← Chapters

ဖျက်မြင်းလား ဒါမှမဟုတ် ဘုရင်လား

Vol. 21 Ch. 277

ဖျက်မြင်းလား ဒါမှမဟုတ် ဘုရင်လား

Vol. 21 Ch. 277

ပုကျင်းဆောင်က လီဖူချန်းကို သေသေချာချာ စိုက်ကြည့်ကာ ပြုံးပြလိုက်ပြီး …

“ညီလေးလီ ...။ ညီလေးက ကျော်သလောက် တကယ် တော်တာပဲ။ လင်းယူကိုတောင် အနိုင် တိုက်နိုင်တယ် ဆိုမှတော့ ညီလေးကို အလျှော့ပေးလို့ မဖြစ်တော့ဘူး ထင်တယ်”

ပုကျင်းဆောင်က အမှန်တကယ်ကို လီဖူချန်းကို လေးစားနေ ခဲ့တာပါ။

မြေကမ္ဘာ နယ်ပယ်မှာ အဆင့်သုံးဆင့် ကွာတယ်ဆိုတာက နည်းနည်းနောနော ကွာဟချက်မှ မဟုတ်တာလေ။

“အစ်ကိုပု ကတော့ ကျွန်တော့်ကို အရမ်းမြှောက် နေပြန်ပါပြီဗျာ ... ကျွန်တော်က အဲဒီလောက်လည်း မဟုတ်သေးပါဘူး”

လီဖူချန်းကလည်း ခပ်ယဲ့ယဲ့လေး ပြုံးပြကာ ပြန်တုံ့ပြန် လိုက်ပါတယ်။

ထို့နောက်မှာတော့ ပုကျင်းဆောင်ရဲ့ ပြုံးနေတဲ့ မျက်နှာက လေးနက် တည်ကြည် သွားခဲ့ပါပြီ။

သူက လီဖူချန်းဆီကနေ ထွက်ပေါ်နေတဲ့ ယုံကြည်မှု အငွေ့အသက် တွေကို ခံစားလိုက် ရတယ်လေ။

သူ့အတွက် ကတော့ လီဖူချန်းကို အနိုင်ရဖို့ ဆိုတာ မရေရာတော့ သလိုပါပဲ။ ဒါပေမဲ့လည်း မြားက လေးကြိုးကနေ ပစ်လွှတ် ပြီးသွားပြီ ဖြစ်တဲ့အတွက် ဘာမှ မတတ်နိုင် တော့ပါဘူး။

( note -နောက်ပြန်ဆုတ်လို့ မရတဲ့ အခြေအနေကို ဆိုလိုဟန် တူပါတယ်။ )

“ညီလေးလီ ... အစ်ကို စတိုက်တော့မယ်။ သတိထား ...”

ပုကျင်းဆောင်က သူ့ရဲ့ ချီအတွင်းအား တွေကို ခန္ဓာကိုယ် တစ်ခုလုံးအနှံ့ စီးဆင်းစေ လိုက်ပါတယ်။ မြေကမ္ဘာနယ်ပယ် အဆင့် ၉ ရဲ့ အထွတ်အထိပ်မှာ ရောက်နေတဲ့ ပညာရှင်ရဲ့ ချီအရှိန်အဝါ တွေကလည်း ဟုန်းခနဲ ထွက်ပေါ် လာခဲ့ပါပြီ။ ချီအရှိန်အဝါတွေရဲ့ ရိုက်ခတ်မှုက လီဖူချန်းရဲ့ ဝတ်ရုံစနဲ့ ဆံပင်တွေကိုပါ လေထဲမှာ လွင့်မျောသွား စေပါတယ်။ ဒါက သိုင်းစင်မြင့်ပေါ်မှာ မုန်တိုင်း အသေးစားလေး တစ်ခု တိုက်ခတ်နေ သလိုပါပဲ။

ပုကျင်းဆောင်က ဒါကိုတောင် မသေချာ သေးသလို ခံစားနေရတဲ့ အတွက် ကြယ်သုံးပွင့် လျှို့ဝှက် နည်းစနစ်ကိုပါ ထပ်အသုံးပြု လိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

လေနီကြမ်းတွေ ကတော့ စင်မြင့်ပေါ်မှာ အရှိန်အဟုန် ပြင်းစွာဖြင့် တိုက်ခတ်နေပါပြီ။ ကြယ်သုံးပွင့် လျှို့ဝှက် နည်းစနစ်ကိုပါ ထုတ်သုံး အပြီးမှာတော့ ပုကျင်းဆောင်ရဲ့ ချီအရှိန်အဝါ တွေက ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက် နီးပါးကို ရောက်သွား ခဲ့ပါတယ်။

သာမန်အဆင့်နိမ့် မြေကမ္ဘာ ပညာရှင် တစ်ယောက်တောင်မှ သည်ချီအရှိန်အဝါ တွေကို ခံစားလိုက်ရရင် တိုက်ပွဲဝင်ချင် စိတ်တွေ ပျောက်ဆုံးသွား စေနိုင်လောက်တဲ့ အထိကို ပုကျင်းဆောင်ရဲ့ ချီအရှိန်အဝါတွေက အားကောင်း လွန်းနေပါပြီ။

“အိုး ... ပုကျင်းဆောင်က အရမ်းကို အားကောင်း လွန်းနေတယ်။ လီဖူချန်းက ဘယ်လိုလုပ်ပြီး သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲကွာ ...”

လူတွေအားလုံး ကတော့ အသက်ကိုတောင် ခပ်ပြင်းပြင်း မရှူရဲဘဲ တိုက်ပွဲကို မျက်တောင် မခတ်တမ်း ကြည့်နေကြ ပါတယ်။

လီဖူချန်းရဲ့ အရည်အချင်းက ယုံမှားသံသယ ရှိစရာ မလိုအောင် အစွမ်းထက်တယ် ဆိုတာကိုတော့ သူတို့ အားလုံးက သိထားပြီးပါပြီ။ ဒါပေမဲ့လည်း ပုကျင်းဆောင်ရဲ့ စွမ်းရည်က သူတို့ ထင်ထားတာထက် ကိုတောင်မှ အားကောင်း နေပါသေးတယ်။

လီဖူချန်းရဲ့ ချီအရှိန်အဝါက ပုကျင်းဆောင်ရဲ့ ချီအရှိန်အဝါကို ဘယ်လိုမှ ယှဉ်နိုင်ဖို့ရာ မဖြစ်နိုင်ပါဘူးလေ။

“သည်တိုက်ပွဲရဲ့ အနိုင်အရှုံးက အရမ်းသိသာ လွန်းနေပြီ။ လီဖူချန်းက ပုကျင်းဆောင်ကို ယှဉ်နိုင်ဖို့ရာ အကြောင်းမရှိဘူး ... ”

ဇောင်ဝူကျင်းရဲ့ နံဘေးမှာ ရှိနေတဲ့ အရပ်ရှည်ရှည် အကြီးအကဲက ခေါင်းတခါခါဖြင့် မှတ်ချက်ချ လိုက်ပါတယ်။

သူ့ရဲ့ မှတ်ချက်စကားကို ကြားလိုက်ရတဲ့ ဇောင်ဝူကျင်းက တဟားဟား ရယ်မောလိုက်ပြီး …

“ဂိုဏ်းထိန်းကြီး လျို ... ပွဲက မစသေးပါဘူးဗျာ ... ။ ခင်ဗျား … စောင့်ကြည့်နေလိုက် ...  လီဖူချန်းက ခင်ဗျားရဲ့ အထင်တွေကို ပြောင်းပြန် ဖြစ်အောင် လုပ်ပြလိမ့်မယ် ... ”

ဂိုဏ်းထိန်းကြီးလျို က ဇောင်ဝူကျင်းကို တအံ့တသြဖြင့် ကြည့်လိုက်ပြီး …

“အကြီးအကဲဇောင်ကို ကြည့်ရတာ လီဖူချန်း နိုင်မယ်လို့ လုံးဝ သိနေတဲ့ ပုံပါလား။ ခင်ဗျားက ဘယ်လိုလုပ်ပြီး လီဖူချန်း နိုင်မယ်လို့ ယုံကြည် နေရတာလဲ...”

ဇောင်ဝူကျင်းက ဘာမှ ဆက်မပြောတော့ဘဲ ခန့်မှန်းရ ခက်သည့် အပြုံးမျိုးဖြင့်သာ ဂိုဏ်းထိန်းကြီးလျိုကို ပြုံးပြလိုက်ပါတယ်။

ဇောင်ဝူကျင်းရဲ့ အပြုံးကတော့ …

“ပွဲကိုသာ ကြည့်နေစမ်းပါ။ ကျုပ်မပြောလည်း ခင်ဗျား သိလာလိမ့်မယ်” ဟု ပြောနေ သယောင်ယောင်။

ကိစ္စတွေ တော်တော်များများ ဖြစ်ပွား အပြီးမှာတော့ ဇောင်ဝူကျင်းက လီဖူချန်းကို တော်တော်လေး နားလည်သွား ခဲ့ပါပြီ။

လီဖူချန်းက မဖြစ်နိုင်ဘူးဟု ထင်ရတဲ့ အရာတွေကို ဖြစ်အောင် လုပ်ပြမည့် လူအမျိုးအစား ထဲကပါပဲ။

လီဖူချန်းက ငြိမ်သက်နေတဲ့ ကန်ရေပြင် တစ်ခုနဲ့ တူပါတယ်။

မင်းက ရေကန်ထဲကို ဆင်းမကြည့် သေးဘဲနဲ့တော့ ရေကန်ရဲ့ အနက်ကို  သိနိုင်မှာ မဟုတ်ပါဘူး။

ပုကျင်းဆောင်က တကယ်ကို အစွမ်းထက်လွန်း နေပါတယ်။ ဒါပေမဲ့ လူတိုင်းက ပုကျင်းဆောင်ရဲ့ အကြောင်းကို သိသလို သူ့ရဲ့ ဝှက်ဖဲတွေကိုလည်း သိထားပြီးပါပြီ။

လီဖူချန်း ...

လီဖူချန်းကတော့ အခုချိန်အထိကို သူ့ရဲ့ ဝှက်ဖဲတွေကို ထုတ်မပြ သေးပါဘူး။ သူ့ရဲ့ ဓားသိုင်း ဘယ်အဆင့်အထိ ရောက်နေပြီ ဆိုတာကိုလည်း ဘယ်သူမှ မသိထားသေးသလို သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ကိုလည်း ဘယ်သူမှ မမြင်ဖူး သေးပါဘူး။

“ဟား ဟား ... ဟုတ်ပြီလေ ...  စောင့်ကြည့် ကြတာပေါ့”

ဂိုဏ်းထိန်းကြီးလျိုက မဲ့ပြုံးတစ်ခု ပြုံးလိုက်ပြီး သူ့ရဲ့ အာရုံတွေကို သိုင်းစင်မြင့်ဆီသို့ ပြောင်းလိုက်ပါတယ်။

“သည်ဓားကွက်ကို မြည်းကြည့်စမ်း”

ပုကျင်းဆောင်က ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ပြီး တိုက်ခိုက် လိုက်ပါတယ်။ သူ့ရဲ့ နက်ရွှေမှော်ဓားက မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့်ပမာ အရှိန်အဟုန် ကြီးစွာဖြင့် လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။

သည်ဓားသိုင်း ကတော့ ဆန်းကြယ် အလယ်အလတ် အဆင့် ဓားသိုင်းဖြစ်တဲ့ မိုးကြိုးဓားသိုင်းပါပဲ။

သည်ဓားသိုင်းက အရမ်းကို ပြင်းထန်တဲ့ ဓားသိုင်း အမျိုးအစားပါ။

သည်ဓားသိုင်းကို အသုံးပြုတဲ့ လူကလည်း ချီအတွင်းအား အတော်လေး ကောင်းဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သည်ဓားသိုင်းက ချီအတွင်းအား တွေကို အလျင်အမြန် ကုန်ခန်းစေလို့ပါပဲ။

ပုကျင်းဆောင်လို ချီအတွင်းအား ကောင်းလွန်းတဲ့ သူမျိုးနဲ့သာ သည်ဓားသိုင်းက လိုက်ဖက်တာပါ။

ပုကျင်းဆောင် ကတော့ သည်ဓားသိုင်းကို အလွန်အမင်း ယုံကြည်ထား ပါတယ်။ မိုးပြာရောင် ဂိုဏ်းထဲမှာဆိုရင် သည်ဓားကွက်ကို ခုခံနိုင်တဲ့သူက မရှိသလောက်ပါပဲ။။ ရှုဖန်းတောင်မှ သည်ဓားကွက် အောက်ကို ရောက်သွားမယ်ဆိုရင် တန်ပြန် တိုက်စစ်ဆင် နိုင်တော့မှာ မဟုတ်ပါဘူး။ ချန်ယွန်ဟူနဲ့ လီရှင်းယုတို့ကတော့ ချွင်းချက်ပေါ့လေ။

“မြေကမ္ဘာနယ်ပယ် အဆင့် ၉ ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ ပုကျင်းဆောင်ရဲ့ ချီအတွင်းအားက တကယ် ကောင်းတာပဲ”

လီဖူချန်းက ပုကျင်းဆောင်ရဲ့ ချီအရှိန်အဝါကို ယှဉ်နိုင်ဖို့အတွက် အစစ်အမှန် ငရဲမီးတောက် အဆင့် ၁၆ ချီအတွင်းအားနဲ့ မီးနဂါး လျှို့ဝှက်ကျင့်စဉ်ကို တစ်ပြိုင်နက်တည်း တွဲသုံးလိုက်ပါတယ်။

ထို့နောက်မှာတော့ သူက နက်ရွှေမှော်ဓားကို ဆွဲထုတ်လိုက်ပြီး ဒုတိယမြောက် ပေါင်းချုပ်ဓားကွက် ဖြစ်တဲ့ ‘ပေါက်ကွဲခြင်းဓား’ကို ထုတ်ဖော် အသုံးပြုလိုက် ပါတော့တယ်။

“သည် ချီအတွင်းအား…”

ဂိုဏ်းထိန်းကြီးလျိုရဲ့ ဘေးနားမှာ ရှိနေတဲ့ နောက်ထပ် ဂိုဏ်းထိန်းကြီးက မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားခဲ့ပါပြီ။

သူက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့် ၁ ပညာရှင်ဖြစ်တဲ့ အလျောက် လီဖူချန်းရဲ့ အတွင်းအား ကျင့်စဉ်ကို သတိထားလိုက် မိတယ်လေ။ လီဖူချန်းက အစစ်အမှန် ငရဲမီးတောက် ကျင့်စဉ်ရဲ့ အဆင့် ၁၆ ကိုတောင် ရောက်နေပြီ မဟုတ်ပါလား။

“တကယ်ကို မယုံနိုင်စရာဘဲ ... ငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တွေထဲမှာ ဆိုရင် လီရှင်းယုနဲ့ အချို့ တပည့်တွေသာ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့် ၁၅ ကို ရောက်အောင် လေ့ကျင့်ထား နိုင်တာလေ။ ကျန်တဲ့ တိုက်ရိုက်တပည့် အကုန်လုံးက ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့် ၁၄ မှာပဲ ရှိနေသေးတာ မဟုတ်လား ... သည်ကလေးရဲ့ အတွင်းအား ကျင့်စဉ်က ဘယ်လိုလုပ်ပြီး အဆင့် ၁၆ ကို ရောက်နေတာလဲ ...”

အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက် ပါတယ်။

တကယ်လို့သာ လီဖူချန်းက ဓားတာအို တစ်ခုထဲမှာ ကွက်ပြီး ထူးချွန်နေတယ် ဆိုရင် မိုးပြာရောင်ဂိုဏ်း ထဲမှာပဲ ဘုရင်လုပ်လို့ ရပါမယ်။ အခြားသော ဂိုဏ်းတွေက လက်ရွေးစင်တွေနဲ့ တွေ့ရင် အခြေအနေ မကောင်းနိုင်ပါဘူး။ အခုတော့ လီဖူချန်းက အခြားသော ပညာရပ်တွေ မှာလည်း ထူးချွန်နေပါ သေးတယ်။ အဲသည် အချက်က အထွတ်ခေါင်ချုပ် အကြီးအကဲကို လုံးဝ ကျေနပ်အားရ သွားစေတယ်လေ။

“ဟား ဟား ... သည်ကလေးက ငါ အပင်ပန်း ခံရတာနဲ့ တန်သွားပြီကွ”

အိုးရန်ဝမ်းထင် ကလည်း ခေါင်း တညိတ်ညိတ်ဖြင့် ပြုံးနေပါတယ်။

လီဖူချန်းက ထူးထူးချွန်ချွန် လုပ်ပြနိုင်လေလေ သူ့အတွက် ဝမ်းသာရ လေလေပါပဲ။ လီဖူချန်းဆိုတာက မိုးပြာရောင်ဂိုဏ်းရဲ့ အနာဂတ် ကြယ်တစ်ပွင့်ပင် မဟုတ်ပါလား။

သည်ပုံစံအတိုင်း ဆိုရင်တော့ လီဖူချန်းက ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို မချိုးဖောက် နိုင်ရင်တောင်မှ သေချာပေါက် ကောင်းကင်နယ်ပယ် အထွတ်အထိပ်ကို ရောက်မှာပါ။

သည်ကြားထဲမှာ လီဖူချန်း တစ်ယောက် မဟာကံကောင်းမှု ကြီးတွေနဲ့ ကြုံရပြီး ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်သွားခဲ့ နိုင်ရင်တော့ ပွဲသိမ်းပါပဲ။

အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ မိုးပြာရောင် ဂိုဏ်းအနေဖြင့် လက်မထောင်ပြီး နေနိုင်ပါပြီ။

***

ဝုန်း

မိုးကြိုးဓားသိုင်းနဲ့ ပေါက်ကွဲခြင်းဓား တို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုက သိုင်းစင်မြင့်ကြီး တစ်ခုလုံးကို သိမ့်သိမ့်တုန်သွား စေပါတယ်။

ပုကျင်းဆောင်ကော လီဖူချန်းကောက အနောက်ကို ခြေ ၇ လမ်းစီ ဆုတ်လိုက်ရပါပြီ။

“ကောင်းတယ် ... ကောင်းတယ်။ ညီလေးလီ… သည်ဓားကွက် ကိုကော ခုခံကြည့်စမ်းပါဦး”

“မိုးကြိုးစက်ကွင်း အောက်မှာ ကခုန်ခြင်း”

ပုကျင်းဆောင်က သူ့ရဲ့ နက်ရွှေမှော်ဓားကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ကာ လီဖူချန်းကို ပိုင်းချလိုက် ပါတယ်။

သူ့ရဲ့ သည်ဓားချက် မှာတော့ မိုးကြိုး ဓားချီတွေကို တစ်စုတစ်စည်းထဲ စုစည်းထား ခဲ့တာပါ။

“စီးမျောခြင်း ဓား ...”

လီဖူချန်းက သူ့ရဲ့ ဓားကို ဦးတည်ရာချက် မရှိ ဝှေ့ယမ်း လိုက်ပါတယ်။ ဒါပေမဲ့လည်း သည်ဦးတည်ရာ မရှိတဲ့ ဓားကွက်ကနေ ထွက်လာတဲ့ ဓားချီတွေက မိုးကြိုးဓားချီတွေကို တစ်စစီ ဖျက်ဆီးလိုက် နိုင်တယ်လေ။

“ဘယ်လိုကြီးလဲဟ ... သည်ကောင်က ပေါင်းချုပ်ဓားကွက် ၂ကွက်တောင် ဖန်တီးထား နိုင်တာလား ...”

ပုကျင်းဆောင်က အရှုံးဆိုတဲ့ အနံ့အသက် တွေကိုတောင် ရလာသလိုလိုပါပဲ။

“ဟိုး ဟိုး ဟိုး ... သည်ကလေးက ဆန်းကြယ် အလယ်အလတ် ပေါင်းချုပ်ဓားကွက် ၂ကွက်ကိုတောင် ဖန်တီးထား နိုင်တာပဲ။ မဆိုးဘူးဟေ့ ...”

“ဖြောင်း ... ဖြောင်း ... ဖြောင်း ...”

လီဖူချန်း ရှုံးမယ်လို့ ထင်ကြေး ပေးခဲ့တဲ့ အကြီးအကဲလျိုက တောင်မှ လီဖူချန်းကို လက်ခုပ်လက်ဝါး တီးပြီး အားပေးလာ ခဲ့ပါပြီ။

ဇောင်ဝူကျင်းကလည်း ခေါင်း တဆတ်ဆတ် ညိတ်လိုက်ပြီး …

“ကျွန်တော် မပြောဘူးလား … ဂိုဏ်းထိန်းကြီး ... လီဖူချန်းက ကျွန်တော်တို့ရဲ့ အထင်တွေကို ပြောင်းပြန် ဖြစ်အောင် လုပ်ပြသွား ပါမယ်လို့”

အကြီးအကဲလျိုက …

“ဒါပေမဲ့လည်း ပုကျင်းဆောင်က သူ့ရဲ့ ပေါင်းချုပ်ဓားကွက်ကို မထုတ်သုံး သေးဘူးနော် ...  အဲဒါကိုတော့ ငါ စောင့်ကြည့်ချင် သေးတယ်” ဟု ပြန်ပြောလိုက် ပါတယ်။

သူက လီဖူချန်းရဲ့ အရည်အချင်း ကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့လည်း ပုကျင်းဆောင် ကိုတော့ မနိုင်လောက်ဘူးလို့ ထင်နေတုန်းမှာပဲ။

နောက်ထပ် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် လောက်ဆိုရင်တော့ လီဖူချန်းက ပုကျင်းဆောင်ကို သေချာပေါက် နိုင်မယ်လို့ သူယုံကြည်ပါတယ်။ အခုလောလောဆယ် မှာတော့ လီဖူချန်းက ပုကျင်းဆောင်ကို နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။

“လီဖူချန်း ... မင်းရဲ့ အရည်အချင်း ကိုတော့ ငါတကယ် ချီးကျူးပါတယ်။ ဒါပေမဲ့လည်း အခုချိန်မှာတော့ မင်းက ငါပြိုင်ဘက် မဖြစ်နိုင်သေးဘူးကွ ... ”

“မိုးကြိုးကို မျိုမယ့်သူ”

ပုကျင်းဆောင်ရဲ့ ချီအတွင်းအား တွေက ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့ပြီး လီဖူချန်းကို လွှမ်းခြုံ သွားခဲ့ပါပြီ။ သိုင်းစင်မြင့် တစ်ခုလုံးကိုတော့ မိုးကြိုးတွေက ဝန်းရံသွား ခဲ့ပါတယ်။

“လပြည့်ည လာစမ်း”

လီဖူချန်းကလည်း သူ့ရဲ့ တတိယမြောက် ပေါင်းချုပ် ဓားကွက်ကို ထုတ်ဖော် လိုက်ရပါပြီ။

ကောင်းကင်ယံ မှာတော့ မီးတောက် မီးလျှံတွေ တဟုန်းဟုန်း လောင်ကျွမ်းနေတဲ့ အနီရောင် လကြီးတစ်စင်းက ထွက်ပေါ်လာပြီး မိုးကြိုးတွေကို ဖိနှိပ်ပစ်လိုက် ပါတယ်။

ပုကျင်းဆောင်ရဲ့ မိုးကြိုးဓားချီ တွေကတော့ လီဖူချန်းရဲ့ မီးလျှံလမင်းကြီးရဲ့ ဖိနှိပ်မှုကို ဘယ်လိုမှ မတောင့်ခံ နိုင်ခဲ့ပါဘူး။

“ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ပုကျင်းဆောင် ကတော့ ငိုင်ကျသွားခဲ့ပါပြီ။

ထို့နောက်မှာတော့ ပုကျင်းဆောင်က  လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး …

“ငါအရှုံး မပေးသေးဘူးကွ”

ပုကျင်းဆောင်က သူ့ရဲ့ ခြေသိုင်းကို အသုံးပြုလိုက်ပြီး လီဖူချန်းကို ကန်ကျောက်ပစ်ဖို့ ကြိုးစားလိုက် ပါသေးတယ်။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ဓားက သူ့ရဲ့ ခြေထောက်ထက်ကို အဆမတန် မြန်နေပါတယ်။

လီဖူချန်းရဲ့ ဓားက ဘယ်အချိန် တည်းကနေ ဘယ်လို ပုကျင်းဆောင်ရဲ့ လည်ပင်းပေါ်ကို ရောက်နေလို့ ရောက်နေမှန်းတောင် မသိပါဘူး။

“ရပ်လိုက်ပါတော့ အစ်ကိုတော် ... ။ ကျွန်တော့်ရဲ့ ဓားက မျက်လုံး မပါဘူးနော် ...”

ဝေါ့

ပုကျင်းဆောင် ကတော့ အတော်လေး စိတ်ထိခိုက်သွားတဲ့ ပုံပါပဲ။

သူက သွေးတစ်လုတ်တောင် အန်ထုတ် လိုက်ရပါတယ်။

လီဖူချန်းက သူ့ကို ပြတ်ပြတ် သားသားပင် အနိုင်ယူ သွားခဲ့သည် မဟုတ်ပါလား။

“အားပါးပါး ... သည်ဓားကွက် ကိုတော့ ငါ ချီးကျူးတယ်ဟေ့”

ဂိုဏ်းထိန်းကြီးလျိုက လီဖူချန်းကို မချီးကျူးဘဲ မနေနိုင်တော့ပါဘူး။

လီဖူချန်းရဲ့ ပေါင်းချုပ် ဓားကွက်က ဆန်းကြယ် အလယ်အလတ် အဆင့် ဓားကွက်ပါပဲ။ ဒါပေမဲ့ လီဖူချန်းရဲ့ ကျွမ်းကျင်မှုက သည်ဓားကွက်ကို ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ်ဓားကွက် အဆင့်အတန်းကိုပါ ရောက်ရှိသွား စေပါတယ်။

ဇောင်ဝူကျင်း ပြောခဲ့သလိုပါပဲ။ လီဖူချန်းက သူ့ရဲ့ အထင်တွေကို ပြောင်းပြန် ဖြစ်အောင် လုပ်ပြနိုင်ခဲ့ပါပြီ။

“သည်ကလေးက ဖျက်မြင်းအဆင့် မဟုတ်ဘူး။ သူက သူနဲ့ ခေတ်ပြိုင် မျိုးဆက်တွေရဲ့ ဘုရင်တစ်ပါး ဖြစ်လာမယ့် သူမျိုးပဲ”

အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက်ကလည်း လီဖူချန်းနဲ့ ပတ်သက်ပြီး မှတ်ချက် ချလိုက်ပါတယ်။

လက်ရှိအချိန် အထိ မိုးပြာရောင် ဂိုဏ်းသားတွေရဲ့ ဘုရင်ကတော့ လီရှင်းယုပါပဲ။ ဒါပေမဲ့ အခုတော့ လီဖူချန်းက လီရှင်းယုရဲ့ နေရာကို ခြိမ်းခြောက် လာခဲ့ပါပြီ။

***

All Chapters