← Chapters

ကြယ်ကံကြမ္မာတောင်ထိပ်

Vol. 21 Ch. 283

ကြယ်ကံကြမ္မာတောင်ထိပ်

Vol. 21 Ch. 283

အချိန်သုံးရက် ကတော့ လျင်မြန်စွာနဲ့ပဲ ကုန်ဆုံးသွား ခဲ့ပါတယ်။

မိုးပြာရောင်ဂိုဏ်း ပင်မခန်းဆောင်ရဲ့ ရှေ့မျက်နှာစာ မြေကွက်လပ် မှာတော့ လီဖူချန်း၊ လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ ရောက်နေကြပါပြီ။ သူတို့ လေးယောက် အပြင် နောက်ထပ် ထပ်တိုးအနေနဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် နှစ်ယောက် ရောက်နေပါ သေးတယ်။

အဲသည် ရွှေအဆင့် တိုက်ရိုက်တပည့် နှစ်ယောက် ကတော့ လျူဝူဟောင်နဲ့ ယုဝူရှန်းတို့ပါပဲ။

သူတို့ နှစ်ယောက်စလုံးဟာ ကြယ် ၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်ကြသလို အသက်ကလည်း ၂၀ စွန်းစွန်းသာ ရှိနေသေးတဲ့ အတွက် ငယ်သေးတယ်လို့ သတ်မှတ် နိုင်ပါတယ်။

သူတို့ နှစ်ယောက်ဟာ သည်တစ်ကြိမ် ကျားနဂါး ပြိုင်ပွဲကို ဝင်ပြိုင်ခွင့် မရခဲ့ပေမဲ့လည်း နောက်တစ်ကြိမ် ကျားနဂါး ပြိုင်ပွဲကိုတော့ သေချာပေါက် ဝင်ခွင့်ရမှာပါပဲ။

ပြီးတော့ လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်သွားတဲ့ အခါကျရင် သူတို့ နှစ်ယောက်ဟာ လီရှင်းယုတို့ရဲ့ နေရာကို ဆက်ခံရမှာ ဖြစ်ပါတယ်။

လီဖူချန်းကတော့ သည်အတော အတွင်းမှာ ကောင်းကင် နယ်ပယ်ကို တက်လှမ်း နိုင်ဦးမှာ မဟုတ်သေးတဲ့ အတွက် သိပ်ပြီး စိတ်ပူစရာ မလိုသေးပါဘူး။

အဲသည်အတွက် ဂိုဏ်းတော်က လျူဝူဟောင်နဲ့ ယုဝူရှန်းကို ကျားနဂါးပြိုင်ပွဲနဲ့ ပတ်သက်ပြီး လက်တွေ့ လေ့လာနိုင်စေရန် အလို့ငှာ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

နောက်ထပ် သိပ်မကြာခင် မှာတော့ ဇောင်ဝူကျင်းက ဇောင်မင်းယွီကို ခေါ်ဆောင်ပြီး ရောက်လာ ပြန်ပါတယ်။

အကြီးအကဲ ခေါင်ချုပ် တစ်ယောက်ဖြစ်တဲ့ ဇောင်ဝူကျင်းရဲ့ အထက်မှာတော့ ဂိုဏ်းချုပ်၊ အထွတ်ခေါင်ချုပ် အကြီးအကဲတွေနဲ့ ဂိုဏ်းထိန်းကြီးတွေပဲ ရှိတော့တာပါ။ ဇောင်ဝူကျင်းဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် ဂိုဏ်းထိန်းကြီး ရာထူးကို ရဖို့ အလားအလာ ရှိပါသေးတယ်။ အဲသည် အတွက်ကြောင့် ဇောင်ဝူကျင်း အနေနဲ့ ဇောင်မင်းယွီကို ခေါ်လာတာက ဘာပြဿနာမှ မဖြစ်စေပါဘူး။

နောက်ဆုံးမှာတော့ အိုးရန်ဝမ်းထင်နဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲ နှစ်ယောက် ပင်မခန်းဆောင် ထဲကနေ ထွက်လာ ခဲ့ကြပါပြီ။

မိုးပြာရောင်ဂိုဏ်းကို ကာကွယ်ဖို့ ကိစ္စကလည်း ရှိနေသေးတဲ့ အတွက် အိုးရန်ဝမ်းထင်က အထွတ်ခေါင်ချုပ် အကြီးအကဲ နှစ်ယောက်ကိုသာ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲတွေ ကတော့ ဂိုဏ်းတော်မှာပဲ ကျန်ရစ်နေခဲ့ ကြမှာပါ။

“သွားကြစို့…”

လူတွေအားလုံး စုံနေပြီဆိုတာကို သိပြီးတဲ့ နောက်မှာတော့ အိုးရန်ဝမ်းထင်က သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး အချက်ပြ လိုက်ပါတယ်။

“အား”

“ဂိ… ဂိ…”

သူအချက်ပြပြီး သိပ်မကြာခင်မှာပဲ အဆင့်လေး အဆင့်မြင့် ဝိညာဉ်သားရဲ နှစ်ကောင်ဟာ မြေပြင်ပေါ်ကို ဆင်းသက် လာခဲ့ပါပြီ။

သူတို့အုပ်စုဟာ တုံ့ဆိုင်း မနေတော့ဘဲ နှစ်စုခွဲပြီး ဝိညာဉ်သားရဲ နှစ်ကောင်ရဲ့ ကျောပေါ်ကို တက်လိုက် ကြပါတယ်။

ထို့နောက်မှာတော့ ဝိညာဉ်သားရဲတွေဟာ စူးရှစွာ အသံပေးပြီး ကောင်းကင်ယံ ဆီသို့ တဟုန်ထိုး ပျံတက်သွား ခဲ့ပါပြီ။

အဆင့် ၄ ဝိညာဉ်သားရဲ တွေရဲ့ ပျံသန်းမှုနှုန်းဟာ သာမန် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ ပျံသန်းနှုန်း ထက်ကို ပိုမြန်တယ် ဆိုတာကိုတော့ ချွင်းချက်မရှိ လက်ခံရမှာပါပဲ။

အဲသည်အတွက် လီဖူချန်းတို့ လူငယ် တစ်သိုက်ဟာ ပြင်းထန်လှတဲ့ လေထု တိုးဝှေ့အားကို ခုခံရန် အလို့ငှာ ထိုင်ချလိုက် ရပါတယ်။

အိုးရန်ဝမ်းထင်၊ အထွတ်ခေါင်ချုပ် အကြီးအကဲ နှစ်ယောက်နဲ့ ဇောင်ဝူကျင်း တို့ကလည်း မတ်တတ်ရပ်နေဖို့ စိတ်ကူးမရှိတဲ့ အတွက် ဝိညာဉ်သားရဲကြီး နှစ်ကောင်ရဲ့ ကျောပြင်ပေါ်မှာ ထိုင်ချလိုက် ကြပါပြီ။

လီဖူချန်းကတော့ ဝိညာဉ်သားရဲကြီး ပေါ်ကို ရောက်ပြီဆိုတာနဲ့ အချိန်ဆိုင်း မနေတော့ဘဲ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ပညာရပ်ကို စတင်လေ့ကျင့် ပါတော့တယ်။

လီဖူချန်း အတွက်ကတော့ အချိန်ဟာ ရွှေပါပဲ။ သူက ချီအတွင်းအား ပိုကောင်း လာလေလေ ကျားနဂါး ပြိုင်ပွဲရဲ့ ထိပ်ပိုင်းအဆင့်ကို ဝင်ရောက်နိုင်ဖို့ အတွက် အခွင့်အလမ်း များလေလေပါပဲ။

“သည်ကလေးက ကျင့်ကြံခြင်းကို အရူးအမူး စွဲလမ်းနေတာ ပါလား။ ကောင်းတယ် ... ကောင်းတယ်။ သည်လို အရူးအမူး လေ့ကျင့်လို့လည်း သည်အဆင့်အထိ ရောက်လာတာ ဖြစ်ရမယ်”

တစ်ဖက်ဝိညာဉ် သားရဲကြီးပေါ်မှာ ထိုင်နေတဲ့ မျက်စိ တစ်ဖက်လပ် အထွတ်ခေါင်ချူပ် အကြီးအကဲ ကတော့ လီဖူချန်းရဲ့ အပြုအမူကို ကြည့်ရင်း ချီးကျူးနေလေရဲ့။

အိုးရန်ဝမ်းထင် ကလည်း ခေါင်းညိတ်လိုက်ပြီး…

“သည်လို အခြေအနေမျိုးမှာ ဈာန်ဝင်စားပြီး ကျင့်ကြံနိုင်ဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ သည်ကလေးရဲ့ စိတ်ဝိညာဉ်နဲ့ အာရုံ စူးစိုက်နိုင်မှုက အတော်လေးကို ကြောက်စရာ ကောင်းတဲ့အထိ အားကောင်းနေပြီ”

အိုးရန်ဝမ်းထင်ရဲ့ မှတ်ချက်က တကယ်လည်း မှန်ကန်ပါတယ်။ သည်လို အမြန်နှုန်းနဲ့ ပျံသန်း သွားလာနေတဲ့ ဝိညာဉ်သားရဲပေါ်မှာ အတွင်းအား ကျင့်စဉ် လေ့ကျင့်ဖို့ ဆိုတဲ့ ကိစ္စက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မြေကမ္ဘာ နယ်ပညာရှင်တွေ မဆိုထားနဲ့။ ကောင်းကင်နယ်ပယ် ပညာရှင်တွေ တောင်မှ လီဖူချန်းလို မလုပ်နိုင်ပါဘူး။

ကျင့်ကြံသူတွေဟာ ဘာဖြစ်လို့ ဆိတ်ငြိမ်တဲ့ နေရာတွေမှာ လေ့ကျင့်ကြတာလဲ ...

အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ ကျင့်ကြံသူတွေဟာ လေ့ကျင့်နေစဉ် အနှောင့်အယှက် ဝင်လာတာကို မကြိုက်ပါဘူး။ လေ့ကျင့်နေစဉ်မှာ အနှောင့်အယှက် ဝင်လာတာက သူတို့ရဲ့ သွေးလည်ပတ်မှု တွေကို ကမောက်ကမ ဖြစ်ပြီး ဆိုးကျိုးတွေ ဖြစ်လာစေ နိုင်ပါတယ်။

ပြီးတော့ ကျင့်ကြံသူတွေဟာ သူတို့ရဲ့ စိတ်ဝိညာဉ် ခွန်အားကို အထောက်အပံ့ ရယူပြီး အဆင့်တက်ဖို့ အကူအညီ ရယူလေ့ ရှိပါတယ်။

အဲသည်အတွက် အတွင်းအား လေ့ကျင့်နေစဉ်မှာ စိတ်ဝိညာဉ် ကလည်း လုံးဝကို ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်နေရပါမယ်။

အဲဒါကြောင့် ကျင့်ကြံသူတွေဟာ စိတ်ဝိညာဉ်ကို ပိုအာရုံ စူးစိုက် နိုင်စေဖို့အတွက် ဆိတ်ငြိမ်တဲ့ နေရာတွေကို ရှာပြီး လေ့ကျင့်ကြတာပါ။

နောက်ပြီးတော့ အခြားသော အကြောင်းပြချက် တစ်ခု ရှိပါသေးတယ်။

ကျင့်ကြံသူ တစ်ယောက်ကို လုပ်ကြံ သတ်ဖြတ် ချင်တယ်ဆိုရင် အတွင်းအား ကျင့်စဉ် လေ့ကျင့်နေတဲ့ အချိန်နဲ့ အဆင့်တက်နေတဲ့ အချိန်တွေမှာ အလွယ်ကူဆုံးပါပဲ။ အဲသည် အချိန်တွေမှာဆိုရင် ကျင့်ကြံသူတွေဟာ လုံးဝကို ခုခံနိုင်တဲ့ အခြေအနေမှာ ရှိမနေတော့ပါဘူး။ အဲသည် အတွက်ကြောင့်လည်း ကျင့်ကြံသူတွေဟာ အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်တဲ့ နေရာနဲ့ အဆင့်တက်တဲ့ နေရာတွေကို လုံးဝယုံကြည် စိတ်ချရတဲ့ နေရာတွေမှာသာ ပြုလုပ်လေ့ ရှိကြတာ ဖြစ်ပါတယ်။

***

လီဖူချန်းရဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်က အဆင့် ၁၆ကို ရောက်နေခဲ့တာ အနည်းငယ် ကြာနေပါပြီ။

သည် အတောအတွင်း မှာတော့ လီဖူချန်းက အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ရဲ့ အထွတ်အထိပ် အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင် ခဲ့ပါတယ်။ သူက အဆင့် ၁၇ကို ရောက်ဖို့အတွက် ခြေလှမ်း တစ်လှမ်းသာ လိုတော့တာပါ။

ဒါပေမဲ့လည်း အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ် အဆင့်၁၆ နဲ့ အဆင့် ၁၇ ကြားထဲမှာ ရှိနေတဲ့ အတားအဆီးက အလွယ်တကူနဲ့ ချိုးဖောက်လို့ ရတာမျိုး မဟုတ်ပါဘူး။ သာမန် အခြေအနေတွေ အတိုင်းဆိုရင် ကြယ် ၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ တောင်မှ သည်အတားအဆီးကို ချိုးဖောက်ဖို့ အတွက် နှစ်ပေါင်းများစွာ အချိန်ယူရမှာပါ။

ဆန်းကြယ် အထွတ်အထိပ် အဆင့် အတွင်းအား ကျင့်စဉ်တွေ ဆိုတာက နောက်ပိုင်း အဆင့်တွေ ရောက်လာတာ နဲ့အမျှ စိမ်ခေါ်မှုတွေ ပိုများလာသလို ပိုပြီးတော့လည်း ခက်ခဲလာသည် မဟုတ်ပါလား။

ကောင်းကင်နယ်ပယ် ပညာရှင်တွေ တောင်မှ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့် ၁၉ အထိရောက်အောင် မနည်းကျင့်ကြံ ခဲ့ရတာပါ။ ဥပမာအားဖြင့် ဇောင်ဝူကျင်းပေါ့။

ဇောင်ဝူကျင်းက မိုးပြာရောင်ဂိုဏ်းရဲ့  အစစ်အမှန် အတွင်းအား ကျင့်စဉ် နှစ်ခုထဲက တစ်ခု ဖြစ်တဲ့ အစစ်အမှန် မိုးပြာရောင်ရေစက် အတွင်းအား ကျင့်စဉ်ကို ယခုအချိန်အထိ လေ့ကျင့် နေရတုန်းပါပဲ။ ပြီးတော့ သူက အစစ်အမှန် မိုးပြာရောင်ရေစက် အတွင်းအား ကျင့်စဉ်ရဲ့ အဆင့် ၁၉မှာသာ ရှိပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ... ဇောင်ဝူကျင်း သာမန် ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ပင် မဟုတ်ပါလော။

အစစ်အမှန် မိုးပြာရောင် ရေစက် အတွင်းအား ကျင့်စဉ်နဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ် နှစ်ခုစလုံးကတော့ ဆန်းကြယ် အထွတ်အထိပ် အဆင့် အတွင်းအား ကျင့်စဉ်တွေပါပဲ။

***

ကျားနဂါး ပြိုင်ပွဲကိုတော့ တိုက်ပွဲတစ်ရာ နယ်မြေထဲက ကြယ်ကံကြမ္မာ တောင်ပေါ်မှာ ကျင်းပမှာပါ။

သည်ရက်တွေ အတွင်းမှာတော့ အနယ်နယ် အရပ်ရပ်မှာ ရှိတဲ့ ဂိုဏ်းအသီးသီးက လူတွေဟာ ကြယ်ကံကြမ္မာ တောင်ခြေကို အရောက် လှမ်းလာနေ ကြပါတယ်။

မူလက တိတ်ဆိတ်ပြီး အေးချမ်းတဲ့ ကြယ်ကံကြမ္မာ တောင်ကတော့ လူသံသူသံတွေနဲ့ အသက်ဝင် လာခဲ့ပါပြီ။

“ဒါက ကြယ်ကံကြမ္မာ တောင်လား ...”

ပါရမီရှင် လူငယ်တော်တော် များများဟာသည် ကြယ်ကံကြမ္မာတောင် ဆီကို မရောက်ဖူး ကြပါဘူး။

သူတို့က ဟိုး ... မိုးသားတိမ်တိုက် တွေထဲအထိ တိုးဝင်နေတဲ့ ကြယ်ကံကြမ္မာ တောင်ထိပ်ကို မော်ကြည့်နေရင်းနဲ့ ကြောက်လန့် သလိုလို ခံစားချက်မျိုးကို ခံစားနေရ ပါတယ်။

ကြယ် ကံကြမ္မာတောင် ဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အကြီးဆုံး တောင်ကြီး ၃လုံးထဲမှာ တစ်ခု အပါအဝင်ပါပဲ။

သည်ကြယ်ကံကြမ္မာ တောင်က အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ဂုဏ်ကျက်သရေကို ဆောင်တဲ့ တောင်ကြီး တစ်လုံးပါပဲ။

ကောလာဟလ တွေအရ ဆိုရင်တော့ ကျားနဂါး စာရင်းထဲမှာ ပါဝင်နိုင်တဲ့ လူငယ် အားလုံးဟာ ကြယ်ကံကြမ္မာ တောင်ရဲ့ ကောင်းချီး ပေးခြင်းကို ခံရပါတယ်တဲ့။ ကျားနဂါး စာရင်းရဲ့ ထိပ်ပိုင်းကို ရောက်လေလေ ကောင်းချီး ပေးခြင်းကို ပိုခံရလေလေပါပဲ။

ကြယ်ကံကြမ္မာ တောင်ရဲ့ ကောင်းချီးပေးခြင်း ဆိုတာကတော့ ကောင်းချီး ပေးခံရမယ့် လူငယ်ကို ကံကောင်းခြင်း ကြယ်ကံကြမ္မာတွေ ပေးအပ် လိုက်တာပါပဲ။

ကြယ်ကံကြမ္မာ တောင်ရဲ့ ကောင်းချီး ပေးခြင်းက ကောင်းကင်ငှက် တိုက်ပွဲဝင် ချီအတွင်းအား ထက်ကို ပိုပြီး တန်ဖိုးရှိပါတယ်။

ကောင်းကင်ငှက် တိုက်ပွဲဝင် ချီအတွင်းအားတွေ ဆိုတာက ကျင့်ကြံသူ တစ်ယောက်ရဲ့ ကျင့်ကြံနှုန်းကိုသာ လျင်မြန်လာ စေတာပါ။ ကံကောင်းခြင်း ကြယ်ကံကြမ္မာကို ရရှိခဲ့ရင်တော့ ထိုကျင့်ကြံသူရဲ့ ကံလမ်းကြောင်းနဲ့ အနာဂတ် အလားအလာက ပိုကောင်းသွား စေနိုင်ပါတယ်။

ဥပမာ ပြောရမယ် ဆိုရင်တော့ ကံကောင်းခြင်း ကြယ်ကံကြမ္မာ တွေကို ရရှိထားတဲ့ သူဟာ အသက်ဘေးနဲ့ ယှဉ်ဆိုင်ရရင် တောင်မှ ပွတ်ကာ သီကာလေး ကပ်ပြီး လွတ်သွား နိုင်ပါတယ်။

ကျင့်ကြံသူ တစ်ယောက်ဟာ တာအိုလမ်းစဉ်ရဲ့ အဆုံးကို မရောက်ခင်မှာ မသေဖို့ အရေးကြီးပါတယ်။

ကျင့်ကြံသူ တစ်ယောက်ဟာ ဘယ်လောက်ပဲ ပါရမီပါပြီး ဘယ်လောက်ပင် ကျင့်ကြံမှုနှုန်းတွေ မြန်နေပါစေဦး။ သေသွား ခဲ့ရင်တော့ ထိုလူဟာ လူသေ တစ်ယောက်ပါပဲ။

အဲသည်အတွက် ကံကောင်းခြင်း ကြယ်ကံကြမ္မာ တွေက ကောင်းကင်ငှက် တိုက်ပွဲဝင်ချီ အတွင်းအားထက် တန်ဖိုးရှိတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

***

ကောင်းကင်ယံ ထက်မှာတော့ အနက်ရောက် အစက်အပြောက်လေး နှစ်ခုဟာ ကြယ်ကံကြမ္မာ တောင်ဆီသို့ ဦးတည်လာ နေပါတယ်။

သိပ်မကြာခင်မှာပဲ အနက်ရောက် အစက်အပြောက်လေး နှစ်ခုဟာ တဖြည်းဖြည်း ကြီးလာပြီး ဝိညာဉ်သားရဲ နှစ်ကောင်ပုံ ပေါ်လာခဲ့ပါတယ်။

ထိုဝိညာဉ်သားရဲ နှစ်ကောင်ကတော့ မိုးပြာရောင်ဂိုဏ်းရဲ့ ဝိညာဉ်သားရဲ နှစ်ကောင်ပါပဲ။

“ကြယ်ကံကြမ္မာ တောင်ကို ရောက်ပြီဟေ့ ...”

အိုးရန်ဝမ်းထင်က အချက်ပေး လိုက်တဲ့ အခါမှာတော့ ထိုဝိညာဉ်သားရဲ နှစ်ကောင်ဟာ မြေပြင်ပေါ်ကို ဆင်းသက် လာခဲ့ပါပြီ။

“ဝိုး ... ဒါက ကြယ်ကံကြမ္မာတောင် ဆိုတာလား…”

လီဖူချန်းရဲ့ ဘဝမှာတော့ သည်လောက်ကြီးတဲ့ တောင်ကြီးကို တစ်ခါမှကို မမြင်ခဲ့ဖူးပါဘူး။

ဘေးနားမှာ ရှိနေတဲ့ ဇောင်ဝူကျင်း ကတော့ လူငယ်တွေကို ရှင်းပြလိုက် ပါတယ်။

“ကျားနဂါး ပြိုင်ပွဲကို အပိုင်း ၃ပိုင်း ခွဲထားတယ်။ ပထမ အပိုင်းကတော့ တောင်ပေါ်ကို တက်ရတာပဲ။ ဒုတိယ အပိုင်းကတော့ ကောင်းကင်ငှက် ကျောက်တုံး မဏ္ဍိုင်ပေါ်မှာ ရပ်ရမှာ။ တတိယ အပိုင်းကျမှ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲကို ပြိုင်ရတာ”

“သည်တောင်ကြီးက အရမ်းမြင့်တာပဲ ဘိုးဘိုး ...။ တောင်ထိပ်ကို ရောက်ဖို့က အရမ်းခက်မယ် ထင်တယ်နော်”

ဇောင်မင်းယွီကို လျာလေးကို ထုတ်လိုက်ပြီး ကလေး တစ်ယောက်သဖွယ် အပြစ်ကင်းစွာဖြင့် မေးလိုက်ပါတယ်။

ဇောင်ဝူကျင်းက ဇောင်မင်းယွီရဲ့ ခေါင်းလေးကို ချစ်စနိုးဖြင့် ပုတ်လိုက်ပြီး…

“သည်တောင်ထိပ်ကို တက်ရတာက တကယ်ပဲ ခက်ခဲတယ်။ ဒါပေမဲ့လည်း တောင်ထိပ်ကို မရောက် ရောက်အောင် တက်ရမှာပဲ။ တောင်ထိပ်ပေါ်မှာ ကောင်းကင်ငှက် ကျောက်တုံးမဏ္ဍိုင် ၁၀၈ ခု ရှိတယ်။ မင်းသာ အချိန်မီ တောင်ထိပ်ကို မရောက်နိုင်ဘူး ဆိုရင် ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရပ်ခွင့်ရှိတော့မှာ မဟုတ်ဘူး။ ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ တက်နိုင်တဲ့ လူတွေကိုသာ ကျားနဂါး အဆင့် သတ်မှတ်ချက် ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ပေးမှာဖြစ်တယ်”

အိုးရန်ဝမ်းထင်က ဇောင်ဝူကျင်း ရှင်းပြဖို့ ကျန်နေတာတွေကို ထပ်မံ ဖြည့်စွက် ပေးလိုက်ပါ သေးတယ်။

“တောင်ထိပ်ကို တက်နေစဉ် အတောအတွင်းမှာ အခြားလူတွေက မင်းကို နှောင့်ယှက်ခွင့် ရှိတယ်။ အဲသည်အတွက် တောင်ပေါ်တက်ဖို့ လမ်းကို သေသေချာချာ ရွေးချယ်ရမယ်။ မင်းရွေးချယ်တဲ့ လမ်းကြောင်း မှားသွားပြီ ဆိုတာနဲ့ တောင်ထိပ်ပေါ်ကို အချိန်မီ ရောက်နိုင်တော့မှာ မဟုတ်ဘူး”

သည်ကိစ္စကို အိုးရန်ဝမ်း ထင်က စိတ်အပူဆုံးပါ။

အခုချိန်မှာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ လက်ရွေးစင် ပါရမီတွေက ကြယ်ဘုရင် ၃ပါး၊ သခင်လေး ၆ယောက်နဲ့ နတ်မိမယ် ၄ဖော်တို့ ဖြစ်ပါတယ်။

သူတို့ ပြီးရင်လည်း အခြား တက်သစ်စ ကြယ်ပွင့် လူငယ် အကျော်အမော်တွေ အများကြီး ရှိနေဆဲပါပဲ။

အဲသည် လူတွေနဲ့သာ တောင်တက်လမ်းမှာ ကြုံရမယ်ဆိုရင် သူ့ရဲ့ မိုးပြာရောင်ဂိုဏ်း အခြေအနေဟာ ကောင်းတော့မှာ မဟုတ်ပါဘူး။ လီဖူချန်းတောင်မှ ထိုလူငယ်တွေနဲ့ တွေ့ရင် အခက်အခဲ ကြုံနိုင်ပါတယ်။ ကျန်တဲ့ ၃ယောက် ဆိုရင်တော့ ပြောစရာကို မလိုတော့ပါဘူး။

“ပြီးတော့ ပြောရဦးမယ်။ တောင်ထိပ်ပေါ်ကို တက်တာက ပြိုင်ပွဲရဲ့ ပထမအပိုင်းပဲ ရှိသေးတယ်။ မင်းကံကောင်း နေရင်တော့ ဘာပြဿနာ ကြီးကြီးမားမားမှ တွေ့မှာ မဟုတ်ဘူး။ တကယ့် ပြဿနာက ကျောက်တုံးမဏ္ဍိုင် ၁၀၈ခုပေါ်မှာ ရပ်ရမယ့် အချိန်မှာမှ စမှာ ...  တောင်ထိပ်ပေါ်ကို ရောက်လာတဲ့ လူတွေက ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရပ်နေတဲ့ သူတွေကို အလှကြည့်နေမှာ မဟုတ်ဘူး။ ကျောက်တုံးမဏ္ဍိုင် ၁၀၈ခုမှာ လူမပြည့်မချင်း အခြားလူတွေက ကျောက်တုံး မဏ္ဍိုင်ပေါ်က လူကို စိမ်ခေါ်တိုက်ခိုက်ပြီး နေရာလုလို့ ရသေးတယ်။ ကျောက်တုံး မဏ္ဍိုင် ၁၀၈ခုလုံးမှာ ပိုင်ရှင် ရှိသွားပြီဆိုမှ ပြိုင်ပွဲရဲ့ တတိယ အဆင့်ကို စမှာ ဖြစ်တယ် ...”

အိုးရန်ဝမ်းက သူ့ရဲ့ ပါရမီရှင် လေးယောက်ကို ကြည့်ပြီး အနည်းငယ် စိတ်ပူနေပါတယ်။ သူ့အနေနဲ့ လီဖူချန်းနဲ့ လီရှင်းယုကိုတော့ လုံးဝစိတ်မပူပါဘူး။ အိုးရန်ဝမ်းထင်က သည်နှစ်ယောက်ရဲ့ စွမ်းရည်ကို ကောင်းကောင်းကြီး နားလည် ထားတယ်လေ။ သူတကယ် စိတ်ပူတာက ချန်ယွန်ဟူနဲ့ ရှုဖန်တို့ပါပဲ။

ချန်ယွန်ဟူနဲ့ ရှုဖန်းတို့သာ နည်းနည်းလေး ကံကောင်းခဲ့မယ် ဆိုရင်တော့ ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရပ်ခွင့် ရနိုင်ပါတယ်။ အဲသည်လိုသာ ဖြစ်သွား ခဲ့ရင်တော့ မိုးပြာရောင် ဂိုဏ်းဟာ အရင်ကထက်ပိုပြီး လူသိများလာမှာပါ။ ကျားနဂါး စာရင်းထဲမှာ မိုးပြာရောင်ဂိုဏ်းရဲ့ တပည့် ၂ယောက်အထက် ပါတယ် ဆိုတာက ဂုဏ်ယူစရာ တစ်ရပ်ပင် မဟုတ်ပါလား။

အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့ အမျှ ကြယ်ကံကြမ္မာ တောင်ခြေမှာ ရောက်နေတဲ့ လူတွေကလည်း ပိုများလာခဲ့ပါပြီ။

ကြယ်ကံကြမ္မာ တောင်ခြေမှာတော့ မြူခိုးတွေ ဝေလျက် ရှိနေပြီး မုဂ်ဝ တစ်ခုကိုလည်း မြင်နေရပါတယ်။

ကြည့်ရတာတော့ ကြယ်ကံကြမ္မာ တောင်ထိပ်ကို တက်မယ့် လူငယ်တိုင်းဟာ သည်မုဂ်ဝကနေ ဖြတ်သန်း သွားရမယ့် ပုံပါပဲ။

“သည်နေရာမှာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အများကြီး ရောက်နေတာ ပါလား”

လီဖူချန်းက  တီးတိုး  ရေရွတ် လိုက်ပါတယ်။

***

All Chapters