ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ရဲ့အစ
Vol. 21 Ch. 279
လီဖူချန်းရဲ့ အားကောင်းလှတဲ့ အသိစိတ်အာရုံက သူ့ကို လီရှင်းယုရဲ့ ဟာကွက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်စေပါတယ်။
ပြီးတော့ လီရှင်းယုရဲ့ ရေစီးအဟုန် ဓားဆန္ဒက ကနဦး ဖြစ်တည်ခြင်း အဆင့်မှာပဲ ရှိနေသေးတာလေ။ သူ့ရဲ့ မိစ္ဆာနှင် ဓားဆန္ဒကတော့ ဖွံ့ဖြိုးပြီးနေပါပြီ။ သည်အချက် နှစ်ချက်က ကျင့်ကြံခြင်း အဆင့်သုံးဆင့် ကွာဟမှုကို ကျဉ်းမြောင်းသွား စေခဲ့ပါတယ်။
“အာ့”
လီရှင်းယုက မျက်ခုံး ပင့်မိလိုက်ပါတယ်။ သူ့လိုမျိုး ဓားကိုသာ အရူးအမူး ကိုးကွယ်တဲ့ သူတစ်ယောက် အနေနဲ့ကတော့ လီဖူချန်းရဲ့ ဓားချက်တွေက သူ့ရဲ့ ဟာကွက်တွေ ကိုသာ ဦးတည် တိုက်ခိုက်နေတယ် ဆိုတဲ့အချက်ကို သတိမပြုမိစရာ အကြောင်း မရှိပါဘူး။
ကောင်းကင်နယ်ပယ် အစောပိုင်းက ပညာရှင် တွေတောင်မှ သူ့ရဲ့ ဟာကွက်တွေကို မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး ဆိုတဲ့အထိ လီရှင်းယုက သူ့ကိုယ်သူ ယုံကြည်မှု ရှိပါတယ်။
အခုတော့ လီဖူချန်းက သူ့ရဲ့ ဟာကွက်တွေထဲကို အချက်ကျကျ တိုက်ခိုက် ခဲ့တယ်လေ။
“သည်အချက်ကြောင့်ပဲ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက သူ့ကို လက်ရင်း တပည့်အဖြစ် ရွေးချယ် ခဲ့တာလား ...”
လီရှင်းယုက ရုတ်တရက် ဆိုသလို ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲက စမ်းသပ်မှု အချို့ကို ပြန်ပြောင်း သတိရလိုက် ပါတယ်။ ကြည့်ရတာတော့ အဲသည် စမ်းသပ်ချက်တွေမှာ လီဖူချန်းက ထူးထူးချွန်ချွန် အစွမ်းပြနိုင်ခဲ့ ပုံပါပဲ။
သည်အတိုင်း ဆိုရင်တော့ လီဖူချန်းရဲ့ တိုက်ပွဲအပေါ် သုံးသပ်နိုင်မှုနဲ့ သိုင်းကွက်တွေ အပေါ်မှာ ဟာကွက် ရှာဖွေနိုင်စွမ်းက သူ ထင်ထားတာထက် ကိုတောင်မှ သာလွန်နေပါပြီ။
ဒါပေမဲ့လည်း လီရှင်းယုက အချက် တစ်ချက်ကို သိချင်နေပါ သေးတယ်။ အဲဒါကတော့ ဟာကွက်တွေကို တွေ့လိုက်တာနဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်က အချိန်မီ လိုက်တုံ့ပြန် နိုင်မှာလား ဆိုတာပါပဲ။
“မြစ်ရေ တသွင်သွင်စီး ရေစီးအဟုန်”
လီရှင်းယုက ရေစီးအဟုန် ဓားသိုင်းရဲ့ အဆုံးသတ် ဓားကွက်ကို ထုတ်သုံး လိုက်ပါပြီ။
လီရှင်းယုရဲ့ ဓားချီတွေက ရေစီးသန်တဲ့ မြစ်ကြီး တစ်စင်း စီးဆင်းနေသလို အရှိန်အဝါတွေနဲ့ လီဖူချန်းကို ဖိနှိပ်လိုက် ပါတယ်။ လီရှင်းယုရဲ့ ဓားချက်တွေက ရှုထောင့် ပေါင်းစုံကနေ လီဖူချန်းကို ဝန်းရံ ထားခဲ့ပါပြီ။
“မိစ္ဆာနှင် သတ်ဖြတ်ခြင်း အရိပ်”
ကြက်သွေးရောင် အလင်းတန်း တစ်ခုက လီဖူချန်း ထံကနေ ထွက်ပေါ် လာခဲ့ပါတယ်။
နဂိုကမှ နှစ်ပိုင်း ပြတ်နေတဲ့ သိုင်းစင်မြင့်ကတော့ သူတို့နှစ်ယောက်ရဲ့ ဓားချီတွေ ထိပ်တိုက် တွေ့ဆုံမှုကနေ ထွက်ပေါ်လာတဲ့ ပေါက်ကွဲမှုကို လုံးဝ တောင့်ခံထားနိုင်ခြင်း ရှိဟန် မပေါ်တော့ပါဘူး။
ဝုန်း ... ဝုန်း ... ဝုန်း ...
သိုင်းစင်မြင့် ကတော့ ရစရာ မရှိအောင်ကို စုတ်ပြတ်သတ် သွားခဲ့ပါပြီ။
ပတ်ဝန်းကျင် လေထုထဲမှာ ဆိုရင်လည်း ဖုန်မှုန့်တွေက တထောင်းဆထာင်း ထနေတော့တာပါပဲ။
“ကြောက်စရာ ကောင်းလိုက်တာကွာ ... သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကနေ အစွန်းထွက် ရိုက်ခတ်လာတဲ့ ဓားချီတွေ ကတောင်မှ ရိုးတွင်းချဉ်ဆီ တွေထဲအထိ အေးစိမ့်သွား စေတယ်”
တိုကိရိုက်တပည့် တစ်ယောက် ကတော့ မျက်နှာ ဖြူဖပ်ဖြူရော်ဖြင့် ခပ်တိုးတိုးလေး ရေရွတ်လိုက် ပါတယ်။
အကျိုးအပဲ့ အပျက်စီး တွေကြားက ကျောက်တုံးကြီး တစ်တုံး ပေါ်မှာတော့ လီဖူချန်း ရှိနေပါတယ်။ သူ့ရဲ့ မျက်နှာကတော့ လုံးဝကို တည်ကြည်လေးနက် နေပါပြီ။ သူ့ရဲ့ ဝတ်ရုံစ ပေါ်မှာတော့ ဓားရာ အချို့ ရှိနေပါတယ်။ ကြည့်ရတာတော့ လီရှင်းယုရဲ့ ဓားချက်တွေက လီဖူချန်းရဲ့ ဝတ်ရုံစကိုသာ ထိအောင် တိုက်ခိုက်နိုင်ခဲ့ ပုံပါပဲ။
အခြား ကျောက်တုံးကြီး တစ်တုံး ပေါ်မှာတော့ လီရှင်းယုက ဒူးတစ်ဖက် ထောက်လျက်သား ရှိနေပါတယ်။ သူ့ရဲ့ နှုတ်ခမ်းထောင့် ကနေတော့ သွေးအချို့ စီးကျနေပါပြီ။
သည်တစ်ခါ ထိပ်တိုက် ရင်ဆိုင်မှုမှာ ဆိုရင်တော့ လီရှင်းယုက အရေးနိမ့်သွားတဲ့ ပုံပါပဲ။
လီဖူချန်းရဲ့ ဓားချီတွေက သူ့ရဲ့ ချီအကာအကွယ်ကို ကျော်ဖြတ်ပြီး ဟာကွက်ကို ထိမိအောင် တိုက်သွားနိုင် ခဲ့တယ်လေ။
သည်အဖြစ် အပျက်ကို မြင်လိုက်တာနဲ့ လီဖူချန်းက လီရှင်းယုကို အသာစီး ရသွားခဲ့တယ် ဆိုတာ သိသာလွန်း နေပါပြီ။
ယခု အချိန်မှာတော့ လူတွေ အားလုံးဟာ ပြောမပြတတ်တဲ့ ခံစားမှုမျိုးကို ခံစားနေရပါတယ်။ ဒါက ဓားဘုရင် တစ်ယောက်ရဲ့ ဖြစ်တည်မှုကို ခံစားလိုက်ရ သလိုပါပဲ။ သူ့ရဲ့ လမ်းမှာ ကာဆီးနေတဲ့ အတားအဆီး မှန်သမျှကို ဖယ်ရှားသွားမယ့် ဓားဘုရင် တစ်ယောက်ရဲ့ ဖြစ်တည်မှု ဆိုတာက ဘာလဲဆိုတာကို သူတို့အားလုံး ခံစားမိ နေကြပါပြီ။
“မိုးပြာရောင်ဂိုဏ်းရဲ့ ဒဏ္ဍာရီပုံပြင် အသစ်တစ်ပုဒ် ကတော့ စတင်မွေးဖွား လာခဲ့ပြီ”
ချန်ဖန်းဟွာ တီးတိုးရေရွတ် လိုက်ပါတယ်။
အတိတ်တုန်းဆိုရင် ဓားအရူး သူတော် လီရှင်းယုဟာ မိုးပြာရောင် ဂိုဏ်းသားတွေရဲ့ ရင်ထဲက သက်ရှိထင်ရှား ဒဏ္ဍာရီ တစ်ခုပါပဲ။ အခုတော့ ဒဏ္ဍာရီ ပုံပြင်အသစ် တစ်ခု မွေးဖွားလာခဲ့ပါပြီ။
“သူက အရမ်းကို ထူးချွန်လွန်း နေတယ်”
ဝူကျင်မိန်ကလည်း သည်အဖြစ်အပျက် အပေါ်မှာ မိန်းမောသွား ခဲ့ပါတယ်။
လီဖူချန်းက သူတို့ရဲ့ မျက်စိ ရှေ့မှောက်မှာပဲ ရေမြွေလေး တစ်ကောင် ဘဝကနေ နဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။
ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားလေး တစ်ခွန်းတောင် ရှိပါသေးတယ်။
“ထိပ်ဆုံးမှာ ရပ်တည်နေရတယ်” ဆိုတာက အရမ်းကို အထီးကျန် ဆန်လွန်း ပါတယ်တဲ့။
ဟုတ်ပါတယ်။ ထိပ်ဆုံးမှာ ရပ်နေတဲ့ လူတစ်ယောက် ကတော့ တစ်ယောက်တည်း အထီးကျန်စွာ တည်ရှိ နေရမှာပါပဲ။
လီဖူချန်းကကော အဲသည် အထီးကျန်မှုတွေကို ကြံ့ကြံ့ခံပြီး တောင့်ခံသွား နိုင်ပါ့မလား။
“ဟင်း ... ။ သည်ကလေး မှာသာ ကြယ် ၅ ပွင့် အရိုး တည်ဆောက် ပုံသာရှိရင် အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးတောင်မှ သူ့ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ နှမြောစရာ ကောင်းလိုက်တာကွာ”
အထွတ်ခေါင်ချုပ် အကြီးအကဲ တစ်ယောက် ကတော့ လီဖူချန်းကို ကြည့်ကြီး မချိတင်ကဲ ဖြစ်နေပါတယ်။
အချက်အလက်တွေနဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံ ဆိုတာက အရမ်းကို နိမ့်ကျသည့် အရိုး တည်ဆောက်ပုံ တစ်ခုပင် မဟုတ်ပါလား။ သည်လို ထိုးထွင်းသိမြင်မှု အားကောင်းလွန်းတဲ့ လီဖူချန်းကသာ ကြယ် ၅ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဆိုရင်တော့ ကျားကို အတောင်ပံ တပ်ပေးလိုက်တာ ထက်တောင် ဆိုးသွားပါဦးမည်။
အိုးရန်ဝမ်းထင်က ထို အထွတ်ခေါင်ချုပ် အကြီးအကဲဘက်ကို လှည့်လိုက်ပြီး ဖြေသိမ့် ပေးလိုက်ပါတယ်။
“စိတ်မပူပါနဲ့ အကြီးအကဲ ... သည်ကလေးက မယုံနိုင်စရာတွေကို ဆက်ပြီးတော့ လုပ်ပြနိုင်ဦးမှာပါ”
အရှေ့ယူနီကွန် တိုက်ကြီး တစ်ခုလုံးမှာဆိုရင် ကြယ် ၁ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်က ပြန်လည် ဝင်စားခြင်း နယ်ပယ်အထိကို ချိုးဖောက်ဝင်ရောက် နိုင်တယ်ဆိုတာ ဟိုးယခင် အချိန် ကတည်းကနေ ယခုထက်ထိ မရှိခဲ့ ဖူးသေးပါဘူး။
ကြည့်ရတာတော့ တစ်စုံ တစ်ယောက်က ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကို ဆန့်ကျင်ဖို့ အတွက် အချိန်ကျလာပြီ ထင်ပါရဲ့။
သူတို့နှစ်ယောက်ရဲ့ စကားကို ကြားပြီးတဲ့ အချိန်မှာတော့ ဇောင်ဝူကျင်းက စိတ်ထဲကနေ ပြောနေမိပါတယ်။
‘လီဖူချန်း ... မင်း ဘယ်လောက် ဝေးဝေးအထိ သွားနိုင်ဦးမှာလဲ’
လီရှင်းယုနဲ့ လီဖူချန်းတို့ ကတော့ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်နေကြ ပြန်ပါပြီ။
သည်တစ်ကြိမ် လီဖူချန်းရဲ့ တိုက်ခိုက်မှုက အရင်ကထက်ကို ပိုပြီး မြောင်မြောင် နေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက သူ့ရဲ့ ကိုယ်ဖော့ပညာနဲ့ ခြေသိုင်းတွေကိုပါ ထုတ်သုံးလာ ခဲ့လို့ပါပဲ။
ဓားတာအိုချင်း ယှဉ်မယ် ဆိုရင်တော့ လီရှင်းယုက လီဖူချန်းကို အနောက်နေ ကပ်ပြီးတော့ လိုက်နိုင်ပါ သေးတယ်။ ဒါပေမဲ့ အခြားသော ပညာရပ် တာအိုတွေမှာ ဆိုရင်တော့ လီရှင်းယုက လီဖူချန်းထက်ကို အဆင့်တစ်ဆင့် နိမ့်ကျနေခဲ့ပါပြီ။
သိုင်းကွက် ဆယ်ကွက်ကျော်ကို အရောက်မှာတော့ လီရှင်းယုက လီဖူချန်းရဲ့ အဆက်မပြတ် ကန်နေတဲ့ ကန်ချက်တွေကို လုံးဝတောင့်ခံ ထားနိုင်ခြင်း မရှိတော့ပါဘူး။
ဝေါ့
လီရှင်းယုက သွေးတစ်လုတ်မျှ အန်လိုက်ရသလို နောက်ကိုလည်း ခုန်ဆုတ် လိုက်ရပါတယ်။
လီဖူချန်းကတော့ ဆက်ပြီး တိုက်ခိုက်လာခြင်း မရှိပါဘူး။
“သည်ပွဲကို သည်နေရာမှာပဲ ရပ်လိုက်စို့ ... အနိုင်ရသူ ကတော့ လီဖူချန်းပဲ ... ”
အိုးရန်ဝမ်းထင်က သူ့ကို မျက်နှာရိပ်၊ မျက်နှာကဲ ပြနေတဲ့အတွက် ဇောင်ဝူကျင်းက ထိုင်နေရာကနေ အမြန် ထလိုက်ပြီး တိုက်ပွဲကို ရပ်တန့်စေ လိုက်ပါတယ်။
လီဖူချန်းပဲ ဖြစ်ဖြစ် ဒါမှမဟုတ် လီရှင်းယုပဲ ဖြစ်ဖြစ်ပါလေ။ နှစ်ယောက်စလုံးက မိုးပြာရောင်ဂိုဏ်းရဲ့ အနာဂတ် ထောက်တိုင်ကြီးတွေ ဖြစ်လာမည် မဟုတ်ပါလား။
ပြီးတော့ ဒါက လူရွေးပွဲ သက်သက်ပါပဲ။ တစ်ယောက်ယောက်က ဒဏ်ရာရသွား လို့တော့ မဖြစ်သေးပါဘူး။
၂၇၉ b
“အစ်ကိုတော် လီဖူချန်း နိုင်သွားပြီဟေ့”
“အသက်၂၀ အရွယ်မှာပဲ ဂိုဏ်တော်ရဲ့ နံပါတ်တစ် တိုက်ရိုက်တပည့် ဖြစ်ခဲ့ပြီ။ သည်စံချိန် ကိုတော့ ဘယ်သူမှ ချိုးနိုင်တော့မှာ မဟုတ်ဘူး”
“ဟင်း ... ငါက အသက် ၃၀ တောင် ရှိနေပြီ။ အခုထက်ထိ အတွင်းစည်း ဂိုဏ်းသား အဆင့်မှာ ရှိနေတုန်းပဲ။ ငါက အစ်ကိုတော် လီဖူချန်းကို ဥပမာယူပြီး ကြိုးစား လေ့ကျင့်ရမယ်”
ပွဲကြည့် ပရိသတ်ဖြစ်တဲ့ ဂိုဏ်းသားတွေ ကတော့ လီဖူချန်းကို လေးစား အားကျစွာ စိုက်ကြည့် နေကြပါတယ်။
သာမန် အပြင်စည်း ဂိုဏ်းသား တစ်ယောက်အတွက် ဆိုရင်တော့ အသက်၂၀ အရွယ်ဆိုတာဟာ အတွင်းစည်း ဂိုဏ်းသား အဆင့်ကို ရောက်ရမယ့် အချိန်ပါ။ ဒါပေမဲ့ လီဖူချန်းကတော့ အသက်၂၀ အရွယ်မှာပဲ နံပါတ်တစ် တိုက်ရိုက်တပည့် ဖြစ်နေခဲ့ပါပြီ။
ထို့နောက်မှာတော့ ကျန်ရှိနေတဲ့ ပွဲစဉ်တွေကို ဆက်လက်ကျင်းပ ပါသေးတယ်။
လီဖူချန်းက ရှုဖန်းကို အနိုင်ယူနိုင် ခဲ့ပါတယ်။
ပုကျင်းဆောင် ကတော့ ချန်ယွန်ဟူနဲ့ တွေ့ဆုံရာမှာ ရှုံးနိမ့်ခဲ့သလို လီရှင်းယုကိုလည်း ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ အဲသည်အတွက် ပုကျင်းဆောင်က လူရွေးပွဲရဲ့ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင် ခဲ့ပါတယ်။
ထိပ်ဆုံး လေးနေရာ ကတော့ လီဖူချန်း၊ လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်း တို့အတွက်သာ ဖြစ်သွာခဲ့ပါပြီ။
ထိပ်ဆုံး နှစ်နေရာမှာ ရှိနေတာကတော့ လီဖူချန်းနဲ့ လီရှင်းယုတို့ပါပဲ။
“သည်ကြယ် ကျောက်တုံးတွေက မင်းတို့ရဲ့ ဆုလာဘ်ပဲ။ ဒါတွေကို အကျိုးရှိရှိ အသုံးချကြပါ”
ဇောင်ဝူကျင်းက လက်တစ်ဖက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ကြယ်ကျောက်တုံး တစ်ခုစီက လီဖူချန်းနဲ့ လီရှင်းယုဆီကို ရောက်လာခဲ့ပါတယ်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲတို့”
လီဖူချန်းနဲ့ လီရှင်းယုတို့က လက်နှစ်ဖက် ဆုပ်လိုက်ပြီး အိုးရန်ဝမ်းထင်နဲ့ အကြီးအကဲတွေကို အရိုအသေ ပေးလိုကိပါတယ်။
ကြယ်ကျောက်တုံးတွေ ဆိုတာက အင်မတန်မှကို ရှားပါး လွန်းလှသည် မဟုတ်ပါလား။
အချိန်တွေက ကုန်ဆုံးတာ မြန်လွန်း လှပါတယ်။
ဘာလိုလိုနဲ့ လူရွေးချယ်ပွဲ ပြီးသွားတာတောင်မှ သုံးရက် ကြာသွားခဲ့ပါပြီ။
သည်သုံးရက် အတွင်းမှာတော့ မိုးပြာရောင်ဂိုဏ်းရဲ့ ဘယ်နေရာကို သွားသွား သတင်းစကား တစ်ခုကိုသာ ကြားရမှာ အသေအချာပါပဲ။
နံပါတ်တစ် တိုက်ရိုက်တပည့် လီဖူချန်း ...
ဓားနတ်ဆိုး လီဖူချန်း ...
မိုးပြာရောင်ဂိုဏ်းရဲ့ လူငယ်ဓားဘုရင် လီဖူချန်း ...
မိုးပြာရောင် ဂိုဏ်းသားတွေရဲ့ စကားဝိုင်းတွေ ထဲမှာတော့ လီဖူချန်းနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ ပုံပြင်တွေကသာ ကြီးစိုးထား ခဲ့ပါပြီ။
တစ်ချိန်တည်း လိုလိုမှာပင် ကောင်းကင် နတ်ဆိုးဂိုဏ်း၊ ဝိညာဉ်ကဝေ ဂိုဏ်းနဲ့ ခရမ်းရောင် ဆေဘာ ဂိုဏ်းတို့ရဲ့ လူရွေးချယ်ပွဲ ကလည်း ပြီးဆုံးသွားခဲ့ပါပြီ။
မိုးပြာရောင် ဂိုဏ်းလိုပါပဲ။ သည်သုံးဂိုဏ်း ဟာလည်း ကျားနဂါးပြိုင်ပွဲကို စေလွှတ်ဖို့အတွက် နေရာလေးနေရာ လျာထားကြပါတယ်။
ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ထိပ်ဆုံး လေးနေရာမှာတော့ ရန်ချင်းဟူ ပါလာပါတယ်။
သူမကလည်း လီဖူချန်းလို အောင်မြင်မှုမျိုးကို ရခဲ့တာပါပဲ။ ရန်ချင်းဟူက ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ သမိုင်းကြောင်း တစ်လျှောက် အသက်အငယ်ဆုံး နံပါတ်တစ် တိုက်ရိုက်တပည့် ဖြစ်ခဲ့ပါတယ်။
ရန်ချင်းဟူ ကတော့ အသက် ၁၈ နှစ်သာ ရှိပါသေးတယ်။
ဒါက ကြယ် ၆ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ရဲ့ ပါရမီတွေ အမြင့်ဆုံးအထိ ရောက်လာတဲ့ အချိန်အခါ သမယပါပဲ။
တကယ်လို့သာ အခု အချိန်မှာ လီဖူချန်းနဲ့ ရန်ချင်းဟူကို ရွေးခိုင်းမယ် ဆိုပါက မည်သည့် ဂိုဏ်းပင်မဆို ရန်ချင်းဟူကိုသာ ရွေးချယ်ကြမှာပါ။
ကြယ် ၆ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဆိုတာက ကြယ် ၁ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်နဲ့ ယှဉ်ရင်တော့ အနာဂတ် အာမခံချက် ပိုသေချာသည် မဟုတ်ပါလား။
***
ဆန်းသစ်စ လကလေး ကတော့ တိမ်ယံတွေကြားမှာ ခိုဝင်ပုန်းအောင်း နေပါပြီ။
ညဉ့်က အတော်လေး နက်ပြီ ဖြစ်နေပေမဲ့လည်း လီဖူချန်း တစ်ယောက် ကတော့ မအိပ်နိုင် သေးပါဘူး။
“အင်း ... ။ ကြယ်တာရာ လမ်းမပေါ်ကို သွားဖို့ အချိန်တန်ပြီ”
ဂျလွတ် ... ဂျွတ် ...
လီဖူချန်းက သူ့ရဲလက်ထဲမှာ ရှိနေတဲ ကြယ်ကျောက်တုံးကို ချေမွ ပစ်လိုက်ပါပြီ။
အခုချိန်မှာ သူ့အတွက် လိုအပ်နေတာ ကတော့ အချိန်နဲ့ ကျင့်ကြံခြင်း အဆင့်ပါပဲ။
အချိန်ဆိုတာ ကိုတော့ ဘယ်သူမှ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျင့်ကြံခြင်း အဆင့်ကိုတော့ နည်းအမျိုးမျိုးနဲ့ မြင့်လာအောင် လုပ်လို့ရပါတယ်။
ကြယ်တာရာ လမ်းမကတော့ သည်ကိစ္စအတွက် အကောင်းဆုံး အဖြေ တစ်ခုပါပဲ။
“သည်တစ်ကြိမ် မှာကော ငါ ဘယ်အဆင့်အထိ ရောက်နိုင်ဦးမှာလဲ”
လီဖူချန်းက ကြယ်တာရာ လမ်းမရဲ့ ပထမနယ်မြေ အပိုင်းအခြားမှာ ရပ်နေရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက် မိပါတယ်။
***