အပိုင်း ၂၇၈
Vol. 21 Ch. 278
ဒဿမမြောက် အဆင့်ရဲ့ ပွဲစဉ် နံပါတ် ၁၀မှာ ထိပ်တိုက် တွေ့သူတွေ ကတော့ လီရှင်းယုနဲ့ ရှုဖန်းတို့ ဖြစ်ပါတယ်။
စိတ်မကောင်း စရာပါပဲ။
ရှုဖန်းက လီရှင်းယုရဲ့ ဓားချက် တစ်ချက် ကိုတောင် ခံနိုင်စွမ်း မရှိခဲ့ပါဘူး။
အခုချိန် အထိ ပြိုင်လာသမျှ ထဲမှာတော့ လီရှင်းယုက ဘယ်ပြိုင်ဘက်ကိုမှ ဓားသုံး ၄ချက် အထိ ထုတ်မသုံး ခဲ့ပါဘူး။ ကျားဓားရှင် ချန်ယွန်ဟူ ကိုယ်တိုင်တောင်မှ ဓားချက် ၃ချက်ပဲ ခုခံနိုင်ခဲ့ပါတယ်။
ဧကဒသမမြောက် အဆင့်ရဲ့ ပွဲစဉ် စတာနဲ့ ထိပ်တိုက် တွေ့ကြတာကတော့ ရှုဖန်းနဲ့ ပုကျင်းဆောင် တို့ပါပဲ။
ပုကျင်းဆောင် အတွက်ကတော့ သည်ပွဲဟာ သေရေး ရှင်ရေးသမျှ အရေးကြီး နေပါပြီ။ သူက ရှုဖန်းကို ရှုံးလိုက်တာနဲ့ ထိပ်ဆုံး လေးနေရာကို ဝင်ဖို့အတွက် မဖြစ်နိုင်တော့ပါဘူး။ လီရှင်းယုနဲ့ ချန်ယွန်ဟူကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိဘူး ဆိုတာကိုတော့ ပုကျင်းဆောင်က ရိပ်မိပြီးသားပါပဲ။ ပြီးတော့ လီဖူချန်းကလည်း ရှိနေပါသေးတယ်။ သူက ရှုဖန်းကို ရှုံးလိုက်ပြီ ဆိုတာနဲ့ အမြင့်ဆုံး မျှော်လင့်နိုင်တာ ကတော့ နံပါတ် ၅ နေရာပဲ ဖြစ်သွားတော့မှာပါ။
သည်တိုက်ပွဲ ကတော့ လုံးဝကို ရေကုန်ရေခန်း တိုက်ကြမယ့် ပွဲပါ။
ထင်ထားတဲ့ အတိုင်းပါပဲ။ ပုကျင်းဆောင်နဲ့ ရှုဖန်းက အတော်လေးကို လက်ညီနေ ကြပါတယ်။
သိုင်းကွက် တစ်ရာကျော် တိုက်ခိုက်ပြီးတဲ့ အထိ ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက် နေဆဲပါပဲ။
သူတို့ရဲ့ ဓားသိုင်းအဆင့်၊ ပေါင်းချုပ်ဓားကွက် အဆင့် တွေကလည်း ညီမျှနေပါတယ်။
နောက်ဆုံးတော့ ကိုယ်ဖော့ပညာနဲ့ လက်နက်မဲ့ သိုင်းတွေကိုပါ ထုတ်သုံး လာကြပါပြီ။
ပွဲကြည့် ပရိသတ်တွေ အတွက်ကတော့ သည်တိုက်ပွဲက လုံးဝကို စိတ်ကျေနပ်ဖို့ ကောင်းတဲ့ တိုက်ပွဲ တစ်ခုပါပဲ။
သိုင်းကွက် ၅၀၀ ကျော်ကို ရောက်တဲ့ အခါမှာတော့ ပုကျင်းဆောင်က ရှုဖန်းကို သိုင်းကွက် တစ်ကွက်တည်းနဲ့ ကပ်ပြီး ရှုံးနိမ့်သွား ခဲ့ပါတယ်။
ပုကျင်းဆောင်ရဲ့ ချီအတွင်းအားက ရှုဖန်းထက် အနည်းငယ် သာလွန်ကောင်းမွန် ပေမဲ့လည်း သူ့ရဲ့ တိုက်ပွဲအပေါ် သုံးသပ်နိုင်စွမ်းက ရှုဖန်းထက် မဆိုစလောက် ကလေး နိမ့်ကျ နေခဲ့တယ်လေ။
နောက်ထပ် တစ်ပွဲကလည်း ပွဲကြီးပွဲကောင်းပါပဲ။
သည်တစ်ပွဲကို ယှဉ်ပြိုင်ဖို့ အလှည့်ကျသူ တွေကတော့ လီဖူချန်းနဲ့ ချန်ယွန်ဟူပဲ ဖြစ်ပါတယ်။
သူတို့ထဲက တစ်ယောက် ကတော့ ဓားနတ်ဆိုး ဘွဲ့ရထားပြီး နောက်တစ်ယောက် ကတော့ ကျားဓားရှင်ပါ။
သည်တိုက်ပွဲကိုတော့ အခြားသော တိုက်ပွဲတွေထက် ပိုပြင်းထန် လိမ့်မယ်လို့ လူတွေအားလုံးက ခန့်မှန်းထား ကြပါတယ်။
“ညီလေးလီ ... စလိုက်ကြစို့”
ချန်ယွန်ဟူက လီဖူချန်းကို အထင်မသေး ရဲပါဘူး။ သူ့ရဲ့ စိတ်ထဲမှာတော့ လီဖူချန်းက ဓားအရူး သူတော်ထက်ကို ပိုကြောက်စရာ ကောင်းတယ်လို့ ခံစားနေရပါတယ်။
“အစ်ကို ချန် ... ကျေးဇူးပြုပြီး အရင် စလိုက်ပါလား ...”
လီဖူခန်းက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေဆဲပါပဲ။ သူ့ရဲ့ မျက်နှာရိပ် မျက်နှာကဲကိုတော့ ဘယ်သူမှ မခန့်မှန်း နိုင်ပါဘူး။
“အစ်ကိုတော်ချန် ... ကြိုးစားဗျို့။ သည်နောက်ပေါက် လေးကို ပညာပေး လိုက်စမ်းပါ”
“အစ်ကိုတော်ချန် ... အနိုင်ယူပြပါ”
ရုတ်တရက် ဆိုသလို အတွင်းစည်း ဂိုဏ်းသားတွေ ရှိနေတဲ့ဘက်က ချန်ယွန်ဟူကို အော်ဟစ် အားပေးသံတွေ ထွက်ပေါ် လာခဲ့ပါတယ်။
အဲသည် သူတွေကတော့ ချန်ယွန်ဟူရဲ့ အမာခံ အားပေးသူ ပရိသတ်တွပါပဲ။
ကျားဓားရှင်ဆိုတဲ့ နာမည်ဟာ မိုးပြာရောင် ဂိုဏ်းမှာ ကျော်ကြားနေခဲ့တာ အတော်ကြာပါပြီ။
အဲသည်အတွက် သူ့ကို လေးစား အားကျသူတွေ ရှိနေတာက မထူးဆန်း လှပါဘူး။
“အရှုံးမရှိတဲ့ ဓားနတ်ဆိုးကွ”
“ အတုမရှိတဲ့ အစ်ကိုလီ”
“ဓားနတ်ဆိုးတဲ့ဟေ့ ... မတူရင် မတူနဲ့ကွ”
ချန်ယွန်ဟူကို လေးစားအားကျတဲ့ ပရိသတ်တွေ ရှိနေသလို လီဖူချန်းမှာလည်း အားပေးသူ ပရိသတ်တွေ ရှိတာပါပဲ။ လီဖူချန်းရဲ့ ပရိသတ်တွေက ချန်ယွန်ဟူရဲ့ ပရိသတ်တွေ ထက်တောင် များပါသေးတယ်။
လီဖူချန်း ဆိုတာက လောလောလတ်လတ် နာမည် ကြီးနေသည့် ပါရမီရှင် တစ်ယောက်ပင် မဟုတ်ပါလား။ အသက်၂၀ အရွယ်နဲ့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ ပါရမီရှင်တွေကို ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေမှာ နောက်ကောက် ချနိုင်ခဲ့တဲ့ သူပါ။
***
“ဒြပ်စင်ကျား ... တိုက်စမ်း”
ကျားကြီး တစ်ကောင်က ချန်ယွန်ဟူရဲ့ နောက်ကျောကနေ ထွက်ပေါ် လာခဲ့ပါပြီ။
‘ဒြပ်စင်ကျား’ဆိုတာကတော့ ချန်ယွန်ဟူရဲ့ ပေါင်းချုပ် ဓားကွက်ပါပဲ။
ချန်ယွန်ဟူက စိတ်မြန်လက်မြန် ရှိတဲ့သာ ဖြစ်တဲ့အလျောက် တိုက်ပွဲကို အချိန်မဆွဲဘဲ အမြန်ဆုံး အဆုံးသတ်ဖို့ ဆုံးဖြတ်ထားပုံ ရပါတယ်။
“လပြည့်ည”
လီဖူချန်းကလည်း သူ့ရဲ တတိယမြောက် ပေါင်းချုပ် ဓားကွက်ကို ထုတ်ဖော် လိုက်ပါပြီ။
ချန်ယူဟွန်ရဲ့ ဒြပ်စင်ကျားနဲ့ လီဖူချန်းရဲ့ လပြည့်ညတို့ ထိပ်တိုက် အတွေ့မှာတော့ သိုင်းစင်မြင့်ကြီးရဲ့ အောက်ခံ ကျောက်သား မျက်နှာပြင်တွေက အချပ်လိုက် ကွာထွက်ကုန် ပါတယ်။
မရေမတွက်နိုင်တဲ့ အက်ကွဲကြောင်း တွေဟာလည်း နှေရာအနှံ့ပါပဲ။
“ကျား အသွင်ပြောင်း တိုက်ခိုက်စမ်း”
ချန်ယွန်ဟူကတော့ တုံ့ဆိုင်းမနေဘဲ သူ့ရဲ့ ဒုတိယမြောက် ဆန်းကြယ် ဓားကွက်ကို ထုတ်ဖော် လိုက်ပါတယ်။
သူက သည်ပေါင်းချုပ် ဓားကွက်ကို ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ တီထွင်ဖန်တီး ခဲ့တာပါ။ သည်ဓားကွက်ရဲ့ ပြင်းထန်အားနဲ့ ဖျက်ဆီးနိုင်နှုန်းက ဒြပ်စင်ကျား ထက်ကို အများကြီး ပိုအားကောင်း ပါတယ်။
လေထုထဲမှာတော့ နောက်ထပ် ကျားကြီး တစ်ကောင် ပေါ်ပေါက်လာပါပြီ။ သည်ကျားကြီး ကတော့ မာန်ဟန် အပြည့်ဖြင့် လီဖူချန်းဆီကို ခုန်ဝင်သွား ခဲ့ပါတယ်။
သည်ကျားကြီးရဲ့ လက်သည်း ကုတ်ချက်ကိုသာ မိသွားလို့ကတော့ လီဖူချန်း တစ်ယောက် တစ်စစီကို စုတ်ပြတ်သတ် သွားမှာပါ။
“အဟက်”
လီဖူချန်း မခိုးမခန့် ပြုံးလိုက်ပါတယ်။
ကြည့်ရတာတော့ သူ့ရဲ့ အစွမ်းကို ထုတ်ပြမှ ဖြစ်တော့မယ့် အခြေအနေပါပဲ။
လီဖူချန်းက သံနက် ဓားအဆီအနှစ်ကို ထုတ်မပြချင် သေးတဲ့အတွက် မိစ္ဆာနှင် ဓားသိုင်းကိုသာ ထုတ်ပြဖို့ ဆုံးဖြတ် လိုက်ပါတယ်။
လီဖူချန်းရဲ့ လက်ထဲက သံနက်ဓားက အဆက်မပြတ် တုန်ခါလာပြီး အနီရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွား ခဲ့ပါပြီ။
ထို့နောက်မှာတော့ ထိုအလင်းတန်းကြီးက မီးတောင်ထဲက ပေါက်ထွက် လာသည့် ချော်ရည်ပူတွေပမာ အရှိန်အဟုန် ပြင်းစွာဖြင့် ချန်းဟွန်ဟူရဲ့ ကျားကြီးကို တစ်စစီ ဖျက်ဆီးပစ် လိုက်ပါတယ်။
ဘန်း ...
လီဖူချန်းရဲ့ ဓားအလင်းတန်း အရှိန်က ချန်ယွန်ဟူကိုပါ သိုင်းစင်မြင့် ပေါ်ကနေ လွှင့်ထွက်သွားစေ ခဲ့ပါတယ်။
“ဘာ…ဘာ ... ဘာကြီးလဲဟ”
“ဒါက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒ မဟုတ်ဘူးလား”
မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်တန်း အကြီးအကဲ တွေကတော့ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့တဲ့ အခြေအနေနဲ့ ကြုံနေရပါပြီ။
ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒဆိုတာက သာမန် ကောင်းကင်နယ်ပယ် ပညာရှင် တွေတောင်မှ နားလည် သဘောပေါက် အသုံးပြုနိုင်တာ မဟုတ်ပါဘူး။ လီဖူချန်းက ဘယ်လောက်ပင် ပါရမီ ကောင်းပါစေလေ။ ဒါကြီးကတော့ တကယ့်ကို အလွန်အကျွံ ကြီးပါပဲ။ အသက်၂၀ အရွယ် မြေကမ္ဘာအဆင့် ၆ ပညာရှင်က ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို သုံးနိုင်တယ် ဆိုတာဟာ မိုးပြာရောင် ဂိုဏ်းရဲ့ သမိုင်း တစ်လျှောက် မှာတောင် မပေါ်ပေါက်ခဲ့ ဖူးပါဘူး။
“ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒ”
ပုကျင်းဆောင်နဲ့ ရှုဖန်းတို့ရဲ့ ပါးစပ်ကနေလည်း အာမေဍိတ်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။
သူတို့က လီဖူချန်း တစ်ယောက် ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည်အသုံးပြု နိုင်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ပါဘူး။
သည်ဖြစ်ရပ်ဟာ လီဖူချန်းက သူတို့နဲ့ မတူညီတဲ့ အဆင့်တစ်ခုကို ရောက်နေပြီလို့ သက်သေပြ လိုက်တာနဲ့ အတူတူပါပဲ။
ပုကျင်းဆောင်က အချိန်အတော်ကြာ ငေးငိုင်နေပြီး နောက်မှာတော့ မချိပြုံး ပြုံးလိုက်မိပါတယ်။ ပြိုင်ပွဲမစခင် တုန်းကတော့ သူက လီဖူချန်းကို အသာလေး နိုင်လိမ့်မယ်လို့ ထင်ခဲ့သည် မဟုတ်ပါလား။
အော်ဟစ် အားပေးနေကြတဲ့ အတွင်းစည်း တပည့်တွေ ဟာလည်း မီးကို ရေဖြင့် ငြိမ်းလိုက်သလို ရုတ်ခြည်း ငြိမ်သက်သွား ခဲ့ပါပြီ။
အစွမ်းထက်လှ ပါတယ်ဆိုတဲ့ ချန်ယွန်ဟူ ကိုတောင်မှ လီဖူချန်းက အနိုင်ယူသွား ခဲ့ပြီလေ။
လီဖူချန်းက ဘယ်လိုဖြစ်ပြီး သည်လောက်အထိ အစွမ်းထက် နေရတာလဲ ...
“မိုးပြာရောင်ဂိုဏ်း စတင်တည်ထောင် ချိန်ကစပြီး အခုချိန်အထိ သည်ကလေးရဲ့ ထိုးထွင်း သိမြင်ပုံကို ဘယ်သူမှ လိုက်မီမှာ မဟုတ်ဘူး”
အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက် ကတော့ မှတ်ချက် ချလိုက်ပါတယ်။
“အကြီးအကဲ ပြောတာကို ကျွန်တော်လည်း လက်ခံတယ်”
အိုးရန်ဝမ်းထင် ကလည်း ခေါင်း တညိတ်ညိတ်ဖြင့် ထောက်ခံလိုက် ပါတယ်။
ဇောင်ဝူကျင်း ကတော့ နွားပြာကြီး အောက်သွား လွတ်သလို တဟဲဟဲ ဖြစ်နေပါပြီ။ သူ့ရဲ့ မျက်လုံး အစုံကတော့ ပြုံးရလွန်းသဖြင့် ဘူးသီး ဓားရှသည့် အရွယ်သာ ကျန်နေပါတော့တယ်။
“ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒတဲ့လား ...”
ဇောင်မင်းယွီ ကလည်း ရွှန်းလဲ့သည့် မျက်လုံး အစုံဖြင့် လီဖူချန်းကို စိုက်ကြည့် နေတယ်လေ။
သူမက လီဖူချန်း တစ်ယောက် ဘယ်လိုလုပ်ပြီး ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည်အသုံးပြု နေနိုင်တာလည်း ဆိုတာကို စဉ်းစားလို့ကို မရပါဘူး။
သူမ ကိုယ်တိုင်တောင်မှ ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒ တစ်ခုကိုတောင် နားလည် အသုံးပြုနိုင်ချင်း မရှိသေးဘူးလေ။
လီဖူချန်းနဲ့ ချန်ယွန်ဟူရဲ့ တိုက်ပွဲ အပြီးမှာတော့ ထိပ်ဆုံး လေးနေရာရဲ့ အဖြေက ထွက်သလောက် ရှိသွားခဲ့ပါပြီ။
ထိပ်ဆုံး လေးနေရာ ကိုတော့ လီရှင်းယု၊ လီဖူချန်း၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့သာ ရရှိသွားတော့မှာပါ။
ဒါပေမဲ့လည်း ပြိုင်ပွဲဆိုတာက ပြိုင်ပွဲသာ ဖြစ်တဲ့အတွက် ကျန်တဲ့ပွဲစဉ်တွေ ကိုလည်း ဆက်ကျင်းပ နေဦးမှာပါပဲ။
ယခုအချိန်မှာ လူတွေအားလုံး စောင့်မျှော်နေတဲ့ တိုက်ပွဲကတော့ ဓားနတ်ဆိုး လီဖူချန်းနဲ့ ဓားအရူးသူတော် လီရှင်းယုရဲ့ တိုက်ပွဲပဲ ဖြစ်ပါတယ်။
သည်လူငယ် နှစ်ယောက်က မိုးပြာရောင်ဂိုဏ်းရဲ့ လက်ရှိ အတော်ဆုံး ဓားသမား နှစ်ယောက်ပင် မဟုတ်ပါလား။
သည်နှစ်ယောက်ရဲ့ တိုက်ပွဲမှာ အနိုင်ရတဲ့သူက မိုးပြာရောင်ဂိုဏ်း လူငယ်မျိုးဆက်ရဲ့ ဘုရင် ဖြစ်မှာပါပဲ။
သိုင်းစင်မြင့် ပေါ်မှာတော့ လီရှင်းယုနဲ့ လီဖူချန်းတို့က မျက်နှာချင်းဆိုင် ရပ်နေကြပါပြီ။
သူတို့ နှစ်ယောက် ကြားမှာတော့ ၁၀ မီတာ နီးပါး ခြားနေပါ သေးတယ်။
လီရှင်းယုကတော့ လုံးဝကို တည်တည် ငြိမ်ငြိမ်ပါပဲ။ လီဖူချန်း တစ်ယောက် ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒ ထုတ်သုံးသွားတဲ့ ကိစ္စက သူ့ကို ဘာသက်ရောက်မှ ရှိဟန် မတူပါဘူး။
အခြားတစ်ဖက် မှာရှိတဲ့ လီဖူချန်းကို ကြည့်လိုက် တော့လည်း အေးအေး ဆေးဆေးပါပဲ။ သူကလည်း သည်တိုက်ပွဲ အတွက် စိုးရိမ်ကြောင့်ကြမှု ရှိဟန် မတူပါဘူး။
“ညီလေးလီ ...။ အစ်ကိုက အစတုန်းကတော့ သည်လူရွေးပွဲမှာ အစ်ကို့ရဲ့ တကယ့် အစွမ်းအစတွေကို ထုတ်သုံးဖို့ မလိုတော့ဘူးလို့ ထင်ထားခဲ့တာ။ အခုမှပဲ အစ်ကို ထင်တာ မှားပြီဆိုတာ သိလိုက်ရတယ်။ လာစမ်းပါ။ အကိုတို့ နှစ်ယောက်စလုံး ပညာ လျှိုမထားဘဲ အစွမ်းကုန် တိုက်လိုက်ရအောင်”
လီရှင်းယုက သာမန် လေသံ အတိုင်း ပြောလိုက်ပါတယ်။
လီဖူချန်းက လီရှင်းယုကို လက်နှစ်ဖက် ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး …
“အစ်ကိုတော် လီ ...။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပြပေးပါဦး” ဟု ပြန်တုံ့ပြန် လိုက်ပါတယ်။
“သည်ဓားကွက်ကို မြည်းကြည့်”
လီရှင်းယုက စတာနဲ့ တဟုန်ထိုး တိုက်ခိုက် ပါတော့တယ်။
သူ့ရဲ့ ဓားချီတွေက ရေတံခွန်ကနေ စီးကျနေတဲ့ ရေတွေလို အရှိန်အဟုန် ပြင်းစွာဖြင့် တိုးဝင်သွားခဲ့ပါပြီ။
ပွဲကြည့်စင် အောက်ကနေ အားပေးနေတဲ့ ပွဲကြည့် ပရိသတ်တွေ တောင်မှ လီရှင်းယုရဲ့ ဓားကွက်ကနေ ထွက်ပေါ်လာတဲ့ ဓားချီတွေရဲ့ ပြင်းထန်စွာ ဖိနှိပ်နေမှုကို ခံစားလိုက် ရပါတယ်။
ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒ ...
ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြုနိုင်တဲ့ နောက်ထပ် တိုက်ရိုက်တပည့် တစ်ယောက် ထွက်ပေါ်လာပြန်ပါပြီ။
လီရှင်းယု အသုံးပြုလိုက်တဲ့ ဓားသိုင်းက ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းဖြစ်တဲ့ ရေစီးအဟုန် ဓားသိုင်းပါပဲ။ အဲသည် ဓားသိုင်းထဲမှာ ပါဝင်ကိန်းအောင်း နေတာကတော့ ရေစီးအဟုန် ဓားဆန္ဒ ဖြစ်ပါတယ်။
လီရှင်းယုက လီဖူချန်းလိုပဲ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ ၆ လတိတိ ပညာသင်ကြား ခဲ့တဲ့သူပါ။
သူ့ရဲ့ ဆရာမ ဆိုတာကလည်း ပဟေဠိ သိုင်းသမား တွေထဲက တစ်ယောက်ပင် မဟုတ်ပါလား။
လီရှင်းယုလို ဓားတာအို လမ်းစဉ်ကို အရူးအမူး လိုက်စားသူ တစ်ယောက် အတွက်ကတော့ သည် ၆လ ဆိုတဲ့ အချိန်က ဆန်းကြယ်ဓား အဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြုနိုင်ဖို့ အတွက် လုံလောက်မက လုံလောက်နေပါပြီ။ ပြီးတော့ လီရှင်းယုက သူ့ရဲ့ တတိယမြောက် ပေါင်းချုပ် ဓားကွက်ကိုပါ တီထွင် နိုင်ခဲ့ပါသေးတယ်။
“ဓားတာအိုကိုပဲ သစ္စာရှိ၊ ဓားတာအိုကိုပဲ ကိုးကွယ်တဲ့သူ။ ဒါကြောင့်လည်း ဓားအရူး သူတော်လို့ နာမည် တွင်နေတာကိုး ...”
အဓိက ပွဲကြည့် စင်မြင့်ပေါ်မှာ ရှိနေတဲ့ အိုးရန်ဝမ်းထင်နဲ့ အကြီးအကဲ တစ်သိုက်ကတော့ မှိုရတဲ့ မျက်နှာတွေဖြင့် ပြုံးဖြီးနေတာပါပဲ။
ပထမဆုံး လီဖူချန်းက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို အသုံးပြု သွားတယ်။ ပြီးတော့ သိပ်မကြာခင်မှာပဲ လီရှင်းယုကလည်း ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို ထပ်ပြီး သုံးပြသွားတယ်လေ။
မိုးပြာရောင်ဂိုဏ်း အတွက်တော့ သည်ဖြစ်ရပ်ကြီးက စုတ်ရော၊ လာဘ်ပါ ဝင်တာနဲ့ အတူတူပါပဲ။
“သွားပြီ ... လီဖူချန်းက သူ့ရဲ့ ကန့်သတ်ချက်ကို ရောက်သွားပြီ”
ဇောင်ဝူကျင်း ကတော့ စိတ်ထဲကနေ ဘုရား တနေမိပါပြီ။
နှစ်ယောက်စလုံးက ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည်အသုံးပြု နိုင်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ လီရှင်းယုက မြေကမ္ဘာ အဆင့် ၉ ကို ရောက်နေပြီလေ။ လီဖူချန်းကတော့ မြေကမ္ဘာနယ်ပယ် အဆင့် ၆မှာသာ ရှိနေပါသေးတယ်။
ကျင့်ကြံမှု အဆင့် ကွာဟချက်က ၃ဆင့်တောင် ကွာဟနေသည် မဟုတ်ပါလား။
***
လီဖူချန်းကလည်း အားကျမခံ သူ့ရဲ့ မိစ္ဆာနှင် ဓားဆန္ဒကို ထုတ်သုံးကာ လီရှင်းယုရဲ့ ရေစီးအဟုန် ဓားဆန္ဒကို ထိပ်တိုက် ရင်ဆိုင် လိုက်ပါတယ်။
ဝုန်း
ကရက် ... ကရက် ...
သူတို့ နှစ်ယောက်ရဲ့ ဓားဆန္ဒနှစ်ခု ထိပ်တိုက် ရင်ဆိုင်မှုကနေ ထွက်လာတဲ့ ဓားချီတွေက သိုင်းစင်မြင့်ကြီးကို နှစ်ပိုင်း ပြတ်ထွက် သွားစေခဲ့ပါပြီ။
“ဝိုး”
“ဝေါင်း”
“အားလားလား”
ပွဲကြည့် ပရိသတ်တွေ ထံကနေတော့ အာမေဍိတ်သံ ပေါင်းစုံ ထွက်လာခဲ့ပါပြီ။
လီဖူချန်းက လီရှင်းယု ကိုတောင်မှ လက်ရည်တူ တိုက်နိုင်ခဲ့သည် မဟုတ်ပါလား။
***