နေမင်းရဲ့ ကြီးကျယ်ခမ်းနားမှုကို ဘယ်သူက ကိုယ်စားပြုသလဲ
Vol. 68 Ch. 948
အခန်း (၉၄၈) နေမင်းရဲ့ ကြီးကျယ်ခမ်းနားမှုကို ဘယ်သူက ကိုယ်စားပြုသလဲ
ရွှေရောင်မီးလျှံကြာပန်းများ ပေါက်ကွဲထွက်သွားပြီး မီးတောက်မီးလျှံများက အပေါ် အောက် ဘေး ဘယ်ညာသို့ ပျံ့နှံ့သွားသည်။
သုံးပေတောင်မှလူများ အလျင်အမြန် ဆုတ်ခွာသွားသော်လည်း အချိန်နှောင်းသွားပေပြီ။
ဤ ရွှေရောင်မီးတောက်မီးလျှံများကို ရင်ဆိုင်ရသည့်အခါ အဆင့်မြင့် အထွတ်ထိပ် မှော်ဝင်ပစ္စည်းဖြစ်သော ‘ရွှေကျီးကန်းကောင်းကင်ဓား’ ကို နောက်ဆုံးတွင် ပြန်လည် အသုံးပြုလိုက်ရတော့သည်။
သုံးပေတောင်သခင်က သူ့အရှေ့မှ ပြင်းထန်သောမီးလျှံများကိုတားဆီးရန် တစ်ချက် မတွန့်ဆုတ်ဝံ့ဘဲ ဓားကို အမြန်ဆွဲထုတ်လိုက်ရသည်။
ဝိညာဉ်အလံအတွင်း ပြန်လည် ဝင်ရောက်သွားသော ရွှေရောင်ကျီးကန်း အမျက်တရား ဝိညာဉ်မှာလည်း ခြိမ်းခြောက်ခံရမှုကြောင့် ပြန်လည်နိုးထလာပြီး သူ့အရှေ့မှ ကြောက်မက်ဖွယ်ရာ မီးတောက်များကို တွန်းလှန်ရန် ထွက်ပေါ်လာသည်။
ရွှေရောင်ကြာပန်းများပေါက်ကွဲထွက်သွားပြီး သုံးပေတောင်မှလူများကို တိုက်ခိုက်ရန်ဝင်ရောက်လာသော်လည်း ရန်ကျောက်ကဲ၏အနီးပတ်ဝန်းကျင်တွင်လည်း အကန့်အသတ်မရှိသော မီးလျှံများက လောင်ကျွမ်းနေသေးသည်။
ရန်ကျောက်ကဲက အားဟူလက်ထဲမှ ထူးကဲယန်စည်းတံဆိပ်ကို ယူလိုက်ပြီး တောက်ပသည့် နေရောင်ခြည် အလင်းတန်းများက မီးတောက်များကို ပိတ်ဆို့ထားလိုက်သည်။
“ငါတစ်ယောက်တည်းသာဆိုရင် ဒီရွှေရောင်ကြာပန်းတွေကို တစ်ယောက်တည်း ဖြတ်ကျော်ရမှာ”
ပြောရင်း ရန်ကျောက်ကဲက သက်ပြင်းတစ်ချက်ချလိုက်ပြီး ချီးကျူးဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
“ပြောတော့သာလွယ်တာ ၊ တကယ်တော့ ဒီ မီးလျှံကြာပန်းတွေက တကယ် ရက်စက်ကြမ်းတမ်းပြီး ထိန်းချုပ်ရခက်တယ်”
ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးတောက်မီးလျှံများသည် ထူးကဲယန်စည်းတံဆိပ်မှ အလင်းတန်းများနှင့် ထိတွေ့မိသည်နှင့် ချက်ခငျ်းပင် ငြိမ်းသတ်သွားသည်။
ရန်ကျောက်ကဲက ကနဦးပေါက်ကွဲထွက်မှုကို တားဆီးပြီးနောက် ထူးကဲယန်စည်းတံဆိပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ကာ မိုးမြေပြောင်းပြန်ပုဆိန်ဖြင့် သုံးပေတောင်မှလူများဆီသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
သူက ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်ကို ရယူလို့သည့်အတွက် ထိုဝိညာဉ်အကြွင်းအကျန် မီးပင်လယ်ထဲတွင် ဆုံးရှုံးသွားရမည်ကို မလိုလားပေ။
ယခုပင်လျှင် တောက်လောင်နေသော မီးတောက်မီးလျှံများကြောင့် သုံးပေတောင်မှသိုင်းကျင့်ကြံသူများရော ၊ ရွှေကျီးကန်းဝိညာဉ်အကြွင်းအကျန်ပါ (၂)ခုစလုံး ကြီးမားသောထိုးနှက်ချက်ကို ခံခဲ့ရသည်။
စောစောက ရန်ကျောက်ကဲ၏ဝါးကိုင်းကြောင့် ဒဏ်ရာရရှိထားသည့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ရွှေကျီးကန်းကောင်းကင်ဓားမှာ ယခုတော့ ဆိုးရွားစွာပျက်ဆီးလျှက် ရှိ၏။
မူလက ဓားသွားထက်မှ ပင့်ကူအိမ်ကဲ့သို့ပါးလွှာသော အက်ကွဲကြောင်းများသည် ယခုတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းမျာ အချိန်မရွေး ကျိုးသွားတော့မည့်ဟန် ထင်မှတ်ရသည်။
သို့သော် အပြင်းထန်ဆုံးမီးတောင်မီးလျှံများကို ခံနိုင်ရည်ရှိခဲ့သဖြင့် အသက်ရှူမချောင်မီ ရန်ကျောက်ကဲ၏ အနီးကပ်တိုက်ခိုက်ခြင်းကို ခံလိုက်ရပြန်သည်။
“နေမင်းရဲ့ ကြီးကျယ်ခမ်းနားမှုကို ဘယ်သူကကိုယ်စားပြုလဲဆိုတာ ကြည့်ရအောင်”
ရန်ကျောက်ကဲက ရယ်မောရင်းဆိုလိုက်ပြီး ထူးကဲယန်စည်းတံဆိပ်ကို လေထုထဲသို့ပင့်တင်ကာ သုံးပေတောင်သခင်၏ ဦးခေါင်းထက်သို့ ရိုက်ချလိုက်သည်။
ထိုတိုက်ခိုက်မှု တစ်ခုတည်းမှာပင် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် မဟာနေမင်းကျမ်းဂန်တန်ခိုးစွမ်းအားများ ပေါင်းစပ်ထားသည်။
သုံးပေတောင်သခင်၏မျက်စိရှေ့တွင် ကောင်းကင်ထက်မှ နေမင်းကြီးနှင့်ကြယ်စင်များကြွေကျလာပြီး ကောင်းကင်တစ်ခုလုံး ပြိုကျလာသည့်အလား ထင်မှတ်ရသည်။ ကြီးမားလှသောတန်ခိုးစွမ်းအားက မိုးမြေတစ်ခုလုံး ပျက်စီးငြိမ်းသတ်သွားတော့မည့်အလားပင်။
သုံးပေတောင်သခင်က ရန်ကျောက်ကဲ၏ ထိုးနှက်ချက်ကိုတားဆီးရန် သူ၏ဓားကိုအသုံးမပြုဘဲ လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်သည်။
သို့ပေသိ ထူးကဲယန်စည်းတံဆိပ်ကျဆင်းလာသည်နှင့် ရွှေကျီးကန်းကောင်းကင်ဓား ပြင်းထန်စွာတုန်ခါသွားသည်။ ဓား၏အလယ်ဗဟိုက ကျိုးလုမတတ် ကွေးညွှတ်သွား၏။
ဖြောင့်တန်းရှည်လျားသောဓားသည် ကွေးညွှတ်သွားသည်အထိ အတင်းအကျပ် ထိုးနှက်ခံခဲ့ရသည်။
ရန်ကျောက်ကဲက တစ်ချက်တိုက်ခိုက်ပြီးသည်နှင့် ဆက်မတိုက်တော့ဘဲ နောက်ပြန်ဆုတ်သွားသည်။
ဘေးနားမှ သုံးပေတောင် ကျင့်ကြံသူများက သူတို့ဂိုဏ်းချုပ်ကိုကူညီရန်အတွက် ဝိညာဉ်အလံကို ဝှေ့ယမ်းရန် ကြိုးစားလိုက်သော်လည်း ၊ ထိုအချိန်မှာပင် ရန်ကျောက်ကဲ၏ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်းများ တောက်ပသွားသည်။
ရန်ကျောက်ကဲ၏ အနီရောင်အလင်းတန်းက ဝိညာဉ်အလံအနီးသို့ ချက်ချင်းရောက်ရှိလာသည်။ သုံးပေတောင်သခင် ထိတ်လန့်သွားပြီး တားဆီးလိုက်ချင်သော်လည်း အချိန်နှောင်းသွားပေပြီ။
ရန်ကျောက်ကဲက လက်နှစ်ချောင်းကို ဓားသဏ္ဌန်ပြုလုပ်ပြီး ဝိညာဉ်အလံကိုင်ဆောင်ထားသော သိုင်းသူတော်စင်၏ နဖူးတည့်တည့်သို့ ထိုးဖောက်လိုက်သည်။
နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က ထိုသို့ပင် မတိုက်ခိုက်လိုက်ရဘဲ အသက်ဆုံးပါးသွားခဲ့သည်လား။
သူ့လက်ထဲမှ ဝိညာဉ်အလံကတော့ ရန်ကျောက်ကဲလက်ထဲသို့ ကျရောက်သွားလေသည်။
ရန်ကျောက်ကဲက သုံးပေတောင်သိုင်းသမားကို သတ်ဖြတ်ပြီး ဝိညာဉ်အလံကို သိမ်းပိုက်ကာ အသင်္ချေနဂါးနန်းတော်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ထူးကဲယန်စည်းတံဆိပ်ကို တစ်ချက်လှည့်ပတ်ပြီး သုံးပေတောင်သခင်၏ ဦးခေါင်းကို ရိုက်နှက်လိုက်၏။
ထို့နောက် အစိမ်းရင့်ရောင်ဝါးကိုင်းက သူ့လက်ထဲ ပြန်လည်ထွက်ပေါ်လာပြီး ရွှေကျီးကန်းကောင်းကင်ဓားကို ရိုက်နှက်ပစ်လိုက်ပြန်သည်။
နောက်အခိုက်အတန့်တွင် ရန်ကျောက်ကဲ၏လက်ဖဝါးမှ ထွက်ပေါ်လာသောဖိအားများဖြင့် ထူးကဲယန်စည်းတံဆိပ်က သုံးပေတောင်သခင်၏ ဦးခေါင်းတည့်တည့်သို့ ဝင်ရောက်လာသည်။
အဘိုးအိုက မျက်လုံးများပြူးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“’ရန်’မျိုးနွယ်ကောင်လေး ၊ မင်းကိုယ်မင်း သိပ်အထင်ရောက်မနေနဲ့ ၊ သခင်လေးက မင်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး ၊ မင်း ကျရှုံးမယ့်အချိန်ကို ဒီအဘိုးကြီးစောင့်နေမယ်”
သူ့စကားမဆုံးခင် ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကို ဖိနှိပ်ချလိုက်သည်။
“မင်းလိုလူကိုသတ်ရတာ ငါ့အတွက် ဂုဏ်ယူစရာမရှိပါဘူး”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးရင်းဆိုသည်။
“ပြီးတော့ မင်းပြောတဲ့သခင်လေးဆိုတဲ့သူ ငါ့အတွက်ဘာပဲဖြစ်လာပါစေ မင်းစိတ်ပူစရာမရှိဘူး”
အဘိုးအိုက ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို တားဆီးရန် လက်ကိုမြှောက်လိုက်သော်လည်း နေရောင်ခြည်အောက်တွင် သူ့လက်များ အရည်ပျော်သွားကြောင်း တွေ့မြင်လိုက်ရသည်။
ပထမဆုံး လက်နှစ်ဖက် ၊ ထို့နောက် လက်မောင်းနှစ်ဖက် ၊ ထို့နောက် ဦးခေါင်းထိပ်...။
သူ့ဘဝတွင် နောက်ဆုံးအဖြစ် ကြားလိုက်ရသည်ကတော့ ရန်ကျောက်ကဲ၏ စကားသံပင် ဖြစ်သည်။
“စကားမစပ် မင်းကိုကျေးဇူးတင်ရမယ် ၊ မင်းတို့သာရောက်မလာရင် ဒီလောက်များတဲ့ ရွှေရောင်မီးလျှံ ကြာပန်းတွေကို ဖျက်ဆီးပစ်ဖို့ ငါအတော်လေး အချိန်ယူရမှာ ၊ အခုတော့ အချိန်အတော်လေး သက်သာသွားတယ်”
ကြောက်မက်ဖွယ်ရာ နေရောင်ခြည်အောက်တွင် သုံးပေတောင်သခင်မှာ အရည်ပျော်သွားပြီး သဲလွန်စမရှိပျောက်ကွယ်ကာ သေဆုံးသွားသည်။
ရန်ကျောက်ကဲက သူ၏လှုပ်ရှားမှု ရပ်တန့်ခြင်းမရှိဘဲ ကျန်ရှိသော သုံးပေတောင်သိုင်းသမားများအားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။
သို့ရာတွင် ကျုန်းယွမ်ကျောင်းတော်အပြင်ဘက် ၊ မြင့်မားသောတောင်ခြေရင်းတွင် သုံးပေတောင်သိုင်းသမားအချို့ ရှိနေသေးသည်။
သူတို့အားလုံးက သူတို့ဆီသို့လွင့်ပျံရောက်ရှိလာသော ထက်ပိုင်းကျိုးနေသည့် ရွှေရောင်ဓားရှည်ကြီးကို စူးရှစွာ စိုက်ကြည့်နေကြသည်။
မူလက တောက်ပနေသောဓားသည် ယခုတော့ ဖုန်မှုန်များ သုတ်လိမ်းလိုက်သည့်ပမာ မွဲခြောက်ခြောက် အရောင်ပြောင်းနေပေပြီ။
သုံးပေတောင်သိုင်းသမားများအားလုံးက မြင်ကွင်းကို ထိတ်လန့်တကြားဖြင့် ကြည့်နေကြသည်။
ရွှေကျီးကန်းကောင်းကင်ဓား၏အသွင်သဏ္ဌာန်အရ သုံးပေတောင်သခင် သေဆုံးသွားပြီဟု အဓိပ္ပါယ်ရသည်။
သူတို့ဂိုဏ်း၏ အမြင့်မြတ်ဆုံးရတနာပစ္စည်း (၂)ခုဖြစ်သော ရွှေကျီးကန်းကောင်းကင်ဓားမှာ ပျက်စီးသွားပြီး ဝိညာဉ်အလံသည်လည်း မည်သို့အခြေအနေရှိသည် မသိရပေ။ ကြည့်ရသည်မှာ အခြေအနေမကောင်းနိုင်သည်မှာ ထင်ရှား၏။
ကျုန်းယွမ်ကျောင်းတော်အတွင်း ဝင်ရောက်သွားကြသော သုံးပေတောင်မှ သိုင်းသမားများအားလုံးသည်ပင် သုတ်သင်ရှင်းလင်းခံလိုက်ရပြီ ဖြစ်နိုင်သည်။
ယခုတစ်ကြိမ် ရတနာပစ္စည်းရှာဖွေရန်အတွက် ရောက်ရှိလာကြသော သုံးပေတောင်မှ သိုင်းသမားများအားလုံးမှာ သူတို့ဂိုဏ်းမှ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။
ယခုတော့ သူတို့ဂိုဏ်း၏ နံပါတ် (၁) တန်ခိုးစွမ်းအားရှင် တောင်သခင်ကိုယ်တိုင် သေဆုံးသွားခဲ့ပေပြီ။ မည်သည့်ရတနာပစ္စည်းမှမရသည့်အပြင် သုံးပေတောင်သည်ပင် ကြီးမားစွာထိုးနှက်ခံခဲ့ရ၏။
ဤစွန့်စားမှုတွင် သူတို့မအောင်မြင်ခဲ့ကြပေ။
အမြတ်အစွန်းမရရှိရုံသာမက ကြီးမားစွာ ဆုံးရှုံးခဲ့ကြရသည်။ သူတို့ အားလုံး တိမ်တိုက်ထက်မှပြုတ်ကျပြီး ကျောက်စိမ်းလွင်ပြင်ဒေသတွင် သူတို့ရရှိထားသည့် ယခင်အနေအထာကိုပင် ထိန်းသိမ်းထားရန် ခက်ခဲသွားနိုင်သည်။
“ကျွန်တော်တို့ ဘာလုပ်ရမလဲ”
တောင်ခြေတွင်ရှိနေသည့် သုံးပေတောင်သိုင်းသမားများက သူတို့ဘေးမှ သက်လတ်ပိုင်းလူရွယ်တစ်ယောက်ကို ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။
ထိုလူရွယ်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်၏။
သူက အမတကူးပြောင်းခြင်း ကနဦးအဆင့်ဖြစ်ပြီး ဤနေရာတွင် အရန်အဖြစ် သီးသန့်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ သူက သုံးပေတောင်တောင်သခင်ပြီးလျှင် နံပါတ် (၂) တန်ခိုးစွမ်းအားရှင် ဖြစ်၏။
သူက ကျိုးပျက်နေသည့် ဓားရှည်ကို စူးစိုက်ကြည့်ရင်း ခဏတာ မှင်တက်နေပြီးမှ သတိပြန်ဝင်လာသည်။
“အထဲကိုမသွားခင် တောင်သခင် ညွှန်ကြားထားတဲ့အတိုင်း လိုက်နာပြီး အစီအစဉ်အတိုင်း လုပ်ဆောင်ပါ”
လူရွယ်က လေးလံသောအသံဖြင့်ဆိုသည်။
“တောင်သခင်နဲ့တခြားသူတွေ ရန်သူနဲ့တွေ့ပြီး ဒုက္ခရောက်တာပဲဖြစ်ဖြစ် ၊ အတားအဆီးတွေကို မကျော်လွန်နိုင်လို့ ပြဿနာတက်တာပဲဖြစ်ဖြစ် ဒီနေရာက ရတနာပစ္စည်းတွေကို ရယူဖို့မျှော်လင့်ချက်က နည်းပါးနေပြီ”
“ဒီအချိန် ငါတို့အတွက် နောက်ဆုံး မျှော်လင့်ချက်က နည်းပါးနေပြီ ၊ ငါတို့တွေ မအောင်မြင်နိုင်ဘူးဆိုရင် အခြေအနေကို ရှုပ်ထွေးအောင်လုပ်ပစ်ပြီး ကျန်တဲ့ညီအစ်ကိုတွေနဲ့ပြန်ဆုံပြီးရင် ဒီနေရာကထွက်သွားကြမယ်”
ထို့နောက် သူက တောင်ပေါ်သို့မတက်ဘဲ အခြားနေရာသို့ လှည့်ထွက်သွားသည်။
သုံးပေတောင်မှ အခြားသူများက အံ့အားသင့်ခြင့်မရှိဘဲ သူ့နောက်မှ လိုက်ပါသွားကြသည်။
မနီးမဝေးတစ်နေရာတွင် မြူခိုးများလွင့်ပျံနေသော နေရာတစ်ခုရှိလေသည်။ ထိုမြူခိုးများအလယ်တွင် ကွယ်ဝှက်ထားသော ကြီးမားသည့် ရေကန်ကြီးတစ်ခုရှိနေသည်။
သုံးပေတောင်မှ သိုင်းသမားများ ခေါင်းငုံ့ကြည့်လိုက်တော့ ရေကန်ကြီးက လှုပ်ရှားနေသည်ကို တွေ့မြင်ရသည်။
ရေကန်ထဲတွင် သူတို့၏ပုံရိပ်များထင်ဟပ်နေခြင်းမရှိပေ။ ထိုအစား ထူးဆန်းပြီး ဖရိုဖရဲဖြစ်နေသည့် ပုံရိပ်များကိုသာ တွေ့မြင်ရသည်။
တကယ်တော့ ဤရေကန်က ဤ ကျောက်ဂူအိမ်တော်နှင့် အခြားကမ္ဘာကို ချိတ်ဆက်ပေးထားသည့် အချိန်နှင့်ဗလာနယ် ဝင်ပေါက်တစ်ခု ဖြစ်သည်။
သို့သော် တစ်ဖက်မှဝင်ရောက်လာမည့်သူသည် ရန်ကျောက်ကဲနှင့် သုံးပေတောင်သိုင်းသမားများ ကဲ့သို့ တစ်ဝက်ကျိုးနေသော ဖူချန်နှင်တံ ပိုင်ဆိုင်ထားခြင်း မရှိပေ။
ထို့ကြောင့် လမ်းကိုတွေ့သည့်တိုင် လမ်းညွှန်ဆိုင်းဘုတ်မရှိသလို ဖွင့်လှစ်ရန် သော့လည်းမရှိ ဖြစ်နေပေသည်။
သုံးပေတောင်မှသိုင်းသမားများ ကျောက်ဂူအိမ်တော်သို့ရောက်လာသည်နှင့် ဤရေကန်ပတ်ဝန်းကျင် အခြေအနေကို ချက်ချင်းလေ့လာသိရှိခဲ့သည်။
အရင်ကဆိုလျှင် ဝေစုခွဲပေးနေရမည်ဖြစ်သောကြောင့် အခြာတစ်ယောက် ဝင်ရောက်လာသည်ကို ပျော်ရွှင်မည် မဟုတ်ပေ။
သို့သော် ယခု သုံးပေတောင်က ရန်ကျောက်ကဲကို ရှုံးနိမ့်သွားပြီဖြစ်ရာ သူတို့က အခြားပြိုင်ဘက်တစ်ယောက် ဝင်ရောက်လာမည်ကို စိတ်မဝင်စားတော့ဘဲ ရန်ကျောက်ကဲကို ဒုက္ခပေးရန်သာ စိတ်ဝင်စားတော့သည်။
သုံးပေတောင်မှ အမတကူးပြောင်းခြင်း ကနဦးအဆင့် အကြီးအကဲက ဖူချန်နှင်တံတစ်ဝက်ကို ထုတ်ယူလိုက်ပြီး ရေကန်ထဲသို့ ပစ်ချလိုက်သည်။
ထို့နောက် သူတို့အားလုံး အဝေးသို့ ပြန်လည်ဆုတ်ခွာသွားပြီး ကျုန်းယွမ်ကျောင်းတော်တည်ရှိရာ တောင်ထွတ်ဆီသို့ ဦးတည်သွားကြလေသည်။
ခဏအကြာမှာတော့ ရေကန်က ရုတ်တရက် လှုပ်ရှားသွားပြီး ရေများက ကောင်းကင်ထိတိုင် မြင့်တက်သွားသည်။ ကြည်လင်ပြတ်သားသော ဇာမဏီအော်သံတစ်သံက ကောင်းကင်ထက်တွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
မီးရောင်တောက်ပနေသော ဇာမဏီငှက်တစ်ကောင် ရေကန်ထဲမှ ထွက်ပေါ်လာသည် မဟုတ်ပါလား။