ကျင့်ကြံမှုအဆင့် ကွာခြားခြင်း
Vol. 21 Ch. 286
စုမုယူကတော့ သူမရဲ့ အမြင်ကို ဝင်မပြောဘဲနဲ့ အသာလေးသာ ငြိမ်နေလိုက် ပါတယ်။ သူမက သည်ကို မလာခင်မှာ တန်ကျင်းယွန်ကို လီဖူချန်းရဲ့ အကြောင်း ပြောပြခဲ့ ပေမဲ့လည်း တိတိကျကျကြီး ပြောခဲ့တာတော့ မဟုတ်ဘူး။
တန်ကျင်းယွန် သိထားတဲ့ လီဖူချန်း အကြောင်းဟာ အခြားသူသိတွေ သိထားတာနဲ့ အတူတူလောက်ပါပဲ။ လီဖူချန်းက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ သတ္တမမြောက် တံခါးကို ဝင်ခွင့်ရတဲ့ ပထမဆုံး လူဆိုတာရယ်၊ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ ပထမဆုံးသော လက်ရင်းတပည့် ဖြစ်တယ် ဆိုတာက လွဲပြီး ဘာမှ သိမထားပါဘူး။
လီဖူချန်းက ကြယ် ၁ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုတော့ လူတွေအားလုံး သိထားပြီးပါပြီ။
ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံ ...
လီဖူချန်းက ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်လိမ့်မယ် ဆိုတာကို သိလိုက်ရတဲ့ အချိန်မှာတော့ စုမုယူ ကိုယ်တိုင်တောင်မှ မယုံနိုင်သလို ဖြစ်သွားခဲ့ပါတယ်။
သူမက လီဖူချန်းကို အနည်းဆုံးတော့ ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်လိမ့်မယ်လို့ ထင်ခဲ့မိတာပါ။
လီဖူချန်းရဲ့ အရိုး တည်ဆောက်ပုံ အကြောင်းကို သိလိုက်ရတဲ့ အခါမှာတော့ လူတွေအားလုံးရဲ့ အမြင်တွေက ပြောင်းသွားခဲ့ပါပြီ။
လီဖူချန်းက သာမန် ပါရမီရှင်တွေထက် အစွမ်းထက်တယ် ဆိုတာကိုတော့ လူတိုင်းက လက်ခံပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ အမြင်မှာတော့ လီဖူချန်းဟာ လက်ရွေးစင် ပါရမီရှင် အဖြစ်ကို ဘယ်တော့မှ ပါရမီရှင် တစ်ယောက်ပါပဲ။
လက်ရွေးစင် ပါရမီရှင် တစ်ယောက်ရဲ့ အနာဂတ် အလားအလာဟာ ဖြောင့်ဖြူးနေ ပေမဲ့လည်း ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် လီဖူချန်းကတော့ အချိန်မရွေး ပါရမီရှင် ဘဝကနေ သာမန်လူ တစ်ယောက် ဘဝကို ရောက်သွား နိုင်ပါတယ်။
“တန်ကျင်းယွန် ... မင်း ရောက်လာပြီလား…”
ချီဟန်က တန်ကျင်းယွန် ကိုတော့ လေးစားပုံပါပဲ။ သူက တန်ကျင်းယွန် ရောက်လာတာကို မြင်တာနဲ့ တစ်ပြိုင်နက် တန်းပြီး နှုတ်ဆက် လိုက်တယ်လေ။
တန်ကျင်းယွန်က ကျားနဂါး စာရင်းရဲ့ အဆင့်၅ ဖြစ်တဲ့အတွက် အစွမ်းအစပိုင်းမှာ ချီဟန်နဲ့ သိပ်မကွာလှပါဘူး။
တန်ကျင်းယွန်က ချီဟန်ကို သေသေချာချာ အကဲခတ်လိုက်ပြီး …
“ချီဟန် ... မင်းရဲ့ ခံစစ်က ပိုပြီး အားကောင်း နေပါရောလား…”
ဟု ပြန်မေးလိုက် ပါတယ်။
ချီဟန်ရဲ့ ခန္ဓာကိုယ်က ထွက်နေတဲ့ ချီအရှိန်အဝါတွေက အခြားလူတွေနဲ့ မတူပါဘူး။ ချီဟန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ လက်နက်တွေပါပဲ။ အဲသည်အတွက် ချီဟန်ရဲ့ ချီအရှိန်အဝါက လူတစ်ယောက်ရဲ့ ချီအရှိန်အဝါနဲ့ မတူဘဲ လက်နက်တစ်ခုရဲ့ အရှိန်အဝါနဲ့ တူနေပါတယ်။
ချီဟန်က သူ့ရဲ့ ချွန်ထက်နေတဲ့ သွား ၃၂ချောင်းလုံး ပေါ်လာအောင် ရယ်ပြလိုက်ပြီး ပြန်ပြောလိုက် ပါတယ်။
“သည်တစ်ကြိမ် ကျားနဂါးပြိုင်ပွဲက ငါ့ရဲ့ နောက်ဆုံးအကြိမ် ဝင်ပြိုင်တာလေကွာ ... အဲသည်တော့ အကောင်းဆုံး ပြင်ဆင်ထား ရတာပေါ့”
တကယ်လို့ ချီဟန်သာ ဆန္ဒရှိမယ်ဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက သူဟာ ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်လို့ ရနေပါပြီ။
သူဟာ အကြောင်းပြချက် ၃ခုကြောင့် ကောင်းကင် နယ်ပယ်ကို မတက်လှမ်း သေးဘဲ မြေကမ္ဘာနယ်ပယ်မှာ ရှိနေသေးတာပါ။
ပထမ အကြောင်းပြချက် ကတော့ ချီဟန်ဟာ ကံကောင်းခြင်း ကြယ်ကံကြမ္မာ တွေကို ရနိုင်သလောက် ယူထားချင်လို့ပါပဲ။
ကံကောင်းခြင်း ကြယ်ကံကြမ္မာ ဆိုတာက စိတ်ကူးနဲ့ပဲ ခန့်မှန်းလို့ရတဲ့ တည်ရှိမှု တစ်မျိုးပါ။ ဒါပေမဲ့လည်း လူတော်တော် များများက ကံကောင်းခြင်း ကြယ်ကံကြမ္မာ တွေဟာ ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ အနာဂတ်ကို သာယာ ဖြောင့်ဖြူးအောင် လုပ်ပေးနိုင်တယ်လို့ လက်ခံထား ကြပါတယ်။
ဒုတိယ အကြောင်းပြချက် ကတော့ သူက ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်တွေကို ပိုလိုချင် နေသေးလို့ပါ။
သူ့ရဲ့ ကျင့်ကြံမှုက တစ်နှစ် နောက်ကျသွား ပေမဲ့လည်း ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအားတွေ ဖောဖာသီသီ ရနေသေးသရွေ့ ကတော့ အဲသည် နောက်ကျသွားတဲ့ အချိန်တစ်နှစ်ကို ပြန်ကာမိ ပါတယ်။
တတိယ အကြောင်းပြချက် ကတော အခြေအမြစ် မရှိတဲ့ ကောလာဟလ တစ်ခုကြောင့်ပါပဲ။
သည်နှစ် ကျားနဂါး ပြိုင်ပွဲဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင် လိမ့်မယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။ ပြီးတော့ သည်နှစ်ကျားနဂါး ပြိုင်ပွဲမှာ အစစ်အမှန် နဂါးတစ်ကောင် ထွက်ပေါ်လာ ပါလိမ့်မယ်။ အဲသည် နဂါးက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကိုပါ လွှမ်းမိုးချုပ်ကိုင်ပြီး အုပ်စိုး သွားပါလိမ့်မယ်တဲ့။
( အစစ်အမှန် နဂါးဆိုတာက လူငယ် ပါရမီရှင် တစ်ယောက်ကို တင်စားထားတာပါ။ )
ကောလာဟလ ဆိုတာမျိုးက ယုံချင်ယုံ၊ မယုံချင်နေ ဆိုပြီး ပြောလို့ ရပေမဲ့လည်း ချီဟန်ကတော့ ယုံကြည်လိုက်ဖို့ ရွေးချယ်ထား ပါတယ်။
တန်ကျင်းယွန်က ခပ်ယဲ့ယဲ့လေး ပြုံးပြလိုက်ပြီး နောက်မှာတော့ ချီဟန်ကို ဘာမှ ဆက်မပြော တော့ပါဘူး။
သူကလည်း သည်နှစ် ကျားနဂါးပြိုင်ပွဲ အတွက် ရေပန်းစားနေတဲ့ ကောလာဟလကို ကြားခဲ့ပြီးပါပြီ။ တန်ကျင်းယွန်ရဲ့ အမြင်မှာတော့ သည်ကောလာဟလက လုံးဝကို ယုံကြည်စရာ မရှိတဲ့ အလိမ်အညာ တစ်ခုပါပဲ။
အစစ်အမှန် နဂါးတစ်ကောင် ပေါ်လာပြီးတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင် လိမ့်မယ်။
ဒါက တကယ့်ကို ဟာသ တစ်ခုပါပဲ။ အရှေ့ယူနီကွန်း တိုက်ကြီး ဖြစ်တည်လာတဲ့ အချိန်က မရေမတွက် နိုင်အောင် ကြာနေခဲ့ပါပြီ။ ဒါပေမဲ့ အခုအချိန်အထိ တစ်စုံ တစ်ယောက်ကမှ သည်အရှေ့ ယူနီကွန်း တိုက်ကြီးကို လွှမ်းမိုး ချုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး။
တကယ်လို့ တစ်စုံ တစ်ယောက်ကသာ အရှေ့ယူနီကွန်း တိုက်ကြီးကို လွှမ်းမိုး ချုပ်ကိုင်ချင်တယ် ဆိုရင်တော့ အဲသည်လူရဲ့ ကျင့်ကြံခြင်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်သီး ပညာရှင်တွေထက်ကို အနည်းဆုံး ကျင့်ကြံခြင်း နယ်ပယ် တစ်ခုလောက် သာနေရပါမယ်။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ တိုက်ပွဲဝိညာဉ် နယ်ပယ်ပေါ့လေ။ တကယ်လို့ အရှေ့ယူနီကွန်း တိုက်ကြီးမှာသာ တိုက်ပွဲဝိညာဉ် နယ်ပညာရှင် တစ်ယောက် ပေါ်လာခဲ့မယ် ဆိုရင် ဇာတ်လမ်းက ပြီးသွားပါပြီ။ ဘယ်ထိပ်တန်း အင်အားစုကြီးကမှ တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင်ရဲ့ အမိန့်ကို မနာခံဘဲ နေရဲမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း မဟာပညာရှင်တွေ ပျောက်ဆုံးသွားတဲ့ အချိန်ကစပြီး ယခုအချိန်အထိ တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင် တစ်ယောက်မှကို ပေါ်မလာတော့တာ ကိုလည်း လူတွေအားလုံး အသိပါပဲ။
သူတို့ဟာ တစ်ချိန်ချိန် မှာတော့ ပြန်ပေါ်လာဦးမှာ သေချာပါတယ်။ ဒါပေမဲ့ အဲသည်အချိန်ဟာ ဘယ်လောက် ကြာဦးမလဲ ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မခန့်မှန်းနိုင်ပါဘူး။
“ကြည့်စမ်းဟေ့ ... ကောင်းကင်နဂါး ဓားဂိုဏ်းနဲ့ အထက် ကောင်းကင်ဘုံ ဓားဂိုဏ်းလည်း ရောက်လာပြီကွ ...”
“သည်ထိပ်တန်း ဓားဂိုဏ်းကြီး နှစ်ဂိုဏ်းက တစ်ချိန်တည်း လိုလိုမှာ ရောက်လာတာပဲ။ ဒါက နည်းတဲ့ တိုက်ဆိုင်မှုလား ...”
ကြယ်ကံကြမ္မာ တောင်ခြေကတော့ နောက်ထပ်တစ်ကြိမ် ဆူညံသွား ပြန်ပါပြီ။
အရှေ့ယူနီကွန်း တိုက်ကြီးမှာ ရှိတဲ့ ဂိုဏ်း အရေအတွက်က ၁၀၀ နီးပါးပါပဲ။ အဲသည်ထဲကမှ ဓားတာအို ဂိုဏ်းတွေဟာ ၂၀လောက် ရှိပါတယ်။ ဒါပေမဲ့ ထိပ်တန်း ဓားတာအို ဂိုဏ်းကတော့ ၂ဂိုဏ်းပဲ ရှိပါတယ်။ အဲသည်နှစ် ဂိုဏ်းကတော့ ကောင်းကင်နဂါး ဓားဂိုဏ်းနဲ့ အထက် ကောင်းကင်ဘုံ ဓားဂိုဏ်းပါပဲ။
ကောင်းကင်နဂါး ဓားဂိုဏ်းမှာဆိုရင် နဂါးဓား သခင်လေး ချူးယီ ရှိသလို အထက် ကောင်းကင်ဘုံ ဓားဂိုဏ်းမှာ ဆိုရင်လည်း ဓားပျံသခင်ဘေး လျိုဖေးယွင် ရှိပါတယ်။
အရင်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲမှာတုန်းက ချူးယီရဲ့ အဆင့် သတ်မှတ်ချက်က ၂၈ ဖြစ်ပြီး လျိုဖေးယွင်ရဲ့ အဆင့် သတ်မှတ်ချက် ကတော့ ၁၁ ပါ။
ဝိညာဉ်သားရဲတွေ မြေပြင်ပေါ်ကို ဆင်းသက်လာပြီး နောက်မှာတော့ ချုးယီနဲ့ လျိုဖေးယွင် တို့ကလည်း ဝိညာဉ် သားရဲကြီးတွေ ပေါ်ကနေ ခုန်ချလာပါပြီ။
ဓားသမားတွေ ဆိုတာက အခြားသူတွေနဲ့ မတူညီတဲ့ အငွေ့အသက် တွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အငွေ့အသက် တွေကတော့ သာမန် ဓားသမားတွေ ထက်တောင် ပိုအားကောင်း နေပါတယ်။
သူတို့နှစ်ယောက် တည်ရှိနေမှုကို ဘယ်သူမှ ဥပေက္ခာ ပြုထားလို့ မရပါဘူး။
နဂါးဓား သခင်လေး ချူးယီက ဖြောင့်တန်းတဲ့ မျက်ခုံးအစုံနဲ့ ကြယ်တွေလို တောက်ပတဲ့ မျက်လုံးအစုံကို ပိုင်ဆိုင်ထား ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အငွေ့အသက် တွေကတော့ လူတကာရဲ့ အထက်မှာနေပြီး အားလုံးကို လွှမ်းမိုး ချုပ်ကိုင်ချင်တဲ့ ဓားဘုရင်တာအို အငွေ့အသက်ပါပဲ။
သူက လူအုပ်ထဲကို တစ်ချက် ကြည့်လိုက်တာနဲ့ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်၊ နတ်စမ်းရေ သခင်လေး တန်ကျင်းယွန်၊ နက္ခတ်တာရာ သခင်လေး မုယုံဒီး၊ တုံလင်သခင်လေး ရှဟိုချောင်နဲ့ လီဖူချန်းတို့ကို သတိပြုမိ လိုက်ပါတယ်။
ချီဟန်နဲ့ တန်ကျင်းယွန်ကို သေသေချာချာ စိုက်ကြည့်ပြီးတဲ့ နောက်မှာတော့ ချူးယီဟာ သူ့ရဲ့ အကြည့်တွေကို ပြန်ရုပ်သိမ်း လိုက်ပါပြီ။
သူ့ရဲ့ မျက်လုံး ထဲမှာတော့ ချီဟန်နဲ့ တန်ကျင်းယွန် တို့ကိုသာ တကယ့် ပြိုင်ဘက်ကောင်းတွေ အဖြစ် မြင်ပါတယ်။ ကျန်တဲ့သူတွေ ကတော့ အစွမ်းထက်တဲ့ ပြိုင်ဘက် အဆင့်မှာပဲ ရှိပါသေးတယ်။
လျိုဖေးယွင်ရဲ့ အသွင်အပြင် ကလည်း ချူးယီထက် ဘယ်နေရာမှာမှ နိမ့်ကျ မနေပါဘူး။ သူကတော့ အဖြူရောင်ကိုသာ ဝတ်စုံပြည့် ဝတ်ဆင်ထား ပါတယ်။ သူ ရွေ့လျားတဲ့ အခါမှာဆိုရင် တိမ်တိုက်တစ်ခု ရွေ့လျားနေ သလိုပါပဲ။ သူ့ရဲ့ လှုပ်ရှားမှုတွေက မြေဆွဲအားကို လုံးဝ မခံထားရဘူး ဆိုတာကို သက်သေပြ နေပါတယ်။ လျိုဖေးယွင်ရဲ့ ကိုယ်ဖော့ပညာက ကြောက်စရာ ကောင်းတဲ့ အဆင့်အထိ ရောက်နေပြီ ဆိုတာကို လုံးဝ ယုံမှားသံသယ ဝင်စရာ မရှိပါဘူး။
လီဖူချန်း ဘေးနားမှာ ရှိနေတဲ့ ဖန်ကျင်းဆောင်က လေသံ တိုးတိုးဖြင့် …
“မင်းက နဂါးဓားသခင်လေး ချူးယီကိုတော့ ကောင်းကောင်းကြီး သိထား မှာပဲ။ ဒါပေမဲ့ မင်းက ဓားပျံသခင်လေး လျိုဖေးယွင်ကိုတော့ သိမှာ မဟုတ်ဘူး။ လျိုဖေးယွင် ချုးယီထက်ကို စောပြီး နာမည် ကျော်ခဲ့တာကွ။ သူက လက်ရှိ ကျားနဂါးစာရင်းရဲ့ အဆင့် ၁၁ပဲ။ သူ့ရဲ့ဓားသိုင်းက အတော်လေး ကောင်းတယ်။ ဒါပေမဲ့ တကယ် ကြောက်ရမှာက သူ့ရဲ့ ဓားပျံပဲ။ အရင်တစ်ခေါက် ပြိုင်ပွဲမှာ တုန်းကဆိုရင် လူအချို့ကပဲ သူ့ရဲ့ ဓားပျံကို ကာကွယ်နိုင်ခဲ့တာ။ ချူးယီတောင်မှ လျိုဖေးယွင်ရဲ့ ဓားပျံကို မရှောင်နိုင်ခဲ့ဘူး”
“ဓားပျံ ... ဟုတ်လား…”
လီဖူချန်းက ဓားပျံသခင်လေး လျိုဖေးယွင်ရဲ့ အကြောင်းကိုတော့ နည်းနည်းပါးပါး ကြားဖူးပါတယ်။
လျိုဖေးယွင် အသုံးပြုတဲ့ ဓားပျံဆိုတာက ဓားသေးသေးလေး တွေပါပဲ။
ဖန်ကျင်းဆောင်က သူ့ရဲ့ စကားကို ဆက်ပြောပါတယ်။
“ငါတို့ အပူအပင်မဲ့ ဂိုဏ်းရဲ့ ဂိုဏ်းတူအစ်ကို တစ်ယောက်က လျိုဖေးယွင်နဲ့ ထိပ်တိုက် တွေ့ဖူးတယ်။ သူပြောတာ ကတော့ လျိုဖေးယွင်ရဲ့ ဓားပျံက အရမ်းမြန်တဲ့ အတွက် ရှောင်ချိန်ကို မရှိဘူးတဲ့။ ပြီးတော့ လျိုဖေးယွင်ရဲ့ ဓားပျံက ဘယ်တော့မှ ပစ်မှတ်ကို မလွဲဘူး ဆိုပြီးတော့လည်း ကောလာဟလတွေ ထွက်ခဲ့ဖူးတယ်။ ကျားနဂါး ပြိုင်ပွဲ တုန်းကဆိုရင် နံပါတ်၁ ကြယ်ဘုရင်က လွဲပြီး ဘယ်သူမှ သူ့ရဲ့ဓားပျံကို လွတ်လွတ်ကျွတ်ကျွတ် မရှောင်နိုင်ဘူး”
“အိုး ... လျိုဖေးယွင်က တကယ် အံ့သြဖို့ ကောင်းတာပဲ”
လီဖူချန်းက ခေါင်းညိတ်ပြီး လျိုဖေးယွင်ရဲ့ ဓားပျံကို အသိအမှတ် ပြုလိုက်ပါတယ်။
ဖန်ကျင်းဆောင်က သူ့ရဲ့ အကြည့်တွေကို လျိုဖေးယွင် ထံကနေ ရုပ်သိမ်းလိုက်ပြီး…
“လီဖူချန်း ... တစ်ခြားလူတွေ ကတော့ မင်းကို ယုံမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါကတော့ မင်းကိုယုံတယ်။ ကျေးဇူးပြုပြီး ထိပ်ဆုံး ၁၀ယောက် အဆင့်ထဲကို ဝင်အောင် လုပ်ပြလိုက် စမ်းပါကွာ...”
“ငါအကောင်းဆုံး ကြိုးစားပါ့မယ်”
လီဖူချန်းက ကတိပေး လိုက်ပါတယ်။
သည်လက်ရွေးစင် ပါရမီရှင်တွေက သူ့ကို ဖိအားတချို့ ပေးနေတယ် ဆိုတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အဲသည် ဖိအားတွေက ကျင့်ကြံမှုအဆင့် ကွာခြားမှုကနေ လာတာပါ။
သူနဲ့ သက်တူရွယ်တူ ဖြစ်တဲ့ စုမုယူတောင်မှ မြေကမ္ဘာအဆင့်၉ကို ရောက်နေပြီ မဟုတ်ပါလား။
သည်လက်ရွေးစင် ပါရမီရှင်တွေ ထဲမှာဆိုရင် မရွေ့လျားသော ကြယ်ဘုရင် ချီဟန်ရဲ့ ကျင့်ကြံမှုအဆင့်က အမြင့်ဆုံးပါပဲ။ ချီဟန်က ကောင်းကင်နယ်ပယ် ထဲကိုတောင် ခြေလှမ်း တစ်ဝက်လောက် လှမ်းထားပြီးပြီလေ။ နတ်စမ်းရေ သခင်လေး တန်ကျင်းယွန်၊ နဂါးဓားသခင်လေး ချူးယီ၊ နက္ခတ်တာရာ သခင်လေး မုယုံဒီး၊ တုံလင်သခင်လေး ရှဟိုချောင်နဲ့ ဓားပျံသခင်လေး လျိုဖေးယွင်တို့ အားလုံးဟာ မြေကမ္ဘာနယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ်ကို ရောက်နေပါပြီ။
“တော်သေးတာပေါ့ ...။ ငါ ကျင့်ကြံမှု တိုးစေတဲ့ ဆေးတွေ အများကြီး အသုံးပြုထားလို့ ...။ မဟုတ်ရင်တော့ ဘာမှ မျှော်လင့်စရာ မရှိတော့ဘူး”
လီဖူချန်းက စိတ်ထဲကနေ တွေးလိုက် မိပါတယ်။
မြေကမ္ဘာနယ်ပယ် အဆင့် ၇နဲ့ မြေကမ္ဘာနယ်ပယ် အဆင့် ၈ ဆိုတာက အတော်ကြီးကို ကွာခြားလှသည် မဟုတ်ပါလား။ တကယ်လို့ လီဖူချန်းသာ မြေကမ္ဘာနယ်ပယ် အဆင့် ၇ မှာပဲ ရှိနေသေးတယ် ဆိုရင်တော့ သည်လက်ရွေးစင် ပါရမီရှင်တွေကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အခုတော့ သူက မြေကမ္ဘာနယ်ပယ် အဆင့်၈ကို ရောက်နေပြီ ဖြစ်တဲ့အတွက် သူ့ကိုယ်သူ နည်းနည်းတော့ ယုံကြည်မှု ရှိလာပါပြီ။
***