← Chapters

မြေကမ္ဘာနယ်ပယ် အဆင့်၇

Vol. 21 Ch. 280

မြေကမ္ဘာနယ်ပယ် အဆင့်၇

Vol. 21 Ch. 280

ပထမ အဆင့် ... ဒုတိယ အဆင့် ... အစောပိုင်း အဆင့် လေးဆင့်ကိုတော့ လီဖူချန်းက သာသာယာယာပဲ ကျော်ဖြတ်လိုက် နိုင်ပါတယ်။

ကြယ်တာရာ လမ်းမရဲ့ ပဉ္စမ နယ်မြေ အပိုင်းအခြားကို အရောက်မှာတော့ လီဖူချန်းက ဖိအား အနည်းငယ်ကို စတင်ခံစား ရလာပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ သူက သည်အဆင့်ကို ပထမတစ်ကြိမ် တုန်းကတည်းက ကျော်ဖြတ်ခဲ့ပြီးပြီ မဟုတ်ပါလား။

ပဉ္စမမြောက် အဆင့်ကို ဖြတ်ကျော်ပြီးတဲ့ အချိန်မှာတော့ လီဖူချန်းက ကြယ်တာရာ လမ်းမရဲ့ ဆဋ္ဌမ အဆင့်ကို ရောက်လာခဲ့ပါပြီ။

အရင်တစ်ကြိမ် တုန်းကတော့ လီဖူချန်းက သည်ဆဋ္ဌမမြောက် နယ်မြေ အပိုင်းအခြားထဲမှာ စက္ကန့်ပိုင်းမျှသာ နေလိုက်နိုင်ပါတယ်။

သည်တစ်ကြိမ် မှာတော့ မတူတော့ပါဘူး။ လီဖူချန်း ခံစားရတဲ့ ချီစက်ကွင်း ဖိအားက အရင်တစ်ခါ ဖိအားရဲ့ တစ်ဝက် လောက်သာ ရှိပါတော့တယ်။ ဒါကြောင့်လည်း လူတွေက ဒုတိယ တစ်ခေါက် ကြယ်တာရာ လမ်းမပေါ်ကို လာတာက ပထမ အကြိမ်ကထက် ပိုလွယ်တယ်လို့ ပြောကြတာပါပဲ။

ပြီးတော့ လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း အရင်တစ်ခါထက် အဆင့် တက်လာသည် မဟုတ်ပါလား။

ကြောက်မယ်ဖွယ် ကောင်းတဲ့ ချီစက်ကွင်း ဖိအားတွေကို အချိန်အတော်ကြာ ကြံ့ကြံ့ခံကာ လျှောက်လမ်းပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဆဋ္ဌမမြောက် နယ်မြေ အပိုင်းအခြားရဲ့ အဆုံးသတ်ဖြစ်တဲ့ ကျွန်းကြီးဆီကို ရောက်လာခဲ့ပါပြီ။

အံ့သြစရာပါပဲ။ ဆဋ္ဌမမြောက် အဆင့်မှာတော့ အခြားသော အဆင့်တွေလို စမ်းသပ်မှုတွေ မရှိခဲ့ပါဘူး။ လီဖူချန်း တစ်ယောက် ကျွန်းကြီးပေါ်ကို ခြေလှမ်း ချလိုက်တာနဲ့ တစ်ပြိုင်နက် ကြယ်တာရာ စွမ်းအင်ပုလင်း ၃၂ ပုလင်းဟာ ကြယ်ကောင်းကင် ပေါ်ကနေ ကျလာပြီး လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားခဲ့ပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ စွမ်းအင်တွေကို ခံစားနေရင်းနဲ့ လီဖူချန်း တစ်ယောက် အတွေးတစ်ခု တွေးမိလိုက် ပါတယ်။

“ဆဋ္ဌမမြောက် အဆင့်မှာ ကြယ်တာရာ စွမ်းအင်ပုလင်း ၃၂ ပုလင်း ရတယ်ဆိုတော့ သတ္တမမြောက် အဆင့်မှာ ဆိုရင်တော့ ကြယ်တာရာ စွမ်းအင်ပုလင်း ၆၄ ပုလင်း ရမှာပဲ။ သည်လောက် ဆိုရင်တော့ မြေကမ္ဘာနယ်မြေ အဆင့် ၇ ကို ချိုးဖောက် ဝင်ရောက် နိုင်ဖို့အတွက် လုံလောက်ပြီ ထင်ပါရဲ့ …”

ကြယ်တာရာ စွမ်းအင်တွေကို တော်တော်များများ အသုံးပြုခဲ့ပြီးပြီ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ ခန္ဒာကိုယ်ထဲမှာ အလိုအလျောက် ခုခံမှု စနစ်တစ်ခု ဖြစ်ပေါ်နေခဲ့ပါပြီ။ အဲဒါကတော့ လီဖူချန်းဟာ ကျင့်ကြံမှု အဆင့်နှစ်ဆင့်ကို အချိန်မဆိုင်းဘဲ အဆင့်တက် လိုက်တာရဲ့ နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးပါပဲ။ နောက်ထပ် ကျင့်ကြံမှု အဆင့် တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက် ဆိုရင်တော့ လီဖူချန်းဟာ ကြယ်တာရာ စွမ်းအင် အများကြီးကို အသုံးပြုမှပဲ အဆင်ပြေ ပါလိမ့်မယ်။

လက်ရှိဆဋ္ဌမ အဆင့်မှာ ရခဲ့တဲ့ ကြယ်တာရာ စွမ်းအင်တွေနဲ့ ဆိုရင်တော့ လီဖူချန်းဟာ မြေကမ္ဘာနယ်ကယ် အဆင့် ၇ ကို ချိုးဖောက် ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း လီဖူချန်း တစ်ယောက် ကြယ်တာရာ လမ်းမရဲ့ သတ္တမ အဆင့်ကို ကျော်ဖြတ်နိုင်ရင် ရလာမယ့် ကြယ်တာရာ စွမ်းအင်တွေနဲ့ ဆိုရင်တော့ မြေကမ္ဘာနယ်ပယ် အဆင့် ၇ ကို သေချာပေါက် ချိုးဖောက် ဝင်ရောက် နိုင်မှာပါ။

ကြယ်တာရာ လမ်းမရဲ့ သတ္တမမြောက် နယ်မြေ အပိုင်းအခြားက ချီစက်ကွင်း ဖိအားကတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကိုပါ ဆုပ်ဖြဲလိုက် သလိုပါပဲ။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ နေရာပါလား ...”

လီဖူချန်းက ကြယ်တာရာ လမ်းမရဲ့ အနက်ရှိုင်းဆုံးနဲ့ အမှောင်မိုက်ဆုံး နေရာကို ရောက်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်ကသာ အားကောင်းနေခြင်း မရှိရင်တော့ လီဖူချန်းဟာ အခုချိန်လောက်ဆို ကြယ်တာရာ လမ်းမရဲ့ အပြင်ဘက် ကိုတောင် ပြန်ရောက် နေလောက်ပါပြီ။

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ ဆဋ္ဌမမြောက် တံခါးထဲမှာ စိတ်ဝိညာဉ် အပိုင်းပိုင်းအစစ ဆုတ်ပြဲသွားတာကို ကြုံခဲ့ရပြီး နောက်မှာတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်က ပိုပြီး အကြမ်းခံနိုင် လာပါတယ်။

ကြယ်တာရာလမ်းမ သတ္တမမြောက် နယ်မြေ အပိုင်းအခြားရဲ့ လမ်းတစ်ဝက်ကို ရောက်တဲ့ အထိတောင်မှ သူ့စိတ်ဝိညာဉ်ရဲ့ ခံနိုင်ရည် ကန့်သတ်ချက်ကို မရောက်သေးဘူး ဆိုတာကို လီဖူချန်း တစ်ယောက် သိနေပါတယ်။

လီဖူချန်း တစ်ယောက် ကျွန်းကြီးကို လှမ်းမြင်လိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ကန့်သတ်ချက်က ရောက်နေခဲ့ပါပြီ။

သူ့ရဲ့ ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့ဟာ လုံးဝကို ပြိုလဲခါနီး အခြေအနေပါပဲ။

လီဖူချန်းရဲ့ ခြေလှမ်း တစ်လှမ်းဟာ တစ်နေကုန်နီးပါး လောက်ကို ကြာပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းက အံကိုခဲကာ ဆက်သွား နေဆဲပါပဲ။

ဘန်း…

နောက်ဆုံးမှာတော့ လီဖူချန်းဟာ သတ္တမြောက် ကျွန်းကြီးပေါ်ကို ခြေလှမ်း ချနိုင်လိုက်ပါပြီ။ သည်ခြေလှမ်း ကတော့ ကျွန်းကြီး တစ်ခုလုံးကိုပါ တုန်ခါသွား စေခဲ့ပါတယ်။

“ဟောဟဲ ... ဟောဟဲ ... ဟောဟဲ ...”

လီဖူချန်းကတော့ တဆတ်ဆတ် တုန်ခါနေတဲ့ သူ့ရဲ့ ဒူးတွေကို ကိုင်ထားရင်းနဲ့ အမောဖြေ နေရပါတယ်။

“သည်သတ္တမမြောက် နယ်မြေ အပိုင်းအခြားသာ သည်ထက် နည်းနည်းလေး ပိုရှည်နေရင်တော့ ငါ ကျရှုံးလောက်တယ်”

အချိန်အတော်ကြာ အမောဖြေပြီး နောက်မှာတော့ လီဖူချန်းဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။

ကျွန်းကြီးရဲ့ အလယ်ဗဟိုကို အရောက်မှာတော့ ကြယ်တာရာ စွမ်းအင်ပုလင်း ၆၄ ပုလင်းဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာ ခဲ့ပါတယ်။

“သည်စွမ်းအင်နဲ့ ဆိုရင်တော့ လုံလောက်ပြီ”

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက် လာခဲ့ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းက အလျင်အမြန် ထိုင်ချလိုက်ကာ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်လိုက်ပါပြီ။

“ဟာကွာ ... နည်းနည်းလေး လိုနေသေးတယ်”

ကြယ်တာရာ စွမ်းအင်တွေက မြေကမ္ဘာနယ်ပယ် အဆင့် ၇ကို တိုက်ရိုက် ချိုးဖောက် နိုင်အောင် လုပ်ပေးနိုင်ဖို့ အတွက် နည်းနည်းလေး လိုနေပါသေးတယ်။

“လာစမ်းကွာ”

လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲမှာ ရှိတဲ့ ဆေးပင်တွေနဲ့ အတွင်းအား တိုးမြှင့်ပေးတဲ့ ဆေးရည် အမြောက်အမြားကို အသုံးပြု ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ကျင့်ကြံခြင်းဟာ တဖြည်းဖြည်း အရှိန်ရလာ ပါတော့တယ်။

မြေကမ္ဘာနယ်ပယ် အဆင့် ၆ နောက်ပိုင်းအဆင့် ...

မြေကမ္ဘာနယ်ပယ် အဆင့် ၆ အထွတ်အထိပ် အဆင့် ...

ဘုန်း …

မရေမတွက်နိုင်တဲ့ ဆေးရည်တွေနဲ့ ဆေးပင်တွေကို အသုံးပြုပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ မြေကမ္ဘာနယ်ပယ် အဆင့်၇ကို ချိုးဖောက် ဝင်ရောက် သွားနိုင်ခဲ့ပါပြီ။

သူ့ရဲ့ ချီစွမ်းအင် စုစည်းနိုင်တဲ့ ပမာဏက ပိုများလာခဲ့သလို သူ့ချီစွမ်းအင် အရည်အသွေး ကလည်း ပိုကောင်းလာ ခဲ့ပါတယ်။

မြေကမ္ဘာနယ်ပယ်ရဲ့ အဆင့်တိုင်း အဆင့်တိုင်းဟာ ပြောင်းလဲမှုတွေကို သိသာစေသည် မဟုတ်ပါလား။

ကောင်းကင် နယ်ပယ်ကို ရောက်သွားရင်တော့ ပြောင်းလဲမှုက ပိုပြီး သိသာလာမှာ ဖြစ်ပါတယ်။

ရှေးလူကြီးတွေ ပြောကျတာကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်မှာဆိုရင် အဆင့်တစ်ဆင့် ကွာခြားမှုက တိုက်ပွဲရဲ့ အဖြေကို ၈၀ ရာခိုင်နှုန်း ကြိုသိစေ ပါတယ်တဲ့။

မိုးပြာရောင်ဂိုဏ်းရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲ တွေဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၃ ပညာရှင်တွေ ဖြစ်ပြီး မိုးပြာရောင် ဂိုဏ်းချုက် အိုးရန်ဝမ်းထင် ကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၂ ပညာရှင် ဖြစ်ပါတယ်။ ဂိုဏ်းထိန်းကြီး တွေကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၁ က ပညာရှင်တွေပါ။ သူတို့ထဲက တစ်ယောက်မှတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၄ကို ချိုးဖောက် ဝင်ရောက်နိုင်မယ့်ပုံ မပေါ်ပါဘူး။

ဒါကြောင့်လည်း မိုးပြာရောင်ဂိုဏ်းဟာ ကောင်းကင်နတ်ဆိုး ဂိုဏ်းထက် အဆင့် နိမ့်ကျနေတာ ဖြစ်ပါတယ်။

ကောင်းကင်နတ်ဆိုး ဂိုဏ်းမှာဆိုရင်တော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၄ ပညာရှင် တစ်ယောက် ရှိနေတယ်လေ။

***

လီဖူချန်း တစ်ယောက် ကြယ်တာရာ လမ်းမပေါ်မှာ အဆင့်တက်ဖို့ ကြိုးစားနေစဉ်မှာပဲ လီရှင်းယုကတော့ ကြယ်တာရာလမ်းမ လျှို့ဝှက် နယ်မြေထဲကနေ ထွက်ခွာ သွားခဲ့ပါပြီ။

သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကတော့ မြေကမ္ဘာနယ်ပယ် အဆင့် ၉ရဲ့ အထွတ်အထိပ် အထိကို တိုးတက်သွား ခဲ့ပါတယ်။

သူ့ရဲ့ စွမ်းရည်တွေ ကလည်း လုံးဝကို အခြေခိုင်တဲ့ အဆင့်ကို ရောက်သွားပါပြီ။

၂၈၀ b

တကယ်လို့ အခုအချိန်မှာသာ လီရှင်းယုနဲ့ လီဖူချန်းတို့ ပြန်တိုက်ကြမယ် ဆိုရင် လီဖူချန်းက သံနက် ဓားအဆီအနှစ်ကို ထုတ်သုံးမှသာ လီရှင်းယုကို အနိုင်ယူ နိုင်တော့မှာပါ။

ကြယ်တာရာ လမ်းမရဲ အဋ္ဌမ နယ်မြေ အပိုင်းအခြားက ချီစက်ကွင်း ဖိအားကိုတော့ လီဖူချန်း တစ်ယောက် ဘယ်လိုမှ တောင်ခံထားနိုင်ခြင်း မရှိခဲ့ပါဘူး။

ခြေလှမ်း ၁၀၀ လောက် လျှောက်အပြီးမှာပဲ အလင်းတန်းကြီး တစ်ခုက လီဖူချန်းကို ကြယ်တာရာ လမ်းမပေါ်ကနေ သူ့ရဲ့ ကိုယ်ပိုင် ခြံဝင်းထဲကို ပြန်ပို့ဆောင် ပေးသွား ခဲ့ပါတယ်။

“ဟူး ... သည်ကြယ်တာရာ လမ်းမ လျှို့ဝှက်နယ်မြေက ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထက်ကို အများကြီး ပိုရှုပ်ထွေးတာပဲ”

လီဖူချန်းက သက်ပြင်း ရှည်ကြီးတစ်ခု ချလိုက်ပါတယ်။

“မြေကမ္ဘာနယ်ပယ် အဆင့် ၇က ကျားနဂါး ပြိုင်ပွဲအတွက် မလုံလောက် သေးဘူး။ ငါ့ရဲ့ ဓားဆန္ဒကို သည်ထက်ပိုပြီး အားကောင်းလာ စေဖို့အတွက် ဓားကျောက်စာတိုင် ချိုင့်ဝှမ်းဆီကို နောက်ထပ်တစ်ခါ ပြန်သွားရမယ်”

လီဖူချန်း မြေကမ္ဘာနယ်ပယ် အဆင့် ၇ လောက်နဲ့တော့ ကျားနဂါး ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့ အတွက် မလုံလောက်သေးဘူး ဆိုတာကို သိပါတယ်။

သူ့ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ အသိစိတ်အာရုံက လွဲပြီး ကျန်တာတွေက အခြားပြိုင်ပွဲဝင် တွေထက်ကို အတော်လေး အဆင့်နိမ့် နေတာပါ။

ကျားနဂါးပြိုင်ပွဲကို လာမယ့် လက်ရွေးစင် လူငယ် ပါရမီရှင်တွေ တော်တော်များများက မြေကမ္ဘာနယ်ပယ် အဆင့် ၉ကို ရောက်နေ လောက်ပါပြီ။ သူတို့နဲ့ ယှဉ်ရင်တော့ လီဖူချန်းရဲ့ ကျင့်ကြံမှုအဆင့်က ဟိုးအောက်နားမှာ ရောက်နေမှာ အမှန်ပါပဲ။

ပြီးတော့ အချို့ လူငယ်တွေဆိုရင် ကောင်းကင်နယ်ပယ် ထဲကိုပါ ခြေလှမ်း တစ်ဝက်လောက် လှမ်းပြီး နေလောက်ပါပြီ။

ထိုလူငယ်တွေက ကောင်းကင် နယ်ပယ်ထဲကို ချိုးဖောက် ဝင်ရောက်ရင်တောင် ရနေပြီ ဖြစ်ပေမဲ့လည်း ကျားနဂါး ပြိုင်ပွဲရဲ့ ဆုလာဘ်တွေကို မျှော်ကိုးတဲ့ အတွက် အဆင့် မတက်သေးဘဲ ချိုးနှိမ်ထား ကြတာပါ။

ကျားနဂါး စာရင်းထဲကို ဝင်ရောက်နိုင်တဲ့ လူငယ်တိုင်းဟာ ကြယ်ကျောက်တုံး တစ်တုံးစီကို ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ထိပ်ဆုံး ၇၂ယောက် အဆင့်၊ ထိပ်ဆုံး ၃၆ယောက် အဆင့်၊ ထိပ်ဆုံး ၁၀ ယောက်အဆင့်၊ ထိပ်ဆုံး ၃ယောက် အဆင့်နဲ့ အတော်ဆုံး နံပါတ် ၁ ဆိုပြီး ပေးအပ်မယ့် ဆုအသီးသီးက ရှိပါသေးတယ်။

ဓားအရူးသူတော် လီရှင်းယုတောင်မှ ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြု နေနိုင်မှတော့ အခြားသော အင်အားစုကြီး တွေရဲ့ လက်ရွေးစင် လူငယ်ပါရမီရှင် တွေကလည်း ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြု နေနိုင်မှာပါပဲ။

အဲသည်အတွက် သူ့ရဲ့ အားသာချက်က ထိုလူငယ် ပါရမီရှင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ မဆိုစလောက် အားသာချက် လေးသာ ဖြစ်သွားမည့် အရေးကို လီဖူချန်း တစ်ယောက် ကြိုမြင်နေပါတယ်။

ဓားကျောက်စာတိုင် ချိုင့်ဝှမ်းကို ရောက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းက ဘာကိုမှ တွေးမနေတော့ဘဲ ဓားကျောက်စာ တိုက်ကိုသာ အာရုံပြုကာ သူ့ရဲ့ ဓားဆန္ဒ ပိုအားကောင်း လာဖို့အတွက် လုံးပမ်းနေ ပါတော့တယ်။

သူ့ရဲ့ ဓားဆန္ဒက ဖွံ့ဖြိုးပြီးစ အခြေအနေကို ရောက်နေပြီ ဖြစ်တဲ့အတွက် ပြီးပြည့်စုံတဲ့ ဓားဆန္ဒအဆင့်ကို ရောက်ဖို့အတွက် ခြေတစ်လှမ်းစာ လောက်သာ လိုတော့သည် မဟုတ်ပါလား။

***

All Chapters