သန့်စင်တဲ့ ယန်ဓာတ် ချီအတွင်းအား
Vol. 21 Ch. 282
မိုးပြာရောင်ဂိုဏ်းရဲ့ ပင်မခန်းဆောင်
လီဖူချန်း၊ လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ အားလုံးဟာ ပင်မခန်းဆောင် ထဲကို ရောက်နေကြပါပြီ။
အိုးရန်ဝမ်းထင် ကတော့ ဂိုဏ်းချုပ်တွေ ထိုင်လေ့ရှိတဲ့ ပလ္လင်ပေါ်မှာ ထိုင်လျက် ရှိနေပါတယ်။
အိုးရန်ဝမ်းထင်က လီဖူချန်းကို ကြည့်ရင်းနဲ့ ခေါင်း တဆတ်ဆတ် ညိတ်မိလိုက် ပါတယ်။
လူရွေးပွဲ မှာတုန်းက ကျင့်ကြံမှုအဆင့် အနိမ့်ဆုံး ဖြစ်ခဲ့တဲ့ လီဖူချန်းက ယခုဆိုရင် မြေကမ္ဘာနယ်ပယ် အဆင့် ၈ကိုတောင် ရောက်နေပြီ မဟုတ်ပါလား။ မြေကမ္ဘာနယ်ပယ် အဆင့်၈ ဆိုတာက ကျားနဂါး ပြိုင်ပွဲဆိုတဲ့ အတိုင်းအတာနဲ့ တိုင်းကြည့် လိုက်မယ် ဆိုရင်တော့ အတော်လေးကို နိမ့်နေသေးတယ်လို့ သတ်မှတ် ရမှာပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ သာမန်ထက် သာလွန်တဲ့ စွမ်းရည်တွေကိုပါ ထည့်ပေါင်းပြီး တွက်ကြည့် လိုက်မယ် ဆိုရင်တော့ ကျားနဂါး ပြိုင်ပွဲမှာ အစွမ်းပြဖို့အတွက် ကောင်းကောင်းကြီး လုံလောက်နေပါပြီ။
တကယ်တော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့် ၈ကို ကျင့်ကြံပြီး ရောက်လာတာ မဟုတ်ပါဘူး။ သူက သူ့မှာ ကျန်ရှိနေသေးတဲ့ ဆေးပင်တွေနဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ပေး စေနိုင်တဲ့ ဆေးလုံးတွေကို အသုံးပြုပြီး ရောက်လာတာပါ။
သာမန်အတိုင်း ဆိုရင်တော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့် ၇ကနေ မြေကမ္ဘာနယ်ပယ် အဆင့် ၉ကို ရောက်ဖို့အတွက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်တော့ အချိန်ယူရ ပါဦးမယ်။
အခုလို ဆေးဝါး အကူအညီကို ယူလိုက်တဲ့ အတွက်ကြောင့် လီဖူချန်းက မသန့်စင်ခြင်း ဆိုတဲ့ ဘေးထွက် ဆိုးကျိုးတွေကို ကြုံရတော့မှာပါ။
အဲဒါက သူ့ကို မြေကမ္ဘာနယ်ပယ် အဆင့် ၈ကနေ အဆင့် ၉ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါမှာ အတားအဆီး တစ်ခု ဖြစ်လာနိုင်ပါတယ်။
ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ မြေကမ္ဘာနယ်ပယ် အဆင့် ၈မှာ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်လောက် နေပြီးမှသာ အဆင့်ထက်တက် နိုင်ပါတော့မယ်။
ဒါပေမဲ့လည်း သူက လီဖူချန်းပါ။ လီဖူချန်းကို သာမန် အချက်အလက် တွေနဲ့ တိုင်းတာလို့ မရပါဘူး။ သူက ဘာတွေ ထပ်လုပ်ပြ နိုင်ဦးမလဲ ဆိုတာကိုတော့ စောင့်ကြည့် ရမှာပါပဲ။
“မင်းတို့ လေးယောက်ဟာ လက်ရှိမှာတော့ ငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ ပါရမီနဲ့ အလားအလာ အကောင်းဆုံး လေးယောက်ပဲ။ ကျားနဂါး ပြိုင်ပွဲမှာ ဆိုရင်လည်း မင်းတို့ လေးယောက်ဟာ မိုးပြာရောင် ဂိုဏ်းကို ကိုယ်စားပြုရမှာ ... ”
“ရော့ ... ဒါက ဆန်းကြယ် အဆင့်မြင့် ဓားတွေပဲ။ ဂိုဏ်းတော်က မင်းတို့ လေးယောက် အတွက် အထူးပြုလုပ် ထားပေးတာ ...”
အိုးရန်ဝမ်းထင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ အေးစက်တဲ့ အငွေ့အသက်တွေ ပျံ့လွင့်နေတဲ့ အလင်းတန်း လေးခုဟာ လီဖူချန်းနဲ့ အခြားသူတွေ ဆီကို ရောက်လာခဲ့ပါပြီ။
လီဖူချန်းတို့ တစ်သိုက်ကလည်း သူတို့ဆီကို ဝင်လာတဲ့ အလင်းတန်းကို ဆီးပြီး ဖမ်းလိုက်ပါတယ်။
သူတို့လက်ထဲကို ရောက်လာတာ ကတော့ အေးစက်တဲ့ အငွေ့အသက်တွေ လွင့်ပျံနေတဲ့ ဓားတစ်လက်ပါပဲ။
သင်တုန်းဓားသမျှ ထက်မြတဲ့ ဓားရဲ့ အငွေ့အသက်ကို ဓားအိမ်ထဲက မထုတ်ခင် ကတည်းကနေ ခံစားလို့ ရနေပါပြီ။
သည်ဓားက ချီအတွင်းအားတွေကို မထည့်သွင်းရ သေးတာတောင်မှ တစ်ဖက်လူကို အရိုးထဲအထိ အေးစိမ့်သွားစေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်မည့် ပုံပါပဲ။
‘ကောင်းလိုက်တဲ့ ဓား’
လီဖူချန်းက ဓားအပေါ်မှာ စိတ်လိုလက်ရ မှတ်ချက်ပေး လိုက်ပါတယ်။
သူက ဆန်းကြယ် အဆင့်မြင့် ဓားတွေရဲ့ တန်ဖိုးကို အရင်တုန်း ကတည်းက သိထားပြီးပါပြီ။ သည်လို ဓားတစ်လက်ဟာ အနည်းဆုံးတော့ ငွေသားတစ်သိန်း မက တန်ပါတယ်။
လီဖူချန်းက အရင်တုန်း ကတော့ သည်လိုဓားမျိုးကို ဝယ်ဖို့အတွက် စဉ်းစားခဲ့ မိပေမဲ့လည်း အဲသည်တုန်းက သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ဟာ ဆန်းကြယ် အဆင့်မြင့် ဓားတစ်လက်ရဲ့ အစွမ်းကို အပြည့်အဝ ထုတ်သုံးနိုင်ဖို့ အတွက် မလုံလောက် ခဲ့ပါဘူး။
စွမ်းရည် အပြည့်အဝ ထုတ်သုံးနိုင်ခြင်း မရှိတဲ့ ဆန်းကြယ် အဆင့်မြင့် ဓားဟာ စွမ်းရည် အပြည့်အဝ ထုတ်သုံးနိုင်တဲ့ ဆန်းကြယ် အလယ်အလတ် ဓားနဲ့ စွမ်းဆောင်မှုပိုင်းမှာ အတူတူပါပဲ။
ဒါပေမဲ့ ဆန်းကြယ် အထွတ်အထိပ် ဓားဆိုရင်တော့ အခြေအနေက တစ်မျိုး ပြောင်းသွားမှာပါ။ လူတစ်ယောက်က ဆန်းကြယ် အထွတ်အထိပ် ဓားတစ်လက်ရဲ့ စွမ်းရည်ကို ၃၀ ရာခိုင်နှုန်း လောက်သာ ထုတ်သုံး နိုင်ရင်တောင်မှ အဲသည်ဓားက ဆန်းကြယ် အလယ်အလတ် ဓားထက်ကို အစွမ်းထက် ပါသေးတယ်။
နှမြောစရာ ကောင်းတာကတော့ ဆန်းကြယ် အထွတ်အထိပ် ဓားတွေကိုတော့ ကံအရမ်း ကောင်းမှသာ ရနိုင်တာပါပဲ။ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ လိုက်ရှာရင် တောင်မှပဲ ဆန်းကြယ် အထွတ်အထိပ် အဆင့်ရှိတဲ့ လက်နက်တွေကို သွန်းလုပ်နိုင်သူတွေ သိပ်မရှိပါဘူး။ မရှိသလောက်ကို ရှားပါတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို လောလောလတ်လတ် ချိုးဖောက်ဝင်ရောက် ထားနိုင်တဲ့ ပညာရှင်တွေ တောင်မှ ဆန်းကြယ် အဆင့်မြင့် လက်နက်တွေ ကိုသာ ကိုင်ဆောင်ထား နိုင်တာပါ။
လက်ရှိမှာတော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့် ၈ကို ရောက်နေပြီ ဖြစ်တဲ့အတွက် ဆန်းကြယ် အဆင့်မြင့် ဓားရဲ့ စွမ်းဆောင်ရည်ကို ၉၀ ရာခိုင်နှုန်း သို့မဟုတ် ၁၀၀ ရာခိုင်နှုန်း အထိ အသုံးပြုနေနိုင်ပါပြီ။
ပြီးတော့ သူက ဓားအင်းကွက် ဆရာသခင် တစ်ယောက်လည်း ဖြစ်တဲ့အတွက် သည်ဆန်းကြယ် အဆင့်မြင့်ဓားမှာ ပါတဲ့ ဓားအင်းကွက် ကို နားလည်နေ ပါသေးတယ်။
တကယ်လို့ မတော်တဆ သည်ဆန်းကြယ် အဆင့်မြင့်ဓား ထိခိုက်ပျက်စီး သွားရင်တောင်မှ လီဖူချန်းက ဓားအင်းကွက် အသစ်တစ်ခုကို ပြန်လည် ရေးဆွဲ နေနိုင်ပါပြီ။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး”
သူတို့ လေးယောက်ဟာ ဓားတွေကို သိမ်းလိုက်ပြီး နောက်မှာတော့ အိုးရန်ဝမ်းထင်ကို ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
အိုးရန်ဝမ်းထင်က ခေါင်းညိတ်လိုက်ပြီး …
“ငါတို့ရဲ့ ကျားနဂါးပြိုင်ပွဲ ခရီးစဉ်ကို နောက်ထပ် သုံးရက်ကြာရင် စမယ်။ မင်းတို့အားလုံး အဆင်သင့် ပြင်ဆင်ထား ကြတော့။ လီဖူချန်း ... မင်းကတော့ ခဏ နေခဲ့ဦး”
လီရှင်းယုနဲ့ အခြားသူ နှစ်ယောက် ထွက်သွား အပြီးမှာတော့ အိုးရန်ဝမ်းထင်က လီဖူချန်းကို ပြုံးပြီး မေးလိုက်ပါတယ်။
“ဖူချန်း ... ငါပေးထားတဲ့ ကြယ် ၄ပွင့် လျှို့ဝှက် နည်းစနစ်ကို ဘယ်အဆင့်အထိ လေ့ကျင့်ပြီးပြီလဲ ...”
လီဖူချန်းရဲ့ ပညာရပ်တွေအပေါ် ထိုးထွင်းသိမြင်မှုက မိုးပြာရောင် ဂိုဏ်းရဲ့ သမိုင်း တစ်လျှောက်မှာ နံပါတ်တစ်လို့ သတ်မှတ်ရမှာပါ။ သူက အသက်၂၀ အရွယ်မှာတင် ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကိုတောင် နားလည်အသုံးပြု နိုင်ခဲ့တာလေ။ သူ့ရဲ့ ထိုးထွင်း သိမြင်မှုက သာမန် ကြယ် ၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ ထက်တောင် သာနေပါပြီ။
အဲသည်အတွက် လူရွေးပွဲ အပြီးမှာ အိုးရန်ဝမ်းထင်က လီဖူချန်းကို ကြယ် ၄ပွင့် လျှို့ဝှက် နည်းစနစ် တစ်ခုကို ပေးခဲ့ပါတယ်။
အရင်တုန်း ကလည်း အိုးရန်ဝမ်းထင်က လီရှင်းယုကို ကြယ် ၄ပွင့် လျှို့ဝှက် နည်းစနစ်တစ်ခု ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲသည်ကိစ္စက နှစ်အတော်လေး ကြာနေခဲ့ပါပြီ။
လီဖူချန်းကို ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ် ပေးခဲ့တာကတော့ တစ်လလောက်တောင် မကြာသေးပါဘူး။ အဲဒါကြောင့် အိုးရန်ဝမ်းထင်က လီဖူချန်းရဲ့ အခြေအနေကို သိချင်နေတာပါ။
လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး …
“ဂိုဏ်းချုပ်ကြီး ခင်ဗျား ... ဖူချန်းက အဲသည်လျှို့ဝှက် နည်းစနစ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ လေ့ကျင့်ပြီး သွားပါပြီ။
“ဘယ်လို ... ။ မင်းက ပြီးပြည့်စုံတဲ့ အဆင့်အထိ လေ့ကျင့် ပြီးသွားပြီလား ... ”
အိုးရန်ဝမ်းထင်က သူ့နားကြားများ မှားသွားသလား လို့တောင် ထင်လိုက်ပါတယ်။
“ဟုတ်ပါတယ် ဂိုဏ်းချုပ်ကြီး …”
လီဖူချန်းက ပြန်လည် ဖြေဆိုလိုက်ပါတယ်။
အိုးရန်ဝမ်းထင် လီဖူချန်းကို ပေးခဲ့တဲ့ ကြယ်လေးပွင့် လျှို့ဝှက် နည်းစနစ်ကတော့ သန့်စင်တဲ့ ယန်ဓာတ် ချီအတွင်းအား နည်းစနစ်ပါပဲ။
( note -တရုတ်အယူအဆ မှာတော့ ယင်နဲ့ယန်ဆိုပြီး ရှိပါတယ်။ ယင်ဆိုတာ ကတော့ မဓာတ်၊ အအေးဓာတ်၊ ရေဓာတ် ဆိုတဲ့ သဘောကို ဆောင်ပြီး ယန်ဆိုတာ ကတော့ ဖိုဓာတ်၊ အပူဓာတ်၊ မီးဓာတ် ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ )
အဲသည် နည်းစနစ်ကို အသုံးပြုလိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အစစ်အမှန် ငရဲမီးတောက် ချီအတွင်းအား တွေက သန့်စင်တဲ့ ယန်ဓာတ် ချီအတွင်းအားတွေ အဖြစ်ကို ပြောင်းလဲသွားမှာပါ။ သည်နည်းစနစ်က မီးနဂါး လျှို့ဝှက် နည်းစနစ်ထက်ကို ပိုအားကောင်း သလို ပိုပြီးတော့လည်း နက်နဲပါတယ်။
လီဖူချန်း အတွက်ကတော့ ကြယ် ၄ပွင့် လျှို့ဝှက် နည်းစနစ်ကို လေ့ကျင့်ရတာဟာ ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းတွေကို လေ့ကျင့် ရတာထက် လွယ်နေပါပြီ။
လျှို့ဝှက် နည်းစနစ်တွေ ဆိုတာက ယေဘုယျအားဖြင့် လူသားခန္ဓာကိုယ်ရဲ့ တည်ဆောက်ပုံ တွေနဲ့ ပတ်သက်ပြီး တီထွင်ဖန်တီး ထားတာ ဖြစ်ပါတယ်။
လီဖူချန်းရဲ့ အသိစိတ်အာရုံဟာ အင်မတန်မှကို အစွမ်းထက်နေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ကမဋ္ဌာန်း ရှုသလို ပြန်လည်သုံးသပ် ဆင်ခြင်လို့ ရနေပါပြီ။ ကောင်းကင်နယ်ပယ် ပညာရှင်တွေ မဆိုထားနဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တွေတောင်မှ သူတို့ရဲ့ ခန္ဓာကိုယ်ကို သူတို့ကိုယ်တိုင် အပြည့်အဝ နားမလည် နိုင်သေးတဲ့ အခြေအနေမှာ ရှိပါတယ်။ သည်အပိုင်းမှာတော့ သူတို့တောင်မှ လီဖူချန်းကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။
လီဖူချန်းက သည်သန့်စင်တဲ့ ယန်ဓာတ်ချီ အတွင်းအား လျှို့ဝှက် နည်းစနစ်ကို ၁၀ရက် အတွင်းမှာပဲ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင် ခဲ့တာပါ။
“ငါ့ကို အစမ်းသဘော အနေနဲ့ ပြကြည့်စမ်းပါဦး”
အိုးရန်ဝမ်းထင်က ယခုထက်ထိ လီဖူချန်းကို သိပ်မယုံတဲ့ ပုံပါပဲ။
“ဟုတ်ကဲ့ပါ”
လီဖူချန်းက အသက်ကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး သူ့ရဲ့ အစစ်အမှန် ငရဲမီး ချီအတွင်းအား တွေကို သန့်စင်သော ယန်ဓာတ် ချီအတွင်းအား လျှို့ဝှက်နည်းစနစ် အတိုင်း စီးဆင်းစေ လိုက်ပါတယ်။
ဟုန်း ...
လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ နေ အသေးစားလေး တစ်ခု ဖြစ်ပေါ်လာသည့် ပုံပါပဲ။ ပူပြင်းလှတဲ့ ချီအတွင်းအား တစ်ခုဟာ ပင်မခန်းဆောင်ရဲ့ လေထု တစ်ခုလုံးကို ပူလောင်မွန်းကျပ် သွားစေပါတယ်။
လီဖူချန်းရဲ့ ခန္ဓာကိုယ် ပေါ်မှာလည်း အဝါဖျော့ဖျော့ အလွှာတစ်ခုက လွှမ်းခြုံသွားခဲ့ပါပြီ။ အဲသည် အလွှာကိုတော့ သာမန် မျက်စိနဲ့ပင် မြင်နိုင်ပါတယ်။
သည်အဝါ ဖျော့ဖျော့ အလွှာက လုံးဝကို ဖျက်ဆီး မရနိုင်ဘူးဆိုတဲ့ ခံစားချက် တွေကိုလည်း ပေးစွမ်းနေပါ သေးတယ်။
“ကောင်းတယ် ... အရမ်း ကောင်းတယ်ဟေ့ ... မင်းက တကယ်ကို ရာစုနှစ်တွေ အတော်ကြာမှ တစ်ခါ ပေါ်ပေါက်လာတဲ့ ပါရမီရှင်မျိုးပဲ”
အိုးရန်ဝမ်းထင်က လက်ခုပ်လက်ဝါး တီးပြီး ချီးကျူးလိုက် ပါတယ်။
သည်နေ့မှာတော့ သူက အမြင်ကျယ် သွားခဲ့ပါပြီ။ အိုးရန်ဝမ်းထင်ရဲ့ ဘဝမှာတော့ ကြယ် ၄ပွင့် လျှို့ဝှက် နည်းစနစ်ကို တစ်လအတွင်းမှာ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်တဲ့ သူကို ပထမဆုံး မြင်ဖူးတာပါပဲ။
အိုးရန်ဝမ်းထင် မြေကမ္ဘာနယ်ပယ် ပညာရှင် ဘဝတုန်းကဆိုရင် သည်လျှို့ဝှက် နည်းစနစ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ ရောက်အောင် သုံးနှစ်တိတိ လေ့ကျင့်ခဲ့ ရတာလေ။
လီဖူချန်းနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ သန့်စင်တဲ့ ယန်ဓာတ် ချီအတွင်းအား လျှို့ဝှက် နည်းစနစ်ကို လေ့ကျင့်ခဲ့သူ အားလုံးဟာ နလဗိန်းတုံး တွေပါပဲ။ အိုးရန်ဝမ်းထင် ကိုယ်တိုင် အပါအဝင် ပေါ့လေ။
အိုးရန်ဝမ်းထင်က လီဖူချန်းကို ကြည့်နေရင်းနဲ့ စိတ်ထဲ ကနေတောင် အကြောင်းအရာ တစ်ခု စဉ်းစားမိလိုက် ပါသေးတယ်။
တကယ်လို့ လီဖူချန်းသာ ကောင်းကင်နယ်ပယ် အဆင့်ကို ရောက်ပြီဆိုရင် သူက ဂိုဏ်းစည်းမျဉ်း တွေကို ချွင်းချက်ထားပြီး လီဖူချန်းကို ‘မူလဘူတဓား’နည်းစနစ်ကို လေ့ကျင့်ခိုင်းမယ် ဆိုပြီးတော့ပေါ့။
မူလဘူတဓား နည်းစနစ် ဆိုတာက မိုးပြာရောင်ဂိုဏ်းရဲ့ အထွတ်အမြတ် ထားတဲ့ လျှို့ဝှက်နည်းစနစ် တစ်ခု ဖြစ်ပါတယ်။
သိတဲ့ အတိုင်းပါပဲ။ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာရှိတဲ့ ကြယ်၅ပွင့် လျှို့ဝှက် နည်းစနစ်တွေကို အဆင့်သတ်မှတ် လိုက်ရင်တောင်မှ မူလဘူတဓား နည်းစနစ်က ထိပ်ဆုံး၁၀ဆင့် ထဲကို ဝင်ပါတယ်။
ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ကောင်းကင် အသူရာ နည်းစနစ်တောင်မှ မူလဘူတဓား နည်းစနစ်ကို မယှဉ်နိုင်ပါဘူး။
အိုးရန်ဝမ်းထင်ရဲ့ အမြင်မှာတော့ မူလဘူတဓား နည်းစနစ်ဟာ လီဖူချန်းရဲ့ လက်ထဲကို ရောက်သွားမယ် ဆိုရင် ပိုပြီးတောင် တောက်ပြောင်လာ နိုင်ပါသေးတယ်။ ဒါကိုတော့ လုံးဝ ယုံမှားစရာ မလိုပါဘူး။
တစ်ခုပဲ မေးစရာ ရှိပါတယ်။ အဲဒါကတော့ လီဖူချန်းက မိုးပြာရောင် ဂိုဏ်းအပေါ်မှာ တစ်သက်လုံး သစ္စာစောင့်သိ နိုင်မလား ဆိုတာပါပဲ။
နဂါးတစ်ကောင် ဆိုတာက တစ်သက်လုံးတော့ ရေအိုင်ထဲမှာ နေနိုင်မှာ မဟုတ်ပါဘူး။ သည်အချက် ကိုတော့ အိုးရန်ဝမ်းထင် တစ်ယောက် နားလည်ထား ပါတယ်။ ဒါပေမဲ့ အဲသည်နဂါးက သူ့ရဲ့ မူလဇာတိဖြစ်တဲ့ ရေအိုင်လေး ကိုတော့ မမေ့သွား စေချင်ပါဘူး။ ဒါက အိုးရန်ဝမ်းထင် ခံယူထားတဲ့ အချက် တစ်ချက်ပါ။
ယခုဆိုရင် လီကလန်က မိုးပြာရောင် ဂိုဏ်းထဲကို ရွှေ့ပြောင်းလာပြီ ဖြစ်တဲ့အတွက် လီဖူချန်းက မိုးပြာရောင် ဂိုဏ်းကို သစ္စာဖောက်စရာ အကြောင်းတော့ မရှိသေးပါဘူး။
နောင်တစ်ချိန်မှာ လီဖူချန်း တစ်ယောက် မိုးပြာရောင်ဂိုဏ်းကို သစ္စာဖောက် သွားမလား၊ သစ္စာ စောင့်သိမလား ဆိုတာကိုတော့ စောင့်ကြည့် ရဦးမှာပါပဲ။
ပြီးတော့ မူလဘူတဓား နည်းစနစ်ကို လီဖူချန်းကို လေ့ကျင့်ခွင့် ပေးဖို့ကလည်း အချိန်အများကြီး လိုပါသေးတယ်။
မူလဘူတဓား နည်းစနစ်ကို လေ့ကျင့်ဖို့ အတွက်ဆိုရင် လေ့ကျင့်မယ့် သူက အနည်းဆုံးတော့ ကောင်းကင် နယ်ပယ်မှာ ရောက်နေရပါမယ်။
လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုက ဘယ်လောက်ပင် ကောင်းနေပါစေလေ။ ကောင်းကင် နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ ချီအတွင်းအား ပမာဏ မရှိသေးဘဲနဲ့တော့ သည်မူလ ဘူတဓား နည်းစနစ်ကို လေ့ကျင့်နိုင်မှာ မဟုတ်ပါဘူး။
လီဖူချန်း တစ်ယောက် ပင်မခန်းဆောင် ထဲကနေ ထွက်သွားပြီးတဲ့ အချိန်အထိ အိုးရန်ဝမ်းထင်က အတွေး ရေယာဉ်ကြောထဲမှာ စီးမျောနေတုန်းပါပဲ။
အစောပိုင်း တုန်းကတော့ သည်တစ်ကြိမ် ပြိုင်ပွဲမှာ လီဖူချန်းက ကျားနဂါး စာရင်းမှာ ဝင်တယ်ဆိုရုံ လောက်လေးသာ တတ်နိုင် လိမ့်မယ်လို့ပဲ အိုးရန်ဝမ်းထင်က ထင်ထားခဲ့တာပါ။ အခုတော့ အိုးရန်ဝမ်းထင်ရဲ့ အထင်တွေက ပြောင်းသွားခဲ့ပါပြီ။ လီဖူချန်းက ကျားနဂါး စာရင်းရဲ့ ထိပ်ဆုံး ၃၆ယောက် အဆင့်ထဲကို ဝင်ဖို့အတွက် မျှော်လင့်လို့ ရပါတယ်။
***