ရန်ကျောက်ကဲရဲ့မေးခွန်း
Vol. 68 Ch. 955
အခန်း (၉၅၅) ရန်ကျောက်ကဲရဲ့မေးခွန်း
ကြယ်ခြွေလက်ဝါးသခင် ကွမ်းလီတဲ့က အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်လေသည်။
ရှန်လင်ကျီနှင့် ဧကရာဇ်ရွှမ်ချန်တို့က အမတကူးပြောင်းခြင်းအလယ်ဆင့် ၊ သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
တာအိုဆရာ’ရှီ’ ၊ ခန်းဖင်း ၊ ဟတုန်းချန်နှင့် ကုကျန်းတို့က အမတကူးပြောင်းခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် သတ္တမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ဤသည်မှာ ဝါဒတောင်တိုက်ပွဲတွင် ကျဆုံးခဲ့ရသော တန်ခိုးစွမ်းအားရှင်များ၏ အမည်စာရင်း ဖြစ်သည်။ ပြီးတော့ တူညီသည့်တိုက်ပွဲတစ်ခုတည်းတွင် ဝါဒတောင်က သူတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်ခြင်းပင်။
လူအချို့ကတော့ ဤအကြောင်းကို မယုံနိုင်သူများ ရှိကြသည်။ သို့ပေသိ အမတမှော်ဝင်ပစ္စည်းအကြောင်း သတင်းပျံ့နှံ့လာသည့်အခါ လူအများစုက အာရုံစိုက်လာကြသည်။ သို့တိုင် သေသေချာချာတွေးကြည့်သည့်အခါ လူတိုင်းကို ထိတ်လန့်စေသည်ကတော့ အမှန်ပင် ဖြစ်သည်။
ရန်ကျောက်ကဲ၏ ထူးကဲယန်စည်းတံဆိပ်နှင့် ဖိနှိပ်ခံရသည့်တစ်ခဏတွင် သက်လတ်ပိုင်းလူရွယ်ထက် ကျွမ်းကျောင်းဟွေက ပို၍ပင် ဖိနှိပ်မှုကို ထင်ရှားစွာ ခံစားရသည်။
ထိုခဏတွင် ဒဏ္ဍာရီတစ်ခုမျှသာဖြစ်ပြီး အရိပ်တောင်တွေ့မြင်ရခြင်းမရှိသည့် အမတမှော်ဝင်ပစ္စည်းအပေါ်တွင် အာရုံစိုက်မှုမထားသင့်ကြောင်း သူတို့ခံစားခဲ့ရသည်။
ပြီးတော့ သူတို့ အရှေ့တောင် မီးတောက်ကောင်းကင်ပြည်နယ်မှသည်လည်း ကျင်းထင်တောင် တစ်ခုတည်းကိုသာ အာရုံစိုက်ခြင်း မဖြစ်သင့်ပေ။
တစ်ချိန်က သူတို့ လုံးဝအရေးမစိုက်ခဲ့သော ဝါဒတောင်သည် ယခုတော့ သူတို့အတွက် အပြည့်အဝ ခြိမ်းခြောက်မှု ဖြစ်လာခဲ့ပေပြီ။
ထူးကဲယန်စည်းတံဆိပ်နှင့် အတူ ရန်ကျောက်ကဲကိုလှမ်းကြည့်ရင်း ကျွမ်းကျောင်းဟွေစိတ်ထဲ တုန်လှုပ်သွားသည်။
“ဒီကောင်သာ အမတကူးပြောင်းခြင်းအဆင့်ကိုရောက်ရင် ထူးကဲယန်စည်းတံဆိပ်ကို စွမ်းအားအပြည့် ထုတ်ဖော်နိုင်တော့မှာပဲ”
ထူးကဲယန်စည်းတံဆိပ်သည် အခြားသော အဆင့်မြင့် အထွတ်ထိပ် မှော်ဝင်ပစ္စည်းများနှင့် တူညီခြင်းမရှိပေ။
သို့တိုင် ရန်ကျောက်ကဲက အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်နိုင်ပါမည်လား။
ရန်သူတစ်ယောက်ပင်ဖြစ်သော်ငြား ရန်ကျောက်ကဲကို အထင်ကြီးသော ကျွမ်းကျောင်းဟွေအနေဖြင့် သေချာပေါက် အဆင့်တက်နိုင်မည်ဟု ယုံကြည်သည်။
ဒါဖြင့် ရန်ကျောက်ကဲ အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်မည်ဆိုလျှင် မေးခွန်းတစ်ခုရှိလာသည်က -
“ဘယ်အချိန်မှာ အမတကူးပြောင်းခြင်းအဆင့်ကို တက်ရောက်နိုင်မှာလဲ”
“အခြားသော အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်များနှင့် မည်သို့ကွာခြားမည်လဲ”
သို့သော် လွန်ခဲ့သော (၆)နှစ်ခန့်က သိုင်းသူတော်စင် ဒုတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း အလယ်ဆင်သာ ရှိသေးပြီး ယခု သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော ရန်ကျောက်ကဲအကြောင်း တွေးမိသည့်အခါ ကျွမ်းကျောင်းဟွေ စိတ်ထဲ ရူးသွပ်စွာ တုန်လှုပ်သွားရသည်။
တကယ်တော့ ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာထက် အချိန်စီးဆင်းမှု မြန်ဆန်သော သမုဒ္ဒရာကမ္ဘာတွင် အချိန် (၆)နှစ်ခန့် နေထိုင်ခဲ့ဖူးကြောင်း ကျွမ်းကျောင်းဟွေ မသိရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူ၏အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်မြင့်တက်မှုကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက အလွန်တရာ အံ့အားသင့်ဖွယ် ဖြစ်နေဆဲပင်။
ဤအကြောင်းစဉ်းစားမိတော့ ဝူထုန်တောင်မှ သိုင်းသမား (၂)ယောက်မှာ အဆိုးမြင်စိတ်များ ပိုပြီး တိုးပွားလာသည်။
ပြီးတော့ လွန်ခဲ့သော (၆)နှစ်ခန့်က ရန်ကျောက်ကဲ၏ဖခင် ရန်တိက နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရှိပြီး ဗလာနယ်အာကသကို ထိုးဖောက်ဖြတ်ကျော်ကာ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ တက်လှမ်းလာခဲ့သည်။
ယခု အချိန် (၆)နှစ်ကျော်သွားပြီးနောက် ရန်တိပြန်လည်ထွက်ပေါ်လာသည့်အခါ သူ၏ကျင့်ကြံခြင်းအဆင့်က သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပေပြီ။
ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို အလွန်အမင်း လျစ်လျူရှုခဲ့မိကြောင်း ထိုခဏတွင် ကျွမ်းကျောင်းဟွေ နားလည်သဘောပေါက်သွားသည်။
သူက ဤအကြောင်းကို သူ၏ဖခင်နှင့် အကြီးအကဲများကို အသိပေးရန် အလွန်အမင်း မျှော်လင့်မိသည်။
ကျင်းထင်တောင်နှင့် ဇာမဏီအရိုး ကိစ္စကို လောလောဆယ် ဘေးဖယ်ထားပြီး ဝါဒတောင်ကို အရှင်ဆုံး ရှင်းပစ်သင့်သည်။
သို့သော် သူ့အား ခါးသက်စေသည့်အချက်မှာ သူ့အနေဖြင့် ကျုန်းယွမ်ကျောင်းတော်မှ အသက်ရှင်လျက် ထွက်ခွာနိုင်ပါမည်လား မသေချာတော့ပေ။ ယခင်က ပေါ့ဆခဲ့မှုများအတွက် ပြင်ဆင်ရန် အခွင့်အရေးရရှိနိုင်တော့မည် မဟုတ်ပေ။
သူ၏ဖခင်ဖြစ်သူ တောင်ပိုင်းထိပ်တန်း အရှင်သခင် ကျွမ်းရှန်သည် လွန်ခဲ့သော (၂)နှစ်ကတည်းက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ ထွက်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပေ။
ပိုဆိုးသည်မှာ အရင်ကဖြစ်ပျက်ခဲ့သည်များကို ဥပမာယူတွက်ချက်ပါက ကျွမ်းရှန်အနေဖြင့် နောက်နှစ်အနည်းငယ်ကြာသည်အထိ ပြန်လာနိုင်ဦးမည်မဟုတ်ကြောင်း သူ သိရှိထားသည်။
ကျွမ်းရှန်သာ မဟုတ်ပေ။ အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့် အခြားသော ထိပ်တန်း အရှင်သခင်များသည်လည်း သူတို့နေထိုင်ရာ နေရာများတွင် မရှိကြပေ။
ဝါဒတောင်က သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကြယ်ခြေလက်ဝါးသခင် ကွမ်းလီတဲ့ကို သတ်ဖြတ်ခဲ့ပြီး ယခု သူ့အရှေ့မှ ရန်ကျောက်ကဲ၏ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်မှာပင် တစ်မူထူးခြား မြင့်မားသောအစွမ်းကို တွေ့မြင်ရသည့်အခါ...
လက်ရှိအချိန်တွင် ဝါဒတောင်ကသာ ဝူထုန်တောင်စောင်းကိုတိုက်ခိုက်မည်ဆိုပါက လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူဖြစ်သော ကျွမ်းရှန်သာ မရှိခဲ့လျှင် သူတို့အားလုံးကို ချေမှုန်းပစ်နိုင်မည်လားဟု ကျွမ်းကျောင်းဟွေ တွေးလိုက်မိသည်။
ယခုမှ ဝါဒတောင်ကိုအရေးစိုက်လာသော ကျွမ်းကျောင်းဟွေသည် စိတ်ထဲတွင် မသေချာမရေရာမှုများကို ခံစားလာရသည်။
ထို့ပြင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ဒီအတိုင်းထိုင်ကြည့်နေမည် မဟုတ်သော ဒေသခံ တန်ခိုးစွမ်းအားရှင်များလည်း ရှိနေသေးသည်။
ထိုသို့တွေးမိတော့ ပိုလို့တောင် စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။
ထူးကဲယန်စည်းတံဆိပ်က အဆက်မပြတ် ကျရောက်လာသည် ဖြစ်ရာ ကျွမ်းကျောင်းဟွေတို့ (၂)ယောက်မှာ အရိုးများပင် တုန်ခါလာသလို ခံစားကြရ၏။
တောက်ပသော နေရောင်ခြည်မှ ထွက်ပေါ်လာသော ရွှေရောင်မီးတောက်များက သူတို့ခန္ဓာကိုယ်အား လွှမ်းခြုံထားသည်။
ဝူထုန်တောင်စောင်းမှ တန်ခိုးစွမ်းအားရှင် (၂)ယောက်ဆီသို့ သေမင်းအရိပ် တဖြည်းဖြည်း ကျရောက်လာသည်။
ထိုအချိန် ရန်ကျောက်ကဲက တစ်ချက်ပြုံးလိုက်ရင်း...
“ကျွမ်းကျောင်းဟွေ... သဘောတူညီမှုတစ်ခုလုပ်မလား”
“ငါထင်တာမမှားဘူးဆိုရင်... တောင်ပိုင်းထိပ်တန်းအရှင်သခင်ရဲ့ သားတစ်ယောက်အနေနဲ့ ဒီလိုမျိုး သေရေးရှင်ရေးကြုံတွေ့ရတဲ့အခါ အသုံးပြုဖို့အတွက် မင်းဆီမှာ အကာအကွယ်ယန္တရားတစ်ခု ရှိနေနိုင်တယ်မဟုတ်လား”
သူကဆက်ပြောသည်။
“မင်းကျင့်ကြံထားတဲ့ ဇာမဏီအစစ်အမှန်ကျမ်းစာက မင်းရဲ့အသက်ကို ကာကွယ်မပေးနိုင်ရင်တောင် မင်းအဖေကတော့ ကာကွယ်ပေးနိုင်တယ်လေ”
“ငါပြောတာမှန်တယ်မဟုတ်လား”
ထိုစကားကြားတော့ ကျွမ်းကျောင်းဟွေ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
အမှန်တကယ်လည်း သူ၏ဖခင်ဖြစ်သူ ကျွမ်းရှန်က သူ့ခန္ဓာကိုဘ်တွင် ယန္တရားအစီအရင်တစ်ခု ထားရှိပေးခဲ့သည်ပင်။
သူ၏ကိုယ်ပိုင် နိဗ္ဗာနမီးတောက်ကို ဆုံးရှုံးပြီးနောက် သေခြင်းတရားထပ်မံကြုံတွေ့ရပါက လွတ်မြောက်နိုင်ရန် ကျွမ်းရှန် ချန်ထားခဲ့သော ယန္တရားကိုအသုံးပြုကာ ထွက်ပြေးရန် အခွင့်အရေးရှိသည်။
ပြီးတော့ ထိုယန္တရားကိုအသုံးပြုလိုက်ပါက ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းသို့ တန်းပြီး ပြန်လည်ရောက်ရှိသွားကာ ရှင်သန်နိုင်မည် ဖြစ်၏။ သို့ဖြစ်ရာ နောက်ဆက်တွဲအန္တရယ်များရှိလာလျှင်ပင် လွတ်မြောက်နိုင်ပေသည်။
သို့ရာတွင် ဤသို့သောနည်းလမ်းမျိုးက အလွန်တရာပေးဆပ်ရသောတန်ဖိုးမြင့်မားပြီး ဘေးထွက်ဆိုးကျိုးလည်းကြီးမားသည်။
မည်သို့ပင်ဖြစ်စေ အသက်အန္တရာယ်နှင့်ရင်ဆိုင်ရချိန်မှာတော့ မိမိအသက်ထက် ဘယ်အရာမှ အရေးမကြီးပေ။
ဤကိစ္စက ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး သူ့ဘေးနားမှ ဆရာဦးလေးသည်ပင် သိရှိခဲ့ခြင်း မရှိပေ။
ယခုစကားများကိုကြားတော့ လူရွယ်၏မျက်နှာအမူအရာပြောင်းလဲသွားပြီး ကျွမ်းကျောင်းဟွေကို လှည့်ကြည့်လိုက်သည်။
ရန်ကျောက်ကဲက လက်တစ်ဖက်တွင် ထူးကဲယန်စည်းတံဆိပ်ကိုကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင် ကျုန်းယွမ်ကျောင်းတော်မှရရှိသည့် ကျောက်စိမ်းအင်းချပ်ကို ကိုင်ဆောင်ထားသည်။
ကျောက်စိမ်းအင်းချပ်အတွင်းမှ မှိန်ဖျော့ဖျော့အနက်ရောင်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ မှေးမှိန်လွန်းသဖြင့် ထင်ယောင်ထင်မှားဖြစ်လေသလားပင် ထင်မှတ်ရ၏။
ရန်ကျောက်ကဲက ပြုံးရင်း...
“မင်းကိုကြိုပြောထားမယ်... အဲဒီလို အကာအကွယ် ယန္တရားအသုံးပြုမယ် ဆိုရင်တောင် ငါ့ရှေ့မှာအသုံးမဝင်ဘူး”
သူက ဆက်ပြောသည်။
“မင်းနဲ့သဘောတူညီချက် တစ်ခု လုပ်ချင်တာကတော့ မင်း ငါမေးတဲ့မေးခွန်းတစ်ခုကို ဖြေပေးဖို့ပဲ ၊ ဒါဆိုရင်တော့ မင်းမှာရှိတဲ့ ယန္တရားပညာအသုံးပြုပြီး ထွက်ပြေးခွင့်ပြုလိုက်မယ်”
“ဒါပေမဲ့ မင်းမှာသာ အဲဒီလိုပညာမျိုးမရှိခဲ့ဘူးဆိုလို့ကတော့ သေလမ်းတစ်လမ်းပဲရှိတယ်”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
“ပြီးတော့ ဒီမေးခွန်းအဖြေကို ငါသိပ်ပြီးသိချင်နေတယ်လို့တော့ မထင်လိုက်နဲ့ ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မေးခွန်းအဖြေသိရဖို့ထက် ငါမင်းကိုပိုပြီးသတ်ပစ်ချင်နေတာ”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက သူ၏လက်ဝါးရိုက်ချက်ကို ပိုမိုဖိအားပေးလိုက်သည်။
ထူးကဲယန်စည်းတံဆိပ်က တကယ့်နေဝန်းအစ်သို့ပြောင်းလဲသွားပြီး တဖြည်းဖြည်း ကျယ်ပြန့်လျက် တုန်ခါလာသည်။
ကျွမ်းကျောင်းဟွေနှင့် သူ၏ဆရာဦးလေးတို့မှာ အသွေးအသားများ မီးလောင်ကျွမ်းအက်ကွဲသွားသည်။
သူတို့နှစ်ယောက်လုံးက ဇမဏီငှက်အသွင်ပြောင်းလဲကာ ခုခံရန် အပြင်းအထန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
နှစ်ယောက်လုံး ဒေါသတကြီးကြုံးဝါးသံ ပြုလုပ်လိုက်ကြသော်လည်း ဇာမဏီပုံရိပ်များ ကြေမွသွားကာ အောက်သို့လွင့်စဉ် ကျဆင်းသွားရသည်။
ရန်ကျောက်ကဲ သေသေချချာ ကြည့်လိုက်တော့ သက်လတ်ပိုင်းလူရွယ်မှ အသွင်ပြောင်းထားသည့် ဇာမဏီငှက်မှာ အရိုးအသားများမကျန်တော့ဘဲ ဝိညာဉ်သည်ပင် အစိတ်စိတ်အမြွှာမြွှာ ပြန့်ကျဲသွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။
သို့သော် ကျွမ်းကျောင်းဟွေမှ အသွင်ပြောင်းထားသည့် ဇာမဏီမီးတောက် ပျက်စီးသွားပြီးသည့်နောက် ကောင်းကင်ထက်တွင် မီးတောက်တစ်ခု ပြန်လည်ထွက်ပေါ်လာသည်။
ထိုမီးတောက်က ဗလာနယ်ကိုဖြတ်ကျော်ပြီး အဝေးသို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေသည်။
မီးတောက်တည်ရှိရာ အချိန်နှင့်နေရာက ကျုန်းယွမ်ကျောင်းတော်မှ သီးခြားခွဲထွက်သွားပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည့်အလား ဖြစ်လေရာ ထူးကဲယန်စည်းတံဆိပ်က တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲက တဟားဟား အော်ဟစ်ရယ်မောရင်း...
“ပြေးနိုင်မယ်ထင်သလား ပြေးနိုင်မယ်ထင်သလား”
သူက လက်ဖဝါးကိုဆန့်ထုတ်လိုက်ရာ မငြိမ်မသက် ပရမ်းပတာ ဖြစ်စဉ်တစ်ခု ပေါ်လာသည်။
ထိုပရမ်းပတာဖြစ်စဉ်က နေရာတိုင်းတွင် ထွက်ပေါ်လာပြီး ကျွမ်းကျောင်းဟွေ အသွင်ပြောင်းထားသော မီးတောက်ကို အတင်းအကျပ် စုပ်ယူပစ်လိုက်၏။
မီးတောက်ထဲတွင် ဝိညာဉ်တစ်ခု လွင့်မျောနေပုံရပြီး ကျွမ်းကျောင်းဟွေ၏မျက်နှာတဖြည်းဖြည်း ထွက်ပေါ်လာကာ ရန်ကျောက်ကဲကို ထိတ်လန့်စွာဖြင့် စူးစိုက်ကြည့်နေသည်။
ရန်ကျောက်ကဲက ဖြည်းညင်းစွာဖြင့်...
“သိပ်ကောင်းတယ်... ၊ အခု ငါတို့ သဘောတူညီချက်လုပ်မယ် ၊ ငါမေးတဲ့မေးခွန်းကို မင်းဖြေချင်သလား ဆိုတဲ့အပေါ်ပဲ မူတည်တယ်”
သူက ဆက်ပြောသည်။
“ကျူတောပင်လယ်ဒေသ ၊ သဘာဝပသာဒနယ်မြေမှာ မင်းထွက်သွားတုန်းက မင်းနဲ့အတူ မန်ဝမ်လို့ခေါ်တဲ့ မိန်းကလေးကို ဖမ်းခေါ်သွားတယ် ၊ ပြီးတော့ မင်းတို့ဂိုဏ်းမှာ လျိုရွှမ့်ထင်လို့ခေါ်တဲ့ အကြီးအကဲ အမျိုးသမီးတစ်ယောက် ရှိတယ်ဆိုတာ ငါသတင်းကြားတယ် ၊ ငါ့အထင် မမှားဘူးဆိုရင် သူနဲ့မန်ဝမ်က သားအမိတွေ ဖြစ်ရမယ်”
ရန်ကျောက်ကဲက ကျွမ်းကျောင်းဟွေကို စူးစိုက်ကြည့်ရင်း...
“ငါမေးချင်တာက မန်ဝမ်ရဲ့အဖေက ဘယ်သူလဲ”