ရှေးဟောင်းအမွေအနှစ်
Vol. 68 Ch. 950
အခန်း (၉၅၀) ရှေးဟောင်းအမွေအနှစ်
အကယ်၍ ကျုန်းယွမ်ကျောင်းတော်သည် တောက်တယ်ထျန်းကျွင်း၏ ရုပ်တုကို ကိုးကွယ်သည့်တိုင် ထိုက်ချင်အဆက်အနွယ် တိုက်ရိုက်မျိုးရိုး ဟုတ် မဟုတ် ဆုံးဖြတ်ရန် စားပွဲထက်တွင်ပူဇော်ထားသော ပူဇော်သက္ကာနှင့် အမွှေးတိုင်များကိုကြည့်ရှုပြီး ဝေဖန်သုံးသပ်ရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုက်ချင်အဆက်အနွယ်များသာမက ကမ္ဘာပေါ်မှ တာအိုကျင့်ကြံသူ (၉၀)ရာနှုန်းက တောက်တယ်ထျန်းကျွင်းကို ကိုးကွယ်ကြာသောကြောင့် ဖြစ်၏။
သို့သော် ဤ ကျုန်းယမ်ကျောင်းတော်ကတော့ အနောက်ဘက်ခန်းမတွင် လင်ပေါင်ထျန်းကျွင်းကို ကိုးကွယ်ထားသည့်အတွက် စန့်ချင်အဆက်အနွယ်ဖြစ်သည်မှာ သေချာသည်။
ရန်ကျောက်ကဲ အနောက်ခန်းမကိုဖြတ်သန်းပြီး တာအိုကျောင်းတော်အတွင်းသို့ ဝင်ရောက်သွားသည်။
တာအိုကျောင်းတော်ကြီးက နေရာတိုင်းတွင်ပျက်ဆီးယိုယွင်းနေပြီး အစွန့်ပစ်ခံ ကျောင်းတော်ကြီးအဖြစ် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ဟန်တူသည်။
ရန်ကျောက်ကဲလမ်းလျှောက်လာရင်း ဟိုနား ဒီနားတွင်ပျံ့ကျဲနေသည့် အရိုးစုများကို တွေ့မြင်လိုက်ရသည်။
သူ သက်ပြင်းချလိုက်ပြီး ပတ်ပတ်လည်ကို တစ်ချက်အကဲခတ်လိုက်သည်။
“ဒီသိုင်းဂိုဏ်းက မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းဂိုဏ်းတစ်ခုပဲ”
သေဆုံးနေကြသော ကျုန်းယွမ်ကျောင်းတော်မှတပည့်များမှာ အခြားသူများ လာရောက်တိုက်ခိုက်သဖြင့် သေဆုံးရခြင်း မဟုတ်ပေ။
မဟာကပ်ဘေးကြီးကြောင့် သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ မဟာကပ်ဘေးလှိုင်းလုံးကြီးများသည့် စကြာဝဠာထဲတွင် လျှို့ဝှက်စွာ တည်ဆောက်ထားသော သီးခြားနယ်မြေများ ၊ ကျောက်ဂူအိမ်တော်များသို့ ပျံ့နှံ့သွားခဲ့သည်။
မဟာကပ်ဘေးကြီးကြောင့် ကျုန်းယွမ်ကျောင်းတော်က လုံးလုံးလျားလျား ပျက်စီးသွားခြင်း မရှိသော်လည်း ကျောင်းတော်အတွင်းမှ ကျင့်ကြံသူများကတော့ သေသည်အထိ ခံစားခဲ့ကြရသည်။
ကပ်ဘေးကြီးရင်ဆိုင်ရချိန် ကျောင်းတော်ထဲတွင် ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ မရှိကြသော်လည်း အဆင့်နိမ့်ကျင့်ကြံသူများအတွက်တော့ သင်္ချိုင်းနေရာ ဖြစ်လာခဲ့၏။
နှစ်ပေါင်းများစွာကြာမြင့်သည့်အတိုင် ဤကျောင်းတော်တွင်ရှိနေသည့် အရံအတားများက အသက်ဝင် ရှင်သန်နေသေးသော်လည်း လူများကတော့ သေပြီးနောက် ပြန်လည်ရှင်သန်လာရန် မဖြစ်နိုင်တော့ပေ။
ဤသို့သောအခြေအနေမျိုးက ရှားပါးဖြစ်ရပ်တော့မဟုတ်ပေ။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လူသားများ တစ်ဖန်ပြန်လည်တိုးတက်လာခဲ့ကြသည်။ ယခင် ကျင့်ကြံသူများ နေထိုင်ရာနေရာများမှ ကျန်ရှိခဲ့ကြသော အကြွင်းအကျန်များကို တူးဖော်တွေ့ရှိပြီး ကျင့်ကြံခြင်းလောကသည်လည်း ပြန်လည်ဖြစ်ထွန်းတိုးတက်လာသည်။
သို့ဖြစ်ရာ ရှေးဟောင်းနေရာဌာနများတွင် ရှေးယခင် အကြီးအကဲဘိုးဘေးတို့၏ အကြွင်းအကျန်များကို မကြာခဏ တွေ့ရတတ်၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်တွင် တပည့်ငယ်အဖြစ် နေထိုင်စဉ်ကပင် အကြီးအကဲများနှင့်အတူ ရှေးဟောင်းအပျက်အဆီးများအတွင်း ဝင်ရောက်ခဲ့စဉ်က ထိုသို့သောမြင်ကွင်းများကို မကြာခဏ တွေ့မြင်ခဲ့ရဖူးသည်။
“ဒီနေရာမှာ သေဆုံးသွားသူတွေအားလုံး ငြိမ်းချမ်းစွာအနားယူကြပါ”
ရန်ကျောက်ကဲ ရေရွတ်ရင်း ရှေ့ဆက်လမ်းလျှောက်လာသည်။
မကြာမီ သူ့ရှေ့တွင် အလွန်တရာကြီးမားသော ဘိုးဘေးခန်းမကြီးတစ်ခုကို တွေ့မြင်လိုက်ရ၏။
ခန်းမထဲသို့ဝင်လိုက်သည်နှင့် အထဲတွင် ထားရှိကိုးကွယ်သော ကမ္ပည်းတိုင်များစွာကိုတွေ့ရှိရသည်။ ဤသည်မှာ ကျုန်းယွမ်တာအိုကျောင်းတော်မှ ဘိုးဘေးများကိန်းအောင်းရာနေရာ ဖြစ်ပေမည်။
ကမ္ဗျည်းတိုင်းများအားလုံး၏အထက်တွင် သီးခြားထီးတည်းတည်ရှိနေသော ကျောက်သားကမ္ပည်းတိုင်တစ်ခုက နေရာယူထားသည်။
“စန့်ချင်အဆက်အနွယ်အစစ်အမှန် ၊ ကျုန်းယွမ်ကျောင်းတော်တည်ထောင်သူဘိုးဘေး ၊ တာအိုဆရသခင်ယွမ်ခန်း”
ကဗ္မျည်းကျောက်ပြားကိုဖတ်ပြီးသည်နှင့် ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
“စန့်ချင်အဆက်အနွယ်အစစ်အမှန်... ဒါက စန့်ချင်အဆက်အနွယ် တတိယမျိုးဆက်ကို ရည်ညွှန်းတာပဲ ၊ ဒါဆို ဒီပုဂ္ဂိုလ်က လင်ပေါင်ထျန်းကျွင်းရဲ့ တရားဝင်ဆင်းသက်လာတဲ့တပည့်များလား”
“ဒါပေမဲ့ စန့်ချင်အဆက်အနွယ် မျိုးဆက် (၃)ဆက်ရဲ့ တပည့်တွေထဲမှာ တာအိုဆရာသခင်’ယွမ်ခန်း’ ဆိုတာ တစ်ခါမှမကြားခဲ့မိပါဘူး ၊ ဒါပေမဲ့ လင်ပေါင်ထျန်းကျွင်းက တာအိုကျောင်းတော်တွေ ကျယ်ကျယ်ပြန့်ပြန် ဖွင့်ထားပြီး အဆင့်အတန်းမခွဲခြားဘဲ လူတွေကို သင်ပြပေးခဲ့တာဆိုတော့ ထောင်ပေါင်းများစွာရှိတဲ့ ကျင့်ကြံသူတွေထဲမှာ တာအိုဆရာသခင်’ယွမ်ခန်း’ ဆိုတဲ့ပုဂ္ဂိုလ်မျိုး ရှိလာနိုင်တာပဲလေ”
စန်းချင်း (၃)ပါးနှင့်ပတ်သက်သည့် သမိုင်းကြောင်းက အလွန်ဝေးကွာခဲ့ပြီဖြစ်ရာ ဒဏ္ဍာရီပုံပြင်များပမာ ဖြစ်နေပေပြီ။
အကြောင်းအရာများအားလုံးက တစ်ဆင့်စကားတစ်ဆင့်ဖြင့် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းခြင်းဖြင့် သိရှိလာကြရသည်ကများ၏။
ယနေ့ခေတ်တွင် လူအများပြောဆိုနေကြသည့်အကြောင်းအရာများမှာလည်း မှားသည် မှန်သည် ပြောရန်ခက်ခဲသည်။
အစပိုင်းတွင် ရန်ကျောက်ကဲက ထိုကိစ္စများကို သိပ်ပြီး အရေးမစိုက်သော်လည်း တာအိုကျောင်းတော်အတွင်းမှ မှတ်တမ်းအချို့ကို ရှာဖွေဖတ်ရှုမိသည့်အခါ သူ့မျက်နှာ အမူအရာက ထူးဆန်းလာသည်။
မှတ်တမ်းများအရဆိုလျှင် ကျုန်းယွမ် တာအိုကျောင်းတော်ကို တည်ထောင်သူ တာအိုဆရာသခင်’ယွမ်ခန်း’ မှာ ‘သောပေါင်ထျန်းကျွင်း’ ၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်နေလေသည်။
သောပေါင်ထျန်းကျွင်းကို တာအိုဆရာ ‘သောပေါင်’ ဟုလည်း လူသိများသည်။
သူက စန့်ချင်အဆက်အနွယ်များ၏ဘိုးဘေး လင်ပေါင်ထျန်းကျွင်း၏ အကြီးဆုံးတပည့်ဖြစ်သလို နတ်ဘုရားများအုပ်စိုးသောခေတ်အခါက တည်ရှိခဲ့သော ဒဏ္ဍာရီလာကျယ်ကျောက်အမိန့်တော်ဂိုဏ်း၏ ပထမဆုံးတပည့်လည်း ဖြစ်သည်။
တာအိုသမိုင်းတစ်လျှောက်တွင် လင်ပေါင်ထျန်းကျွင်းပြီးလျှင် “နတ်ဘုရားသုတ်သင်အစီအရင်” ကို ပြီးပြည့်စုံစွာ ထုတ်ဖော်အသုံးပြုနိုင်သည့် တစ်ဦးတည်းသော စန့်ချင်အဆက်အနွယ်လည်း ဖြစ်သည်။
တစ်ချိန်က ဆရာဖြစ်သူကိုယ်စား ထိုအစီအရင်ကိုတည်ဆောက်ပြီး ယွိချင်အဆက်အနွယ် များစွာ၏တိုက်ခိုက်ခြင်းကို ပိတ်ဆို့တားဆီးနိုင်ခဲ့၏။
ယနေ့ခေတ်အခါတွင် တာအိုဝါဒ သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးဓားသိုင်းကျင့်ကြံသူများထဲတွင် တာအိုဆရာ’သောပေါင်’ က ပထမအဆင့်ဖြစ်သည်။ သူ၏အဆင့်က ယွိချင်အဆက်အနွယ် တာအိုဆရာယွိတင်နှင့် ထိုက်ချင်ဆက်အနွယ် ကျီဝေးဧကရာဇ်တို့ထက်သာလွန်၏။
သို့သော် ရှည်လျားသောသမိုင်းကြောင်းထဲတွင် တာအိုဝါဒ၏ ထိပ်တန်းသတင်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည့်တိုင် သောပေါင်ထျန်းကျွင်းနှင့်ပတ်သက်သည့် ဒဏ္ဍာရီကတော့ များစွာကျန်ရှိခဲ့သည်ပင်။
သောပေါင်ထျန်းကျွင်းက ယွိချင်အဆက်အနွယ်မှ ဝါဒအရှင် ‘ကွမ်းချန်ထျန်းကျွင်း’ နှင့် တိုက်ခိုက်ခဲ့ဖူးသည့်အကြောင်းကို ရန်ကျောက်ကဲဖတ်ရှုဖူးသည့် စာအုပ်တစ်အုပ်ထဲတွင် ဤသို့ရေးသားထားသည်။
“တစ်ယောက်က ကွမ်းချန်အမတခန္ဓာကိုပိုင်ဆိုင်ပြီး နောက်တစ်ယောက်တော့ အနောက်အရပ်မှ စကြာမုနိကို ကိုးကွယ်သူ သောပေါင်ဖြစ်သည်” ဟူ၍ ဖြစ်၏။
နောက်ပိုင်းအကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားသော်လည်း ဤစာကြောင်း၏အဓိပ္ပာယ်မှာ သောပေါင်ထျန်းကျွင်းသည် တထာဂတဿ စကြာမုနိဗုဒ္ဓကို ကိုးကွယ်စည်းကပ်သော လင်စန်းတောင်မှ ဘုရားလောင်းတစ်ယောက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ဟန်တူသည်။
နောက်ထပ်ဒဏ္ဍာရီတစ်ပုဒ်မှာ သောပေါင်ထျန်းကျွင်းသည် ဟန်ကူဖြတ်လမ်းမှ အနောက်ဘက်သို့ ထွက်ခွာပြီး ဦးခေါင်းရိတ်ကာ အနောက်ဘက်သာသနာသို့ ဝင်ရောက်ကာ ဗောဓိသတ္တတစ်ပါးဖြစ်လာသည်ဟု ဆိုသည်။ ထို့နောက် မဟာယာနဗုဒ္ဓဘာသာပြန့်ပွားရန် အလယ်ပိုင်းဒေသသို့ ဆင်းသက်လာသည်ဟုလည်း ဆိုပြန်သည်။
ဤကမ္ဘာပေါ်တွင် အလားတူ ဒဏ္ဍာရီများစွာရှိသည်။
သို့သော် မှန်ကန်သည်လား မမှန်ကန်ဘူလား အတည်ပြုရန် ခက်ခဲသည်။ ယခင်ကတော့ ဤအကြောင်းကို ဗုဒ္ဓဘာသာဘက်မှ အသိအမှတ်ပြုခဲ့ခြင်း မရှိပေ။
ရန်ကျောက်ကဲသည် ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်တွင် စာအုပ်များစွာကိုဖတ်ရှုပြီး လျှို့ဝှက်ချက်များစွာကို သိရှိခဲ့သော်လည်း နတ်ဘုရားများခေတ်ကာလအလွန်တွင် သောပေါင်ထျန်းကျွင်း မည်သည့်နေရာသို့ရောက်ရှိသွားကြောင်း မသိရှိရပေ။
ယခု ကျုန်းယွမ်တာအိုကျောင်းတော်မှ မှတ်တမ်းမှတ်ရာများကို ဖတ်ရှုကြည့်သည့်အခါ ၊ အထူးသဖြင့် တာအိုဆရာသခင်’ယွမ်ခန်း’ ရေးသားထားသည့်စာများမှ အသေးစိတ်အချက်အလက်များကို သိရှိခဲ့ရသည်။
တာအိုဆရာသခင်’ယွမ်ခန်း’ ၏အဆိုအရ နတ်ဘုရားများ အုပ်စိုးသည့်ခေတ်ကာလ ပြီးဆုံးသည့်နောက် သူက သောပေါင်ထျန်းကျွင်း၏တပည့်ဖြစ်လာသည်ဟု ဆိုသည်။
တာအိုဆရာ’ယွမ်ခန်း’ ၏ကားက အမှန်ဖြစ်ပါက ဤအကြောင်းအရာကို နှစ်ပိုင်းခွဲခြားကြည့်နိုင်သည်။
နတ်ဘုရားများခေတ်ကာလ ၊ နတ်ဘုရားများတိုက်ပွဲအပြီးတွင် သောပေါင်ထျန်းကျွင်း ကျဆုံးသွားခြင်းမရှိခဲ့ပေ။ အနည်းဆုံးတော့ ထိုတိုက်ပွဲတွင် အသက်သေဆုံးခဲ့ခြင်းမရှိကြောင်း အတည်ပြုနိုင်သည်။
တာအိုဝါဒသမိုင်းတစ်လျှောက် ထင်ရှားကျော်ကြားသူအနည်းငယ်များထဲမှ တစ်ယောက်ဖြစ်သော ထိုတာအိုနတ်ဘုရား၏ သေခြင်းရှင်ခြင်းကို အမှန်တကယ်ပင် မည်သူမှ မသိရှိရပေ။
မဟာကပ်ဘေးကြီးဖြစ်ပွားသည့်ကာလတွင်လည်း သောပေါင်ထျန်းကျွင်း၏သတင်း ထွက်ပေါ်လာခြင်း မရှိပေ။
နတ်ဘုရားများခေတ်ကာလ ၊ နတ်ဘုရားများတိုက်ပွဲအပြီးတွင် စန့်ချက်အဆက်အနွယ် အကြီးအကျယ် ဆိုးရွားစွာ ပျက်ဆီးသွားခဲ့သည်။
လင်ပေါင်ထျန်းကျွင်း၏တပည့်များစွာအနက်မှ ‘ဝူတန့်မယ်တော်’ တစ်ယောက်သာလျှင် ဘေးကင်းစွာ လွတ်မြောက်ခဲ့ကြောင်း ကောလဟလများ ထွက်ပေါ်ခဲ့သည်။
နောက်ပိုင်းကာလများဖြစ်သော မဟာကပ်ဘေးကြီးမတိုင်ခင်နှင့် မဟာကပ်ဘေးကြီး ပြီးဆုံးသည့်ကာလများတွင် ဆင်းသက်လာသော စန့်ချင်အဆက်အနွယ်များမှာ ဝူတန့်မယ်တော်၏မျိုးရိုးမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။
ယခု အပြာရောင် ခရီးရှည်ကောင်းကင်ဘုံ၏မူလအစမှာလည်း ဝူတန့်မယ်တော်၏ သိုင်းပညာအမွေအနှစ်များကို လက်ဆင့်ကမ်းရယူပြီး ဆင်းသက်လာသူများသာ ဖြစ်ကြသည်။
ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်တွင် မှတ်တမ်းတင်ထားရှိသော နတ်ဘုရားအဆုံးသတ်ဓားသိုင်းသည် နတ်ဘုရားများတိုက်ပွဲအပြီးတွင် ကောင်းကင်ဘုံနန်းတော်သို့ရောက်ရှိလာသည့် စန့်ချင်အဆက်အနွယ် ကျမ်းစာဖြစ်သည်။ ထိုဓားသိုင်းကို ရန်ကျောက်ကဲက ကျင့်ကြံနိုင်ခဲ့ခြင်းပင်။
“သောပေါင်ထျန်းကျွင်း...”
ရန်ကျောက်ကဲက စာအုပ်များကို ဆက်မဖတ်တော့ဘဲ သူ့အရှေ့မှ ကမ္ပည်းတိုင်များကို ကြည့်ရင်း စဉ်းစားနေသည်။
ထို့နောက်မှာတော့ ဘိုးဘေးခန်းမတွင် ဂါရဝပြုပြီး တာအိုကျောင်းတော် အခြားနေရာများသို့ လှည့်လည်ကြည့်ရှုလိုက်သည်။
ကျောင်းတော်ထဲတွင် သေဆုံးသွားသူများ၏ အရိုးများ ၊ တပည့်များ ကျင့်ကြံနေထိုင်ရာ အဆောင်များရှိနေပြီး ရန်ကျောက်ကဲက ထိုနေရာများကို သေသေချာချာ စစ်ဆေးရှာဖွေခဲ့သည်။
နောက်ဆုံး တံခါးပိတ်ကျင့်ကြံရာနေရာ အခန်းတစ်ခုထဲတွင် ပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှခဲ့သည်။
ထိုပစ္စည်းမှာ သိုင်းပညာရပ်များကူးယူသိမ်းဆည်းနိုင်သည့် ကျောက်စိမ်းအင်းချပ်တစ်ခု ဖြစ်သည်။ သိုင်းပညာရပ်များစွာ ထည့်သွင်းသိမ်းဆည်းနိုင်သည်ဆိုသောအချက်မှလွဲပြီး ရန်ကျောက်ကဲက ထိုပစ္စည်းနှင့် ရင်းနှီးခြင်းမရှိပေ။
အခန်းထဲတွင် ရက်စက်ကြမ်းတမ်းသည့်ဓားဝိညာဉ်ကိုခံစားမိသဖြင့် ကျုန်းယွမ်ကျောင်းတော်မှတပည့်များ ဤနေရာတွင် ကျင့်ကြံခဲ့ဖူးကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။
ဤ ကျောက်စိမ်းအင်းချပ်ထဲတွင် သူလိုချင်သည့်ပစ္စည်းတစ်ခုခု ရှိကောင်းရှိနိုင်ပေသည်။
“နတ်ဘုရားသုတ်သင်အစီအရင်အတွက်တော့ မျှော်လင့်ချက်မရှိပါဘူး ၊ ဒါပေမဲ့ ငါ့မှာရှိပြီးသား နတ်ဘုရား သုတ်သင်ဓားသိုင်းနဲ့ နတ်ဘုရားထောင်ချောက်ထားသိုင်းပဲ ရှိနေမလားလို့တွေးမိတယ်”
ရန်ကျောက်ကဲက သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ကျောက်စိမ်းအင်းချပ်အတွင်းထည့်သွင်းရင်း စိတ်ထဲမှ တွေးလိုက်သည်။
သူက အလျင်စလိုမလုပ်ဘဲ ကြမ်းပြင်ထက် တင်ပျဉ်ခွေထိုင်ရင်း ဖြည်းညင်းစွာ အဖြေရှာကြည့်လိုက်သည်။
ဤကျောက်စိမ်းအင်းချပ်က ကြာရှည်စွာတည်ရှိနေခဲ့ပြီး မဟာကပ်ဘေးကြီးဒဏ်ကိုလည်း ခံစားခဲ့ရသည်။ ထို့ကြောင့် သတိမထားဘဲ ပြုမူမိပါက ပျက်ဆီးသွားနိုင်ပေသည်။
မပျက်ဆီးဘူးဆိုဦးတော့ အထဲတွင်ရှိနေသည့် အကြောင်းအရာများကို ပြန်လည်ရယူရန် ခက်ခဲသွားပေလိမ့်မည်။
မဟာကပ်ဘေးကြီးအပြီးတွင် လူသားတို့သည့် ရှေးဟောင်း အပျက်အစီးများကို တူးဖော်ခဲ့ကြပြီးနောက် ပြီးပြည့်စုံခြင်းမရှိသော သိုင်းကျင့်စဉ်များကိုသာ ရရှိခဲ့ကြသည်။
အဓိကအကြောင်းရင်းမှာ နှစ်ပေါင်းများစွာကြာမြင့်သည်နှင့်အမျှ မှတ်တမ်းတင်ထားသည့်အကြောင်းအရာအတော်များများ ပျက်ဆီးပျောက်ဆုံးကုန်သောကြောင့်ပင်။
ဤသည်က သိုင်းကျမ်းများ တူးဖော်ရှာဖွေသူများဘက်မှ သတိထားရုံဖြင့် ရှောင်ရှားနိုင်သော ပြဿနာမဟုတ်ပေ။
ရန်ကျောက်ကဲက ပြီးပြည့်စုံခြင်းမရှိသော သိုင်းပညာများကို မလိုချင်ပေ။ ထို့ကြောင့် သူက ကျောက်စိမ်းအင်းချပ်ကို ဖြည်းညင်းစွာခွဲခြမ်းစိတ်ဖြာပြီး အထဲတွင်မှတ်တမ်းတင်ထားသော အကြောင်းအရာများကို ရယူခဲ့သည်။
သိုင်းပညာသဘောတရားများပါရှိသော အကြွင်းအကျန်တစ်ခုအတွင်းသို့ စွမ်းအားရောင်ဝါကိုပေါင်းထည့်ပါက အောင်မြင်ရန် မျှော်လင့်ချက်ရှိနိုင်မည် ဖြစ်သည်။
ရှေးကျလွန်းနေပြီဖြစ်သဖြင့် ဤနေရာမှ ကျောက်စိမ်းအင်းချပ်ကို တိုက်ရိုက်ယူဆောင်သွား၍မရနိုင်ပေ။
ဤအချက်များကို ကြိုမြင်သည့်အတွက် အချိန်မရွေးဝင်ရောက်လာသော ရန်သူများကိုတားဆီးရန် အားဟူကို အရှေ့ခန်းဆောင်တွင် စောင့်ခိုင်းခဲ့ရခြင်း ဖြစ်သည်။
***
အချိန်ကြာလာသည်နှင့်အမျှ ဘာမှလုပ်စရာမရှိဘဲ ခန်းမထဲတွင်ထိုင်နေသော အားဟူ ပျင်းရိလာသည်။
သို့သော သူ့အရှေ့ စားပွဲထက်မှ အဝါရောင်အဝတ်စကိုစိုက်ကြည့်နေစဉ် ရုတ်တရက် သူ့စိတ်ထဲ လှုပ်ရှားသွားသည်။
“တစ်ယောက်ယောက် ဝင်လာတာလား...”