က ငွေဘုရင်နှင့်နတ်ဝိဇ္ဇာကို တစ်ကိုယ်တော်တားမြစ်နေစဥ် အလင်းတန်းက အဝေးသို့ရောက်သွားသောကြောင့် နှစ်ယောက်လုံး စိုးရိမ်သွားကြသည်။

ငွေဘုရင်သည် ယဲ့ချန်၏မနောလက်နက်ကို ကြောက်လန့်နေသည့်အပြင် ကုန်းယွမ် သတ်ဖြတ်ခံလိုက်ရသော မြင်ကွင်းကိုလည်း တွေ့ဖူးထားသည်။ သူက ယဲ့ချန်၏ခွန်အားကို သိထားသော်လည်း နတ်ရတနာတစ်ခု၏ ဆွဲဆောင်အားအောက်တွင် လက်မလျှော့လိုပေ။ လက်ရှိတွင် အခြားအလင်းတန်းများနောက်သို့ လိုက်ဖမ်းရန်လည်း အလွန်နောက်ကျနေပြီဖြစ်သည်။

"ထွက်သွားစမ်း"

ယဲ့ချန်၏အစွမ်းကို မသိသော နတ်ဝိဇ္ဇာက တရကြမ်းဝင်ရောက်လာပြီး လက်သီးဖြင့် ဆက်တိုက်ထိုးနှက်လိုက်သည်။

"မင်းတို့နဲ့ အချိန်ကုန်မခံတော့ဘူး"

ယဲ့ချန်သည် နတ်ဝိဇ္ဇာ၏လက်သီး ဝင်ရောက်လာချိန်တွင် ကောင်းကင်တုန်ခါဆေးအိုးကိုပြန်သိမ်းကာ တဟုန်ထိုးလျှပ်စီးဖြင့် ရှောင်တိမ်းလိုက်သည်။ သူ၏အလျင်က ရန်သူနှစ်ယောက်ထံ ပို၍လျင်မြန်နေသည်ကို အခွင့်အရေးယူကာ အလင်းတန်းနောက် ပြေးလိုက်သွားခဲ့သည်။ ငွေဘုရင်နှင့်နတ်ဝိဇ္ဇာက ယဲ့ချန်ထွက်ပြေးသွားမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူတို့က ကြောင်အနေရာမှ ချက်ချင်းပြေးလိုက်သွားသော်လည်း ခြေတစ်လှမ်း နောက်ကျနေခဲ့သည်။

ယဲ့ချန်က အလင်းတန်းကိုဖမ်းယူလိုက်သောအခါ လက်တစ်ဝါးအရွယ်ရှိ ဓားအပိုင်းအစတစ်ခုကို မြင်လိုက်ရသည်။ ၎င်းက သွေးနီရောင်တောက်ပနေပြီး အပူလှိုင်းများ ထွက်ပေါ်နေသည်။ ၎င်းက ဓားတစ်လက်နှင့်တူညီသော်လည်း အပိုင်းခြောက်ခုအဖြစ် ကွဲထွက်သွားခဲ့သည်။

"ငါ့ရတနာကို ပြန်ပေးစမ်း"

ရန်သူနှစ်ယောက်က ယဲ့ချန် အလင်းတန်းကိုဖမ်းယူလိုက်သည်ကို မြင်သောအခါ ဒေါသတကြီးဖြစ်သွားခဲ့သည်။

"နှုတ်ဆက်ခဲ့ပါတယ်"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး လှစ်ခနဲပျံသန်းသွားကာ အဝေးတွင် ပျောက်ကွယ်သွားခဲ့သည်။ ရန်သူနှစ်ယောက်က လိုက်ဖမ်းချင်ခဲ့သော်လည်း သူက ခဏအတွင်း ပျောက်ကွယ်သွားသည်။ ငွေဘုရင်က သူ၏ဝိညာဥ်ဖြင့်တိုက်ခိုက်ချင်သော်လည်း မနောလက်နက်ကိုင်ဆောင်ထားသော ဝိညာဥ်စစ်သည်တော်က ရုတ်တရက်ထွက်ပေါ်လာသည်။ သားကောင်ကို ကျားချောင်းချောင်းနေသော ၎င်း၏အသွင်ကြောင့် ငွေဘုရင်က လက်လျှော့လိုက်ရသည်။ အကယ်၍ သူက ယဲ့ချန်၏ခွန်အားနှင့်နောက်ခံကို ကြောက်လန့်နေခြင်းမရှိလျှင် ကြယ်ခန်းမကို ဝံပုလွေတိုင်းပြည်က ဖျက်ဆီးပြီးဖြစ်သည်။

နတ်ဝိဇ္ဇာကလည်း သူ၏ကံမကောင်းမှုကို လက်ခံလိုက်ရပြီး ယဲ့ချန်၏မျက်နှာကို အတိအကျမှတ်သားကာ ရတနာခြောက်ခုအတွင်းမှ တစ်ခု၏ပိုင်ရှင်အဖြစ် ယဲ့ချန်ကို မှတ်ယူလိုက်သည်။

ထိုအချိန်တွင် ယဲ့ချန်က ရှောင်ရိတို့နှင့် တွေ့ဆုံနေပြီဖြစ်သည်။

"အခြေအနေ ဘယ်လိုလဲ"

"ကျုပ်တို့ရခဲ့ပါတယ် သခင်။ ဒါပေမယ့် ဒါက ဓားကျိုးတစ်ချောင်းနဲ့တူနေတယ်"

နန်ရှင်းတစ်က အနီရောင်ဓားအပိုင်းကို ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။ သူတို့သုံးယောက်တွင် နတ်ဘုရင်ထိပ်ဆုံးအဆင့်နှင့် အလယ်အဆင့်များရှိသောကြောင့် အလင်းတန်းတစ်ခုကို အခြားလူများလက်မှ အလွယ်တကူလုယူလာနိုင်ခဲ့သည်။

"ဒါက သေချာပေါက်မရိုးရှင်းဘူး"

ယဲ့ချန်က ဓားကျိုးများကို ဝိညာဥ်အသိစိတ်နှင့် စစ်ဆေးလိုက်သည်။ ထိုအချိန်တွင် အခြားအလင်းတန်းများတွင်လည်း ပိုင်ရှင်များရှိသွားသောကြောင့် လုယူချင်လျှင်ပင် မဖြစ်နိုင်ပေ။ ဓားကျိုးတစ်ခုကို ဝံပုလွေတိုင်းပြည်က ရယူသွားနိုင်ပြီး အခြားဓားကျိုးများအကြောင်း သူ မသိခဲ့ပေ။

"ပြန်ကြစို့"

ယဲ့ချန်တို့လေးယောက်က လျင်မြန်စွာပျံသန်း၍ ကောင်းကင်တွင် ပျောက်ကွယ်သွားခဲ့သည်။

"ဆရာ ဒီဓားကျိုးတွေရဲ့သရုပ်မှန်က ဘာလဲ"

ဓားကျိုးများထွက်ပေါ်လာခြင်းက အုတ်အော်သောင်းတင်းဖြစ်စေခဲ့သောကြောင့် သေချာပေါက်မရိုးရှင်းပေ။ ကံမကောင်းစွာဖြင့် သူက အပိုင်းနှစ်ခုကိုသာ ရယူနိုင်ခဲ့ပြီး ခြောက်ခုပြည့်လျှင် ဓားတစ်လက် ဖြစ်တည်လာနိုင်သည်။

"ငါလည်း မသေချာဘူး။ ဒါပေမယ့် ကောင်းကင်တုန်ခါဆေးအိုးအောက် မနိမ့်ဘူး"

ခြင်္သေ့ကြီးက တစ်လုံးချင်းဖြေလိုက်သည်။

မီးတောက်များထွက်ပေါ်နေကာ ဆန်းကျယ်သောရုန်းများ လည်ပတ်နေသည့် ဓားကျိုးများကို ယဲ့ချန်က ငုံ့ကြည့်လိုက်သည်။

"ဒါပေမယ့် ကျုပ်မှာ အပိုင်းနှစ်ခုတည်းရှိတော့ အသုံးမဝင်ဘူး။ ဓားပိုင်းခြောက်ခုလုံးကိုစုစည်းနိုင်မှ ဓားတစ်လက် ရမယ်မလား"

ယဲ့ချန်က မျက်လုံးမှိတ်၍ မီးချီများကိုအာရုံခံနေရင်း ပြောလိုက်သည်။ ၎င်းတို့က သန့်စင်လွန်းသောကြောင့် သူ၏ကျင့်ကြံခြင်းကို အကူအညီပေးနိုင်သည်။

"ငါသာမမှားရင် ဒီဓားကျိုးတွေမှာ မပြည့်စုံတဲ့ဝိညာဥ်တွေ ရှိနိုင်တယ်။ ဒါတွေကို အထင်မသေးနဲ့။ အဆင့်ငါးဓားရှည်တစ်လက် ထုတ်လိုက်"

ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန်က အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

"ဒါကို ဓားကျိုးတစ်ခုနဲ့ ပေါင်းစည်းလိုက်"

ယဲ့ချန်သည် ဘယ်လက်ရှိဓားရှည်နှင့် ညာလက်ရှိဓားကျိုးတစ်ခုကို စိုက်ကြည့်ပြီး ဖြည်းညှင်းစွာ ကပ်လိုက်သည်။ ခဏအတွင်း ဓားရှည်ကတုန်ခါလာပြီး သူ၏လက်အတွင်းမှ လွတ်ထွက်သွားခါနီးအထိ အထိန်းအချုပ်ကင်းမဲ့လာသည်။ ၎င်းက ဓားကျိုးနှင့်နီးကပ်လာသောအခါ မီးဖိုတစ်ခုအတွင်းရောက်နေသကဲ့သို့ နီရဲလာသည်။

"ဒီဓားကျိုးက အစွမ်းထက်လိုက်တာ"

နောက်ဆုံးတွင် ဓားကျိုးနှင့်အဆင့်ငါးဓားက ပြည့်စုံစွာပေါင်းစည်းသွားပြီး ၎င်းက မူလသတ္တုအမျိုးအစားအဖြစ်မှ မီးအမျိုးအစား လက်နက်ဖြစ်လာခဲ့သည်။ ၎င်းထံမှ အပူလှိုင်းများ စည်းချက်ကျကျ ထွက်ပေါ်လာသည်။

"ဒီဓားက မင်းရဲ့အဆင့်ကိုးဓားသုံးလက်ထက် ပိုပြီးအစွမ်းထက်လာပြီ။ ဒါပေမယ့် ဒါကို ဝိညာဥ်လက်နက်တစ်ခုလို့ မပြောနိုင်သေးဘူး။ ဓားဆန္ဒရဲ့သန္ဓေသားတစ်ခု ဖြစ်လာတယ်။ မပြည့်စုံတဲ့ဓားသန္ဓေသားကတောင် ဒီလောက်အစွမ်းထက်နေရင် တစ်ခုလုံးဆိုရင် တော်တော်အစွမ်းထက်လိမ့်မယ်။ ရှေးရတနာတစ်ခုက မျှော်လင့်ထားသလိုပါလား"

ခြင်္သေ့ကြီးသည် ပြည့်စုံစွာပေါင်းစပ်သွားသော ဓားရှည်ကို ကျေနပ်စွာကြည့်၍ ပြောလိုက်သည်။

ယဲ့ချန်က ဓားကိုစမ်းသပ်ရန် အဝေးရှိတောင်တစ်လုံးကို ခုတ်ချလိုက်သောအခါ ကျောက်တုံးနှင့်သစ်ပင်များ ပြာကျသွားကာ မြေပြင်က မီးတောက်များကြောင့် မည်းနက်သွားခဲ့သည်။ သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီနှင့်ဓားက ပဲ့တင်ထပ်နေပြီး ခန္ဓာကိုယ်တစ်လုံးတွင် ထူးဆန်းသော အလိုဆန္ဒတစ်ခု မွေးဖွားလာသည်။

"ဓားဆန္ဒက မင်းကို အကျိုးသက်ရောက်နေပြီ။ ဒီဓားကိုကိုင်ထားရင် အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်လိုမျိုး သိုင်းလမ်းစဥ်ရဲ့ အစစ်အမှန်အဓိပ္ပါယ်ကို နားလည်နိုင်မယ်"

ယဲ့ချန်က ဓားဆန္ဒ၏သက်ရောက်မှုကြောင့် လမ်းတလျှောက်ရှိ အရာအားလုံးကို သတ်ဖြတ်လိုသော ပြိုင်ဘက်ကင်းစိတ်ထားတစ်ရပ် ဖြစ်တည်နေသည်။ ၎င်းက သက်ရှိတိုင်းလိုချင်သည့် သိုင်းတာအို၏အထွတ်အထိပ်သို့ လမ်းပြလျက်ရှိသည်။ မည်သို့သောကျင့်ကြံသူမျိုးက အစွမ်းထက်ဆန္ဒတစ်ရပ်ကို ဤဓားကျိုးပေါ်တွင် ထားရစ်ခဲ့ကြောင်းကို သူက စဥ်းစားနေမိသည်။

ယဲ့ချန်က ဉာဏ်အလင်းအချို့ ရရှိလိုက်သောအခါ ကောင်းကင်ချီများလည်း ပြင်းထန်လာသည်။ ၎င်းက အဆင့်တက်မည့်လက္ခဏာတစ်ခုဖြစ်ကာ တိုက်ရိုက်အဆင့်တက်မသွားသေးသော်လည်း ချီပမာဏက မြင့်တက်လာသည်။ သူ၏အဆင့်တက်ထားခြင်းသည် မကြာသေးသောအတိတ်မှဖြစ်၍ အခြေတည်ခြင်းမရှိပေ။ မမျှော်လင့်ထားစွာဖြင့် ဓားဆန္ဒ၏ အကျိုးသက်ရောက်မှုကြောင့် နောက်တစ်ဆင့်တက်ရန် အဆင်သင့်ဖြစ်လာခဲ့သည်။

ယဲ့ချန်က အနီရောင်ဓားသွားကို စိုက်ကြည့်လိုက်သောအခါ အနီရောင်အလင်းများနှင့် ဆင်တူသော ဆန်းကျယ်သည့် ရုန်းများကို တွေ့လိုက်ရသည်။ ဤဓားကျိုး၏လျှို့ဝှက်ချက်များက ယခုထက်ပိုနိုင်ပြီး ၎င်းကိုဖောက်ထွင်းမြင်နိုင်ရန်အတွက် အတွေ့အကြုံများ ပိုမိုလိုအပ်နေသည်။

ဓားသွားပေါ်တွင် ထျန်းယွမ်ဆိုသောစကားလုံးက ရုတ်တရက်ထွက်ပေါ်လာ၍ ယဲ့ချန်ကို တုန်လှုပ်သွားစေသည်။ ကျောက်စိမ်းနန်းတော်ပိုင်ရှင်၊ ထျန်းယွမ်ငွေပြား၊ ကျင့်စဥ်ကျောက်စိမ်းများ၊ ထျန်းယွမ်ရှေးဟောင်းမြို့တော်နှင့် ယခုထျန်းယွမ်ဓားပါ ထွက်ပေါ်လာခဲ့သည်။ ခြင်္သေ့ကြီးပင် ၎င်းအကြောင်းကို နည်းပါးစွာသိသောကြောင့် ယဲ့ချန်က ဆက်စပ်မှုကို အဖြေရှာမရပေ။ ဝိညာဥ်သားရဲများနှင့် ရတနာများ ရုတ်တရက်ပေါ်လာခြင်းက ထျန်းယွမ်ရှေးဟောင်းမြို့တော်နှင့် ပတ်သက်နေနိုင်ပြီး ယဲ့ချန်က အဖြေကို လုံးဝစဥ်းစားမရသောကြောင့် လက်လျှော့လိုက်ရသည်။ လက်ရှိတွင် သူက ဓားကျိုးများကိုလိုက်လံရှာဖွေရန်သာ ဦးစားပေးလိုက်သည်။ ၎င်းတို့က အစွမ်းထက်လွန်းသောကြောင့် ရန်သူများလက်သို့ အရောက်ခံ၍မဖြစ်ချေ။

ထျန်းယွမ်မြို့တော်နှင့်ပတ်သက်နေသော ရတနာများစွာက နေရာတိုင်းမှ ထွက်ပေါ်လာသောကြောင့် ဤလောကကြီးက အလွန်ကျယ်ဝန်းပုံပေါ်သည်။ ယဲ့ချန်သည် နက်ရှိုင်းစွာပျောက်ကွယ်နေသော ရေခဲတုံးကြီး၏အစကို ထိတွေ့မိလိုက်သည်ဟု ခံစားနေရသည်။ သူ၏စိတ်များလေးလံနေသော်လည်း ဓားကျိုးတစ်ခုကို နောက်ထပ်ဓားတစ်လက်နှင့် ပေါင်းစပ်လိုက်သည်။ နန်ရှင်းတစ်အတွက် ကြီးမားသောလက်နက်ကို ဆရာတိက သွန်းလုပ်ပေးမည်ဖြစ်သောကြောင့် ဓားကျိုးနှစ်ခုကို သူကိုယ်တိုင်အသုံးပြုရန်သာ ဆုံးဖြတ်ခဲ့သည်။

ကြယ်ရောင်စုံလင်းလက်နေသော ကောင်းကင်ကိုမော့ကြည့်၍ ယဲ့ချန်၏စိတ်များ လေးလံနေသည်။ ဤလောကကြီးတွင် နေရာတိုင်း၌ သတ်ဖြတ်မှုများပြည့်နှက်နေသောကြောင့် အခွင့်အရေးရလျှင် သူက လုံးဝလာရောက်မည်မဟုတ်ပေ။ ဤလောကသို့ ရောက်ချိန်မှစတင်၍ ကောင်းမွန်စွာပင် မအိပ်နိုင်တော့ချေ။

"ရွေးချယ်စရာမရှိမှတော့ ဒီလမ်းကို ဆက်လျှောက်မယ်။ အစွမ်းထက်ရန်သူတွေကို ကြောက်စိတ်မရှိဘဲ တိုက်ခိုက်မှ ငါက တာအိုရဲ့အထွတ်အထိပ်ကို ရောက်နိုင်လိမ့်မယ်"

ယဲ့ချန်က လေထဲတွင် မားမားမတ်မတ်ရပ်နေပြီး အစွမ်းထက်အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်သည်။ ကြီးမားပြင်းထန်သော အရှိန်အဝါက ပတ်ဝန်းကျင်တွင် ချက်ချင်းပျံ့နှံ့လာခဲ့သည်။

တောင်ပေါ်တွင်ကျင့်ကြံနေသော ကြယ်ခန်းမ၏တပည့်တိုင်းက ၎င်းကို ခံစားလိုက်ရသည်။ အရှိန်အဝါက ကြီးစိုးသော်လည်း ရန်လိုခြင်းမရှိဘဲ သူတို့၏အရှိန်အဝါများနှင့် ဆက်သွယ်နေသည်။

"ဒါက ခန်းမသခင်ရဲ့အရှိန်အဝါလား"

"မှန်တယ်။ အစွမ်းထက်လိုက်တာ"

ကြယ်ခန်းမတပည့်တိုင်း၏အရှိန်အဝါနှင့် ယဲ့ချန်၏အရှိန်အဝါ ပေါင်းစပ်သွားခဲ့သည်။ ယဲ့ချန်ကငုံ့ကြည့်လိုက်သောအခါ တောင်တန်းများပေါ်ရှိ ဝိညာဥ်များကို ကြယ်များပမာ မြင်လိုက်ရသည်။ ဤမြင်ကွင်းက အလွန်ဆန်းကျယ်၍ မှော်ဆန်နေသည်။

ကြယ်ခန်းမတပည့်များ၏ ဝိညာဥ်များနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ဝိညာဥ်က အနည်းငယ်အစွမ်းထက်လာပြီး အမွေးပွလေး၏ ဝိညာဥ်ပေါင်းစပ်ခြင်းနှင့် ဆင်တူနေသည်။ သို့သော်လည်း ၎င်းတို့၏ဝိညာဥ်များက အမွေးပွလေး၏ဝိညာဥ်အောက် များစွာအားနည်းနေခဲ့သည်။

All Chapters