← Chapters

ရှေးဟောင်းဂြိုဟ်များ ဆင်းသက်လာခြင်း

Vol. 70 Ch. 967

ရှေးဟောင်းဂြိုဟ်များ ဆင်းသက်လာခြင်း

Vol. 70 Ch. 967

ဝမ်ပေါင်လဲ့၏ စကားသံမှာ အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ တာအိုဂြိုဟ်ကြီးမှာ တစ်ခဏမျှ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ ထို့နောက် ၎င်းမှာ လူတိုင်း၏ ရှေ့တွင် ရုတ်တရက်ဆိုသလို အရွယ်အစား သေးငယ်သွားပြီးနောက် စက္ကူရွက်တစ်ရွက်ကဲ့သို့ ဖြူဆွတ်နေသည့် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ယံထဲရှိ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

သို့သော် ထို အဖြူရောင်အလင်းတန်းမှာ ဝမ်ပေါင်လဲ့အား လက်တုံ့ပြန်ချင်နေသည့်ပုံပင်။ ၎င်းမှာ သူ၏အနီးသို့ ရောက်ရှိလာပြီးနောက် ရုတ်ခြည်းဆိုသလို လမ်းကြောင်းပြောင်းသွား၏။ ထို့နောက် ၎င်းမှာ သူ့အား ကျော်ဖြတ်သွားပြီး မြေပြင်ပေါ်၌ မျှော်လင့်ချက်များ ပျက်သုဉ်းနေသည့် အမူအရာဖြင့် ထိုင်နေသော ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ ဦးတည်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ သူမ၏ နဖူးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာမူ ၎င်း၏ ပြင်းအားများကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် သွေးတစ်ပွက် အန်ထွက်လာပြီး ချက်ချင်း သတိလစ်သွားသည်။ သူမ၏ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် ကြယ်အလင်းရောင်များမှာမူ တဖြည်းဖြည်းနှင့် ပို၍အားကောင်းလာ၏။

ထိုမြင်ကွင်းအား မြင်လိုက်ရသည့် ကျင့်ကြံသူတိုင်းမှာ မျက်လုံးများ မှေးသွားကြရသည်။ ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံးမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြ၏။ ရှေးဟောင်းဂြိုဟ်ကိုးလုံး အပါအဝင် ကောင်းကင်ယံရှိ ကြယ်များမှာလည်း ထိုနည်းတူပင်။ ၎င်းတို့မှာ တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသည့်ပုံ ပေါက်နေ၏။

ဝမ်ပေါင်လဲ့မှာမူ ခေါင်းငုံ့ကာ ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား လှမ်းကြည့်လိုက်၏။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။

" အဲတော့ ငါ ပြင်ပအကူအညီတွေကို အားကိုးနေတယ်ဆိုပြီး မင်း ပြောခဲ့တဲ့ စကားတွေက ဆင်ခြေတစ်ခုပဲပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏အကြည့်အား ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူမအား ဆက်ကြည့်မနေတော့ပေ။ သူသည် အစွမ်းကုန်ကြိုးစားခဲ့သည့်တိုင်အောင် တာအိုဂြိုဟ်မှာ သူ့အား အထင်သေးနေဆဲ မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည်လည်း ယခုမှစ၍ ၎င်းအား တန်ဖိုးထားနေတော့မည်မ မဟုတ်ပေ။

ထို့ကြောင့် သူသည် မိုးကောင်းကင်ကြီးအား မော့ကြည့်လိုက်ပြီးနောက် ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် တည်ကြည်မှုအပြည့် ရှိနေသည့် လေသံဖြင့် မေးလိုက်သည်။

" မင်းတို့တွေထဲက ဘယ်သူ ငါ့ကို တစ်ဘဝလုံး အဖော်ပြုပေးချင်လဲ "

သူ ထိုသို့မေးလိုက်သည်နှင့် မိုးကောင်းကင်ကြီးမှာ တုန်ရီသွားပြီး ကြယ်များအားလုံးမှာ တစ်ပြိုင်နက်တည်း ဝင်းလက်တောက်ပလာကြ၏။ သာမန်ဂြိုဟ်များဖြစ်စေ၊ ဝိညာဉ်ဂြိုဟ်များဖြစ်စေ၊ အင်မော်တယ်ဂြိုဟ်များဖြစ်စေ၊ ၎င်းတို့အားလုံးမှာ ဝင်းလက်တောက်ပလာကြသည်သာဖြစ်သည်။ ပထမအဆင့်မှ နဝမအဆင့်အထိရှိသည့် အထူးဂြိုဟ်များအားလုံးမှာလည်း ၎င်းတို့၏ စိတ်ဆန္ဒများကို ထုတ်ဖော်ပြသလိုက်ကြ၏။ ထိုမြင်ကွင်းကြီးမှာ ကမ္ဘာကြီးတစ်ခုလုံးအား အံ့ဩတုန်လှုပ်သွားစေနိုင်ပေသည်။ ပို၍ အံ့သြဖွယ်ရာကောင်းသည်မှာ ထိုအခိုက်အတန့်တွင် ရှေးဟောင်းဂြိုဟ် ကိုးလုံးမှာလည်း အစွမ်းကုန် တောက်ပလာခြင်းပင်။ ထို့အပြင် ထိုဂြိုဟ်ကိုးလုံးပေါ်တွင် သန္ဓေပြောင်းသားရဲကိုးကောင် ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးနေသည်ကိုပင် မသဲမကွဲ လှမ်းမြင်နိုင်ပေသည်။

၎င်းမှာ ကြယ်များ၏ အားပြိုင်မှု ဖြစ်ပေသည်။

သမိုင်းတစ်လျှောက်လုံးတွင် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားပြီး မှော်ဆန်းလွန်းလှသည့် မြင်ကွင်းမျိုး လုံးဝ မပေါ်ပေါက်ခဲ့ဖူးပေ။

ထို့ကြောင့် ပြည်သူ့ရင်ပြင်ထဲရှိ လူပုံစံစက္ကူရုပ်များအားလုံးမှာ ဝမ်ပေါင်လဲ့ကြောင့် နောက်ထပ်တစ်ကြိမ် ထပ်၍ တုန်လှုပ်ချောက်ချား သွားကြရပြန်သည်။

တော်ဝင်နန်းတော်အပြင်ဘက်ရှိ ကြယ်သုသာန်အင်ပါယာကြီး၏ နေရာအနှံ့အပြားတွင် ရှိနေကြသည့် လူပုံစံစက္ကူရုပ်များမှာလည်း နတ်ဘုရားစွမ်းရည်များမှတစ်ဆင့် ထို မြင်ကွင်းကြီးအား မြင်နေရသဖြင့် ဗြောင်းဆန်နေကြပြီ ဖြစ်သည်။ သူတို့မှာ ခေါင်းမော့ကြည့်လိုက်ကြသောအခါ ကောင်းကင်ယံထဲ၌ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့် ကြယ်လေးများကို မြင်လိုက်ကြရ၏။

" ကြယ်တွေအကုန်လုံးက ဂုဏ်သိက္ခာအတွက် အားပြိုင်နေတာမဟုတ်ဘဲ မဟုတ်ဘဲ သူ့ကြောင့်အားပြိုင်နေတာလို့ ပြောရင် ပိုမှန်တယ် "

" ဒီကောင်က ဘယ်လို ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထားတာလဲဟ။ သူ့ကြောင့်... ကြယ်ပင်လယ်ကြီးတစ်စင်းလုံး လှုပ်လှုပ်ရွရွ ဖြစ်လာရတာပါလား "

" တာအိုဂြိုဟ်က သူ့ကို မရွေးပေမဲ့ တခြားကြယ်တွေ အကုန်လုံးက သူ့ကို ကြည်ညိုလေးစားနေကြပြီ "

ကြယ်သုသာန်အင်ပါယာကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဆူညံပွက်လောရိုက်သွား၏။ တော်ဝင်နန်းတော်အပြင်ဘက်ရှိ ပြည်သူ့ရင်ပြင်မှာလည်း ထိုနည်းတူပင်။ ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီး၏ နောက်တွင် ရှိနေသည့် အစွမ်းထက် ကျင့်ကြံသူများပင်လျှင် အုတ်အော်သောင်းနင်း ဖြစ်နေရပြီဖြစ်သည်။

ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီး ကိုယ်တိုင်ပင်လျှင် မှင်တက်နေရ၏။ ထို့နောက် နန်းတော်ကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့ သူ့အား ပြောခဲ့သည့်စကားများမှာ သူ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။ ထို့ကြောင့် သူသည် လေသံတိုးတိုးဖြင့် ရေရွတ်မိလိုက်တော့သည်။

" ကိုယ့်အတွက် အကောင်းဆုံးမဟုတ်လို့သာ ကိုယ်နဲ့ လွဲရတာလို့ မင်းပြောခဲ့တာနော်... ကဲ... အခု မင်း ဘာကို ရွေးမှာလဲ "

ယခုတွင် ကြယ်သုသာန်အင်ပါယာထဲမှ လူပုံစံစက္ကူရုပ်များသာမက ဝမ်ပေါင်လဲ့ကဲ့သို့ အဆုံးမဲ့တာအိုနယ်မြေထဲမှ ရောက်ရှိလာခဲ့သည် ပါရမီရှင်များပင်လျှင် အံ့သြတုန်လှုပ်နေရပြီ ဖြစ်သည်။ ပြည်သူ့ရင်ပြင်ထဲသို့ ဝင်လာခွင့်မရှိသလို မိုးကောင်းကင်စည်ကြီးကိုလည်း တီးခတ်ခွင့်မရှိသည့် လီလင်းကျစ်ကဲ့သို့သော အခြား ပါရမီရှင်များမှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြရပြီး စိတ်ထဲတွင် ရေရွတ်မိလိုက်ကြတော့သည် " တကယ့်ကို ပါရမီရှင် အစစ်ပဲ "

ထို့အပြင် ပညာရှိပုံစံ ကျင့်ကြံသူမှာဆိုလျှင် ဝမ်ပေါင်လဲ့အား သူနှင့် လက်ရည်တူသည့် လူတစ်ယောက်အဖြစ် အမှန်တကယ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။ သူ၏ မျက်နှာအမူအရာမှာ တည်ကြည်မှုအပြည့် ရှိနေ၏။ သူ၏ဘေးတွင် ရှိနေသော အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာလည်း ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေရင်း မျက်ဝန်းများ အရောင်မှေးသွား၏။

အမှောင်ပညာရပ်ပိုင်ရှင် မိန်းမငယ်လေးမှာမူ မျက်လုံးများပြူးကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း ကြက်သေသေနေတော့သည်။ သူမ၏ ခေါင်းထဲ၌ ပေါ်ပေါက်လာသည့် အတွေးများကို မည်သူမှ မသိနိုင်ပါသော်လည်း သူမ၏ မျက်ဝန်းများမှာမူ တဖြည်းဖြည်းနှင့် ပို၍တောက်ပလာနေပြီ ဖြစ်သည်။

မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီး၊ ဖက်တီးလေးနှင့် ကောင်းရှုံ့ကဲ့သို့သော အခြား ပါရမီရှင်များမှာမူ ဂြိုဟ်များနှင့် ပေါင်းစည်းသွားခဲ့သည်ဖြစ်ရာ သူတို့၏ အသိစိတ်များကို အပြင်ဘက်သို့ ထုတ်လွှတ်နိုင်စွမ်း မရှိသဖြင့် ဤအခြင်းအရာများကို သိရှိထားခြင်းမရှိပေ။ သို့သော် သတိလစ်နေသည့် ခေါင်းလောင်းနှင့်မိန်းမပျိုလေး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော တာအိုဂြိုဟ်မှာမူ အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။

ထို တာအိုဂြိုဟ်မှာ ဝမ်ပေါင်လဲ့အား ရွေးချယ်ခဲ့ခြင်းမရှိပေ။ ဝမ်ပေါင်လဲ့ အစွမ်းကုန်ကြိုးစားခဲ့သည့်တိုင်အောင် ၎င်းမှာ သူ့အား ပစ်ပယ်ခဲ့ဆဲပင်။ သို့သော် အခြားကြယ်များအားလုံးမှာ ၎င်း ထိုကဲ့သို့ ပစ်ပယ်ခဲ့သည့် ကျင့်ကြံသူအတွက် အားပြိုင်နေကြပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ အကယ်၍ တာအိုဂြိုဟ်သာ လူတစ်ယောက်၏ ခံစားချက်များကို ပိုင်ဆိုင်ထားမည်ဆိုပါက နှုတ်ဆိတ်ကာ ဝေခွဲမရ ဖြစ်နေလောက်ပြီဖြစ်သည်။

၎င်းမှာ အခွင့်အရေးကြီးတစ်ခုအား လက်လွှတ်ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားနေရ၏။

အဘယ်ကြောင့်ဆိုသော်... ၎င်း ပစ်ပယ်ခဲ့သည့် ကျင့်ကြံသူမှာ သူ့အား မည်သူ အဖော်ပြုပေးမည်နည်းဟုသာ မေးမြန်းခဲ့သည် မဟုတ်ပါလော။ သူသည် အခြား မည်သည့်ကတိကိုမှ ပေးခဲ့ခြင်းမရှိဘဲ ထိုကဲ့သို့ ရိုးရှင်းသော မေးခွန်းတစ်ခုကိုသာ မေးခဲ့ခြင်းဖြစ်သည့်တိုင်အောင် အခြားကြယ်များအားလုံး၏ အာရုံအား ဖမ်းစားနိုင်ခဲ့ဆဲပင်။

ဝမ်ပေါင်လဲ့ ကိုယ်တိုင်ပင်လျှင် ယခုလောက်အထိ ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းကြီး ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မိုးကောင်းကင်ကြီးထဲ၌ တလက်လက် တောက်ပနေသည့် ကြယ်များအား လှမ်းကြည့်လိုက်၏။ သူ၏ မျက်နှာအမူအရာမှာလည်း ပို၍ပင် တည်ကြည်လာသည်။ နောက်ဆုံးတွင် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါး တင်လိုက်ပြီး ကတိတစ်ခု ပေးလိုက်တော့သည်။

" ငါ့ကို အဖော်ပြုပေးတဲ့ ကြယ်မှန်သမျှ တာအိုနယ်မြေတစ်ခုလုံးထဲမှာ အထွတ်အထိပ်အဆင့်အထိ ရောက်သွားနိုင်အောင် ငါ့ဘက်က အစွမ်းကုန်ကြိုးစားပေမယ်။ ဒါ ငါ့ရဲ့ မဟာတာအိုသစ္စာပဲ "

သူ ထိုသို့ဆိုလိုက်သည်နှင့် လူတိုင်းမှာ မှင်တက်သွားရပြန်သည်။ ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးပင်လျှင် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ဝမ်ပေါင်လဲ့၏ ကတိမှာ ကြီးလေးလွန်းနေသည် မဟုတ်ပါလော။

တာအိုသစ္စာဆိုသည့် အရာမှာ မိမိ၏ အနာဂတ်တာအိုအပေါ် တိုင်တည်၍ ကျိန်ဆိုရသည့်အရာ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းမှာ မိမိ၏ နှလုံးသားအား သက်သေတည်ကာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ ထောက်ခံချက်အား တောင်းခံသကဲ့သို့ပင်။ အကယ်၍ ထို တာအိုသစ္စာအား မိုးကောင်းကင်၏ စည်းမျဉ်းဥပဒေသများထဲ၌ ရေးထိုးနိုင်မည်ဆိုပါက ၎င်းမှာ ထာဝစဉ် တည်မြဲနေမည် ဖြစ်သည်။ သို့သော် ထိုကဲ့သို့ ရေးထိုးသည့် လူများမှာ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ဖြစ်နေရန် လိုအပ်ပေသည်။ အခြားသူများမှာ မိုးကောင်းကင်၏ စည်းမျဉ်းဥပဒေသများကို အလွယ်တကူ ပြောင်းလဲနိုင်စွမ်းရှိမည် မဟုတ်ပေ။

မဟာတာအိုသစ္စာဆိုသည်မှာ တာအိုသစ္စာထက်ပင် ပို၍ ကြီးလေးသည့် ကတိသစ္စာတစ်ခု ဖြစ်ပေသည်။ ထို ကတိသစ္စာအား မှန်ကန်မှုရှိကြောင်း သက်သေပြု လိုပါက မိမိ၏ အနာဂတ်တာအိုပေါ်တွင် တိုင်တည်ကာ မိမိ၏ နှလုံးသားဖြင့် သက်သေတည်ရန် လိုအပ်ရုံသာမက မိမိ၏ အသက်နှင့် ဖြစ်တည်မှု အငွေ့အသက်အားလုံးကိုပါ ရင်းနှီးရန် လိုအပ်ပေသည်။ သို့ဖြစ်ရာ ထို ကတိသစ္စာနှင့်သာဆိုပါက သာမန်လူများပင်လျှင် မိုးကောင်းကင်၏ စည်းမျဉ်းဥပဒေသများကို အနည်းငယ်ခန့် ပြောင်းလဲနိုင်ပေသည်။ သို့သော် ထိုကတိသစ္စာအား ဖောက်ဖျက်လိုက်မည်ဆိုလျှင်မူ နောက်ဆက်တွဲအကျိုးဆက်များကို မလွဲမသွေ ခံစားရမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့သည် သူ ပြောလိုက်သည့် စကားများမှာ မည်မျှအထိ လေးနက်ကြောင်း မသိထားခြင်း မဟုတ်ပါသော်လည်း ကြယ်စင်စုကြီးတစ်ခုလုံးမှာ သူ့အား ရွေးချယ်ရန် ဆန္ဒပြင်းပြနေသည်ဖြစ်ရာ သူဘက်မှလည်း ၎င်းတို့အား စိတ်ပျက်စေ၍ မဖြစ်ကြောင်း မှတ်ယူလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် သူ၏စကားသံကြီး လေထုထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် ကောင်းကင်ယံထဲရှိ ကြယ်များမှာ တုန်ရီသွား၏။ ထို့နောက် ကြယ်အလင်းရောင်များ ပို၍ပင် ဝင်းလက်တောက်ပလာကြပြီး မိုးကောင်းကင်ကြီးမှာ စတင်ပြောင်းလဲလာသလို တိမ်တိုက်များမှာလည်း လွင့်ပါးပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးမှာ ကြယ်အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံထားရပြီး ကြယ်များအားလုံးဆီမှ စိတ်ဆန္ဒများမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သို့ဖြစ်ရာ ကြယ်တစ်လုံးချင်းစီတိုင်းမှာ ဝမ်ပေါင်လဲ့၏ ရွေးချယ်မှုအား မျှော်လင့်စောင့်ဆိုင်းနေသကဲ့သို့ပင်။

အထူးသဖြင့် ရှေးဟောင်းဂြိုဟ် ကိုးလုံးမှာဆိုလျှင် အဝင်းလက်ဆုံး ထွန်းလင်းတောက်ပနေ၏။ အလယ်တွင်ရှိနေသည့် နဝမမြောက် ဂြိုဟ်မှာဆိုလျှင် အောက်သို့ အရှိန်အဟုန်ဖြင့် စတင်ဆင်းသက်လာပြီ ဖြစ်သည်။

၎င်းမှာ ၎င်း၏ ဂုဏ်သိက္ခာနှင့် အနာဂတ်တို့ကိုပင် ပဓာန မထားတော့ဘဲ ၎င်း၏ စိတ်ဆန္ဒအလျောက် ဆင်းသက်လာခြင်းဖြစ်၏။ သို့ဖြစ်ရာ အကယ်၍ ဝမ်ပေါင်လဲ့သာ ၎င်းအား ရွေးချယ်ခြင်းမရှိပါက ၎င်းမှာ အသိအမှတ်ပြုခံရမည့် အခွင့်အရေးအား ထပ်၍ လက်လွှတ်ဆုံးရှုံးလိုက်ရမည် ဖြစ်သည်။ ရှေးဟောင်းဂြိုဟ်များအတွက် တာအိုဂြိုဟ်အဖြစ်သို့ တက်လှမ်းနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ အသိအမှတ်ပြုခံရခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ယခုအကြိမ်တွင် ဝမ်ပေါင်လဲ့မှာ ၎င်းအား အသိအမှတ်ပြုခြင်းမရှိပါက ၎င်း ကြုံတွေ့ရမည့် နောက်ဆက်တွဲ အကျိုးဆက်များမှာ အလွန်အင်မတန်မှ ကြီးမားနေမည် ဖြစ်သည်။

မိမိဘက်မှ စ၍ ကမ်းလှမ်းခဲ့ပါသော်လည်း နောက်ဆုံးတွင် ငြင်းဆန်ခံလိုက်ရခြင်းမှာ လူသားများအတွက်သာမက ကြယ်များအတွက်ပါ ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်မျိုး မဟုတ်ပါလော။ ကြယ်များမှာဆိုလျှင် ပို၍ပင် ထိခိုက်နစ်နာသွားရမည်သာ ဖြစ်သည်။

ထို့ကြောင့် ထိုမြင်ကွင်းအား မြင်လိုက်ရသူတိုင်းမှ အံ့ဩတုန်လှုပ်သွားကြ၏။

" ရှေးဟောင်းဂြိုဟ်က အရွေးမခံရသေးတာတောင် သူ့အလိုလို ဆင်းသက်လာတာပါလား "

လူတိုင်းမှာ ဆူညံပွက်လောရိုက်သွားကြပြန်သည်။ ထိုအချိန်တွင် ကောင်းကင်ယံထဲ၌ ပျာယာခတ်နေသည့်ပုံ ပေါက်နေကြသည့် အခြား ရှေးဟောင်းဂြိုဟ် ရှစ်လုံးမှာလည်း တစ်ပြိုင်နက်တည်း ဆင်းသက်လာကြ၏။ ၎င်းတို့မှာ မကြာသေးမီတုန်းက ဆင်းသက်လာခဲ့သည့် ရှေးဟောင်းဂြိုဟ်နှင့်အတူ အလင်းတန်းကိုးခုအသွင် ပြောင်းလဲသွားကာ ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတွင် ကျင့်ကြံသူများအားလုံး ဆွံ့အမှင်တက်ကာ ငေးကြည့်နေကြစဉ်မှာပင် ထို ရှေးဟောင်းဂြိုဟ်ကိုးလုံးမှာ ရုပ်လုံးပေါ်လာတော့သည်။ ၎င်းတို့မှာ ရှေးဆန်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေသလို မျက်နှာပြင်များပေါ်တွင် ချိုင့်ခွက်ပေါင်း မြောက်မြားစွာဖြင့် ပြည့်နှက်နေပါသော်လည်း တဖြည်းဖြည်းနှင့် အရွယ်အစားသေးငယ်လာနေကြပြီ ဖြစ်သည်။

နောက်ဆုံးတွင် ၎င်းတို့အားလုံးမှာ လက်သီးဆုပ်အရွယ်အစားအထိ ကျုံ့ဝင်သွားကာ ဝင်းလက်တောက်ပနေသည့် ပုလဲလုံး ကိုးလုံးအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ရှေ့၌ မျောလွင့်နေတော့သည်။ ထို ပုလဲလုံးများထဲမှ အလင်းရောင်များ ထွက်ပေါ်လာချိန်တွင် ကောင်းကင်ယံထဲရှိ ကြယ်များမှာ တုန်ရီသွား၏။

ဝမ်ပေါင်လဲ့မှာလည်း သူ၏ရှေ့တွင် ရှိနေသည် ရှေးဟောင်းဂြိုဟ်ကိုးလုံးအား ကြည့်ရင်း အသက်ရှူသံများ ရပ်တန့်သွား၏။ သူသည် သူ၏ ၎င်းတို့၏ စိတ်ဆန္ဒများအား အာရုံခံနိုင်စွမ်းရှိနေသလို ခံစားနေရသည်။

" ငါ ဒီလို တစ်သက်လုံး မနေနိုင်ဘူး။ ငါတို့ ကိုးလုံးစလုံး ပေါင်းစည်းရမယ်ဆိုရင်တောင် သဘောတူတယ်ကွာ။ ငါတို့တွေ အသိအမှတ်ပြုခံရတာနဲ့ တာအိုဂြိုဟ်အဖြစ် ရောက်သွားနိုင်မှာပဲ “

All Chapters