← Chapters

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ဝင်ရောက်ခြင်း

Vol. 68 Ch. 957

တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ဝင်ရောက်ခြင်း

Vol. 68 Ch. 957

အခန်း (၉၅၇) တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ဝင်ရောက်ခြင်း

ရန်ကျောက်ကဲက ပန်ပန်၏ကျောထက်တွင်ထိုင်ရင်း ကမ္ဘာဖြတ်လမ်းကြေင်းအတွင်းမှ ထွက်ခွာလာသည်။ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးနောက် သူ မနေနိုင်ဘဲ ရယ်မောလိုက်၏။

ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူများစွာက သုံးပေတောင်မှ အကြီးအကဲများကို ဝိုင်းရံပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို တွေ့မြင်လိုက်ရသောကြောင့် ဖြစ်သည်။

ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူများက နတ်ဘုရားသိမြင်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး သိုင်းပညာလည်းတော်ကြသည်ဖြစ်ရာ ရန်ကျောက်ကဲလက်ချက်ဖြင့် ဒဏ်ရာရထားသော သုံးပေတောင်မှအကြီးအကဲ (၂)ယောက်မှာ တိုက်ပွဲတွင် အသာစီးမရရှိနိုင်ကြပေ။

သို့သော် ရန်ကျောက်ကဲပေါ်လာသည့်အခါ နှစ်ဖက်လုံးက တိုက်ပွဲရပ်တန့်သွားကြသည်။

ဝူထုန်တောင်စောင်းမှသိုင်းသမားများက ရန်‌ကျောက်ကဲကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

သူတို့သည်လည်း ကျွမ်းကျောင်းဟွေကဲ့သို့ပင် မြောက်ဖေးတောင်ထွတ်နှင့် ကျင်းထင်တောင်ကိုသာ မျက်လုံးထဲထားကြပြီး ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို အနည်းငယ် အထင်သေးကြသည်။

ပြီးတော့ ရန်ကျောက်ကဲ သတ်ဖြတ်ခြင်းခံလိုက်ရသည့် ကျွမ်းကျောင်းဟွေနှင့် သူ၏ဆရာဦးလေးမှာလည်း သူတို့၏အမှားကို ဝန်ခံနိုင်ကြတော့မည် မဟုတ်ပေ။

ကျွမ်းကျောင်းဟွေတို့အုပ်စု ကျောက်ဂူအိမ်တော်အတွင်းဝင်ရောက်သွားသော်လည်း ပြန်ထွက်လာသူက ရန်ကျောက်ကဲ ဖြစ်နေသဖြင့် ဝူထုန်တောင်မှ သိုင်းသမားများ အံ့သြထိတ်လန့်သွားကြရသည်။

သူတို့အားလုံး ခဏမျှမှင်တက်သွားပြီးနောက် ရန်ကျောက်ကဲထံ ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။

တောင်ပိုင်းထိပ်တန်း အရှင်သခင် ကျွမ်းရှန် အစောကြီးကတည်းက တင်းကျပ်သည့် အမိန့်တစ်ခု ချမှတ်ခဲ့သည်။

ရန်ကျောက်ကဲသာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ဝင်ရောက်လာပါက တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ ကရုဏာကင်းစွာ သတ်ဖြတ်ပစ်ရမည်ဆိုသော အမိန့်ဖြစ်၏။

တောင်ပိုင်း မီးတောက်ကောင်းကင် ပြည်နယ်မှ သိုင်သမားတိုင်း ရန်ကျောက်ကဲကို သတ်ဖြတ်နိုင်သည်ဟုလည်း အမိန့်ထုတ်ထားသည်။

သို့ဖြစ်ရာ တောင်ပိုင်းမီးတောက်ကောင်းကင် ပြည်နယ်မှ အခြားသိုင်းသမားများကို မည်သို့ရှိမည် မသိသော်လည်း ဇာမဏီရိုးရာ‌တောင် ၊ ဝူထုန်တောင်စောင်းမှ ကျွမ်းရှန်၏ အဆက်အနွယ်တိုင်းကတော့ အမိန့်ကိုနာခံပြီး ရန်ကျောက်ကဲကို တိုက်ခိုက်မည်သာပင်။

ရန်ကျောက်ကဲကတော့ ပန်ပန်၏ကျောပြင်ထက် အေးဆေးစွာ တင်ပျဉ်ခွေထိုင်ရင်း ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ရုံမှလွဲပြီး တခြားမလှုပ်ရှားခဲ့ပေ။

လက်ဝါးရိုက်ချက်ထုတ်ဖော်လိုက်သည်နှင့် ဝူထုန်တောင်စောင်းမှ သိုင်းသမားများမျက်လုံးထဲတွင် မိုးနှင့်မြေ ပြောင်းပြန်လန်သွားသည့်အလား ခံစားလိုက်ရ၏။

စက်ဝန်းသံသရာ ကောင်းကင်စည်းတံဆိပ်၏ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်ဖြတ်ကျော်သွားသည်။

“ဒီပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအားတွေအရမ်းကောင်းတယ် ၊ သစ်ပင်တွေကလည်းစိမ်းလန်းနေတယ် ၊ ကြည့်ရတာ... တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် မြောက်ဘက်က အဆုံးမဲ့တောင်တန်းကို ရောက်နေတာဖြစ်ရမယ်”

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရင်း ကောက်ချက်ချလိုက်၏။

သူက တောင်ပိုင်းထိပ်တန်း အဆက်အနွယ်များနှင့် ရန်ဘက်ပြုပြီးကတည်းက ဤဒေသနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရသမျှရှာဖွေလေ့လာထားပြီး ထောက်လှမ်းရေး လုပ်ငန်းစဉ်ကိုလည်း အလေးထား လုပ်ဆောင်ကာ ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

တောင်ပိုင်း မီးတောက်ကောင်းကင် ပြည်နယ်နှင့် ပတ်သက်သည့်သတင်းများကို အရပ်ရပ်မှ စုဆောင်းခဲ့သည်ဖြစ်ရာ ယနေ့တော့ အသုံးဝင်လာခဲ့ပေပြီ။

ယခု တောင်ပိုင်း မီးတောက်ကောင်းကင် ပြည်နယ်သို့ ရန်ကျောက်ကဲ ပထမဆုံး လာရောက်ခြင်း ဖြစ်သော်လည်း ဤနေရာမှ အရေးကြီးသော အထင်ကရ နေရာများအကြောင်းကို သိရှိထားသည်မှာ ကြာမြင့်ခဲ့ပေပြီ။

မြေပြင်အနေအထား ထူးခြားချက်များကို ‌လေ့လာကြည့်လိုက်ရာ အတိအကျ မပြောနိုင်သည့်တိုင် ‌တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ် မြောက်ဘက်ပိုင်းသို့ ရောက်ရှိနေသည်ဟု ခန့်မှန်းနိုင်ခဲ့သည်။

ထို့ကြောင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်သို့ ဝင်ရောက်လာသည့်တိုင် ရန်ကျောက်ကဲက ထိတ်လန့်ခြင်း မရှိခဲ့ပေ။

သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး ဝူထုန်တောင်စောင်းမှတပည့်များကို အရင်ဆုံး ရှင်းပစ်လိုက်သည်။

ရန်ကျောက်ကဲက သွေးဆာနေသော လူသတ်သမားတစ်ယောက် မဟုတ်သည့်တိုင် သတ်ရဖြတ်ရသည်ကိုတော့ ဝန်လေးသည်မဟုတ်ပေ။

ဝူထုန်တောင်စောင်းမှ သိုင်းသမားများမှာ ရန်ကျောက်ကဲကို ကြောက်ရွံ့သွားကြပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်ကြသည်။

သို့သော် ထွက်ပြေးရန်မှာ သူတို့ထင်ထားသလောက် မရိုးရှင်းသလို အလွန်လည်း နောက်ကျသွားပြီ ဖြစ်၏။

အခြားတစ်ဖက်မှာတော့ ရန်ကျောက်ကဲနှင့် ဝူထုန်တောင်မှတပည့်များ တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူကာ သုံးပေတောင်မှ အကြီးအကဲ (၂)ယောက်က ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။

သူတို့က နောက်ပြန်မလှည့်ဘဲ တချိုးတည်းလစ်ကာ လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် လမ်းနှစ်သွယ်ခွဲကာ ထွက်ပြေးခဲ့ကြသည်။

ရန်ကျောက်ကဲက ပြုံးလိုက်ပြီး ပန်ပန်၏ခေါင်းကို တစ်ချက် ပုတ်လိုက်သည်။ ထို့နောက် ပန်ပန်ထက်မှ ခုန်ဆင်းလိုက်ပြီး အမတကူးပြောင်းခြင်း အဆင့်ရှိသော သုံးပေတောင်မှ အကြီးအကဲနောက်သို့ လိုက်ပါသွားသည်။

ပန်ပန်ကတော့ အားဟူကိုခေါ်ဆောင်ကာ သုံးပေတောင်မှ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်နောက်သို့ လိုက်ပါသွားသည်။

ရန်သူက ဒဏ်ရာအပြင်းအထန်ရရှိထားသည်ဖြစ်ရာ ပန်ပန်အနေဖြင့် ကိုင်တွယ်နိုင်ပေလိမ့်မည်။

သုံးပေတောင်မှ အမတကူးပြောင်းခြင်း အဆင့် သိုင်းသူတော်စင်မှာ အနောက်ဘက်မှ ကြောက်မက်ဖွယ်ရာ ရောင်ဝါတစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည့်အခါ ချက်ချင်းပင် ထိတ်လန့်သွားရ၏။

“ရန်ကျောက်ကဲ... ငါတို့ သုံးပေတောင်နဲ့ရန်သူလုပ်ရင် မင်းအတွက် အကျိုးမရှိဘူး ၊ မင်းသိလား...”

သူ၏စကားမဆုံးခင် ရန်ကျောက်ကဲက ဖြတ်ပြောလိုက်သည်။

“မင်းတို့နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ငါ‌ကောင်းကောင်းသိတယ် ၊ ဒါပေမဲ့ အရေးစိုက်မှာမဟုတ်ဘူး”

သူက ဆက်ပြောသည်။

“မင်းတို့ သုံပေတောင်သခင်နဲ့ တခြားသူတွေ ငရဲမှာ မင်းကိုစောင့်နေတယ် ၊ မင်းသေရင် အထီးကျန်မှာ မဟုတ်ပါဘူး”

ပြောပြီးသည်နှင့် သူက လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

တစ်ဖက်လူမျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင် ဖြစ်သွားသည်။

"မင်းတကယ်ပဲ..."

သူ့စကားမဆက်နိုင်ခင် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က သူ၏ငယ်ထိပ်ထက်သို့ ကျရောက်သွားပြီး ဦးနှောက်တစ်ခုလုံး ပွင့်ထက် ပြန့်ကျဲသွားသည်။

ရန်သူကို သတ်ဖြတ်ပြီးသည်နှင့် ရန်ကျောက်ကဲက ချက်ချင်းပင်လှည့်ထွက်ပြီး အားဟူနှင့် ပန်ပန်နောက်သို့ လိုက်ပါသွားသည်။

ခဏအကြာတွင် လိုက်မီလာပြီးနောက် ပန်ပန်ထက်တွင်ထိုင်နေသော အားဟူ၏နောက်ကျောပြင်ကို တွေ့မြင်လိုက်ရသည်။

ရန်ကျောက်ကဲက ပန်ပန်ထက်သို့ ခုန်တက်လိုက်ရင်း...

“ရှင်းလိုက်ပြီလား”

ထို့နောက် သူက ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ရင်း...

“ဘာသွေးနံ့မှမရပါလား ၊ မင်း ရန်သူကို မသတ်ရသေးဘူးလား”

အားဟူ၏မျက်နှာက အနည်းငယ်ထူးဆန်းနေပြီး...

“သခင်လေး... မျှော်လင့်မထားတာ တစ်ခုခု ဖြစ်သွားတယ်”

ပြောပြီး သူက တစ်နေရာသို့ လက်ညှိုးညွှန်ပြသည်။

တကယ်တော့ သူ လက်ညှိုးညွှန်ပြစရာပင် မလိုပေ။ ပန်ပန်က ရန်သူကို မသတ်ဖြတ်သေးကတည်းက ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်ပြီးပြီ ဖြစ်သည်။

ထိုနေရာတွင် လူ (၂)ယောက် တိုက်ခိုက်နေကြသည်။

ရန်ကျောက်ကဲ သေသေချာချာ ကြည့်လိုက်တော့ တိုက်ခိုက်နေသူ (၂)ယောက်တွင် တစ်ယောက်က သုံးပေတောင်မှ အကြီးအကဲဖြစ်ပြီး တစ်ယောက်ကတော့ လူငယ်တစ်ယောက် ဖြစ်သည်။

လူငယ်က အသက် (၂၀)ပင်မပြည့်သေးဟန်ရှိပြီး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ တိုက်ခိုက်မှုက လျှပ်စီးလက်သည့်ပမာ လျင်မြန်လွန်းသည်။

ရန်ကျောက်ကဲအမြင်အရ သူ၏အသက်အရွယ်အမှန်မှာ (၂၀)ကျော်ပြီဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်နှင့် နှိုင်းယှဉ်ပါက ထိတ်လန့်စရာ ကောင်းလောက်အောင် ငယ်ရွယ်လွန်းသေးသည်။

ဤအသက်အရွယ်ဖြင့် သိုင်းသူတော်စင် ပထမအဆင့်သို့ရောက်ရှိနေသည်မှာ အထက်ကမ္ဘာတစ်ခုလုံးတွင် အလွန်ရှားပါးသည်။

သူ၏ဘယ်ဘက်မျက်လုံး ပျက်စီးနေပြီး မျက်နှာထက်မှ ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးကြောင့်သာ မဟုတ်လျှင် သူ့ကို ချောမောသူ တစ်ယောက်ဟုပင် ဆိုနိုင်သည်။

သို့သော် လူငယ်က သူ့မျက်နှာထက်မှ ဒဏ်ရာများကို အရေးမစိုက်ဘဲ သုံးပေတောင်မှ အကြီးအကဲကိုသာ စူးစိုက်ကြည့်နေသည်။

သူက ရန်သူကို ခွန်အားအပြည့်သုံးကာ တိုက်ခိုက်နေသဖြင့် ဒဏ်ရာများကို ကုသရန် ခွန်အားမရှိတော့သဖြင့် မျက်နှာညာဘက် တစ်ခြမ်းလုံး သွေးများ စိုရွှဲနေသည်။

ထို သုံးပေတောင်အကြီးအကဲမှာ နတ်ဘုရားသိမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ရန်ကျောက်ကဲကြောင့် ဒဏ်ရာရရှိထားသဖြင့် သူ၏စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။

သူက ရန်ကျောက်ကဲ လိုက်လာမည်ကို စိုးရွံ့သည့်အတွက် ဤနေရာမှ ထွက်ပြေးရန်သာ အာရုံစိုက်နေသည်။

သို့သော် သူ မတိုက်ခိုက်ချင်လေ သူ့ထက်ကျင့်ကြံခြင်းအဆင့် နည်းပါးသော လူငယ်က ပိုပြီး ဖိနှိပ်တိုက်ခိုက်လေ ဖြစ်သည်။

ရန်ကျောက်ကဲက တိုက်ပွဲကိုကြည့်ရင်း စိတ်ဝင်စားသွားသည်။

“တစ်ခုခုတော့တစ်ခုခုပဲ”

အနီရောင်ဝတ်လူငယ်မှာ အကြောင်းပြချက်တစ်ခုခုကြောင့် ပုံမှန်စွမ်းအားကို ပြင်းပြင်းထန်ထန် မထုတ်ဖော်နိုင်သော်လည်း ကျင့်ကြံခြင်းအဆင့် တူညီသူများအလယ်တွင် ထူခြားသာလွန်သူတစ်ယောက်ဖြစ်သည် အမှန်ပင်။

သိုင်းသူတော်စင် ပထမအဆင့် ကျင့်ကြံသူများမဆိုထားနှင့် သိုင်းသူတော်စင် ဒုတိယအဆင့် ကျင့်ကြံသူများသည်ပင် ထို အနီရောင်ဝတ်လူငယ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

လူငယ်၏လက်ထဲတွက် လက်နက်မရှသော်လည်း သူ၏လက်ဝါးက ဓားသွားပမာဖြစ်ပြီး တစ်ကြိမ်တိုက်ခိုက်လိုက်တိုင်း ဓားသွားက ကောင်းကင်ကိုထိုးခွင်းပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာစေသည်။

ထွက်ပေါ်လာသည့်မိုးကြိုးသွားများက သွေးကဲ့သို့ရဲရဲနီနေပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည်။

မိုးခြိမ်းသံများအလယ်တွင် သုံးပေတောင်မှသိုင်းသမားက ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်တိုက်ခိုက်နေသည့်တိုင် သွေးနီရောင်များက လွှမ်းခြုံထားခြင်းကို ခံရသည်။

မိုးခြိမ်းသံနှင့်ဓားအလင်းတန်းတို့ ပေါင်းစပ်သွားပြီး မိုးမြေတစ်ခုလုံး တုန်လှုပ်သွားစေကာ ရွှေရောင်အလင်းတန်းများကို အရှိန်အဟုန်ဖြင့် ဝန်းရံလှည့်ပတ်ထားသည်။

အနီရောင်ဝတ်လူငယ်က ပြင်းထန်သော မျက်တန်းများဖြင့် အသက်ကိုမဓာနမထားဘဲ ကျယ်လောင်သည့် ကြုံးဝါးသံတစ်ချက်ပြုလုပ်ရင်း ရန်သူကို အရူးအမူး အပြင်းအထန် တိုက်ခိုက်နေ၏။

“အရင်ကတည်းက သုံးပေတောင်က ဒီလူရဲ့ အရိပ်ကျုံ့အိတ်ထဲမှာ လူတစ်ယောက်ရှိနေတယ်လို့ အာရုံခံမိတာ”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း ဆိုသည်။

“ဒါပေမဲ့ သူတို့ဂိုဏ်းက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးတဲ့ တပည့်တစ်ယောက်လို့ ထင်ခဲ့မိတာ ၊ အခုတော့ ကြည့်ရတာ သူတို့ဖမ်းထားတဲ့ လူတစ်ယောက် ဖြစ်ရမယ်”

အားဟူက ခေါင်းညိတ်ရင်း...

“ဟုတ်တယ်... ကျွန်တော်နဲ့ပန်ပန် သူ့နောက်လိုက်ပြီး သိပ်မကြာဘူး သူ့အင်္ကျီလက်ပြဲသွားပြီး သွေးနီရောင်အလင်းတန်းတစ်ခုထွက်လာပြီး သူ့ကိုတိုက်ခိုက်တာပဲ”

“ဒီလူရဲ့ဒဏ်ရာကပြင်းထန်တော့ ဒီကောင်လေးကို အရိပ်ကျုံ့အိတ်ထဲမှာ ဆက်ပြီး ဖမ်းထားလို့ မရတော့တာ ဖြစ်နိုင်တယ်”

အားဟူက ခေါင်းတစ်ချက် ကုတ်ရင်း...

“ဒါကြောင့် ဒီ သုံးပေတောင်ကလူကို ကျွန်တော်တို့ မတိုက်ခိုက်ခင် သူတို့နှစ်ယောက်က အပြင်းအထန် တိုက်ခိုက်ကြတော့တာပဲ”

All Chapters