ကြီးမားသည့်အလွဲ
Vol. 68 Ch. 949
အခန်း (၉၄၉) ကြီးမားသည့်အလွဲ
ကျုန်းယွမ်ကျောင်းတော်ထဲမှာတော့ ရန်ကျောက်ကဲက သုံးပေတောင်မှလူများအားလုံးကို ရှင်းပစ်လိုက်ပြီဖြစ်သည်။ ထို့နောက် သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် ဝိညာဉ်အလံကို အကဲခတ်ကြည့်နေသည်။
“ရွှေကျီးကန်းအမျက်တရားဝိညာဉ်က အတော်လေးကုန်ခန်းနေပြီ ၊ ဒါပေမဲ့ လုံလောက်ပါသေးတယ်”
ရန်ကျောက်ကဲက ဝိညာဉ်အလံကို စစ်ဆေးရင်း ပြုံးလျှက်ဆိုသည်။
သုံးပေတောင်၏ ထူးခြားသောသိင်းပညာဖြင့် ထိန်းချုပ်ခြင်းမရှိသဖြင့် ဝိညာဉ်အလံက အနည်းငယ် ဂနာမငြိမ် ဖြစ်နေသည်။
သို့သော် အသင်္ချေနဂါးနန်းတော်အတွင်းမှ ယိုးမင်ဂမ္ဘီရစက်ဝန်းနံဘေးတွင်ထားလိုက်သည့်အခါ လျင်မြန်စွာပင် ပြန်လည်ငြိမ်သက်သွားသည်။
ယခုတော့ ဗလာနယ်ထဲမှ ရွှေရောင်မီးလျှံများ တဖြည်းဖြည်း မှိန်ဖျော့သွားပြီ ဖြစ်သည်။
ဤနေရာတွင် အရံအတားအဖြစ် စောင့်ကြပ်နေသော ကပ်ဆိုးကြီး (၃)ခုအား ရန်ကျောက်ကဲ ဖယ်ရှားနိုင်ခဲ့ပေပြီ။
ဤနေရာ မူလပိုင်ရှင်က ကျင့်ကြံခြင်းအဆင့်မြင့်မားပြီး အလွန်ထူးခြားသောတန်ခိုးစွမ်းအားများကိုပိုငဆိုင်သည်ဖြစ်ရာ သူချန်ထားခဲ့သော အရံအတားများက အားကောင်းစွာပင် ကျန်ရှိနေသေးသည်။
သို့သော် နှစ်ထောင်ပေါင်းများစွာ အချိန်များကုန်ဆုံးသွားပြီဖြစ်ရာ ထိုအရံအတားများ၏စွမ်းအားများလည်း ကျဆင်းလာပြီး ရန်ကျောက်ကဲကို တားဆီးနိုင်စွမ်း မရှိတော့ပေ။
သူ့အရှေ့မှ ထင်ယောင်ထင်မှားပုံရိပ်ယောင်မြင်ကွင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သာမန်တာအိုကျောင်းတော်တစ်ခုပုံစံအဖြစ် ပြောင်းလဲသွားသည်။
ပင်မခန်းဆောင်ကြီးထဲတွင် ရုပ်တု (၃)ခုရှိနေသည်။ လက်ဝဲမှ လက်ယာသို့ သက်ကြီးပိုင်း ၊ လူလတ်ပိုင်းနှင့် လူငယ်တစ်ယောက်၏အသွင်အပြင်ကို ပုံဖော်ထုလုပ်ထားသည်။
သို့သော် သေသေချာချာကြည့်မည်ဆိုလျှင် ဤရုပ်တု (၃)ခုလုံး၏ အသက်အရွယ်ကို ရိုးရှင်းစွာသတ်မှတ်ရန် ခက်ခဲပြီး ရုပ်တုတိုင်းတွင် လူငယ် ၊ လူလတ်ပိုင်းနှင့် သက်ကြီးပိုင်းဟူသော ခံစားချက်ကို ခံစားရစေသည်။
ဤရုပ်တု (၃)ခုတွင် တစ်ခုက ရတနာယပ်တောင်ကို ကိုင်ထားပြီး တစ်ခုကတော့ ရတနာစက်ဝန်းတစ်ခုကိုကိုင်ဆောင်ထားကာ ကျန်တစ်ခုကတော့ ကံကောင်းစေသည့် ကျောက်စိမ်းကျိုင်းတံကို ကိုင်ဆောင်ထားသည်။
ရုပ်တုများဖြစ်ကြသည့်တိုင် လျှို့ဝှက်ဆန်းကြယ်သောရောင်ဝါများက ဖြန့်ကြက်ထွက်ပေါ်လျှက်ရှိ၏။
ရန်ကျောက်ကဲနှင့် အားဟူတို့၏မျက်နှာများ တည်ကြည်လေးနက်သွားသည်။
ထိုက်ချင် တောက်တယ်ထျန်းကျွင်း (ထိုက်စန့်လောင်ကျွင်း) ၊ ယွိချင် ယွမ်စီထျန်းကျွင်း ၊ စန့်ချင် လင်ပေါင်ထျန်းကျွင်း။
တကယ်တော့ ဤရုပ်တုများက တာအိုဘာသာကိုတည်ထောင်ခဲ့သော စန်းချင်း (၃)ပါး၏ ရုပ်တုများပင် ဖြစ်သည်။
ဤတာအိုကျောင်းတော် အရှေ့ဘက်ခန်းမသည် စန်းချင်း (၃)ပါး (စင်ကြယ်ခြင်း (၃)ပါး) ကို ထားရှိကိုးကွယ်သည့် ခန်းမဖြစ်ပြီး အခြားသော တာအိုဝါဒကျ့်ကြံသူများကဲ့သို့ပင် ရိုးရာမပျက် ပူဇော်ကြခြင်းပင်။
ဟုတ်ပေ၏။
အမတခုံရုံး၏ဆုတောင်းကိုးကွယ်ခြင်းနည်းလမ်းကတော့ ရိုးရာတာအိုဝါဒနှင့် ပတ်သက်ဆက်နွှယ်ခြင်းမရှိသည်အမှန်ပင်။
အရှေ့ခန်းမတွင် စန်းချင်း (၃)ပါး ထားရှိပူဇော်ကြပြီး အနောက်ခန်းမတွင်တော့ မိမိတို့ ဘိုးဘေးအမွေအနှစ်အလိုက် ကွဲပြားသော ပူဇော်မှုကိုထားရှိသည်။
ယွိချင်အဆက်အနွယ်များကတော့ အနောက်ခန်းမတွင် ယွမ်စီထျန်းကျွင်းကို သီးသန့်ထားရှိကိုးကွယ်ကြပြီး ထိုက်ချင်အဆက်အနွယ်များကတော့ တောက်တယ်ထျန်းကျွင်းကို ထားရှိကိုးကွမ်မည်ဖြစ်ကာ စန့်ချင်အဆက်အနွယ်များကတော့ လင်ပေါင်ထျန်းကျွင်းကို ကိုးကွယ်ကြမည် ဖြစ်သည်။
ထိုက်ချင် တောက်တယ်ထျန်းကျွင်းက တာအိုဝါဒကို ကျယ်ကျယ်ပြန့်ပြန့် သင်ပြပေးပြီး တရားဓမ္မကို ကမ္ဘာသို့ ပြန့်ပွားစေသဖြင့် အားလုံးက တောက်တယ်ထျန်းကျွင်းကို ကိုးကွယ်ကြသည်။
ဤသည်မှာ ရိုသေလေးစားခြင်းအထိန်းအမှတ်ဖြစ်ပြီး ကျင့်ကြံခြင်းရင်းမြစ်ကို ပြန်လည်ခြေရာခံခြင်းလည်း ဖြစ်သည်။
ယခင်တစ်ချိန်ကဆိုလျှင် ကျောက်စိမ်းဝိညာဉ်နန်းတော် ၊ သိုးလွိနန်းတော် ၊ အပြာရောင်ခရီးရှည်နန်းတော်များမှလွဲပြီး စန်းချင်း (၃)ပါး အဆက်အနွယ်ကို တည်ထောင်သူများအဖြစ် မည်သူမျှ ပြောဆိုဝံ့ခြင်း မရှိကြပေ။
သိုင်းဂိုဏ်းတစ်ခု သို့မဟုတ် အိမ်တော်တစ်ခု ၊ မျိုးနွယ်တစ်ခုစီတွင် ကိုယ်ပိုင်တည်ထောင်သူဘိုးဘေးများရှိကြသည်အမှန်ပင်။ သို့သော် ထိုဘိုးဘေးများကိုတော့ ပင်မခန်းဆောင်နှင့်သီးခြားဖြစ်သော ဘိုးဘေးခန်းမများတွင်သာ နံ့သာပေါင်း ၊ အမွှေးတိုင်များဖြင့် ပူဇော်လေ့ရှိကြသည်။
“ဒီ အရှေ့ခန်းမမှာပဲ အတားအဆီးကပ်ဘေးအစီအရင်တွေ ပြုလုပ်ထားတာဖြစ်ရမယ်”
ရန်ကျောက်ကဲက ခန်းမကြီးထဲလှည့်ပတ်ကြည့်ရှုရင်း ထောင့်တစ်နေရာသို့ ရောက်လာသည်။
ထိုနေရာတွင် နံ့သာပေါင်းပူဇော်သည့် စားပွဲတစ်လုံးရှိနေပြီး သစ်ကြံဘိုးခေါက်ဖြင့် သင်္ကေတများရေးဆွဲထားသော အဝါရောင်အဝတ်စတစ်ခုဖြင့် စားပွဲကို လွှမ်းခြုံထားသည်။
ရန်ကျောက်ကဲက ထိုပစ္စည်းကို ခဏမျှ ဂရုတစိုက်လေ့လာပြီးနောက် သူ၏မျက်နှာအမူအရာက ထူးဆန်းသွားသည်။
“ဒါက...”
ထို့နောက် သူ့လက်ထဲမှ တစ်ဝက်ကျိုးနေသည့် ဖူချန်နှင်တံကို ငုံ့ကြည့်ရင်း...
“တကယ်ကြီး မင်းက ငါ့ကို လာနောက်နေတာလား”
အားဟူက အံ့အားသင့်သောမျက်နှာထားဖြင့် သူ့ဘေးနားရောက်လာပြီး...
“သခင်လေး... ဘာဖြစ်လို့လဲ”
ရန်ကျောက်ကဲ နှုတ်ခမ်းများတွန့်ကွေးသွားပြီး ရယ်ရမလား ငိုရမလားမသိသော ခံစားချက်ဖြင့်...
“ဒီကိစ္စက အရေးမကြီးပါဘူး ၊ မင်း ငါ့စကားကို သေချာနားထောင်...”
သူက သစ်ကြမ်းပိုးခေါက်ဖြင့် ရေးသားထားသော အစီအရင်ကို လက်ချောင်းများဖြင့် အသာထိတွေ့ ခြေရာခံရင်း နက်နဲမှုများကို အားဟူအား ရှင်းပြလိုက်သည်။
“မင်း နားလည်ပြီလား”
အားဟူက ရှောင်အိုက်ကဲ့သို့ အစီအရင်ပညာ မကျွမ်းကျင်သော်လည်း အခြေခံကိုတော့သိရှိသည်ဖြစ်ရာ ရန်ကျောက်ကဲ၏ရိုးရှင်းသည့်ရှင်းလင်းချက်ကို ကောင်းစွာ နားလည်နိုင်ခဲ့သည်။
ခဏမျှ တိတ်ဆိတ်နေပြီးမှ အားဟူက ခေါင်းညိတ်ရင်း...
“အားလုံးမှတ်မိပါပြီ သခင်လေး”
ရန်ကျောက်ကဲက...
“အင်း.. ကောင်းတယ် ၊ ငါ ဆက်ပြီးရှာဖွေလိုက်ဦးမယ် ၊ မင်း ဒီမှာပဲနေခဲ့...”
“ဒီနေရာက အရံအတားကပ်ဘေးတွေကို ဖြတ်ကျော်ခဲ့ရပေမယ့် သိပ်မကြာခင် ငါ့ချီစွမ်းအားက ပြန်ပြည့်လာမှာပဲ”
ရန်ကျောက်ကဲက ရှင်းပြသည်။
“ငါ သုံးပေတောင်ကလူတွေအကုန်လုံးကို သတ်ပစ်လိုက်ပြီ ၊ ဒါပေမဲ့ ဖူချန်နှင်တံတစ်ဝက်ကို သူတို့ဆီမှာ ငါမတွေ့ရဘူး ၊ ကြည့်ရတာ ဒီတာအိုကျောင်းတော်အပြင်ဘက်မှာ သူတို့လူတွေရှိနေသေးတယ်”
“ကျောင်းတော်ထဲဝင်လာတဲ့လူတွေ သေပြီဆိုတာသိရင် ၊ ဒါမှမဟုတ် အကြာကြီးစောင့်ပြီးမှ ဘာသတင်းမှမရဘူးဆိုရင် အပြင်ကလူတွေ ဝင်လာနိုင်တယ်”
သုံးပေတောင်သည် ကျောက်စိမ်းလွင်ပြင်ဒေသတွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော အင်အားစုတစ်ခုဖြစ်ပြီး ၎င်းတို့၏ အလုံးစုံအင်အားက တာ့ရွှမ်းတိုင်းပြည်နှင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်သည်။
အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် အများအပြားမရှိနိုင််သော်လည်း နတ်ဘုရားသိမြင်ခြင်း အဆင့် သိုင်းသူတော်စင်များကတော့ နည်းပါးမည် မဟုတ်ပေ။
သူတို့၏ဂိုဏ်းချုပ်ဖြစ်သော သုံးပေတောင်သခင်က ရွှေကျီးကန်းကောင်းကင်ဓား ၊ ရွှေရောင်ကျီးကန်းအမျက်တရားဝိညာည်တို့နှင့်အတူ ဤတာအိုကျောင်းတော်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည့်အတိုင် အခြားသူများသည်လည်း အားနည်းသည်ဟု မဆိုနိုင်ပေ။
အားဟူနှင့်ပန်ပန်က ထိုသူများကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
သို့သော် ဤနေရာတွင် တည်ဆောက်ထားသော အရံအတားအစီအရင်များကတော့ ထိုသူများကို သေချာပေါက် ရင်ဆိုင်နိုင်ပေမည်။
ထို့ကြောင့် ရန်ကျောက်ကဲက ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။
“အထဲကို ပစ္စည်းတွေဝင်ရှာဖို့က အချိန်နည်းနည်းယူရလိမ့်မယ် ၊ ငါ ပြန်ထွက်မလာခင် တခြားတစ်ယောက် ဖောက်ထွင်းဝင်လာခဲ့ရင် ဒီနေရာမှာ ပြုလုပ်ထားတဲ့အစီအရင်ကို ပြန်အသက်သွင်းလို့ရတယ် ၊ လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူမဟုတ်သရွေ့ ဒီအရံအတားနဲ့ပိတ်ဆို့ခံရရင် အတော်လေးအားအင် ကုန်ခန်းမှသာ ဖြတ်ကျော်နိုင်လိမ့်မယ်”
“ဒါပေမဲ့ ရောက်လာတဲ့သူက လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်ဆိုရင်တော့ မင်း အရံအတားကို အသက်သွင်းပြီးတာနဲ့ လွတ်အောင်ထွက်ပြေးပြီး ငါ့ကိုလာရှာပါ ၊ ဒီနေရာမှာ စောင့်မနေနဲ့တော့”
ထိုစကားကြားတော့ အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း ဝမ်းသာအားရဖြင့်...
“ဒီအလုပ်က စိတ်ဝင်စားစရာပဲ”
ထို့နောက်မှာတော့ အားဟူနှင့် ပန်ပန်က အရှေ့ခန်းမဆောင်တွင် ကျန်ရစ်ခဲ့ပြီး ရန်ကျောက်ကဲက အနောက်ဘက်ခန်းမအတွင်းသို့ ဝင်ရောက်သွားသည်။
အနောက်ဘက်ခန်းမအတွင်း ရောက်ရှိသည့်အခါ ရန်ကျောက်ကဲမှာ သူတွေ့မြင်လိုက်ရသည့်မြင်ကွင်းအပေါ် မရေမရာဖြစ်သွားသည်။
“ငါများ အမြင်မှားတာလား”
အနောက်ဘက်ခန်းမဆီသို့ ရောက်ရှိလာပြီး ထုလုပ်ကိုးကွယ်ထားသော ရုပ်တုကို သေသေချာချာ တွေ့မြင်လိုက်စဉ်မှာတော့ ရန်ကျောက်ကဲ သက်ပြင်းချလိုက်မိလေသည်။
ထိုရုပ်တုက ငယ်ရွယ်နုပျိုပြီး ခန့်ညားထည်ဝါက မြင့်မြတ်သည့်အငွေ့အသက်များဖြင့် ပြည့်နက်နေပြီး ဤကမ္ဘာပေါ်ရှိ အရာခပ်သိမ်းနှင့် ဖြစ်တည်မှုအားလုံကို ကိုယ်စားပြုပုံရသည်။
တာအိုဝါဒ၏ စခန်းချင်း (၃)ပါးထဲမှ တစ်ယောက်ဖြစ်သော စန့်ချင် အဆက်အနွယ်ဘိုးဘေး ၊ စန့်ချင်အဆက်အနွယ်တည်ထောင်သူ “လင်ပေါင်ထျန်းကျွင်း” ၏ ရုပ်တုသာပင်။
လင်ပေါင်ထျန်းကျွင်းကို စန့်ချင်ဧကရာဇ်ဟုလည်းခေါ်ဆိုကြပြီး စန့်ချင်အဆက်အနွယ်၏ “အမြင့်ဆုံးအဆင့် စန့်ချင်တာအိုအဓိပတိ”ဟူ၍လည်းအသိအမှတ်ပြုကြသည်။
သူ၏နာမည်အပြည့်အစုံမှာ -
“စန်းချင်းသုံးပါးမှတစ်ပါး ၊ ယွိထျန်းသစ်ပင်ကောင်းကင်ဘုံမှ စန့်ချင်ဘုံသို့ တက်ရောက်သွားသူ ၊ နေမင်းသခင် အရှင် ‘လင်ပေါင်ထျန်းကျွင်း’ ၊ အဆုံးမရှိအံ့ဖွယ်အဓိပတိထိပ်တန်းဧကရာဇ်”
ဟူ၍ ဖြစ်သည်။
ဤ ယွမ်ကျုန်းကျောင်းတော်သည် ထိုက်ချင်အဆက်အနွယ် မဟုတ်ပေ။ စန့်ချင်အဆက်အနွယ် ဖြစ်လေသည်။
အရှေ့ခန်းမဆောင်ထဲတွင်ရှိနေသော အဝါရောင်အဝတ်စပေါင်တွင် သစ်ကြမ်းပိုးခေါက်ဖြင့်ရေးထားသည့် အစီအရင်ကို တွေ့မြင်ကတည်းက တစ်ခုခုမှားနေသည်ဟု ရန်ကျောက်ကဲ ခံစားခဲ့ရသည်။ ထို အစီအရင်ကိုလေ့လာလေ စန့်ချင်အအဆက်အနွယ်၏ပညာရပ်နှင့် ပိုမိုသက်ဆိုင်လေ ဖြစ်သည်။
ယခု အနောက်ခန်းမတွင် ကိုးကွယ်ထားသည့် ‘လင်ပေါင်ထျန်းကျွင်း’ ရုပ်တုကိုတွေ့မြင်ရသည့်အခါ သူ့စိတ်ထဲမှသံသယများ ကင်းရှင်းသွားရသည်။
သို့သော် သူ့လက်ထဲတွင်ရှိနေသည့် ဖူချန်နှင်တံအကျိုးကိုကြည့်ရင်း ရန်ကျောက်ကဲ ပဟေဠိ ဖြစ်သွားသည်။
“ဒါဖြင့် ဒါက ဘာများလဲ”
ဤဖူချန်နှင်တံကတော့ ထိုက်ချင်အဆက်အနွယ် အငွေ့အသက်များပါဝင်သည့် ရတနာပစ္စည်းတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
“ဒီနေရာပိုင်ရှင်ကို ထိုက်ချင်အဆက်အနွယ် တစ်ယောက်ယောက်က လက်ဆောင်ပေးခဲ့တာလား ၊ ဒါမှမဟုတ် တိုက်ပွဲမှာအနိုင်ရပြီး ရယူလာတဲ့ပစ္စည်းလား”
အမှန်တော့ ရန်ကျောက်ကဲသည်လည်း စန့်ချင်အဆက်အနွယ် သိုင်းပညာအမွေအနှစ်တစ်ခုကို အရေးတကြီးလိုအပ်နေခဲ့သည်ပင်။
ယခင်တစ်ခေါက်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက နတ်ဘုရားထောင်ချောက်ဓားသိုင်းကို သူ့အား အဘယ့်ကြောင့်ပေးအပ်ခဲ့သည်ကို ယခုအချိန်ထိ နားမလည်သေးပေ။
ထို့ကြောင့် သူ အမြဲတမ်း သတိရှိနေခဲ့သည်။
သို့သော် ခြင်ကိုက်လွန်းလျှင် ထုံသွားပြီး မယားယံတော့သလို အကြွေးများလွန်းလျှင်လည်း စိတ်ပူစရာမရှိလှပေ။ ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ဤသို့သောကိစ္စများအတွက် စိတ်ပူစရာ မရှိခဲ့ပေ။
ယခု သူက နတ်ဘုရားအဆုံးသတ် ဓားသိုင်းနှင့် နတ်ဘုရားထောင်ချောက်ဓာသိုင်းကို ကျင့်ကြံထားပြီးဖြစ်သည်။ တိဟွမ် မြေကမ္ဘာဧကရာဇ်၏တားမြစ်ချက်ကို စိတ်ပူပန်ပြီး နောက်ထပ် စန့်ချင်အဆက်အနွယ် ပညာရပ်အသစ်တစ်ခုကို မရယူနိုင်စရာ အကြောင်းမရှိပေ။
စိုးရိမ်စရာမှာ ထိုက်ချင်အဆက်အနွယ်မှ တိုက်ရိုက်ဆင်းသက်လာသည့် ပညာရပ်များ ရှားပါးခြင်း ဖြစ်၏။ အထက်ဘုံကမ္ဘာမှာပင် မြောက်ဖေးတောင်ထွတ်နှင့် ကျင်းထင်တောင် (၂)နေရာသာလျှင် တွေ့ရှိရသည်။
ရန်ကျောက်ကဲက ရယ်မောရင်း ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး...
“ဒါက ကံကောင်းတာလား ကံဆိုးတာလားတောင် မပြောတတ်တော့ဘူး ၊ တော်သေးတယ်... ဒီနေရာက ယွိချင်အဆက်အနွယ်က ဆင်းသက်လာသူမဟုတ်လို့ ၊ မဟုတ်ရင်တော့ ငါ တိုင်ပတ်မှာပဲ”
ဟုတ်ပေ၏။
သူ့တွင် ယွိချင်အဆက်အနွယ်ပညာရပ်များက ပေါများလွန်းနေသည် မဟုတ်ပါလား။
“အဟက်... ငါက အရမ်းဇီဇာကြောင်တာလား ၊ မာန်တက်လွန်းနေတာလားတော့မသိဘူး ၊ ဒီလိုရှားပါးအခွင့်အရေးရတာတောင် ချေးများနေသေးတယ် ၊ ဒီအခွင့်အရေးမရနိုင်တဲ့ ခြားသူတွေသိရင် ငါ့ကိုဝိုင်းရိုက်ကြတော့မယ်”
အတွေးနှင့်အတူ ရန်ကျောက်ကဲက လင်ပေါင်ထျန်းကျွင်း၏ ရုပ်တုကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
“ထျန်းကျွင်း... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ၊ ကျွန်တော် ထျန်းကျွင်းကို မထီမဲ့မြင်ပြုတာမဟုတ်ပါဘူး ၊ ဒီတပည့်က ယွမ်စီထျန်းကျွင်းကို ဦးထိပ်ထားတဲ့သူဆိုပေမယ့် ထျန်းကျွင်းကိုလည်း သေချာပေါက် မထီမဲ့မြင်မပြုခဲ့ပါဘူး”
ထို့နောက် ရန်ကျောက်ကဲ တစ်ချက် ရယ်မောလိုက်ပြီး အတွေးများကိုစုစည်းကာ ရုပ်တုကို အကဲခတ်လိုက်သည်။
စန်းချင်း (၃)ပါးတွင် ယွမ်စီထျန်းကျွင်းက အရာအားလုံး၏ “အစပြုခြင်း” သင်္ကေတဖြစ်ပြီး “မရှိမှု” မှ “ဖြစ်တည်မှု” ကို ကိုယ်စားပြုသည်။ လင်ပေါင်ထျန်းကျွင်းကတော့ “မရှိမှု” သင်္ကေတဖြစ်ပြီး ‘ဖြစ်တည်မှု” မှ “မရှိမှု” ကို ကိုယ်စားပြုသည်။
သို့သော် အခြားတစ်ဖက်မှာတော့ ‘တည်ရှိမှု” နှင့်အစပြုရမည်ဖြစ်ပြီး ၊ သို့မှသာလျှင် ‘ဖြစ်တည်မှု” မှ “မရှိမှု” သို့ သွားရောက်နိုင်ပေမည်။
ထို့ကြောင့် တကယ်တမ်းတွင် လင်ပေါင်ထျန်းကျွင်းက အရာအားလုံး၏ ဖြစ်တည်မှုကို ကိုယ်စားပြုသည်ဟု အဓိပ္ပါယ်ဆောင်သည်။
နှိုင်းယှဉ်ပြောရလျှင် ယွမ်စီထျန်းကျွင်းကိုတော့ “မရှိမှု” ကိုယ်စားပြုသည်ဟုဆိုနိုင်ပြီး လောကတစ်ခုလုံးမဖြစ်တည်ခင် အစောဆုံးကနဦးကာလ မည်သည့်အရာမှ မရှိသေးသောအချိန်ဟု ပြဆိုနိုင်သည်။
ထိုကြောင့် ယွမ်စီထျန်းကျွင်းကို “အဆုံးမရှိပြိုင်ဘက်ကင်း” ဟု တင်စားနိုင်ပြီး လင်ပေါင်ထျန်းကျွင်းကိုတော့ “မဟာအန္တိမ” ဟု တင်စားနိုင်သည်။ “အဆုံးမရှိပြိုင်ဘက်ကင်း” ၏ အဆုံးမရှိသော အရာအားလုံးသည် “မဟာအန္တိမ” တွင် အရာအားလုံး နိဂုံးချုပ်သွားလေသည်။
ထိုက်ချင်အရှင်သခင်၏ ထူးခြားသာလွန်သည့်သွန်သင်ချက် (၅)ခုဖြစ်သော ‘ရှန်းထျန်းဝူထိုက်’ - ထိုက်ယိ ၊ ထိုက်ချူး ၊ ထိုက်ရှီ ၊ ထိုက်စု ၊ ထိုက်ကျိ တို့တွင်တော့ မိုးနှင့်မြေ၏ “မရှိမှု” မှ “တည်ရှိမှု” သို့ သွားရောက်ပုံ အဆင့် (၅)ဆင့်ကို ဖော်ပြထားသည်။ ဤသည်က မိုးမြေမဖြစ်တည်မီ ကနဦးအချိန်ကာလ၏ မဟာတာအိုကို ဖော်ကျူးသည်။
ထို့ကြောင့် စန်းချင်း (၃)ပါးသည် အခြေခံအားဖြင့် တစ်ခုတည်းဖြစ်ပြီး တာအိုဝါဒနှင့် လောကဓမ္မကို အပြန်အလှန်ထိန်းကျောင်းလျှက်ရှိကာ တစ်ခုစီတွင် လျှို့ဝှက်ဆန်းကျယ်သော ကိုယ်ပိုင်နည်းနာဟန်ပန်များရှိသော်လည်း နက်နဲခြင်းတွင်တော့ တစ်ခုနှင့်တစ်ခု ဆက်စပ်ပတ်သက်လျှက်ရှိ၏။
ရန်ကျောက်ကဲ သူ့အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“အင်း... ထျန်းကျွင်းရဲ့ အဆက်အနွယ် တစ်ယောက်က ဒီနေရာမှာ ပညာရပ်တစ်ခု ချန်ထားခဲ့ဖို့ မျှော်လင့်ပါတယ်”