ရန်ကျောက်ကဲ၏ရည်မှန်းချက်
Vol. 68 Ch. 954
အခန်း (၉၅၄) ရန်ကျောက်ကဲ၏ရည်မှန်းချက်
ကောင်းမြတ်ခြင်း မြေကြီးသမာဓိ မီးတောက်နှင့် ခရမ်းရောင်သမာဓိမီးတောက် ပေါင်းစပ်မှုက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခံစစ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူ (၂)ယောက်က သူတို့၏ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်ထားလေရာ သူတို့ထက်ကျင့်ကြံခြင်း အဆင့်မြင့်မားသူများ သည်ပင် သူတို့၏ ခံစစ်စွမ်းအားကို ထိုးဖောက်ဖိနှိပ်ရန် ခက်ခဲမည် ဖြစ်၏။
သို့သော် ရန်ကျောက်ကဲ အရည်အချင်းကို သာမန်စံနှုန်းများဖြင့် အကဲခတ်နိုင်သည် မဟုတ်ပေ။
ယခု တိုက်ခိုက်မှုတွင် ထူးကဲယန်စည်းတံဆိပ်ကိုအသာထား ၊ သူ၏လက်ဝါးရိုက်ချက်ထဲတွင် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် မဟာနေမင်းကျမ်းဂန် တန်ခိုးစွမ်းအားများ တပြိုင်နက်တည်း ပေါင်းစပ်ထားသည်။
သို့ဖြစ်ရာ တန်ခိုးစွမ်းအားကြီးမားပြီး ခံ့ညားလေးလံသော အရိုးရှင်းဆုံး အပြင်းထန်ဆုံး ထိုးနှက်ချက်တစ်ခု ဖြစ်ပေါ်လာသည်။
ကောင်းကင်တစ်ခုလုံးပြိုကျသွားပြီး ယင်စွမ်းအားများ ပျောက်ကွယ်သွားကာ ယန်စွမ်းအားသာလျှင် ကျန်ရစ်တော့သည်။ မိုးမြေတစ်ခွင် မှောက်လှန်ပစ်နိုင်သော ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားက ထူးကဲယန်စည်းတံဆိပ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ကမ္ဘာဖျက်ကပ်ဘေးစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ကြောက်မက်ဖွယ်ရာစွမ်းအားက တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။
သက်ရှိအားလုံး ထိခိုက်ခံစားရသည့် မိုးမြေတစ်ခွင်မှ ကြီးမားသောကပ်ဘေးကြီးအောက်တွင် မည်သူလွတ်မြောက်နိုင်ပါမည်နည်း။ ထွက်ပြေးမည်ဆိုလျှင်တောင် မည်သည့်နေရာသို့ ပြေးနိုင်ပါမည်နည်း။
ပိုပြီးကြောက်စရာကောင်းသည်မှာ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က ထူးကဲယန် စည်းတံဆိပ်နှင့် ပြီးပြည့်စုံစွာ လိုက်လျောညီထွေဖြစ်နေခြင်းပင်။
နေဝန်းထက်ယံအရှင်သခင်က ထူးကဲယန်စည်းတံဆိပ်ကိုပြုလုပ်စဉ်တွင် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာ ၊ မဟာနေမင်းကျမ်းဂန်များကိုအခြေခံပြီး ဒဏ္ဍာရီလာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အတုယူကာ ပြုလုပ်ထားခဲ့သည်။
ထို့ကြောင့် ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်၏တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည့်အခါ ထိုစွမ်းအား၏ အနှစ်သာရကို မိမိရရ ဆုပ်ကိုင်နိုင်ခြင်း ရှိသည်။
သို့ဖြစ်ရာ သူက အမတကူးပြောင်းခြင်းအဆင့်သို့ မရောက်ရှိသေးသဖြင့် နိယာမအရ ထူးကဲယန်စည်းတံဆိပ်၏စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သေးသော်လည်း ထူးကဲယန်စည်းတံဆိပ်က ၎င်း၏ အထွတ်ထိပ် အနှိုင်းမဲ့စွမ်းအားကို ဖြည်းဖြည်းချင်းပြသလာသည်။
ရန်ကျောက်ကဲ၏ စွမ်းအားအပြည့် ထိုးနှက်ချက်က တန်ခိုးစွမ်းအားမြင့်မားသော ဤရတနာပစ္စည်းနှင့်ပေါင်းစပ်လိုက်သည့်အခါ ရန်သူများအနေဖြင့် မည်သည့်နည်းနှင့်မှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
တစ်ချက်ထိုးနှက်ခံရသည်နှင့် လွင့်စဉ် ထွက်သွားမည် ဖြစ်၏။
ကောင်းမြတ်ခြင်းမြေကြီးသမာဓိမီးတောက်နှင့် ခရမ်းရောင်သမာဓိမီးတောက် ပေါင်းစပ်ထားသော မရဏကပ်ဘေးများနှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ကာကွယ်ပေးထားသော ခရမ်းရောင်လင်းတန်းက ထူးကဲယန်စည်းတံဆိပ်အောက်တွင် လျှင်မြန်စွာလောင်ကျွမ်းသွားပြီး မကြာမီပျောက်ကွယ်သွားသည်။
‘မရဏသမာဓိမီးတောက်’ သေးငယ်သော အမျှင်တန်းလေးတစ်ခုသာ ကျန်ရစ်ပြီး အသက်ဓာတ်စွမ်းအားတစ်ခုကိုသာ ပေးစွမ်းတော့သည်။ သို့သော် ထိုအမျှင်တန်းလေးသည်လည်း ရှင်သန်ရန်အခွင့်အလမ်း လုံးဝနီးပါးမရှိသလောက် ဖြစ်ကြောင်း ပြသနေလေရာ ‘မရှိမှု’ ပမာ ထင်ယောင်ထင်မှား ဖြစ်လျှက်သာပင်။
သူတို့ရှေ့မှ နေဝန်းကြီးက တဖြည်းဖြည်း နီးကပ်လာပြီး ကျွမ်းကျောင်းဟွေမ်မှာ တောက်လောင်နေသော မီးလျှံများနှင့် အနက်ရောင်အစက်အပြောက်များကိုပင် တွေ့မြင်နေရသည်။
ထူးကဲယန်စည်းတံဆိပ်၏ဖိအားအောက်တွင် ဝူထုန်တောင်စောင်းမှ လူ (၂)ယောက်မှာ ကိုယ်တွင်းအင်္ဂါများ မီးလောင်ကျွမ်းသည့်ပမာ ခံစားလိုက်ရသည်။
သူတို့စိတ်ထဲ မကျေမနပ် ခံစားနေကြရ၏။
ကျုန်းယွမ်ကျောင်းတော်အတွင်း ဝင်ရောက်စဉ်က အရံအတားနှင့် ရင်ဆိုင်ခဲ့ရသဖြင့် သူတို့ယူဆောင်လာသော ရတနာပစ္စည်းများနှင့် အထွတ်ထိပ် မှော်ဝင်ပစ္စည်းများ ပျက်ဆီးသွားကြရသည်။ မဟုတ်ပါက သူတို့အနေဖြင့် ပြန်လည်တိုက်ခိုက်ရန် ဤမျှ ကူရာကယ်ရာမဲ့မည် မဟုတ်ပေ။
သို့သော် သေသေချာချာ တွေးကြည့်သည့်အခါ သူတို့တွင် ရတနာပစ္စည်းများ ၊ လက်နက်များရှိနေသည့်တိုင် ရန်ကျောက်ကဲနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ အသက်လုပြီးထွက်ပြေးသည်ကသာ အကောင်းဆုံးလွတ်လမ်း ဖြစ်သည်။
ထိုသို့တွေးမိသည့်အခါ သူတို့နှစ်ယောက်လုံး စိတ်ပျက်လက်ပျက် ခံစားလိုက်ကြရသည်။
တောင်ပိုင်းထိပ်တန်း အရှင်သခင်၏သားဖြစ်သော ကျွမ်းကျောင်းဟွေတွင် နောက်ခံသမိုင်းကြောင်းများစွာ ရှိသည်။ သူက ကောင်းကင်ဘုံ မျက်နှာသာပေးခံရသည့် သားတော်တစ်ပါးဖြစ်သလို အထက်ဘုံကမ္ဘာရှိ ကျင့်ကြံခြင်းအဆင့်တူညီသူ သက်တူရွယ်တူများတွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ ခပ်ရှားရှားပင်။
သူကအမြဲတမ်း မာနကြီးသူတစ်ယောက်ဖြစ်ပြီး သူလုပ်ချင်ရာကို လုပ်သူ ဖြစ်သည်။ မဟုတ်ပါက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်သို့ ဝင်ရောက်ပြီး ဇာမဏီအရိုးကို ရှာဖွေမည် မဟုတ်ပေ။
ထိုအချိန်က ရန်ကျောက်ကဲနှင့် ကျင်းထင်တောင်ကို ရှုံးနိမ့်ခဲ့ရသည်ဆိုသော်လည်း အချိန်မှန် ၊ လူမှန် ၊ နေရာမှန် မရှိသောကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး သူ၏ညံ့ဖျင်းမှုကြောင့် မဟုတ်ခဲ့ပေ။
သို့ပေသိ ယနေ့တော့ ကျွမ်းကျောင်းဟွေ၏ မာနက လုံးဝ အက်ကွဲသွားခဲ့ပေပြီ။
သူ့ထက်ပိုမိုတန်ခိုးစွမ်းအားမြင့်မားသော ပါရမီရှင်တစ်ယောက်ကို ကျွမ်းကျောင်းဟွေ တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။
တစ်ခါမှ ရင်မဆိုင်ဖူးသည့်တိုင် သူ့ထက်အသက်များစွာငယ်ပြီး သူ့ထက်သာလွန်သော ပါရမီရှင်မှာ ပိုးသားဧကရာဇ်၏ သမီးတော် ‘ဖုထင်’ ဟု သတင်းများထွက်ပေါ်နေသည် ကတော့ အချိန်ကြာမြင့်ခဲ့ပေပြီ။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကျွမ်းကျောင်းဟွေ မကျေမနပ်ဖြစ်သည့်တိုင် ဘာမှမတတ်နိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဖုထင်က ပိုးသားဧကရာဇ်၏ တစ်ဦးတည်းသောသမီးဖြစ်လေရာ သူ့ထက်ပင် နောက်ခံအင်အား ကောင်းမွန်သည့် ကောင်းကင်ဘုံ၏အချစ်ခံ သမီးတော်တစ်ပါး ဖြစ်သည် မဟုတ်ပါလား။
သို့တိုင် ယနေ့ သူ့ကိုအနိုင်ယူခဲ့သူမှာ အောက်ဘုံကမ္ဘာမှ တက်လာသော ရန်ကျောက်ကဲ ဖြစ်နေခဲ့သည်။
ထို့ပြင် ထိုလူငယ်က အမတကူးပြောင်းခြင်းအဆင့်သို့ပင် မရောက်သေးဘဲ သူ့ကိုလုံးဝ ဖိနှိပ်အနိုင်ယူနိုင်သည်ဖြစ်ရာ ကျွမ်းကျောင်းဟွေမှာ သွေးအန်ထွက်လုမတတ် စိတ်ပျက်မှုကို မခံစားရဘဲ အဘယ်မှာနေပါမည်နည်း။
စောစောကပင် ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို အမြစ်ပြတ် သုတ်သင်ပစ်မည်ဟု သူ တွေးတောနေသေးသည်။ သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်အောက် သေဆုံးရမည့်သူက သူကိုယ်တိုင်ဖြစ်နေမည်ဟု မည်သူထင်ပါမည်နည်း။
ပြီးတော့ ဤတာအိုကျောင်းတော်၏ အရံအတားအစီအရင်ကို ပြန်လည် အသက်သွင်းပြီး ဝူထုန်တောင်စောင်းမှတပည့်များကို သတ်ဖြတ်ခဲ့သူမှာ ရန်ကျောက်ကဲ လက်အောက်မှလူ၏လက်ချက်ဖြစ်မည်မှာ သေချာ၏။
ထူးကဲယန်စည်းတံဆိပ်အောက်တွင် ဖိနှိပ်ခံနေရသော ကျွမ်းကျောင်းဟွေမှာ ရူးသွပ်သွားလုမတတ် ဒေါသထွက်လျက်ရှိသည်။
“ရန်ကျောက်ကဲ... လီကျင်းကိုသတ်လိုက်တာနဲ့တင် ငါတို့ ဝူထုန်တောင်စောင်းက မင်းကို သည်းခံနိုင်မယ် ထင်နေသလား”
သက်လတ်ပိုင်း လူရွယ်က အော်ဟစ်လိုက်သည်။
“မင်း ငါနဲ့ ကျောင်းဟွေကိုသတ်မယ်ဆိုရင် ဂိုဏ်းတူအစ်ကို ကျွမ်းရှန်က ဒီအတိုင်းကြည့်နေမှာမဟုတ်ဘူး ၊ မင်းတို့ဝါဒတေင်နဲ့ ဝူထုန်တောင်စောင်းက ဘယ်တော့မှမပြေနိုင်တဲ့ ရန်ငြိုးတွေ ရှိလာလိမ့်မယ်”
ကျွမ်းကျောင်းဟွေက ဒေါသတကြီးဖြင့်...
“ဆရာဦးလေး ... ဘာလို့ အပိုတွေလျှောက်ပြောနေတာလဲ ၊ သူ့မှာအစွမ်းအစရှိရင် အကျိုးဆက်ကို မစဉ်းစားဘဲ ကျွန်တော်တို့ကို ဒီမှာ သတ်ပစ်ချင်တယ်ဆိုရင် သတ်ပါစေပေါ့”
ရန်ကျောက်ကဲက ရယ်မောရင်း...
“မင်း ငါ့ကိုခြိမ်းခြောက်စရာမလိုဘူး ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေလည်း သုံးမနေနဲ့ ၊ ပေါက်ကရတွေလည်း ပြောမနေနဲ့ ၊ မင်းဘာတွေပဲပြောနေပါစေ... မင်းတို့ကို သေလမ်းပို့ပေးဖို့ ဆုံးဖြတ်ထားတယ်”
ရန်ကျောက်ကဲ ပြုံးနေသည့်တိုင် မျက်ဝန်းများကတော့ အလွန်တရာ အေးစက်လျက် ရှိသည်။
ကျွမ်းကျောင်းဟွေနှင့် သူ၏ဆရာဦးလေးတို့မှာ စိတ်ထဲတွင် အေးစက်သွားပြီး တစ်စုံတစ်ခုကိုလည်း ရိပ်မိသလို ရှိသွားသည်။
သူတို့ ကိုယ်တိုင်ခန့်မှန်းချက်ကြောင့် အနည်းငယ် ထိတ်လန့်သွားပြီး ရန်ကျောက်ကဲကို စူးစိုက် ကြည့်လိုက်ကြသည်။
“မင်း... မင်း ဖြစ်နိုင်...”
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးရင်း...
“ငတို့ ဝါဒတောင်က အဆက်မပြတ် တိုးတက်နေတယ် ဆိုတော့ ချဲ့ထွင်ဖိုအတွက် ပိုကြီးတဲ့နေရာတစ်ခု လိုအပ်တာအမှန်ပဲ”
သူက ဆက်ပြောသည်။
“အရှေ့တောင်နေဝန်းကောင်းကင် ပြည်နယ်က ကြီးမားတာမှန်ပေမယ့် တောင်တစ်တောင်မှာ ကျားနှစ်ကောင် အောင်းလို့မရဘူးလေ ၊ ပြီးတော့ ကျင်းထင်တောင်နဲ့ ငါတို့ဝါဒတေင်က ဆက်ဆံရေး တော်တော်ကောင်းတယ် ၊ ဒီနှစ်ပိုင်းဝွမှာ သူတို့က ငါတို့ကိုပိုပြီး ဂရုစိုက်ပေးခဲ့တာကို ဒီ ‘ရန်’ က ဘယ်တော့မှ မေ့မှာမဟုတ်ဘူး”
“ဒါကြောင့် ငါတို့တွေက ကျင်းထင်တောင်ကို မထိခိုက်စေဘဲ တခြား လမ်းကြောင်းကနေပဲ နယ်မြေချဲ့ထွင်နိုင်တာ တစ်ခုတည်းသော ရွေးချယ်မှုပါပဲ”
“ထူးခြားတဲ့အဖြစ်အပျက် တစ်ခုခု ဖြစ်မလာဘူးဆိုရင် ငါတို့တွေက ရန်သူတွေဖြစ်လာမှာပဲ ၊ တစ်ချိန်မှာ ထိပ်တိုက်တွေ့ကြလိမ့်မယ် ၊ ဒါကြောင့် မင်းတို့ (၂)ယောက်ကို ဒီနေ့ ဒီနေရာမှာ သတ်ပစ်ရလည်း အရေးစိုက်မှာမဟုတ်ဘူး”
“အနည်းနဲ့အများ မင်းတို့ ဇာမဏီရိုးရာတောင် ဝူထုန်တောင်စောင်းကို အားနည်းသွားစေတာက ငါမြင်ချင်တဲ့အရာပဲ”
“ငါ့အတွက်ထည့်ပြီး စဉ်းစားရမယ့် တစ်ခုတည်းသော အချက်က မှန်ကန်တဲ့အချိန်နဲ့ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှု လုပ်ထားနိုင်ဖို့ပဲ”
ထိုစကားများကို နားထောင်ရင်း ကျွမ်းကျောင်းဟွေနှင့် သူ၏ဆရာဦးလေးတို့ ရန်ကျောက်ကဲကို ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။
သူတို့ရင်ထဲမှ သံသယများ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း ထိတ်လန့်မှုနှင့် အဓိပ္ပာယ်မဲ့သော ခံစားချက်တို့က ပိုမိုပြင်းထန်လာသည်။
သူတို့ရှေ့တွင် အေးဆေးစွာ စားပြောနေသည့်လူငယ်မှာ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရား သိမြင်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။
ဝါဒတောင်ဆိုသည်က အောက်ဘုံကမ္ဘာကမှ ရောက်လာသည့် သိုင်းဂိုဏ်းငယ်တစ်ခုဖြစ်ပြီး တစ်ဂိုဏ်းလုံးတွင် သိုင်းသူတော်စင် (၁၀)ယောက်ပင် မပြည့်ပေ။
သို့တိုင် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းကို ဖြိုချပစ်ရန် ပစ်မှတ်ထားနေခဲ့၏။
ဇာမဏီရိုးရာတောင် ဆိုသည်က မည်သို့သော နေရာမျိုးလဲ။
အထက်ဘုံကမ္ဘာမှ ထိပ်တန်းအရှင်သခင် (၁၀)ယောက်မှ တစ်ယောက်ဖြစ်သူ ၊ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တစ်ခုလုံးကို လွှမ်းမိုးထားကာ ထိုပြည်နယ်တစ်လွှား ပြိုင်ဘက်ကင်းသူ နေထိုင်ရာနေရာဖြစ်၏။
ကျွမ်းရှန်က လူသားအထွတ်ထိပ်အင့်သို့ရောက်ရှိသည်မှာ နှစ်ထောင်ပေါင်းများစွာ ရှိပြီဖြစ်ပြီး ဝူထုန်တောင်စောင်းတွင်လည်း တန်ခိုးစွမ်းအားရှင်များစွာ ရှိသည်ပင်။
ဝူထုန်တောင်စောင်းတွင်ရှိသော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များမှာ ဝါဒတောင်မှ သိုင်းသူတော်စင် စုစုပေါင်းအရေအတွက်ထက်ပင် ပိုမိုများပြားသည်။
ဆိုတော့ သူ့အရှေ့က လူငယ်က ဝူထုန်တောင်ကို ဖက်ပြိုင်တိုက်ခိုက်ချင်သည်မှာ ရူးသွပ်နေသောကြောင့်များလား။
ခဏမျှ တုန်လှုပ်သွားပြီးနောက် ကျွမ်းကျောင်းဟွေက ဒေါသတကြီး ရယ်မောလိုက်သည်။
“မင်းကလား ငါတို့ ဝူထုန်တောင်ကိုတိုက်မှာ ၊ အခုတေင် ကျင်းထင်တောင်နဲ့ မြောက်ဖေးတောင်ထွတ်က ကာကွယ်ပေးမထားရင် ငါတို့ ဝူထုန်တောင်စောင်းက မင်းကို အကြိမ်ပေါင်း (၁၈၀)လောက် သုတ်သင်ပြီးနေပြီ”
ရန်ကျောက်ကဲက ပြုံးလျှက်ဖြင့်ပင်...
“အဲဒါကြောင့်ပြောတပေါ့ ၊ မှန်ကန်တဲ့အချိန်ကိုစောင့်ရင်း ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ်ဆိုတာလေ”
သူက ဆက်ပြောသည်။
“အခု အချိန်မကျသေးပေမယ့် အားလုံးက အကောင်းဘက်ကို ဦးတည်နေတာပဲ မဟုတ်လား”
ကျွမ်းကျောင်းဟွေက ကျိန်ဆဲရန် ပါးစပ်ကိုဟလိုက်သော်လည်း သူ့အသံက ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် သူ့အရှေ့မှ ရန်ကျောက်ကဲကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။
လွန်ခဲ့သော (၆)နှစ်ခန့်က ကျူတောပင်လယ်ဒေသ ၊ သဘာဝပသာဒနယ်မြေတွင် သူက သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ဖြစ်ပြီး ရန်ကျောက်ကဲက သိုင်းသူတော်စင် ဒုတိယအဆင့်မျှသာ ဖြစ်သည်။
ယခု ပြန်လည်ဆုံတွေ့ကြသည့်အခါ သူက သိုင်းသူတော်စင် သတ္တမအဆင့်သို့ရောက်ရှိပြီဖြစ်သော်လည်း....
ထိုရန်ကျောက်ကဲက သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဝါဒတောင်တွင် သိုင်းသူတော်စင် (၁၀)ယောက်ပင် မပြည့်ပေ။ ပြီးတော့ အမတကူးပြောင်းခြင်း အဆင့်သိုင်းသူတော်စင် တစ်ယောက်တလေပင် မရှိပေ။
သို့သော် သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူတစ်ယောက် ဝါဒတောင်တွင် ကျဆုံးသွားခဲ့ဖူးသည် မဟုတ်ပါလား။