← Chapters

မိုးကြိုးသွားသွေး

Vol. 68 Ch. 958

မိုးကြိုးသွားသွေး

Vol. 68 Ch. 958

အခန်း (၉၅၈) မိုးကြိုးသွားသွေး

မိစ္ဆာတစ်ကောင်လို ရူးသွပ်နေပုံရသည့် အနီရောင်ဝတ်လူငယ်ကို ကြည့်ရင်း အားဟူ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“သခင်လေး... သူသုံးတဲ့ဓားသိုင်းက... ကြည့်ရတာ...”

ရန်ကျောက်ကဲက...

“အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ပိုင်နက်ထဲက လင်ကူတောင်တန်းမှာရှိတဲ့ ပျက်ဆီးသွားတဲ့ ‘ရှ’ အိမ်တော်ကလူ မဟုတ်လား”

အားဟူ ခေါင်းညိတ်လိုက်သည်။

သူတို့က မိုးကြိုးသံတောင်ထွတ်မှ ‘ရှ’ အိမ်တော်နှင့် ပတ်သက်ခဲ့ဖူးခြင်း မရှိပေ။

လင်ကူတောင်တန်းမှ သိုင်းကျင့်ကြံသူများထံမှ ‘ရှ’ အိမ်တော် ကြောက်မက်ဖွယ်ရာ ပျက်စီးရခြင်းသတင်းနှင့်များကို ကြားသိခဲ့ရဖူးသည်။

‘ရှ’ အိမ်တော်ပိုင်ဆိုင်သည့် မိုးကြိုးပေါက်ကွဲဓားသိုင်းက ဤမျှထူးခြားသည့်စွမ်းအားကို ပိုင်ဆိုင်ခြင်းမရှိပေ။ အမှန်တော့ ‘ရှ’ အိမ်တော်ဆိုသည်က အောက်ဘုံကမ္ဘာမှ ရောက်ရှိလာသည့် သိုင်းဂိုဏ်းတစ်ခုပင် မဟုတ်ပါလား။

အထက်ဘုံကမ္ဘာတွင် အောင်မြင်စွာရပ်တည်လာနိုင်ခဲ့သည်ဆိုသော်လည်း ထိပ်တန်း အဆက်အနွယ်များနှင့် နှိုင်းယှဉ်ရန်မဆိုထားနှင့် လင်ကူတောင်တန်းမှာပင် ထူးခြားသောအင်အားစုတစ်ခု ဖြစ်မလာခဲ့ပေ။

ထို့ကြောင့် အားဟူမှာ ထိုကိစ္စနှင့်ပတ်သက်ပြီး မသေမချာဖြစ်လျှက် ချီတုံချတုံဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်သည်။

“မိုးကြိုးသံ‌တောင်ထွတ် က ‘ရှ’ အိမ်တော်မှာ သူတို့သိုင်းပညာသာမက ဒြပ်စင်ငါးပါးဖန်ဆင်းခြင်း းမိုးကြိုးပညာ တစ်ခုလည်း ရှိနေတယ် ၊ သတ္တုဒြပ်စင်ရဲ့ သတ္တုထိပ်တန်း မိုးကြိုးပညာပဲ”

ရန်ကျောက်ကဲ ပြောလိုက်သည်။

“သူတို့အဆုတ်တွေကို မိုးကြိုးစွမ်းအားနဲ့လေ့ကျင့်ထားတာ ၊ ဒါကြောင့် သူတို့အသက်ရှူသံက စူးရှပြီး သတ္တုတွေကိုတောင်ထိုးဖောက်နိုင်တဲ့ မိုးကြိုးသံနဲ့ဆင်တူတယ် ၊ ဒီစွမ်းအားကို ဓားသိုင်းနဲ့ပေါင်းစပ်လိုက်တော့ စွမ်းအားတွေ အရမ်းတက်လာတာပဲ”

“တကယ်တော့ ဒီမိုးကြိုးစွမ်းအားကို ဓားသိုင်းမှမဟုတ်ဘူး ဘာလက်နက်နဲ့တွဲဖက်အသုံးပြုပါစေ အကျိုးရှိနိုင်တယ်”

ဒြပ်စင်ငါးပါးဖန်ဆင်းခြင်းမိုးကြိုးပညာတွင် ရန်ကျောက်ကဲက ‘မီးတောက်မိုးကြိုး’ ကိုပိုင်ဆိုင်ထားပြီး ထိုပညာက အနီရောင်ဝတ်လူငယ်လေးအသုံးပြုသော သတ္တုထိပ်တန်းမိုးကြိုးဖြင့် ဆက်စပ်နေသည့်တိုင် အနှစ်သာရအားဖြင့် တူညီခြင်း မရှိပေ။

သို့သော် အနီရောင်ဝတ်လူငယ်လေး၏ တန်ခိုးစွမ်းအားမြင့်မားနေသည့်အချက်က ထိုမိုးကြိုးစွမ်းအားတစ်ခုတည်းကြောင့် မဟုတ်ပေ။

“သူ့ခန္ဓာကိုယ်ကိုသေသေချာချာကြည့်လိုက်”

ရန်ကျောက်ကဲက ဆန်းကျယ်မှုကို စကားလုံးတစ်လုံးတည်းဖြင့် ပြောလိုက်သည်။

အားဟူက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့်အတွက် တိုက်ပွဲအသေးစိတ်အချက်အလက်များကို နားလည်ရန် ခက်ခဲသည်။

သို့သော် ရန်ကျောက်ကဲ သတိပေးလိုက်ပြီးသည့်နောက် သူက အနီရောင်ဝတ်လူငယ်လေးကို သေသေချာချာ ဂရုစိုက်ကြည့်ရှုလိုက်သည်။ ထိုအခါ လူငယ်၏အရေပြားထက်တွင် သင်္ကေတအချို့ရှိနေကြောင်း တွေ့မြင်လိုက်ရ၏။

ထိုသင်္ကေတများက မိုးကြိုးသွားအသွင်ဖြစ်ပြီး သွေးကဲ့သို့ ရဲရဲနီနေပြီး ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်စေသည်။

အဝတ်အစားများဝတ်ဆင်ထားသဖြင့် ထိုသင်္ကေပုံစံများကို အနည်းငယ်သာ မြင်ရသည်။

သို့သော် နှစ်ဖက်ကြားတိုက်ပွဲ အထွတ်ထိပ်အဆင့်သို့ ရောက်လာသည်နှင့်အမျှ အနီရောင်ဝတ်လူငယ်က သူ၏စွမ်းရည်ကို အမြင့်ဆုံးအဆင့် မြှင့်တင်လိုက်သည့်အခါ ထိုသင်္ကေတပုံစံများက တဖြည်းဖြည်း နေရာအနှံ့သို့ကျယ်ပြန့်လာကြောင်း တွေ့ရသည်။

ခဏအကြာမှာတော့ သွေးနီရောင်မိုးကြိုးသွားသင်္ကေတများက သူ၏လက်များ ၊ လည်ပင်များကို ဖုံးလွှမ်းသွားပြီး မျက်နှာထိတိုင်ပျံ့နှံ့လာသည်။

သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် ဒဏ်ရာများပွင့်ထွက်သွားသည့်ပမာပင် ထင်မှတ်ရသည်။

သူ၏တိုက်ခိုက်မှုက ရိုင်းစိုင်းကြမ်းတမ်းသော်လည်း ရှေးရိုးဆန်သည် ၊ ရက်စက်သည် ၊ ကြောက်မက်ဖွယ်ကောင်းသည်။

သွေးနီရောင်မိုးကြိုးသွားသင်္ကေတများ ချဲ့ထွင်ဖြန့်ကြက်လာခြင်းနှင့်အတူ အနီရောင်ဝတ်လူငယ်၏ တိုက်ခိုက်မှုက ပိုမိုကြမ်းတမ်းရက်စက်လာကာ ခံစစ်ကို လုံးဝလျစ်လျူရှုပြီး တိုက်စစ်ကိုသာပြုလုပ်နေတော့သည်။

သူ၏စွမ်းအားသည်လည်း အားကောင်းသည်ထက်အားကောင်းလာကာ ဆက်လက်မြင့်တက်လာသည်။

အဆုံးမရှိသော အာရုံခံမှုနှင့် အသက်ဓာတ်များကို ရူးသွပ်စွာလောင်ကျွမ်းစေလျှက် ဆုံးဖြတ်ချက်သည်လည်း ခိုင်မာလွန်း၏။

သူ့ကိုကြည့်ရသည်မှာ နောက်ဆုံးအခိုက်အတန့်ရောက်ရှိနေပြီး နောက်ဆုံးအချန်တွင် အတောက်ပဆုံးလင်းလက်လာသည့် မီးအိမ်ပမာ ထင်မှတ်ရစေသည်။

အချိန်အနည်းငယ်သာ ကြာမြင့်သွားပါက သူ့အနေဖြင့် အသက်ဓာတ်စွမ်းအားနှင့် ရှင်သန်ခြင်းတို့ လုံးလုံးလျားလျား ကွယ်ပျောက်သွားမည် ထင်မှတ်ရသည်။

သို့သော် သူ၏တန်ခိုးစွမ်းအားက အဆုံးမရှိသည့်အလား တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာသည်။

ပြင်းထန်စွာ ဒဏ်ရာရနေသော သုံးပေတောင်မှ အကြီးအကဲက တိုက်ပွဲတွင် အာရုံမရှိသော်လည်း အနီရောင်ဝတ်လူငယ်၏တိုက်ခိုက်မှုကို ခုခံနေကာ အသာစီးမရစေခဲ့ပေ။

ခမ်းနားသောနေဝန်းကြီးက ကောင်းကင်ထက်တွင်ရှိနေပြီး ရွှေရောင်နေဝန်း အလင်းတန်းများကြားတွင် သွေးနီရောင်လျှပ်စီးကြောင်းများ တောက်ပစွာထွက်ပေါ်လာပြီး နေဝန်းကြီးကို အဆက်မပြတ် အက်ကွဲကြောင်းများ ဖြစ်ပေါ်စေသည်။

အားဟူက တံတွေးတစ်ချက်မျိုချရင်း...

“သခင်လေး... အဲဒါဘာလဲ”

ရန်ကျောက်ကဲက တိုက်ပွဲအခြေအနေကိုအကဲခတ်ရင်း...

“ဒါက ရှေးဟောင်းစာအုပ်တွေထဲမှာပါတဲ့ မိုးကြိုးသွားသွေလို့ ခေါ်တဲ့ ထူးဆန်းတဲ့ ရုပ်ခန္ဓာပဲ”

“မိုးကြိုးသွားသွေးကို ပိုင်ဆိုင်တဲ့သူက မီးနဲ့မိုးကြိုးသံလိုမျိုး အရမ်းအစွမ်းထက်တဲ့ ချီစွမ်းအား သွေးစွမ်းအားတွေကို ပိုင်ဆိုင်တယ် ၊ ဒါကြောင့် သိုင်းကျင့်ကြံတဲ့အခါ ထူးခြားတဲ့အားသာချက်တွေကို ရရှိစေတယ်”

ဤရုပ်ခန္ဓာပိုင်ရှင်များက ကျင့်ကြံခြင်းအရှိန်အဟုန် မည်မျှပင်ရှိစေကာမူ တကယ့်လက်တွေ့တိုက်ပွဲတွင် အလွန်တရာအစွမ်းထက်မည်ဖြစ်ပြီး ရွယ်တူတန်းတူများထက် အဆမတန် ပေါက်ကွဲထွက်စေသော စွမ်းအားများကို ပိုင်ဆိုင်မည် ဖြစ်၏။

သို့သော် အားနည်းချက်လည်း ရှိလေသည်။

ကျင့်ကြံခြင်းတွင် ပေါ့လျော့မိခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရာရောက်သွားနိုင်သည်။

“မဟာကပ်ဘေးကြီးပြီးတဲ့နောက်... ဒီလို မိုးကြိုးသွားသွေး ရုပ်ခန္ဓာကို ပထမဆုံးအကြိမ် တွေ့မြင်ရတာပဲ”

ရန်ကျောက်ကဲက အနီရောင်ဝတ်လူငယ်ကို ညွှန်ပြရင်း...

“ပုံမှန်ဆိုရင် ဒီလိုမျိုး မိုးကြိုးသွားသင်္ကေတတွေက ထွက်ပေါ်လာမှာမဟုတ်ဘူး ၊ သူ့ပုံစံက သာမန်လူလိုပဲဖြစ်နေမှာ”

“ပြီးတော့ တိုက်ခိုက်ဖို့ တန်ခိုးစွမ်းအားသုံးတဲ့အခါ သူ့ရဲ့စွမ်းအားကို ပေါက်ကွဲထွက်စေမယ်ဆိုရင်တောင် အခုလောက်တော့ ပြင်းထန်မှာမဟုတ်ဘူး ၊ အခု သူဒီလိုပုံစံဖြစ်နေတာ သွေးမိုးကြိုး ထုံးတမ်းအစီအရင်ကြောင့်ပဲ”

ရန်ကျောက်ကဲက နှုတ်ခမ်းများကို ပွတ်သပ်လိုက်ရင်း...

“ဒီပညာကို အရင်က ကြားခဲ့ဖူးတယ် ၊ ဒါပေမဲ့ ဒီနေ့ မျက်မြင်တွေ့ရမယ်လို့ မျှော်လင့်မထားဘူး”

“သွေးမိုးကြိုးထုံးတမ်းအစီအရင်ဟုတ်လား”

အားဟူက ထိုလူငယ်၏ခန္ဓာကိုယ်ထက်မှ သင်္ကေတများကိုကြည့်ပြီး အတိတ်တစ်ချိန်က မီးတောက်မိစ္ဆာရုပ်ခန္ဓာရရှိခဲ့‌သော ရီကျင်းကို ပြန်လည်အမှတ်ရသွားသည်။

“ရီကျင်းရဲ့ သင်္ကေတက မီးတောက်ပုံစံပဲ ၊ သူကတော့ မိုးကြိုးသွားပုံစံပေါ့”

ရန်ကျောက်ကဲက အနီရောင်ဝတ်လူငယ်လေးကိုကြည့်ရင်း...

“ဒါပေမဲ့ အနှစ်သာရတော့မတူဘူး ၊ ရီကျင်းက မီးတောက်မိစ္ဆာရဲ့ ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ဖို့ ကောင်းကင်မီးတောက်ကျမ်းစာရဲ့ လျှို့ ဝှက်ချက်ကို အသုံးပြုခဲ့တာ ၊ သူ့ခန္ဓာကိုယ်က သင်္ကေတတွေက ပြောင်းလဲနိုင်ခြင်းမရှိသလို ကောင်းကင်မီးတောက်ကျမ်းစာထဲက အယူအဆတွေကိုပေါင်းစပ်ထားတယ်”

“သွေးမိုးကြိုးထုံးတမ်းအစီအရင်က လျှို့ ဝှက်ပညာတစ်ခုပဲ ၊ သူ့ကိုသုံးစွဲမလား မသုံးစွဲဘူးလားဆိုတာ ကျင့်ကြံသူတွေအပေါ် မူတည်တယ် ၊ အလိုရှိရင်လည်း အဲဒါကို ရပ်တန့်နိုင်တယ်”

သူက ဆက်ပြောသည်။

“ပြီးတော့ အရင်တုန်းက ရီကျင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နည်းပါးသေးတယ် ၊ သူ့စိတ်ကလည်းမတည်မငြိမ်ဖြစ်နေတော့ ပြင်ပက မီးတောက်မိစ္ဆာရုပ်ခန္ဓာက အတွင်းပိုင်းက သူ့စိတ်ဝိညာဉ်ကိုပါ ထိခိုက်သွားစေတာ”

“ဒီကောင်လေးကတော့ အတော်ကိုဒေါသကြီးတယ် ၊ ဒါပေမဲ့ အဲဒါက သူ့ရဲ့မွေးရာပါစရိုက်ပဲ ၊ သွေးမိုးကြိုးထုံးတမ်းအစီအရင်နဲ့ ဘာမှမဆိုင်ဘူး”

“သွေးမိုးကြိုး ထုံးတမ်းအစီအရင်က သင်ကြားစရာမလိုတဲ့ လျှို့ ဝှက်ပညာတစ်ခုပဲ ၊ မိုးကြိုးသွားသွေး ရုပ်ခန္ဓာရှိတဲ့သူတိုင်း သူတို့ သိုင်းကျင့်ကြံထားတဲ့စွမ်းအားတွေကို ပေါင်းစပ်လိုက်ရင် ဒီထုံးတမ်းအစီအရင်အကြောင်းကို အလိုလိုနားလည်လာကြတယ်”

ဤလျှို့ဝှက်ထုံးတမ်းအစီအရင်က လူတစ်ယောက်၏ မိုးကြိုးသွေး ပေါက်ကွဲထွက်နိုင်မှု စွမ်းအားကို တတ်နိုင်သမျှလှုံ့ဆော်ပေးကာ အချိန်တိုအတွင်း စွမ်းအားများစွာ တိုးတက်လာစေသည်။

သို့သော် ဤသို့ပြုလုပ်သည်က ကန့်သတ်ချက်များကိုကျော်လွန်ပြီး လျင်မြန်စွာ ကြီးထွားအောင်ပြုလုပ်စေခြင်းဖြစ်သဖြင့် အလွန်အကျွံ ပြုလုပ်မိပါက အသက်တိုသွားနိုင်သည်။

သို့သော်လည်း ဤစွမ်းအားသည် အလွန်အမင်း အထင်ကြီးစရာပင်။

အနီရောင်ဝတ်လူငယ်က သိုင်းသူတော်စင် ပထမအဆင့် ကျင့်ကြံသူဖြစ်သည်။ လက်ရှိအချိန်မှာတော့ သူ၏တန်ခိုးစွမ်းအားက သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ရန် လုံလောက်သည်။

သူက ကျားနာတစ်ကောင်ပမာ ခံစစ်ကိုလျစ်လျူရှုပြီး အဆက်မပြတ် တိုက်ခိုက်လေရာ သိုင်းသူတော်စင် တတိယအဆင့် ကျင့်ကြံသူမှာ သူ၏တိုက်ခိုက်မှုကိုရှောင်ရှားရင်း ခံစစ်သာ တိုက်ခိုက်နေရသည်။

“သခင်လေး... ဒီလူငယ်က မိုးကြိုးသံတောင်ထွတ်က ‘ရှ’ အိမ်တော် နောက်လိုက်ပဲမဟုတ်လား”

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်းဆိုသည်။

“သူ့ရဲ့ထူးခြားချက်ကြောင့် သုံးပေတောင်ကလူတွေက သူ့ကိုမသတ်ဘဲ အရှင်ဖမ်းဆီးခဲ့တာလား”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ကိုယ့်အိမ်‌တော်ကိုဖျက်ဆီးတဲ့ရန်သူကိုတော့ ဘယ်သူက ဆရာတင်ပြီး ဂိုဏ်းထဲဝင်မှာလဲ ၊ တခြားကိစ္စ တစ်ခုခု ရှိနိုင်တယ်”

အားဟူက စိတ်ဝင်စားသွားပြီး...

“သခင်လေး... သူက အရမ်းထက်မြက်ပြီး သိုင်းသူတော်စင်အဆင့်ကိုရောက်နေပြီ ၊ သူ့ဂုဏ်သတင်းက ဘာလို့မကြီးရတာလဲ”

ယခုမှ သိုင်းသူတော်စင်အဆင့်သို့ ခြေလှမ်းစခြင်းဖြစ်သော်လည်း ဤအနီရောင်ဝတ်လူငယ်လေး၏ အရည်အချင်းက တောင်ပိုင်းထိပ်တန်းအရှင်သခင်၏သား ‘ကျွမ်းကျောင်းဟွေ’ နှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်သည်။

သူက ‘ရှ’အိမ်တော်မှ သိုင်းပညာကိုကျင့်ကြံခဲ့သဖြင့် အထက်ဘုံကမ္ဘာတွင် အလွန်တရာစွမ်းအား မြင့်မားသည်ဟု မဆိုသာပေ။

ဤလူငယ်သာ ဖုထင် ၊ ကောင်းချင် ၊ လုန်ဟန့်ဟွာ ၊ ကျန်းမော့နှင့် ကျွမ်းကျောင်းဟွေတို့လို့ နောက်ခံကောင်းမွန်သည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့လျှင် မည်မျှ တန်ခိုးစွမ်းအားမြင့်မားလာမည်လဲ မပြောနိုင်ပေ။

ရန်ကျောက်ကဲက ရယ်မောရင်း‌ မေးစေ့ကိုပွတ်သပ်လိုက်သည်။

“ဒါတော့ သူ့ကိုသွားမေးမှရလိမ့်မယ်”

အားဟူက သူ၏သခင်လေး၏အပြုအမူများနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။

ရန်ကျောက်ကဲ အပြုံးကို မြင်လိုက်ရတော့ အားဟူစိတ်ထဲ လှုပ်ရှားသွားပြီး နာမည်ပင်မသိရသေးသော အနီရောင်ဝတ်လူငယ်လေးအတွက် စိတ်မကောင်း ဖြစ်သွားမလေသည်။

All Chapters