← Chapters

တစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သည့်တိုက်ပွဲ

Vol. 68 Ch. 953

တစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သည့်တိုက်ပွဲ

Vol. 68 Ch. 953

အခန်း (၉၅၃) တစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သည့်တိုက်ပွဲ

ဤတာအိုကျောင်းတော်သို့ ရောက်ရှိလာခြင်းက ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းအတွက် အလွန်နက်နဲသည့်တွင်းနက်ကြီးတစ်ခုအတွင်း ကျရောက်သွားသည့် အလားပင် ဖြစ်သည်။

သုံးပေတောင်သည်လည်း အထက်ဘုံကမ္ဘာမှဖြစ်လေရာ စန့်ချင်အဆက်အနွယ် အမွေအနှစ်ကိုရယူရန် အပြင်းအထန် ကြိုးစားမည်မဟုတ်ပေ။

သုံးပေတောင်မှလူများ ဤအကြောင်းကို ကြိုတင်သိရှိထားသည်ဟု ကျွမ်းကျောင်းဟွေ အနေဖြင့် သံသယဝင်နိုင်သည်။ ဝူထုန်တောင်စောင်းမှလူများကို တမင်သက်သက် ထိခိုက်နစ်နာစေရန် ဖူချန်နှင်တံ အကျိုးကိုပေးခဲ့သည်ဟု ယူဆနိုင်သည်။

သို့သော် ယခုတော့ ကြည့်ရသည်မှာ သုံးပေတောင်မှ လူများသည်လည်း ဤတာအိုကျောင်းတော်၏ နောက်ခံဇာစ်မြစ်ကို သိရှိဟန်မတူပေ။

သူတို့ရှေ့မှ လင်ပေါင်ထျန်းကျွင်း ရုပ်တုကိုတွေ့မြင်လိုက်သည့်အခါ သူတို့ အင်အားစုနှစ်ခုလုံး မည်သို့ဝင်ရောက်ရန်ကြိုးစားခဲ့သည်ကိုစဉ်းစားရင်း ကျန်းကျောင်းဟွေနှင့် သူ၏ ဆရာဦးလေးတို့ (၂)ယောက်လုံး မည်သို့မှမတတ်နိုင်စွာ မချိပြုံးပြုံးလိုက်မိသည်။

လူပေါင်းများစွာ သေကြေပျက်ဆီးပြီး များစွာ အားထုတ်ခဲ့ကြသည့်တိုင် ရလဒ်က ဤသို့ဖြစ်ခဲ့သည်။

ကျွမ်းကျောင်းဟွေမှာ ဆက်ပင်မတွေးချင်တော့ဘဲ စိတ်ဓာတ်ကျပြီး သွေးအန်လုနီးပါး ဖြစ်နေသည်။

သူက ဆရာဦးလေးကို လှမ်းကြည့်လိုက်တော့ လူရွယ်သည်လည်း မျက်နှာတစ်ခုလုံး မှောင်မည်းလျက် ရှိသည်။

ကျန်းကျောင်းဟွေက ပင့်သက်တစ်ချက် ရှိုက်ရင်း...

“ရှေ့ဆက်သွားကြတာပေါ့ ၊ ဒီလောက်အထိဖြစ်လာပြီးမှ လက်ဗလာနဲ့တော့ မပြန်နိုင်ဘူး”

“စန့်ချင်အဆက်အနွယ် သိုင်းပညာအပြင် တခြားရတနာပစ္စည်းတွေရှိနေဦးမယ်ဆိုရင် ဒီကိုလာဖို့ အသက်ပေးသွားရတဲ့သူတွေရဲ့ဝိညာဉ်တွေကို နှစ်သိမ့်နိုင်မှာပါ”

သုံးပေတောင်က ဤနေရာမှ အရံအတားကိုဖယ်ရှားရန် သူတို့ ဝူထုန်တောင်စောင်းမှ လူများကို အသုံးချခဲ့သည်ဆိုပါက မည်သည့်နည်းနှင့်မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

“ဒီအတိုင်းသာဆိုရင်တော့... ငါတို့တွေ ပြန်ရောက်ရင် သုံးပေတောင်ကို ရှင်းပစ်ကြတာပေါ့”

ကျွမ်းကျောင်းဟွေ၏မျက်နှာက ရေခဲတမျှ အေးစက်နေသည်။

“အခုလောလောဆယ်တော့ ဘာမှမလုပ်ဘဲ ဒီအတိုင်းလက်ဗလာနဲ့ပြန်ဖို့ကို ကျွန်တော် လက်မခံနိုင်ဘူး”

လူရွယ်က လင်ပေါင်ထျန်းကျွင်းရုပ်တုကိုတစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“သုံးပေတောင်ရဲ့လုပ်ရပ်က တကယ့်ကို မကျေနပ်နိုင်စရာဆိုပေမယ့် အရံအတားကို ပြန်အသက်သွင်းခဲ့တဲ့သူက ဘယ်သူလဲဆိုတာ မသိရသေးဘူး ၊ အဲဒီလူကိုအရှင် လက်စားချေကြတာပေါ့ ၊ သုံးပေတောင်နဲ့ ပတ်သက်လို့ကတော့ စိတ်ပူစရာမရှိပါဘူး”

“ငါတို့ရှေ့ဆက်သွားလို့ ရန်သူကိုမတွေ့ဘူးဆိုရင်တောင်... ငါတို့ကိုလုပ်ကြံတဲ့သူက ဘယ်သူလဲဆိုတာ သိရအောင် စုံစမ်းဖော်ထုတ်ရမှာပဲ မဟုတ်လား ၊ ဒါမှ စာရင်းရှင်းနိုင်မှာလေ”

သူတို့၏ ဇာမဏီငှက်ပြန်လည်မွေးဖွားရာ နိဗ္ဗာနမီးတောက်က တစ်ကြိမ်သာ အသုံးပြုနိုင်သည်ဖြစ်ရာ ထပ်မံအသုံးပြုရန် အခွင့်အရေး ကုန်ဆုံးသွားပေပြီ။

အထွတ်ထိပ် မှော်ဝင်ပစ္စည်းများလည်း ဆုံးရှုံးလိုက်ရပြီဖြစ်ရာ နောက်ပိုင်းတွင် ပိုပြီးသတိထားပြီး လှုပ်ရှားရန် လိုအပ်သည်။ လုပ်ကြံခဲ့သည့် ရန်သူကလည်း ရှိနေသဖြင့် သူတို့အနေဖြင့် စိတ်သက်သာရာ မရနိုင်ပေ။

သို့သော် ဤအတိုင်း လက်လျှော့ပြီးပြန်သွားလျှင် ကျွမ်းကျောင်းဟွေမပြောနှင့် သက်လတ်ပိုင်းလူရွယ်သည်ပင် သိက္ခာကျသည်ဟု ခံစားနေရသည်။

သူတို့နှစ်ယောက်လုံး စိတ်ပျက်လက်ပျက် အမူအရာများဖြင့် ခန်းမကြီးအတွင်းမှ ထွက်ခွာသွားကြပြီး တာအိုကျောင်းတော် ပိုမိုနက်ရှိုင်းရာသို့ ဦးတည်သွားကြသည်။

***

အခြားဘက်မှာတော့...

အရှေ့ခန်းမတွင်ရှိနေသော အားဟူမှာ တစ်စုံတစ်ယောက်က အစီအရင်အရံအတားကို ဖြတ်ကျော်ပြီး ခန်းမအတွင်းဝင်လာတော့မည်ကို သိရှိလိုက်သည်နှင့် မည်သို့မှ မတတ်နိုင်စွာ ခေါင်းတစ်ချက် ကုတ်လိုက်သည်။

“ဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးမားတာလဲ ၊ ကပ်ဘေး (၃)ခုကတောင် သူ့ကိုမသတ်ဖြတ်နိုင်ဘူး”

ထို့နောက် အားဟူ ဇက်ကို အသာပုကာ ပန်ပန်၏ကျောထက်သို့ခုန်တက်လိုက်ပြီး ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။ ရန်ကျောက်ကဲ၏ ညွှန်ကြားချက်အတိုင်းပင် သူတို့ရင်မဆိုင်နိုင်သူနှင့် ကြုံတွေ့ရပါက ချက်ချင်းပင် ထွက်ပြေးခဲ့ရသည်။

ထို အရံအတား (၃)ခုအား အသက်သေဆုံးခြင်းမရှိဘဲ ဖြတ်သန်းလာနိုင်သူများမှာ သူနှင့်ပန်ပန် ကိုင်တွယ်ဖြေရှင်းရန် မတတ်နိုင်သောအဆင့်တွင်ရှိသည်မှာ သေချာ၏။

တစ်ဖက်လူက ဒဏ်ရာကြီးကြီးမားမား ရရှိထားသည်ဆိုဦးတော့ သူတို့အား ဆိုးဆိုးရွားရွား အန္တရာယ်ကျရောက်စေနိုင်သည်မှာ အမှန်ပင်။ အန္တရာယ်မကျ‌ရောက်စေနိုင်လျှင်တောင်မှ အနိုင်ယူတိုက်ခိုက်နိုင်သည့် အခြေအနေတွင် ရှိနေပေမည်။

“အခုရောက်လာတဲ့သူတွေက ဘယ်သူတွေမှန်းမသိပေမယ့် အရင်ဆုံး သခင်လေးဆီသတင်းပို့ရမယ်”

လျင်မြန်စွာပြေးလွှားနေသည့် ပန်ပန်၏ကျောပေါ်တွင်ထိုင်ရင်း အားဟူတွေးတောလျှက် ရှိသည်။

ပန်ပန်က ရန်ကျောက်ကဲ၏ စီးတော်ဖြစ်လေရာ သူနှင့်ရန်ကျောက်ကဲကြားတွင် ထူးခြားသော စိတ်ချင်းဆက်သွယ်မှု ရှိသည်။

ဤတာအိုကျောင်းတော်က ထူးဆန်းသောအသွင်အပြင်ရှိသော်လည်း ပန်ပန်က ရန်ကျောက်ကဲ မည်သည့်နေရာတွင် ရှိနေကြောင်းကို လျင်မြန်စွာ အာရုံခံနိုင်သည်။

တံခါးပိတ်ကျင့်ကြံရာအခန်းထဲသို့ ရောက်သည့်အခါ အားဟူက အထဲသို့ ချောင်းကြည့်လိုက်သည်။ သို့သော် သူ ထိတ်လန့်လွန်းသဖြင့် ထပင်ခုန်လိုက်မိ၏။

အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည့် ရန်ကျောက်ကဲက လက်တစ်ဖက်တွင် ကျောက်စိမ်းအင်းချပ်တစ်ခုကိုကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်က ဓားသွားအသွင် စည်းတံဆိပ်တစ်ခု ဖန်ဆင်းထားသည်။

ရန်ကျောက်ကဲ၏ခန္ဓာကိုယ်မှ အနက်ရောင်စီးကြောင်းများစွာ ထွက်ပေါ်နေပြီး အခန်း၏ နံရံ ၊ မျက်နှာကြက် ၊ ခေါင်မိုးအပါအဝင် တစ်ခန်းလုံးနှင့် လွှမ်းခြုံချိတ်ဆက်ထားသည်။

နေရာတိုင်းတွင် အနက်ရောင်စီးကြောင်းများရှိနေပြီး တံခါးပိတ်ကျင့်ကြံရာအခန်းသည် အပြင်ဘက်ရှိ ကျုန်းယွမ်ဘုရားကျောင်းမှ သီးခြားခွဲထွက်နေသည့် ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖြစ်နေပုံရသည်။

ရန်ကျောက်ကဲ၏ခန္ဓာကိုယ်က နေရာတွင်ထိုင်နေသော်လည်း ဤအချိန်ခဏတွင် အနည်းငယ် လဲပြိုကျတော့မည့်ပမာ ဖြစ်နေသည်ဟု အားဟူခံစားနေရသည်။ ရန်ကျောက်ကဲကိုကြည့်ရသည်မှာ အနက်ရောင်စီးကြောင်းများ၏ ဗဟိုချက်ပမာဖြစ်နေပြီး ဖိအားများကို ခံနေရသည့်အလားပင်။

တံခါးပိတ်ကျင့်ကြံရာအခန်းရှိ အနက်ရောင်စီးကြောင်းများအားလုံး ထိုဗဟိုချက်တစ်ခုတည်းမှ အပြင်သို့ ချဲ့ထွင်ချိတ်ဆက်နေဟန် ရှိ၏။ ပြီးတော့ ထိုအနက်ရောင်စီးကြောင်းများက မတူညီသည့်သီးခြားနယ်မြေများနှင့် ရောယှက်နေသည့်ပမာ ထင်မှတ်ရ၏။

မတူညီသည့်နေရာများပေါင်းစပ်ကာ သုံးဖက်မြင် သီးခြားကမ္ဘာတစ်ခု ဖြစ်တည်ဖွဲ့စည်းလာသည့် အလား ဖြစ်သည်။

သို့သော် ဤသည်က ကြောက်စရာ အကောင်းဆုံး အသွင်အပြင်တော့ မဟုတ်သေးပေ။

‌ကြောက်စရာကောင်းသည့်အချက်မှာ အနက်ရောင် စီးကြောင်းများတွင် သေခြင်းတရားနှင့် ပျက်သုဉ်းခြင်းတရား အဓိပ္ပါယ်များပါဝင်နေပြီး အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းလှသဖြင့် အားဟူသည်ပင် ကြည့်ရုံနှင့် တုန်လှုပ်သွားရသည်။

ထိုအချိန် ရန်ကျောက်ကဲ မျက်လုံးများကို ဖွင့်ကြည့်လာတော့ အားဟူနှင့် ပန်ပန်ကို တွေ့လိုက်ရသည်။

သူက နှုတ်ခမ်းကိုလက်ဖြင့်ပွတ်လိုက်ရင်း...

“အရံအတားအစီအရင်က ရန်သူတွေကို မတားဆီးနိုင်ဘူးလား”

ရန်ကျောက်ကဲအသံကြားတော့မှ အားဟူ အသိပြန်ဝင်လာပြီး အလျင်အမြန်ဆိုလိုက်သည်။

“သခင်လေး... သူတို့က ကပ်ဘေး (၃)ခု တပြိုင်တည်း ပေါက်ကွဲထွက်တာကိုတောင် တွန်းလှန်နိုင်ခဲ့တယ်”

ရန်ကျောက်ကဲသည်လည်း အနည်းငယ်အံ့အားသင့်သွားပြီး...

“မယုံနိုင်စရာပဲ ၊ ဘယ်လိုဖြစ်တယ်ဆိုတာ ငါ့ကိုအသေးစိတ်ပြောပြပါ”

အားဟူပြောသည့် စကားများကို နားထောင်ပြီးနောက် တစ်ဖက်ရန်သူက ပျောက်ကွယ်သွားပြီးမှ ရုတ်တရက် ပြန်ပေါ်လာပြီး လေးလံမြစ်ရေနှင့် မီးလျှံကြာပန်းများ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားခြင်း ဖြစ်ကြောင်း သိရှိရသည့်အခါ ရန်ကျောက်ကဲ နှုတ်ခမ်းများ တွန့်ကွေးလျက် ပြုံးလိုက်သည်။

“သူတို့က ဒီအရံအတားကို ခုခံနိုင်တာမဟုတ်ဘူး ၊ ပုန်းကွယ်တဲ့ နည်းလမ်းလိုမျိုး နည်းလမ်းတစ်ခုကို အသုံးပြုလိုက်တာပဲ”

“သေခြင်းတရားကိုရှောင်ရှားဖို့အတွက် ပြန်လည်မွေးဖွားတဲ့ ပညာတစ်ခုခုကို အသုံးပြုလိုက်တာ ဖြစ်နိုင်တယ်”

အားဟူက...

“ဒုတိယ အုပ်စုတစ်စု ဝင်လာသေးတယ် ၊ အရံအတားလက်ကျန်တွေက အဲဒီဒုတိယအုပ်စုကို တားဆီးထားတယ် ၊ ဒါပေမဲ့ ပထမအုပ်စုက လူတွေကတော့ အရံအတားကို အောင်မြင်စွာ ကျော်ဖြတ်ခဲ့တယ် ၊ ဒါကြောင့် ကျွန်တော်လည်း သူတို့ကို မဟန့်တားနိုင်တာနဲ့ သခင်လေးကို လာရှာတာပါ”

သူ စကားပြောနေစဉ်မှာပင် အနက်ရောင်စီးကြောင်းများက ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်မှ ဆုတ်ခွာသွားပြီး သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

သို့သော် ထိုဖြစ်စဉ်နှင့်အတူ အားဟူနှင့်ပန်ပန်တို့ထံမှ အသက်ဓာတ်စွမ်းအားများ ဆွဲထုတ်ယူငင်သွားသည့်အလား အနည်းငယ် ခံစားလိုက်ရ၏။

အနက်ရောင်စီးကြောင်းများ ပျောက်ကွယ်သွားသည်နှင့် ရန်ကျောက်ကဲက ကျောက်စိမ်းအင်းချပ်ကို လက်မှာကိုင်ရင်း ကြမ်းပြင်ထက်မှ ထရပ်လိုက်သည်။

သူက ခေါင်းအနည်းငယ် စောင်းလိုက်ရင်း...

“အိုး... သူတို့ရောက်လာကြပြီ ၊ နည်းနည်း ရင်းနှီးနေသလို ခံစားရတယ်”

တံခါးပိတ်ကျင့်ကြံရာအခန်းထဲမှ လှမ်းကြည့်လိုက်တော့ တစ်ဖက်စင်္ကြံမှ လမ်းလျှောက်လာသော လူငယ်တစ်ယောက်နှင့် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

အတိအကျဆိုရသော် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်းစောင်းမှ ကျွမ်း‌ကျောင်းဟွေနှင့် ဆရာဦးလေး ဖြစ်သည်။ တာအိုကျောင်းတော် ပတ်ဝန်းကျင်အတွင်း ခြေရာခံပြီးနောက် သူတို့ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

သူတို့ ဒေါသထွက်နေကြစဉ်မှာပင် အဖြူရောင်နှင့် အပြာရောင် ဝတ်ဆင်ထားသော လူငယ်တစ်ယောက် သူတို့ရှေ့တွင် ပေါ်လာသည်။

လူငယ်က သူတို့ကို လက်ဝှေ့ယမ်းနှုတ်ဆက်ရင်း...

“မတွေ့တာကြာပြီနော်...”

ထိုလူငယ်ကိုတွေ့လိုက်သည်နှင့် ကျွမ်းကျောင်းဟွေ အနည်းငယ် အံ့အားသင့်သွားသည်။

“မင်း... ရန်ကျောက်ကဲ...”

ရန်ကျောက်ကဲက အနည်းငယ်ပြုံးရင်း...

“လမ်းကျဉ်းလေးမှာ တိုက်တိုက်ဆိုင်ဆိုင် ရန်သူနဲ့ပြန်တွေ့ရတာပဲ”

စကားမဆုံးခင်မှာပင် သူက ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ရာ ကျွမ်းကျောင်းဟွေနှင့် သူ၏ဆရာဦးလေး ရှေ့သို့ ရောက်ရှိသွားသည်။

နှစ်ယောက်သား ခဏမျှ ထိတ်လန့်သွားကြပြီးနောက် ရန်ကျောက်ကဲကို စတင် တိုက်ခိုက်လိုက်ကြသည်။

တောက်လောင်နေသောမီးလျှံက ကြောက်မက်ဖွယ်ရာ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ရန်ကျောက်ကဲကို ခုတ်ပိုင်းချလိုက်သည်။

သူတို့ နှစ်ဖက်ကြား ပြောစရာ စကားမရှိလေရာ ချက်ချင်းပင် တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။

အရင်က ကျူတောပင်လယ်ဒေသ ၊ သဘာဝပသာဒနယ်မြေတွင် သူနှင့်ထိပ်တိုက်တွေ့ခဲ့သော ရန်ကျောက်ကဲကို အလွန်တရာ အထင်ကြီးမိသည်အမှန်ပင်။ ထိုစဉ်က ရန်‌ကျောက်ကဲက ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့်တွင်သာ ရှိနေပြီး ပင်လယ်ရေအောက်မှ တွင်းနက်ကြီးကြောင့်သာ အသာစီးရသွားခြင်း ဖြစ်သည်။

ယခုတော့ ကျွမ်းကျောင်းဟွေသည် သူ့အတွက် လက်ခံရန်ခက်ခဲသောအချက်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်ရာ ကြီးကျယ်ခမ်းမနားသော ထူးကဲယန်စည်းတံဆိပ်က တောက်လောင်နေသည့်နေရောင်ခြည်ပမာ ခမ်းနားထည်ဝါစွာ ၊ ရက်စက်ကြမ်းတမ်းစွာ ထွက်ပေါ်လာ၏။

ပြင်းထန်သော ရောင်ဝါက ရန်သူ (၂)ယောက်ကို အသက်ရှူကျပ်လုနီးပါး ဖြစ်စေသည်။

တစ်ခဏအတွင်းမှာပင် အချိန်က ပြောင်းပြန် စီးဆင်းသွားသလို ခံစားလိုက်ရပြီး ရွှေရောင်ကြာပန်းမီးလျှံများ ကဲ့သို့ပင် အင်အားကြီးမားသော ကပ်ဘေးကြီးတစ်ခုကို ထပ်မံ ရင်ဆိုင်လိုက်ကြရသည်။

“ထူးကဲယန်စည်းတံဆိပ်ရဲ့ တန်ခိုးစွမ်းအားက အရမ်း ပြင်းထန်လွန်းပါလား”

ကျွမ်းကျောင်းဟွေ၏မျက်နှာက အရင်ကထက် ပိုမိုအကျည်းတန်သွားသည်။

“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ သူက သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒီကောင်က တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ် ဆိုတဲ့ ကောလာဟလက တကယ်များဖြစ်နေသလားပဲ”

All Chapters