← Chapters

မရွေ့လျားသော ကြယ်ဘုရင်

Vol. 21 Ch. 285

မရွေ့လျားသော ကြယ်ဘုရင်

Vol. 21 Ch. 285

ဂိုဏ်းအသီးသီး လူတွေကလည်း တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြပါပြီ။ သူတို့ထဲ အချို့ဆိုရင် ကျားနဂါးစာရင်းရဲ့ ထိပ်ပိုင်းမှာ ရှိနေကြတာပါ။

ကျားနဂါးစာရင်းရဲ့ ထိပ်ပိုင်းမှာ ရှိနေတဲ့ လူငယ်တွေဟာ မုယုံဒီးနဲ့ ရှဟိုချောင်ကို ကြည့်ပြီး ဖိအားတွေ ခံစားနေရပါတယ်။

သည်တစ်ခေါက် ကျားနဂါးစာရင်း ကတော့ အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်လာတော့မယ့် ပုံပါပဲ။

“လီဖူချန်း ...”

အပူအပင်မဲ့ ဂိုဏ်းက လူတွေကလည်း ရောက်လာကြပါပြီ။

ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယု တို့ကလည်း အပူအပင်မဲ့ ဂိုဏ်းနဲ့အတူ ပါလာကြတယ်လေ။

သူတို့မောင်နှမ နှစ်ယောက်ကတော့ လီဖူချန်းကို တွေ့လိုက်တာနဲ့ ဟန်တောင် မဆောင်နိုင်တော့ဘဲ အပြေးအလွှား လာနှုတ်ဆက် တော့တာပါပဲ။

“လီဖူချန်း မင်းကတော့ တကယ့် ကောင်ပဲဟေ့ ...  နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက မင်းကို လက်ရင်း တပည့်အဖြစ် လက်ခံလိုက်တဲ့ သတင်းက ငါတို့ဂိုဏ်း အထိတောင် ရောက်လာတာကွ။ ကြယ်ဘုရင်သုံးပါး၊ သခင်လေး ၆ယောက်နဲ့ နတ်မိမယ် ၄ဖော် တောင်မှ မင်းလို မစွမ်းဆောင်နိုင်ဘူး”

ဖန်ကျင်းဆောင်က လီဖူချန်းကို ချီးကျူး လိုက်ပါတယ်။

ဖန်ကျင်းယုကလည်း ရယ်လျက်ဖြင့် …

“အစ်ကိုလီ ...  နောက်ဆိုရင်တော့ အစ်ကိုလီက ညီမတို့ကို အကာအကွယ် ပေးရမှာနော်” ဟု နောက်ပြောင် လိုက်ပါသေးတယ်။

လီဖူချန်းက ရယ်ကျဲကျဲဖြင့် ပြန်ဖြေလိုက် ပါတယ်။

“စိတ်မပူပါနဲ့ကွာ ...။ ငါသာ လုံလောက်တဲ့ အစွမ်း ရှိလာရင်တော့ မင်းတို့ မောင်နှမ နှစ်ယောက်စလုံးကို ကာကွယ် ပေးမှာပါဟ”

လီဖူချန်းကတော့ သူ့ဝမ်းနာတာကို သူသာလျှင် သိပါတယ်။

ပဟေဠိ သိုင်းသမားတွေက အရှေ့ယူနီကွန်း တိုက်ကြီးမှာ တစ်သက်လုံး နေနေမှာ မဟုတ်ပါဘူး။ သူ့ဆရာကလည်း သည်အကြောင်းကို ရှင်းပြပြီးပါပြီ။ ပဟေဠိ သိုင်းသမာတွေ အရှေ့ယူနီကွန်း တိုက်ကြီးကနေ ထွက်သွားပြီ ဆိုတာနဲ့ လီဖူချန်းက သူ့ကိုယ်သူ အားကိုးပြီးသာ နေရတော့မှာပါ။ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ လက်ရင်း တပည့်ဆိုတဲ့ ဂုဏ်ပုဒ်ကလည်း သုံးစားလို့ ရတော့မှာ မဟုတ်ပါဘူး။

ဖန်ကျင်း မောင်နှမကတော့ လီဖူချန်းရဲ့ အဖြေကြောင့် ပြုံးပျော်ရွှင် သွားကြပါပြီ။ သည်ပုံစံ အရဆိုရင်တော့ လီဖူချန်းဟာ သူတို့မောင်နှမ နှစ်ယောက်ကို မိတ်ဆွေကောင်းဟု သတ်မှတ်ထား တယ်ဆိုတာ သိသာနေသည် မဟုတ်ပါလား။

“ဆန်းကြယ် ကိရိယာဂိုဏ်း ရောက်လာပြီဟေ့”

သူတို့ သုံးယောက် ရှေးဟောင်း နှောင်းဖြစ်တွေကို စမြုံ့ပြန်နေစဉ်မှာပဲ နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာ ပြန်ပါတယ်။

ကောင်းကင်ပေါ်ကနေ ဆင်းသက်လာတဲ့ ဝိညာဉ်သားရဲ ကြီးတွေကို ကြည့်နေရင်းနဲ့ ဖန်ကျင်းဆောင်က လီဖူချန်းကို ခပ်တိုးတိုးလေး ရှင်းပြလိုက် ပါတယ်။

“ဆန်းကြယ် ကိရိယာဂိုဏ်းက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ကြောက်စရာ အကောင်းဂိုဏ်းပဲ။ အခြားသော ဂိုဏ်းတွေက သူတို့ကို လုံးဝ မယှဉ်နိုင်ဘူး။ ကြယ်ဘုရင် ၃ပါးထဲက တစ်ပါးဖြစ်တဲ့ မရွေ့လျားသော ကြယ်ဘုရင် ဆိုတာ ဆန်းကြယ် ကိရိယာ ဂိုဏ်းကပေါ့ကွာ”

“မရွေ့လျားသော ကြယ်ဘုရင် ဟုတ်လား ...”

လီဖူချန်းကလည်း ဆန်းကြယ် ကိရိယာဂိုဏ်း အကြောင်းကို သိထား ပြီသားပါပဲ။

သည်ဂိုဏ်းဟာ ဟိုရှေး ဘဝေသဏီ ကတည်းက တည်ထောင် ထားခဲ့တဲ့ ဂိုဏ်းဖြစ်ပြီး ဂိုဏ်းရဲ့ အခြေခံဟာ လုံးဝ ခိုင်မာနေပါပြီ။ ဆန်းကြယ် ကိရိဂိုဏ်းနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ နက္ခတ်တာရာ ဂိုဏ်းဟာ အတော်လေးကို ဝါနုပါသေးတယ်။ တုံလင်ကလန် တောင်မှ ဆန်းကြယ် ကိရိဂိုဏ်း တည်ထောင်ခဲ့တဲ့ သက်တမ်းကို မယှဉ်နိုင်ပါဘူး။ ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ သမိုင်းကြောင်းနဲ့ သက်တမ်းကို ယှဉ်နိုင်တဲ့ ဂိုဏ်းကတော့ နတ်စမ်းရေ တောင်ကြားဂိုဏ်းပဲ ရှိပါတယ်။

မရွေ့လျားသော ကြယ်ဘုရင်က ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သလို ကြယ် ၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ သူဟာ ကျင့်ကြံခြင်းမှာ ကောင်းကင်ဘုံရဲ့ ကောင်းချီး ပေးခြင်းကို ခံထားရသူ တစ်ယောက်ပါ။ သူက ဆန်းကြယ် ကိရိယာဂိုဏ်းရဲ့ အသက် အငယ်ဆုံး ပန်းပဲပညာရှင် ဆိုရင်လည်း မမှားပါဘူး။ ပြီးတော့ အင်းကွက် ပညာရှင်လည်း ဖြစ်နေပါ သေးတယ်။ အဲသည်အတွက် လူတွေက မရွေ့လျားသော ကြယ်ဘုရင်ကို နှစ်ပေါင်း တစ်ထောင်မှာမှ တစ်ကြိမ်သာ ပေါ်တဲ့ ပါရမီရှင်အဖြစ် သမုတ်ကြပါတယ်။ ဘက်စုံထူးချွန် လွန်းတဲ့ မရွေ့လျားသော ကြယ်ဘုရင်ကို အခုလို သမုတ်ကြတာ ကလည်း လွန်တယ်လို့ ပြောလို့ မရပါဘူး။

ချစ်စဖွယ် ဖန်ကျင်းယုလေး ကတော့ လီဖူချန်း တစ်ယောက် ကြယ်ဘုရင်တွေ အကြောင်း မသိမှာ စိုးတဲ့အတွက် အစိုးရိမ်လွန်ပြီး ထပ်ရှင်းပြလိုက် ပါသေးတယ်။

“အစ်ကိုလီ ... ကြယ်ဘုရင် သုံးပါးထဲမှာဆိုရင် မရွေ့လျားသော ကြယ်ဘုရင် ချီဟန်က ခံစစ် အကောင်းဆုံးပဲ။ ဆန်းကြယ် ကိရိယာဂိုဏ်းက အင်းကွက်တွေကို သူ့တို့ ဂိုဏ်းသားတွေရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်စွာ ရေးထိုးထား ပေးကြတယ်။ အင်းကွက် အဆင့်မြင့်လေလေ ဂိုဏ်းသားရဲ့ ခံနိုင်ရည်က ကောင်းလေလေပဲ။ အရင်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲမှာဆိုရင် အခြားကြယ်ဘုရင် ၂ယောက်လွဲပြီး ဘယ်သူမှ ချီဟန်ရဲ့ ခံစစ်ကို မထိုးဖောက် နိုင်ခဲ့ဘူး”

“ကျင်းယုပြောတာ မှန်တယ်။ ငါသိသလောက် ဆိုရင် လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ချီဟန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတာက ဆန်းကြယ် အဆင့်နိမ့် အင်းကွက်ပဲ။ ငါထင်တာ မမှားဘူး ဆိုရင်တော့ ချီဟန်က သူ့ရဲ့အင်းကွက်ကို အဆင့်မြှင့်ပြီး လောက်ပြီ”

ဖန်းကျင်းဆောင်က သူ့ရဲ့ အမြင်ကို ထပ်ပြောလိုက် ပါတယ်။

လီဖူချန်းက ကြယ်ဘုရင် ချီဟန်ရဲ့ အကြောင်းကို သိလိုက်ရတဲ့ အတွက် ဘာမှ ထွေထွေထူးထူး ဖြစ်သွားပုံ မရပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ သူက ဆန်းကြယ် ကိရိယာဂိုဏ်းနဲ့ ကြယ်ဘုရင် ချီဟန် အကြောင်းကို အများကြီး သိထားပြီးပါပြီ။

ပြီးတော့ ချီဟန်ရဲ့ ကိုယ်ပေါ်မှာ အင်းကွက် ရှိနေသလို သူ့ရဲ့ ကျောရိုးမကြီး ပေါ်မှာလည်း ကြေးဝါ ဓားအဆီအနှစ် အင်းကွက် ရှိနေတာပါပဲ။

သူတို့ နှစ်ယောက်ကြားမှာ ကွာခြားတာ တစ်ခုပဲ ရှိပါတယ်။

အဲဒါကတော့ တစ်ယောက်က ခန္ဓာကိုယ် အပြင်ဘက်မှာ အင်းကွက် ရေးထိုးထားတာ ဖြစ်ပြီး နောက်တစ်ယောက်က ခန္ဓာကိုယ် အတွင်းထဲမှာ အင်းကွက် ရေးထိုးထားတာ ဖြစ်ပါတယ်။

“ချီဟန် ... ချီဟန် ... မင်းနဲ့ငါ ထိပ်တိုက် တွေ့တဲ့အခါကျမှ ဘယ်သူ့ရဲ့ အင်းကွက်က ပိုကောင်းသလဲ ဆိုတာကို ကြည့်ကြတာ ပေါ့ကွာ ...”

လီဖူချန်းက ချီဟန်ကို ကြည့်ရင်းနဲ့ စိတ်ထဲကနေ ကြုံးဝါးလိုက် ပါတယ်။

ကြေးဝါ ဓားအဆီအနှစ် အင်းကွက်ကို ရေးထိုးပြီး ကတည်းက လီဖူချန်းရဲ့ အရိုး သိပ်သည်းဆ တွေက ကြောက်စရာ ကောင်းလောက် အောင်ကို  သိပ်သည်း လာခဲ့တာပါ။ လီဖူချန်းရဲ့ အားနဲ့ သူ့လက်မောင်းကိုသူ ပြန်ခုတ်ရင် တောင်မှ အပေါ်ယံ အရေပြား ဒဏ်ရာလောက်ပဲ ရမှာဖြစ်ပြီး အရိုးတွေ ကတော့ ဘာထိခိုက်မှုမှ ရှိမှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းရဲ့ အရိုးတွေက ဆန်းကြယ် အလယ်အလတ် လက်နက်တွေ နဲ့တောင် ယှဉ်လို့ရတဲ့အထိ မာကျောနေလို့ပါပဲ။

ဆန်းကြယ် ကိရိယာ ဂိုဏ်းသားတွေက အင်းကွက်တွေကို ခန္ဓာကိုယ် ပေါ်မှာသာ ရေးဆွဲထားတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အရေပြားနဲ့ ကြွက်သား တွေကသာ ခံနိုင်ရည် ရှိနေတာပါ။ သူတို့ကို အတွင်းဒဏ် ရအောင် တိုက်ခိုက်နိုင်မယ် ဆိုရင်တော့ အနိုင်ယူဖို့ လွယ်ကူသွားပါပြီ။

ဝိညာဉ်သားရဲပေါ်မှာ ရှိတဲ့ ဆံပင်တိုတို ဗလ တောင့်တောင့်နဲ့ ချီဟန်ကတော့ မြေပြင်ပေါ်ကို ခုန်ချလာခဲ့ပါပြီ။

သူ့ရဲ့ ကိုယ်ဖော့ပညာက အရမ်းကို မြန်ဆန်ပြီး သေသပ်လွန်း လှပါတယ်။

မုယုံဒီးနဲ့ ရှဟိုချောင်တို့ တောင်မှ လေးနက် တည်ကြည်စွာဖြင့် ချီဟန်ကို လှမ်းကြည့် နေကြပါပြီ။

ကြယ်ဘုရင် သုံးပါးဆိုတာက လူငယ်တိုင်းရဲ့ ရင်ထဲမှာ ဖြိုချလို့ မရသေးတဲ့ အတားအဆီးကြီး တစ်ခုပါပဲ။ သည်အတားအဆီး ကြီးတွေကို မဖြိုချနိုင် သေးသရွေ့တော့ လူငယ်တိုင်းဟာ ကြယ်ဘုရင် သုံးပါးရဲ့ အရိပ် အောက်ကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။

ချီဟန်က အတော်လေး ကြံ့ခိုင် တောင့်တင်းလို အရပ်ကလည်း တော်တော်လေးကို မြင့်တဲ့အထဲမှာ ပါပါတယ်။ သည်တောင်ခြေကို ရောက်နေတဲ့ လူငယ်တွေ အကုန်လုံး ထဲမှာတောင်မှ ချီဟန်ရဲ့ အရပ်ကို မီတဲ့သူ မရှိပါဘူး။

ချီဟန်က လူငယ်အုပ်စုထဲကို တစ်ချက် လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ မုယုံဒီးနဲ့ ရှဟိုချောင်တို့ကို တွေ့လိုက်တဲ့ ပုံပါပဲ။ ချီဟန်နဲ့ သူတို့ နှစ်ယောက်ဟာ ခေတ္တခဏလောက် အကြည့်ချင်း ပြိုင်လိုက်ပါ သေးတယ်။

“လက်ရွေးစင် ပါရမီရှင် ၃ယောက်ကတော့ ရောက်နေပြီ။ တကယ်လို့ လက်ရွေးစင် ပါရမီရှင်တွေ အကုန်လုံး ဆုံမိရင် ဘယ်လိုနေမလဲ မသိဘူး”

လူငယ်တွေ အားလုံးကတော့ လက်ရွေးစင် ပါရမီရှင်တွေ အကုန်လုံး ဆုံမိတဲ့ မြင်ကွင်းကို တွေ့ချင်နေကြပါပြီ။

မရွေ့လျားသော ကြယ်ဘုရင် ချီဟန်ဟာ အရင်တစ်ခေါက် ပြိုင်ပွဲမှာ အဆင့်၂ ရခဲ့တဲ့သူပါ။

တုံလင်သခင်လေး ရှဟိုချောင် ကတော့ အဆင့် ၁၅မှာ ရပ်တည်နိုင်ခဲ့ပြီး နက္ခတ်တာရာ သခင်လေး မုယုံဒီးကတော့ အဆင့် ၃၅မှာသာ ရပ်တည်နိုင် ခဲ့ပါတယ်။

သခင်လေး၂ပါးဟာ အဆင့် သတ်မှတ်ချက်မှာ နိမ့်ကျနေ ပေမဲ့လည်း သူတို့ရဲ့ အသက်က ငယ်ရွယ်နေ သေးတဲ့အတွက် အများကြီး မျှော်လင့် နေနိုင်ဆဲပါပဲ။

အထူးသဖြင့် မုယုံဒီး ပေါ့လေ။ မုယုံဒီးက အရင်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲကို ဝင်ပြိုင်တုန်းက ဆိုရင် အသက်၂၀သာ ရှိပါသေးတယ်။ အသက်၂၀အရွယ်နဲ့ ကျားနဂါးစာရင်း အဆင့် ၃၅မှာ ရပ်တည်နိုင်တယ် ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။

သူတို့ သုံးယောက်ရဲ့ တည်ရှိမှုက ကျန်တဲ့ လူငယ်တွေရဲ့ ယုံကြည်မှု တွေကိုပါ ပျောက်ဆုံးသွား စေခဲ့ပါတယ်။

ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းဆောင် တို့ကတော့ လီဖူချန်းကို ကြည့်လိုက် ထိုလက်ရွေးစင် လူငယ် သုံးယောက်ကို ကြည့်လိုက်နဲ့ အလုပ်များ နေကြပါပြီ။

“ဟူး ...”

နောက်ဆုံးမှာတော့ ဖန်ကျင်းဆောင်တို့ မောင်နှမ နှစ်ယောက်ဟာ သက်ပြင်းချလိုက် ပါတော့တယ်။

လီဖူချန်းက နာမည် မကျော်ကြား တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သည် လက်ရွေးစင် ပါရမီရှင် သုံးယောက်ရဲ့ နာမည် ကျော်ကြားမှုနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ လီဖူချန်းဟာ ထိုသုံးယောက်ရဲ့ အဆင့်အတန်းမျိုးကို မရောက်နိုင် သေးဘူးဆိုတာ သိသာလွန်း နေပါပြီ။

“ကျားနဂါးပြိုင်ပွဲ စရင်တော့ လီဖူချန်းက အဆင့် ၃၀လောက် ချိတ်မှာပါလေ”

ဖန်းကျင်းဆောင်က စိတ်ထဲကနေ ဖြေသိမ့်လိုက် ပါတယ်။

နက္ခတ်တာရာ သခင်လေး မုယုံဒီး တောင်မှ အသက်၂၀ အရွယ်မှာ ကျားနဂါး စာရင်းရဲ့ အဆင့် ၃၅ မှာ ရပ်တည် နိုင်ခဲ့တာလေ။

ဖန်ကျင်ဆောင်ရဲ့ အမြင်မှာတော့ လီဖူချန်းဟာ မုယုံဒီးထက် ဘယ်နေရာမှာမှ နိမ့်ကျ မနေပါဘူး။ အဲသည်အတွက် သူက လီဖူချန်းကို ကျားနဂါး စာရင်းရဲ့ အဆင့် ၃၀လောက်မှာ ရပ်တည်နိုင်မယ်လို့ ထင်နေမိတာပါ။

ဆန်းကြယ် ကိရိယာဂိုဏ်း ရောက်လာပြီးလို့ သိပ်မကြာခင်မှာပဲ နတ်စမ်းရေ တောင်ကြား ဂိုဏ်းလည်း ရောက်လာခဲ့ပါပြီ။

နတ်စမ်းရေ တောင်ကြား ဂိုဏ်းမှာတော့ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် လူငယ် နှစ်ယောက် ရှိပါတယ်။

သူတို့ထဲက တစ်ယောက် ကတော့ နတ်စမ်းရေ သခင်လေး တန်ကျင်းယွန် ဖြစ်ပြီး နောက်တစ်ယောက် ကတော့ မိုးနတ်မိမယ် စုမုယူ ပါပဲ။

နတ်စမ်းရေ သခင်လေး တန်ကျင်းယွန် ကတော့ သခင်လေး ၆ပါးထဲမှာ အစွမ်း အထက်ဆုံး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကျားနဂါးပြိုင်ပွဲမှာ တန်ကျင်းယွန်ရဲ့ အဆင့် ရပ်တည်မှုက ၅ ပါ။ ပြီးခဲ့တဲ့ ကျားနဂါး ပြိုင်ပွဲမှာ တန်ကျင်းယွန်ကို အနိုင်တိုက်နိုင်တဲ့ လူက ၄ ယောက်ပဲ ရှိခဲ့ပါတယ်။ သူတို့တွေ ကတော့ ကြယ်ဘုရင် ၃ပါးနဲ့ ကျားနဂါး ပြိုင်ပွဲရဲ့ အဆင့် ၄ကို ရခဲ့တဲ့ လူငယ် ပါရမီရှင်ပါပဲ။

ကျားနဂါးပြိုင်ပွဲရဲ့ အဆင့် ၄ လူငယ်ကတော့ ကောင်းကင် နယ်ပယ်ကို တက်လှမ်း သွားခဲ့ပါပြီ။

မိုးနတ်မိမယ် စုမုယူကတော့ သည်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲမှ ပါဝင် ယှဉ်ပြိုင်မှာပါ။ ပြီးခဲ့တဲ့ တစ်ခေါက် ကျားနဂါး ပြိုင်ပွဲမှာတော့ စုမုယူက ၁၇နှစ်သာ ရှိသေးတဲ့ အတွက် ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။

သူတို့နှစ်ယောက် ရောက်ရှိ လာခြင်းက လေထုထဲမှာ ဖြစ်နေတဲ့ ဖိအားတွေကို ပိုပြီး ကြီးမားလာစေ ခဲ့သလိုပါပဲ။

“ဟိုကောင်လေးက ညီမတော် ပြောတဲ့ လီဖူချန်း ဆိုတာလား ...”

နတ်စမ်းရေ သခင်လေးက မိန်းကလေး တွေတောင် မနာလိုရတဲ့ အထိကို ချောမောလွန်း လှပါတယ်။ သူက လက်နှစ်ဖက်ကို အနောက်ပစ် လိုက်ရင်းနဲ့ လီဖူချန်းကို စေ့စေ့ကြည့်ကာ စုမုယူကို မေးလိုက်တာပါ။

စုမုယူက “ဟုတ်ပါတယ် အကိုတော်တန် ... ။ သူပါပဲ”ဟု ပြန်ဖြေလိုက် ပါတယ်။

“မဆိုးဘူး ... စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ နှမြောစရာ ကောင်းတာက သူ့ရဲ့ ကျင့်ကြံမှု အဆင့်က အရမ်း နိမ့်နေတယ်။ သူက ငါ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး ...”

တန်ကျင်းယွန်က စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပါပဲ။ သူက လီဖူချန်းကို အထင်သေးလို့ အခုလို ပြောတာ မဟုတ်ပါဘူး။ စုမုယူ တစ်ယောက် လီဖူချန်း အကြောင်းတွေကို ပြောပြခဲ့ ကတည်းက တန်ကျင်းယွန်က လီဖူချန်းကို ပြိုင်ဘက်ကောင်း ဖြစ်လာဖို့ အတွက် မျှော်လင့်ထား ခဲ့တာပါ။ တကယ်လို့သာ သူက လီဖူချန်းကို အထင်သေးတယ် ဆိုရင် လီဖူချန်းရဲ့ နာမည်ကိုတောင် မှတ်ထားမှာ မဟုတ်ပါဘူး။

အခု သည်ကံကြမ္မာ တောင်ကို ရောက်လာတဲ့ လူငယ်တိုင်းက နှယ်နှယ်ရရ မဟုတ်ပါဘူး။ အကုန်လုံးက သူ့ထက်သူ လူစွမ်းကောင်းတွေ ချည်းပါပဲ။

တန်ကျင်းယွန်ရဲ့ အမြင်မှာတော့ မြေကမ္ဘာနယ်ပယ် အဆင့် ၈သာ ရှိသေးတဲ့ လီဖူချန်းဟာ သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်လောက်တဲ့ အထိ မထိုက်တန် သေးပါဘူး။

***

All Chapters