← Chapters

နက္ခတ်တာရာ သခင်လေး

Vol. 21 Ch. 284

နက္ခတ်တာရာ သခင်လေး

Vol. 21 Ch. 284

ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ ဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အုပ်ချုပ်သူ တွေပါပဲ။

သူတို့တွေဟာ ဂိုဏ်းတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်သလို  တိုက်ကြီး တစ်ခုလုံးရဲ့ အနာဂတ်ကိုလည်း ပြောင်းလဲပစ် နိုင်ပါတယ်။

ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အားလုံးဟာ ငယ်စဉ်တုန်း ကတော့ ထိပ်တန်း ပါရမီရှင်တွေ ဖြစ်ခဲ့ကြတာပါပဲ။

ပညာရှင် တစ်ယောက် ကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို စာရင်းကောက် ဖူးပါတယ်။

ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေထဲက ၈၀ ရာခိုင်နှုန်းဟာ ကြယ် ၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေပါ။ ၅ရာခိုင်နှုန်းသော ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တွေကတော့ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ ဖြစ်ပါတယ်။

ကျန်တဲ့ ၁၅ ရာခိုင်နှုန်း ထဲမှာတော့ ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ မဟာကံကောင်းမှု ကြီးတွေကို ကြုံရပြီး ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်လာသူတွေ ပါဝင်ပါတယ်။

ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တိုင်းဟာ မယုံကြည် လောက်အောင် အစွမ်းထက် ကြသူတွေပါပဲ။ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်ကို အပြန်အလှန် ဖိအားပေးထားပြီး အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ မျှခြေကို ထိန်းထားပါတယ်။ အဲသည် အတွက်ကြောင့် စတုတ္ထ အကြိမ်မြောက် ဂိုဏ်းစစ်ပွဲကြီး ဖြစ်မလာတာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေက အခြားပညာရှင် တစ်ယောက်ကို သေချာပေါက် သတ်ဖြတ် ပစ်နိုင်မယ်လို့ ယုံကြည်မှု မရှိပါဘူး။

ထိပ်တန်း အင်အားစုကြီး တွေက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တွေတောင်မှ သာမန် ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ကို သတ်ဖြတ် နိုင်မယ်လို့ ယတိပြတ် မပြောရဲပါဘူး။

ဒါကလည်း အကြောင်းအရင်း ရှိပါတယ်။

ဟိုအရင်တုန်းက ထိပ်တန်း အင်အားစုကြီး တစ်ခုဟာ သာမန်ဂိုဏ်းလေး တစ်ခုကို အမြစ်ပြတ် သုတ်သင် ရှင်းလင်းဖို့ အကွက်ချ ကြံစည်ခဲ့ဖူး ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အစီအစဉ်က အနည်းငယ် ချွတ်ချော်သွား ခဲ့တဲ့အတွက် အဲသည်ဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်ဟာ သတ်ဖြတ်ခြင်းကို မခံလိုက်ရပါဘူး။

နောက်ထက် နှစ်ပေါင်း အတော်ကြာတဲ့ အခါမှာတော့ ထိုပညာရှင်ဟာ သူ့ရဲ့ ဂိုဏ်းအတွက် ပြန်ပြီး လက်စားချေ ပါတော့တယ်။ ထိပ်တန်း အင်အားစုကြီးရဲ့ လက်ရွေးစင် ပါရမီရှင် လူငယ်တွေဟာ ထိုပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ရဲ့ လက်ချက်ကြောင့် ပြုတ်ပြုတ် ပြုန်းလုမတတ်ပါပဲ။ အနည်းဆုံး လူငယ်ပါရမီရှင် ဆယ်နဲ့ချီပြီး သတ်ခံရတာပါ။ သာမန် အဖွဲ့ဝင်တွေ ဆိုရင်တော့ ရေတွက်လို့ မရတော့တဲ့ အထိတောင် သတ်ခံရတာ ဖြစ်ပါတယ်။ ထိပ်တန်း အင်အားစုကြီးက ပညာရှင်တွေဟာ နောက်ဆုံးမှာတော့ ထို ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်ကို သတ်ဖြတ်နိုင် ခဲ့ပေမဲ့လည်း အများကြီး ပေးဆပ်လိုက် ရပါတယ်။

အဲသည် အချိန်ကစပြီး လူတစ်ယောက်ဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်သွားပြီ ဆိုတာနဲ့ အများရဲ့ လေးစားခြင်းကို ခံရတော့တာပါပဲ။

ထိပ်တန်းဂိုဏ်းကြီး တွေတောင်မှ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေကို လေးစားပါတယ်။ အကြောင်းအရင်း တစ်စုံတရာ မရှိဘဲနဲ့ ရန်မစပါဘူး။

တကယ်လို့ သေချာပေါက် ပြဿနာ ဖြစ်တော့မယ် ဆိုရင်လည်း ထိပ်တန်း ဂိုဏ်းကြီးတွေက ပြန်လည် ဝင်စားခြင်း ပညာရှင်တွေကို အရင်ရအောင် လုပ်ကြံကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့မှာ သာဓကတစ်ခု ရှိခဲ့ပြီးပြီ မဟုတ်ပါလား။

“နက္ခတ်တာရာ ဂိုဏ်းကလူတွေ လာပြီဟေ့”

ဘယ်သူက စပြီး အော်လိုက် သလဲတော့ မသိပါဘူး။ ဒါပေမဲ့ လူတွေ အားလုံးဟာ အပေါ်ကိုမော့ပြီး ကြည့်လိုက်တာပါပဲ။

ကောင်းကင်ယံ မှာတော့ ကြီးမားလှတဲ့ ဝိညာဉ်သားရဲကြီး ၃ကောင်ဟာ  ကံကြမ္မာ တောင်ခြေကို ဆင်းသက် လာနေပါပြီ။

ထိုဝိညာဉ် သားရဲကြီး ၃ကောင်ရဲ့ ကျောပေါ်မှာတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် ၆ယောက် လိုက်ပါလာပါတယ်။

လူငယ်တွေ ကတော့ အယောက်၂၀ နီးပါးပါပဲ။ လူငယ်အားလုံးရဲ့ မျက်နှာ ပေါ်မှာတော့ စိတ်အား တက်ကြွမှုနဲ့ မာနတွေကို အထင်းသား ပေါ်နေပါတယ်။

နက္ခတ်တာရာ ဂိုဏ်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်တန်း အင်အားစုကြီး တစ်ခု ဖြစ်တဲ့အတွက် နက္ခတာရာ ဂိုဏ်းသားတွေဟာ အခြားသာမန် ဂိုဏ်းသားတွေထက် မာနကြီးနေတာ မထူးဆန်း လှပါဘူး။ ဒါက ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။

“အလယ်မှာရှိတဲ့ ဝိညာဉ် သားရဲကြီးရဲ့ ကျောပေါ်မှာ ရှိနေတာက နက္ခတ်တာရာ သခင်လေးနဲ့ ဂြိုဟ်ခုနစ်လုံးပဲ ဖြစ်ရမယ်”

လူတစ်ယောက်က အော်ပြော လိုက်ပါတယ်။

အလယ်မှာရှိတဲ့ ဝိညာဉ် သားရဲကြီးရဲ့ ကျောပေါ်မှာတော့ လူငယ် ၈ယောက် ရှိနေပါတယ်။

ထိုလူငယ် အားလုံးရဲ့ အသွင်အပြင် တွေဟာ အခြားသော လူငယ်တွေနဲ့ မတူဘဲ တစ်မူထူးခြား နေသလို သူတို့ရဲ့ ခန္ဓာကိုယ်ကနေ ထူးဆန်းတဲ့ ချီအရှိန်အဝါတွေ ထွက်ပေါ် နေပါတယ်။ လုံးဝကို ယုံမှား သံသယ ဝင်စရာ မလိုပါဘူး။ သည်လူငယ် ၈ယောက်ဟာ သေချာပေါက်ကို နက္ခတ်တာရာ သခင်လေးနဲ့ ဂြိုဟ်ခုနစ်လုံးပါပဲ။

လီဖူချန်းကလည်း အခြားသူတွေလိုပဲ ထိုလူငယ် ၈ယောက် လှမ်းအကဲခတ် နေမိပါတယ်။ သူက တစ်ချက် ကြည့်လိုက်တာနဲ့ ဟန်ဖန်းကို တန်းပြီး တွေ့တော့တာပါပဲ။

ဂြိုဟ်ခုနစ်လုံးထဲက ဟန်ဖန်းဟာ တကယ်လည်း အစွမ်းထက် လွန်းပါတယ်။ မိုးပြာရောင် ဂိုဏ်းထဲမှာဆိုရင် သူကိုယ်တိုင်နဲ့ လီရှင်းယုကလွဲရင် အခြားသော တိုက်ရိုက် တပည့်တွေက ဟန်ဖန်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

ပြီးတော့ ဟန်ဖန်းက လီဖူချန်းလိုပဲ အရမ်းကို ငယ်ပါသေးတယ်။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဟန်ဖန်းဟာ တက်သစ်စ ကြယ်ပွင့်လေးပါပဲ။

ဂြိုဟ်ခုနစ်လုံးရဲ့ အရှေ့မှာတော့ သံမဏိ ယပ်တောင်ကို ကိုင်ထားတဲ့ လူငယ်လေး တစ်ယောက် ရှိနေပါတယ်။

ထိုလူငယ်လေးရဲ့ မျက်နှာက ကျောက်စိမ်းရတနာ တစ်ခုလို အပြစ်ပြောစရာ မရှိပါဘူး။ ပြီးတော့ သူ့ရဲ့ မျက်လုံးတွေက ကြယ်တွေလို တောက်ပနေပါ သေးတယ်။ ထိုလူငယ်ကို ကြည့်လိုက်တာနဲ့ အခြားသော ဂိုဏ်းတွေက ပါရမီရှင် လူငယ်တွေတောင်မှ အလိုလိုနေရင်း သိမ်ငယ်စိတ်တွေ ဝင်သွားခဲ့ပါပြီ။

“သည်လူက နက္ခတ်တာရာ သခင်လေး မုယုံဒီး ဆိုတာပဲ ဖြစ်ရမယ်”

လီဖူချန်းက တွေးလိုက် မိပါတယ်။

မုယုံဒီး ဆိုတာက သခင်လေး ၆ယောက်ထဲက တစ်ယောက်ပါ။ လူတွေကတော့ သူ့ကို နက္ခတ်တာရာ လူငယ် ခေါင်းဆောင် သို့မဟုတ် နက္ခတ်တာရာ သခင်လေးလို့ ခေါ်ကြပါတယ်။

“ဟား ဟား ဟား ... အားလုံးပဲ နေကောင်း ကြရဲ့လားဗျို့ ...။ ကျုပ်ကတော့ နည်းနည်းလေး နောက်ကျ သွားတယ်ဗျာ ...”

နက္ခတ်တာရာ ဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေထဲက တစ်ယောက်က ဝိညာဉ်သားရဲ ပေါ်ကနေ အသံဝါကြီးဖြင့် နှုတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ ရယ်သံကတော့ ကံကြမ္မာတောင်ခြေ တစ်ခုလုံးကို ပဲ့တင်သံတွေ ထပ်သွား စေခဲ့တယ်လေ။

ထိုသူကတော့ နက္ခတ်တာရာ ဂိုဏ်းရဲ့ လက်ရှိ ဂိုဏ်းချုပ် မုယုံပထျန် ပါပဲ။ မုယုံပထျန်က ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၅ကို ရောက်နေပါပြီ။ နက္ခတ်တာရာ သခင်လေး မုယုံဒီးက သူ့ရဲ့သား ဖြစ်ပါတယ်။

သည်လို အစွမ်းထက်တဲ့ အဖေက မုယုံဒီးလို သားတစ်ယောက် မွေးထားတာ ကိုတော့ ဘာမှ အံ့သြစရာ မရှိပါဘူး။

“အစ်ကိုတော် မုယုံကတော့ အရင်ကထက် ပိုအစွမ်း ထက်လာသလို ပါပဲလား ...။ ကျွန်တော် ကတော့ လုံးဝကို လေးစားမိပြီဗျို့”

“အစ်ကိုတော် မုယုံက နောက်မကျ ပါဘူးဗျာ ...  ကျွန်တော်တို့ကပဲ စောပြီး လာမိတာပါ”

ဂိုဏ်းအသီးသီးက ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင် တွေကလည်း မုယုံပထျန်ကို အပြိုင်အဆိုင် ပြန်နှုတ်ဆက် လိုက်ကြပါတယ်။

“ဟား ... ဟား…ဟား…”

“မုယုံပထျန် ... ခင်ဗျားက ကျုပ်ထက်ကို စောပြီး ရောက်နေပါလားဗျ”

ရုတ်တရက် ကောင်းကင်ယံ ထက်ကနေ မိုးကြိုးပစ်သံသမျှ ကျယ်လောင်လှတဲ့ အသံကြီးတစ်ခုက လွင့်ပျံလာ ပါတယ်။

လူတွေအားလုံးက ကြောင်အမ်းအမ်း ဖြစ်သွားသလိုပါပဲ။

ဘယ်လိုလူမျိုးက မုယုံပထျန်ရဲ့ နာမည် အပြည့်အစုံကို ခေါ်ရဲရတာလဲ…

သိပ်မကြာခင်မှာပဲ အဖြေကို သိလိုက်ရပါပြီလေ။

“ဟိုမှာ လာနေတာ တုံလင်ကလန်က လူတွေ မဟုတ်ဘူးလား”

လူတစ်ယောက်က ကောင်းကင်ယံကို လက်ညှိုးထိုးပြီး အော်ပြောလိုက် ပါတယ်။

တုံလင် ကလန်ကလည်း အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်တန်း အင်အားစုကြီး တစ်ခုပါပဲ။ တိတိကျကျ တွက်ချက် လိုက်မယ်ဆိုရင် တုံလင်ကလန်ဟာ နက္ခတ်တာရာ ဂိုဏ်းထက် အနည်းငယ် ပိုအားကောင်း ပါတယ်။ ဒါကြောင့်လည်း တုံလင်ကလန်ရဲ့ ပညာရှင်က မုယုံပထျန်ကို နာမည် အပြည့်အစုံ ခေါ်ရဲခြင်းပါပဲ။

အခြားသောသူတွေ ဆိုရင်တော့ ကျားအသည်း ၁၀ခု စားထားရင်တောင်မှ မုယုံပထျန်ရဲ့ နာမည် အပြည့်အစုံကို ခေါ်ရဲမှာ မဟုတ်ပါဘူး။

“ငါက စောနေတာ မဟုတ်ဘူးကွ။ မင်းဆိုတဲ့ ရှဟိုရှန်က နောက်ကျ နေတာဟေ့…”

မုယုံပထျန်ကလည်း တစ်ဖက်လူကို နာမည် အပြည့်အစုံ ခေါ်ပြီး ပြန်ပြောလိုက် ပါတယ်။ သူတို့ နက္ခတ်တာရာဂိုဏ်း အနေနဲ့ တုံလင်ကလန်ကို ကြောက်နေစရာ အကြောင်း မရှိပါဘူး။ တုံလင်ကလန်က နက္ခတ်တာရာ ဂိုဏ်းထက် အနည်းငယ် လေးသာ အားပိုကောင်းတာပါ။ တကယ်တမ်း တိုက်ကြပြီဟေ့ ဆိုရင် ဘယ်သူက နိုင်မလဲဆိုတာကို တိတိကျကျ မပြောနိုင်ပါဘူး။

ပြီးတော့ ထိပ်တန်း အင်အားစုကြီးတွေဟာ ဘယ်တော့မှ ထိပ်တိုက် ရင်ဆိုင်ကြမှာ မဟုတ်ပါဘူး။

ကျားနှစ်ကောင် တိုက်ပြီဆိုတာနဲ့ နှစ်ကောင်စလုံးက အနည်းနဲ့ အများတော့ ထိခိုက်ဒဏ်ရာ ရကြမှာပါပဲ။ သည်အချက် ကိုတော့ အားလုံးက သိထားပါတယ်။

အဲသည်အတွက် ထိပ်တန်း အင်အားစုကြီး တွေဟာ အနာခံပြီး တိုက်လေ့ မရှိပါဘူး။ သူတို့က ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အင်အား အလျော့ခံမည်နည်း။ ဒါက အခြားသော အုပ်စုတွေကို အခွင့်အရေး ပေးလိုက်တာနဲ့ အတူတူပါပဲ။

သိပ်မကြာခင်မှာပဲ တုံလင်ကလန်ရဲ့ ဝိညာဉ်သားရဲ တွေကလည်း ကံကြမ္မာ တောင်ခြေကို ဆင်းသက် လာကြပါပြီ။

နက္ခတ်တာရာ ဂိုဏ်းလိုပါပဲ။ တုံလင်ကလန် ကလည်း ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် ၆ယောက်ကို ခေါ်ဆောင်လာ ခဲ့ပါတယ်။

သူတို့ကို ဦးဆောင်လာသူ ကတော့ ဗလ တောင့်တောင်နဲ့ လူလတ်ပိုင်းကြီး တစ်ဦးပါပဲ။ ထိုလူရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ချီအရှိန်အဝါတွေက မုယုံပထျန်ထက် နိမ့်ကျမနေပါဘူး။ ထိုလူကလည်း ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့် ၅ ပညာရှင်ဆိုတာ သိသာလွန်း နေပါပြီ။

တုံလင်ကလန် ကလည်း လူငယ်၂၀နီးပါးကို ခေါ်ဆောင်လာ ခဲ့တာပါပဲ။ ထိုလူငယ်တွေ ထဲက လူငယ် ၁၀ယောက်ရဲ့ ကိုယ်ယောင်ကိုယ်ဝါ တွေကတော့ အခြားသော သူတွေထက်ကို ပိုအားကောင်း နေပါတယ်။

ကောင်းကင်နက္ခတ် ဂိုဏ်းမှာ နက္ခတ်တာရာ သခင်လေးနဲ့ ဂြိုဟ်ခုနစ်လုံး ရှိသလို တုံလင်ကလန် မှာလည်း တုံလင် မဟာစစ်သည်တော် ၁၀ပါး ရှိတာပါပဲ။ တုံလင် မဟာစစ်သည်တော် ၁၀ပါးကိုတော့ တိုက်ပွဲဝိညာဉ် စစ်သည်တော် ၁၀ပါးလို့လည်း ခေါ်ပါသေးတယ်။

“ရှဟိုရှီ”

လီဖူချန်းရဲ့ မျက်လုံးထဲကို ပထမဆုံး ရောက်လာ သူကတော့ ရှဟိုရှီပါပဲ။

ရှဟိုရှီက မြေကမ္ဘာနယ်ပယ် အဆင့် ၉ကိုတောင် ရောက်နှင့်နေပါပြီ။ သူ့ရဲ့ ကြောက်စရာ ကောင်းတဲ့ ချီအရှိန်အဝါ တွေကလည်း အရင်ကထက် အဆအနည်းငယ် ပိုအားကောင်း လာသလိုပါပဲ။

ဒါပေမဲ့ ရှဟိုရှီရဲ့ ဘေးမှာ ရှိနေသူကတော့ ပိုပြီးတော့တောင် အစွမ်းထက်ပုံ ရပါတယ်။

ထိုလူငယ်က ရှဟိုရှီထက် အနည်းငယ် အသက်ကြီးပုံပါပဲ။ ထိုလူငယ်က အခြားသူတွေလို ချီအရှိန်အဝါတွေ ထုတ်လွှင့် မထားဘဲ သိုသိုသိပ်သိပ်သာ နေနေပါတယ်။

ဒါပေမဲ့ လီဖူချန်းရဲ့ အသိစိတ် အာရုံကတော့ ထိုလူငယ်ကို သတိကြီးကြီး ထားဖို့ အချက်ပေးနေပါပြီ။ သည်လူငယ် မီးတောင်ကြီး တစ်ခုလိုပါပဲ။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ အသက် မရှိတော့ဘူးဟု ထင်ရပေမဲ့ မီးတောင်ကြီး ပေါက်ကွဲပြီ ဆိုရင်တော့ ဘယ်သူမှ တားလို့ရတော့မှာ မဟုတ်ပါဘူး။

ရှဟိုချောင် ... ...

သည်လူငယ်ကတော့ သေချာပေါက်ကို ရှဟိုချောင် ပါပဲ။ တုံလင်ကလန် မှာတော့ အခြားသော ဂိုဏ်းတွေလို ကြယ် ၆ပွင့်အဆင့် အရိုး တည်ဆောက်ပုံတွေ မရှိပါဘူး။ ဒါပေမဲ့ သူတို့ဆီမှာ ကောင်းကင်ဘုံ ကိုတောင် ဆန့်ကျင်နိုင်တဲ့ ကြယ် ၅ပွင့် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင် နှစ်ယောက် ရှိပါတယ်။ အဲသည် နှစ်ယောက်ထဲက တစ်ယောက်ကတော့ ရှဟိုရှီ ဖြစ်ပြီး နောက်တစ်ယောက် ကတော့ တုံလင် နံပါတ်တစ်ဟု လူသိများတဲ့ တုံလင်သခင်လေး ရှဟိုချောင်ပါပဲ။

ရှဟိုချောင်ဟာ အခြားသော သခင်လေး တွေနဲ့တော့ မတူလှပါဘူး။ သူက မော်မော်ကြွားကြွား နေလေ့မရှိဘဲ သိုသိုသိပ်သိပ်သာ နေလေ့ရှိသူ တစ်ဦးပါ။

ပြောရမယ် ဆိုရင်တော့ ရှဟိုချောင်ဟာ ကြောင်လက်သည်း ဝှက်ထား သကဲ့သို့ နေထိုင်တတ်သူပါပဲ။ ကောလာဟလတွေမှာ ပြောကြတာကတော့ ရှဟိုချောင်ဟာ ကောင်းကင် နယ်ပယ်ကို ခြေလှမ်း တစ်ဝက်လောက် လှမ်းထားပြီး ပါပြီတဲ့။

“ရှဟိုချောင်က မုယုံဒီးထက် ပိုကြောက်စရာ ကောင်းတယ်”

လီဖူချန်းကတော့ ရှဟိုချောင်ကို ဂရုစိုက်ဖို့ သူ့ကိုယ်သူ သတိပေး လိုက်ပါတယ်။

“ရှဟိုချောင် ... ရှဟိုချောင် ... မင်းက တကယ် စိတ်ဝင်စားစရာ ကောင်းတာပဲ”

မုယုံဒီးကလည်း ရှဟိုချောင်ကို စိုက်ကြည့် နေရင်းနဲ့ မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိ ပါတယ်။

အရင်တစ်ခေါက် ပြိုင်ပွဲတုန်း ကတော့ သူဟာ အတော်လေး ငယ်နေသေးတဲ့ အတွက် အများကြီး မျှော်လင့်မထား ခဲ့ပါဘူး။

ဒါပေမဲ့ သည်တစ်ခေါက် မှာတော့ မုယုံဒီးဟာ နံပါတ်၁ နေရာကို ပစ်မှတ်ထား ထားပါတယ်။ ကြည့်ရတာတော့ ရှဟိုချောင်က ယှဉ်ပြိုင်ရခက်တဲ့ ပြိုင်ဘက် တစ်ယောက်ပါပဲ။

“လီဖူချန်း”

ရှဟိုရှီကတော့ လီဖူချန်းကိုပဲ အသည်းအသန် ရှာဖွေနေပါတယ်။ သိပ်မကြာခင်မှာပဲ သူက  အဝေး တစ်နေရာမှာ သိုသိုသိပ်သိပ် နေနေတဲ့ လီဖူချန်းကို တွေ့သွားခဲ့ပါပြီ။

ထို့နောက်မှာတော့ ရှဟိုရှီက သူ့ရဲ့ အကြည့်ကို ပြန်ရုပ်သိမ်း လိုက်ပါတယ်။

သူက လီဖူချန်းကို သတ်ချင်စိတ်ကို မနည်းထိန်းချုပ် နေရတာပါ။

ရှယိုရှီ အတွက်ကတော့ လက်ရွေးစင် လူငယ်ပါရမီရှင် တိုင်းဟာ သူ့ရဲ့ သားကောင်တွေပါပဲ။ ဒါပေမဲ့ ရှဟိုရှီက သူတို့ထက်စာရင် လီဖူချန်းကို ပိုပြီး သတ်ချင် နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှဟိုရှီ က လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလားကို ကောင်းကောင်းကြီး သိထားလို့ပါပဲ။

***

All Chapters