အသိအမှတ်ပြု ထောက်ခံချက်များ
Vol. 70 Ch. 968
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွား၏။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ရုတ်တရက် ဆိုလိုက်တော့သည်။
" ငါ့ရဲ့ မဟာတာအိုသစ္စာကို သက်သေတည်ပြီးတော့ မင်းတို့ ဂြိုဟ်ကိုယ်လုံးကို အထွတ်အထိပ် တာအိုဂြိုဟ်တစ်လုံးအဖြစ် ပေါင်းစည်းခွင့်ပေးလိုက်တယ် "
သူ ထိုသို့ဆိုလိုက်သည်နှင့် ဂြိုဟ်ကိုးလုံးမှာ ဝင်းလက်စွာ တောက်ပလာကြ၏။ ကောင်းကင်ယံထဲရှိ ကြယ်များမှာလည်း ထိုနည်းတူပင်။ ထို့အပြင် မိုးခြိမ်းသံများမှာလည်း ကြယ်သုသာန်တစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် လေပြင်းမုန်တိုင်းကြီးတစ်ခု စတင်တိုက်ခတ်လာသည်။ သို့သော် ထိုလေပြင်းမုန်တိုင်းကြီးမှာ သက်ရှိများနှင့် အခြားအရာများအပေါ် အကျိုးသက်ရောက်မှုမရှိပေ။ ၎င်း၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ဝမ်ပေါင်လဲ့၏ မဟာတာအိုသစ္စာအား တုံ့ပြန်လိုသည့်ပုံပင်။
မဟာတာအိုသစ္စာမှာ ထူးဆန်းသော ဖြစ်ရပ်များကို ဖန်တီးပေးနိုင်စွမ်း ရှိပါသော်လည်း ထိုမျှလောက်နှင့် မလုံလောက်ပေ။ ဝမ်ပေါင်လဲ့၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျလွန်းနေသလို ကံကြမ္မာစွမ်းအားမှာ အားနည်းလွန်းနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဂြိုဟ်ကိုးလုံး တာအိုဂြိုဟ်တစ်လုံးအဖြစ် ပေါင်းစည်းသွားသည့် ဖြစ်စဉ်အား အသိအမှတ်ပြုပေးနိုင်ဖို့ပင် မဆိုထားနှင့် မိုးကောင်းကင်ကြီး၏ စည်းမျဉ်းဥပဒေသစွမ်းအားများကိုပင် ပြောင်းလဲနိုင်စွမ်းမရှိသေးပေ။ သို့ဖြစ်ရာ အစွမ်းထက် ကျင့်ကြံသူကြီး တစ်ယောက်ယောက်သာ မျက်မြင်သက်သေတစ်ယောက် အနေနှင့် အသိအမှတ်ပြုပေး ခြင်းမရှိပါက သူသည် အောင်မြင်နိုင်မည်မဟုတ်ပေ။
ထို မျက်မြင်သက်သေ ပို၍အစွမ်းထက်လေလေ ဝမ်ပေါင်လဲ့၏ မဟာတာအိုသစ္စာမှာလည်း ပို၍အားကောင်းလာလေလေ ဖြစ်နေမည်ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူသည် မိုးကောင်းကင်ကြီး၏ စည်းမျဉ်းဥပဒေသများကိုလည်း အများကြီးပြောင်းလဲနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ ၎င်းမှာ အထူးဂြိုဟ်တစ်လုံး တာအိုဂြိုဟ်အဖြစ်သို့ တက်လမ်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟုပင် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။
လုံလုံလောက်လောက် အသိအမှတ်ပြုခံရပါက တမူထူးခြားသည့် စည်းမျဉ်းဥပဒေသတစ်ခု စတင်ပေါ်ပေါက်လာမည် ဖြစ်သည်။
ထို့ကြောင့်လည်း ထိုအချိန်တွင် တော်ဝင်နန်းတော်ကြီး၏ ပင်မခန်းမ အပြင်ဘက်၌ ရှိနေသည့် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားပြီး ရုတ်တရက် ဆိုလိုက်၏။ ၎င်း၏ စကားသံကြီးမှာ မိုးကောင်းကင်နှင့် ကမ္ဘာကြီးတစ်ခွင် ပဲ့တင်ထပ်သွားသည်။
" အသိအမှတ်ပြုတယ် "
ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီး၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ၎င်း၏ ရာထူးအဆင့်အတန်းတို့ကြောင့် ၎င်း၏ နှုတ်မှ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ၎င်းမှာ ဝမ်ပေါင်လဲ့၏ မဟာတာအိုသစ္စာအား သက်သေတည်ပေးရန် သဘောတူလိုက်ခြင်းဖြစ်ကြောင်း သတ်မှတ်ရပေမည်။ ထို့အပြင် ၎င်းမှာ ဂြိုဟ်ကိုးလုံး တာအိုဂြိုဟ်တစ်လုံးအဖြစ် ပေါင်းစည်းသွားသည့် ဖြစ်စဉ်ကိုလည်း အသိအမှတ်ပြုပေးရတော့မည် ဖြစ်သည်။
ဧကရာဇ်ကြီး ထိုသို့ဆိုလိုက်သည်နှင့် ကောင်းကင်ယံထဲရှိ မိုးခြိမ်းသံများမှာ ပို၍ပင်ကျယ်လောင်လာ၏။ ထို့နောက် ၎င်းမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အားတက်သွားသလို သူ၏ မဟာတာအိုသစ္စာမှာလည်း ချက်ချင်းဆိုသလိုပင် အစွမ်းပိုထက်လာသဖြင့် သူ၏ရှေ့တွင် ရှိနေသည့် ရှေးဟောင်းဂြိုဟ် ကိုးလုံးမှာ အလင်းလက်ဆုံး အနေအထားသို့ ရောက်ရှိသွား၏။ ထို့နောက် ၎င်းတို့၏ ကြယ်အလင်းရောင်များမှာ အတူတကွ ပေါင်းစည်းသွားနေကြသည့်ပုံ ပေါက်လာတော့သည်။
၎င်းတို့မှာ ထိုကဲ့သို့ အတူတကွ ပေါင်းစည်းနေသည်ဖြစ်ရာ ကျရှုံးသွားမည်ဆိုပါက ပေါ်ပေါက်လာမည့် နောက်ဆက်တွဲအကျိုးဆက်များမှာ အလွန်အင်မတန်မှ ပြင်းထန်နေမည် ဖြစ်သည်။ ၎င်းတို့မှာ ပျက်စီးသွားရလောက်သည့် အခြေအနေအထိ ရောက်သွားမည် မဟုတ်ပါသော်လည်း ဘယ်သောအခါမှ တာအိုဂြိုဟ်အဖြစ်သို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
သို့သော် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီး၏ အသိအမှတ်ပြု ထောက်ခံချက်မှာ ၎င်းတို့အား တာအိုဂြိုဟ်အဖြစ်သို့ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ရန် လုံလောက်မှု မရှိသည့်ပုံပင်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ ဂြိုဟ်တစ်လုံးတည်း မဟုတ်ဘဲ ကိုးလုံး ဖြစ်နေသောကြောင့်ပင်။ သို့ဖြစ်ရာ ၎င်းတို့အားလုံး တာအိုဂြိုဟ်တစ်လုံးအဖြစ်သို့ တက်လှမ်းနိုင်ရန်မှာ စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် ခဲယဉ်းနေမည် ဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ယံထဲ၌ တုန်ခါမှုလိုင်းများ စတင်ပေါ်ပေါက်လာ၏။ ထို့နောက် ပြည်သူ့ရင်ပြင်ထဲရှိ လူပုံစံစက္ကူရုပ်များ အားလုံးသာမက တော်ဝင်မြို့တော် အပြင်ဘက်ရှိ နေရာ အနှံ့အပြားတွင် ရှိနေကြသည့် လူပုံစံစက္ကူရုပ်များ အားလုံးမှာလည်း တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြတော့သည်။
" အသိအမှတ်ပြုတယ် "
ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ စတင်ပြောင်းလဲလာပြီး ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ရှေးဟောင်းဂြိုဟ် ကိုးလုံးဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာလည်း ပို၍ပင် အားကောင်းလာသည်။ တစ်ချိန်ထဲမှာပင် အနက်ရောင် စက္ကူပင်လယ်ကြီးထဲ၌ တင်ပျဉ်ခွေထိုင်နေသည့် ကြယ်သုသာန်အင်ပါယာ၏ ဘိုးဘေးဧကရာဇ်ကြီးမှာလည်း မျက်လုံးများပွင့်လာ၏။ ၎င်းမှာ တော်ဝင်မြို့တော်ထဲ၌ ဖြစ်ပျက်နေသည့် အရာအားလုံးကို မြင်နိုင်စွမ်းရှိနေသည့်ပုံပင်။ ထို့ကြောင့် ၎င်းသည်လည်း တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် တည်ကြည်စွာဆိုလိုက်သည်။
" အသိအမှတ်ပြုတယ် "
သူ၏ စကားသံမှာ ကြယ်သုသာန်အင်ပါယာထဲရှိ ကျင့်ကြံသူအားလုံး၏ စကားသံများနှင့်အတူ ပေါင်းစည်းသွား၏။ ထိုအချိန်တွင် ထို စကားသံကြီးမှာ ကျင့်ကြံသူ တစ်ယောက်ချင်းဆီတိုင်းမှ ထွက်ပေါ်လာသည့် စကားသံကြီးနှင့် မတူတော့ပဲ ကြယ်သုသာန်အင်ပါယာ၏ ကောင်းချီးပေးမှု စကားသံကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ကြယ်သုသာန်အင်ပါယာကြီး၏ ကောင်းချီးပေးမှုကိုပါ ရရှိသွားပြီဖြစ်ရာ တောင်တန်းများနှင့် ပင်လယ်ကြီးထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာသလို ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင်လည်း လေပြင်းမုန်တိုင်းတစ်ခု စတင်တိုက်ခတ်လာတော့သည်။ မဟာတာအိုသစ္စာ၏ စွမ်းအားမှာလည်း ပို၍အားကောင်းလာ၏။ ရှေးဟောင်းဂြိုဟ် ကိုးလုံး၏ အလင်းရောင်များမှာ စတင်ပေါင်းစည်းနေပြီ ဖြစ်ပါသော်လည်း လုံလောက်မှု မရှိသေးသည့်ပုံပင်။
သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ကြယ်သုသာန်အင်ပါယာကြီး၏ ကောင်းချီးပေးမှုသာမက ထို အင်ပါယာကြီး တည်ရှိနေသည့် ကမ္ဘာကြီး၏ စိတ်ဆန္ဒလည်း ကျန်ရှိနေသေးသည်။ ထို့ကြောင့် ကြယ်သုသာန်အင်ပါယာကြီးထဲမှ ထိုစကားသံကြီး ထွက်ပေါ်လာသည်နှင့် ကမ္ဘာကြီးတစ်ခုလုံး၏ စိတ်ဆန္ဒမှာလည်း စကားသံတစ်သံအဖြစ် ပြောင်းလဲသွားပြီး ထို ကမ္ဘာကြီးထဲရှိ သက်ရှိတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
" အသိအမှတ်ပြုတယ် "
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ကြယ်သုသာန်ကြီး တစ်ခုလုံးထဲမှ တုန်ခါမှုလှိုင်းများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာ၏။ ကောင်းကင်ယံထဲမှနေ၍ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ထို တုန်ခါမှုလှိုင်းများ အားလုံးမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ စုဝေးနေသည်ကို မြင်လိုက်ရမည် ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်ရှိ လေပြင်းမုန်တိုင်းကြီးမှာ ကြယ်သုသာန် တစ်ခုလုံးထဲ၌ တိုက်ခတ်နေသကဲ့သို့ ဖြစ်နေတော့သည်။
ထိုအချိန်တွင် ရှေးဟောင်းဂြိုဟ် ကိုးလုံးဆီမှ ထွက်ပေါ်လာနေသည့် အလင်းရောင်ပင်လယ်ကြီးမှာ ချက်ချင်းဆိုသလိုပင် အရွယ်အစားကြီးမားလာပြီး ဂြိုဟ် တစ်လုံးချင်းစီတိုင်း၏ အလင်းရောင်များမှာ အတူတကွ ပေါင်းစည်းသွားကြ၏။ တစ်ချိန်ထဲမှာပင် ထို ဂြိုဟ်များမှာလည်း တစ်လုံးနှင့်တစ်လုံး နီးကပ်လာကြပြီး တစ်သားတည်း ပေါင်းစည်းသွားတော့မည့်ပုံ ပေါက်နေတော့သည်။
၎င်းမှာ ကြယ်သုသာန် ကမ္ဘာကြီးတစ်ခုလုံး၏ အသိအမှတ်ပြု ထောက်ခံချက် ဖြစ်ပေသည်။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့်အတူ ပေါင်းစည်းသွားခဲ့သည့် တာအိုဂြိုဟ်ကြီးမှာလည်း ထိုကဲ့သို့ အသိအမှတ်ပြုခံခဲ့ရသဖြင့် တာအိုဂြိုဟ်အဖြစ်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင်မူ ထို အသိအမှတ်ပြု ထောက်ခံချက်ပင်လျှင် ရှေးဟောင်းဂြိုဟ်ကိုးလုံး အတူတကွပေါင်းစည်းနေသည့် ဖြစ်စဉ်အား ကူညီထောက်ပံ့ပေးနိုင်ရန် လုံလောက်မှု မရှိသည့်ပုံပင်။ ထို့ကြောင့် ထို ဂြိုဟ်ကိုးလုံး၏ ပေါင်းစည်းမှုနှုန်းမှာ တဖြည်းဖြည်းနှင့် အရှိန်လျော့ကျလာတော့သည်။
ရှေးဟောင်းဂြိုဟ်ကိုးလုံး အတူတကွပေါင်းစည်းကာ တာအိုဂြိုဟ်တစ်လုံးအဖြစ်သို့ တက်လှမ်းသည့် လုပ်ငန်းစဥ်သာ အောင်မြင်သွားမည်ဆိုပါက ပေါ်ပေါက်လာမည့် တာအိုဂြိုဟ်မှာ စက္ကူတာအိုဂြိုဟ်ထက် အများကြီးပို၍ အစွမ်းထက်နေမည်သာ ဖြစ်သည်။
သို့ဖြစ်ရာ စွမ်းအားအဆင့်အတန်း မတူသည့် ဂြိုဟ်များအတွက် လိုအပ်ချက်များ ကွဲပြားနေသည်မှာ မထူးဆန်းပေ။
လူတိုင်းမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူသံများ မြန်ဆန်လာ၏။ သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်း မရှိသေးပေ။ သက်သေတည်ပေးကြမည့် အခြား အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ ကျန်ရှိနေသေးသည်။
ကြယ်သုသာန် အပြင်ဘက်ရှိ အဆုံးမဲ့တာအိုနယ်မြေ၏ စကြဝဠာကြီးထဲတွင် လခြမ်းဧကရာဇ်ကြီးနှင့် ဧရာမ မန္တန်အစီအရင်ကြီး တစ်ခုထဲ၌ တိုက်ခိုက်နေသည့် ချန်ရှင်းမှာ သူ၏ ဓားရှည်ကြီးကို ဝှေ့ယမ်းကာ အဆုံးမဲ့မျိုးနွယ်စုဝင် အမြောက်အမြားကို သတ်ဖြတ်နေ၏။ ထိုအချိန်တွင် သူသည် သူ၏ အနက်ရောင်ဆံပင်များအား လေပြင်းတစ်ချက် ဖြတ်၍တိုက်ခတ်သွားသည်ကို သတိထားမိလိုက်သဖြင့် ခေါင်းမော့လာသည်။ သူ၏ မျက်ဝန်းများမှာ ကြည်လင်ပြတ်သားကာ ဝင်းလက်တောက်ပနေ၏။ သူသည် သူ၏ ဆဋ္ဌမအာရုံမှတစ်ဆင့် အဝေးတစ်နေရာရှိ စကြဝဠာကြီးအား လှမ်း၍ အကဲခတ်လိုက်သည်။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် ရယ်မောကာ ဆိုလိုက်တော့သည်။
" အသိအမှတ်ပြုတယ် "
နတ်ဧကရာဇ်တစ်ပါးကို ရင်ဆိုင်တိုက်ခိုက်ရုံသာမက သတ်ဖြတ်နိုင်စွမ်းပင်ရှိသည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပီပီ သူသည် စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့်လည်း သူ၏ ထောက်ခံမှုမှာ အလွန်အင်မတန်မှ အဖိုးတန်၏။
သူ ထိုသို့ဆိုလိုက်သည်နှင့် မီးတောက်တစ်ခုထဲသို့ ဆီပူများ လောင်းထည့်လိုက်သကဲ့သို့ပင်။ ကြယ်သုသာန်ထဲရှိ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ တိုက်ခတ်နေခဲ့သည့် လေပြင်းမုန်တိုင်းကြီးမှာ ချက်ချင်းဆိုသလိုပင် ၎င်း၏ အချုပ်အနှောင်များထဲမှ ဖောက်ထွက်လာပြီး ကြယ်သုသာန် အပြင်ဘက်အထိ ပျံ့နှံ့သွား၏။ သို့သော် မည်သူမဆို ထို လေမုန်တိုင်းကြီးအား မြင်နိုင်စွမ်းရှိသည်တော့ မဟုတ်ပေ။ ဝမ်ပေါင်လဲ့နှင့် ဆက်နွှယ်နေသည့် လူများသာလျှင် ၎င်းအား အာရုံခံနိုင်စွမ်း ရှိပေသည်။
ဝမ်ပေါင်လဲ့မှာ ချန်ရှင်း၏ စကားသံအား ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာ၏။ သူ၏ရှေ့တွင် ရှိနေသည့် ရှေးဟောင်းဂြိုဟ်ကိုးလုံးမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ ဝင်းလက်တောက်ပလာပြန်သည်။ ထိုအချိန်တွင် ထိုဂြိုဟ်များ၏ ပေါင်းစည်းမှုနှုန်းမှာ တမဟုတ်ချင်း ထိုးတက်သွား၏။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ထို ပေါင်းစည်းမှု လုပ်ငန်းစဉ်မှာ သုံးဆယ်ရာခိုင်နှုန်းအထိ ပြီးစီးသွား၏။ ထိုအခါ မိုးကောင်းကင်ကြီးထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး ကြယ်များအားလုံးမှာလည်း ဝင်းလက်တောက်ပသွားကြသည်။
ထို ဂြိုဟ်ကိုးလုံး ပေါင်းစည်းနေပြီး ဝမ်ပေါင်လဲ့၏ မဟာတာအိုသစ္စာကြောင့် ပေါ်ပေါက်လာသည့် လေမုန်တိုင်းကြီး ကြယ်သုသာန်အပြင်ဘက်အထိ ပျံ့နှံ့သွားစဉ် သူ ရင်ရင်းနှီး ကြားဖူးနေသည့် နောက်ထပ်စကားသံတစ်သံမှာ သူ၏နားထဲ၌ ပဲ့တင်ထပ်သွားပြန်သည်။
" အသိအမှတ်ပြုတယ် "
အဆုံးမဲ့တာအိုနယ်မြေ၏ မဟာလက်ဝဲတာအိုနယ်မြေထဲတွင် မီးလျှံများဖြင့် ပြည့်နှက်နေသည့် တမူထူးခြားသော နယ်မြေတစ်ခု ရှိနေသည်။ ထိုနယ်မြေထဲတွင် မီးတောက်ခေါင်းဆောင်ကြီးမှာ ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် ရယ်မောနေ၏။ သူသည်လည်း သူ၏ လေသံ အောအောကြီးဖြင့် ဝမ်ပေါင်လဲ့၏ မဟာတာအိုသစ္စာအား ထပ်၍ အားဖြည့်ပေးလိုက်သဖြင့် လေမုန်တိုင်းကြီးမှာ ပို၍ အားကောင်းလာရတော့သည်။ သူနှင့် ချန်ရှင်းတို့နှစ်ယောက်၏ ထောက်ခံမှုများမှာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိပေသည်။ ထို့ကြောင့် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ တိုက်ခတ်နေသော လေမုန်တိုင်းကြီးထဲ၌ စည်းမျဉ်းဥပဒေသ အမျှင်အတန်းများ ပေါ်ပေါက်လာသည်ကိုပင် ခပ်ရေးရေး မြင်နိုင်ပေသည်။
ထို စည်းမျဉ်းဥပဒေသများ ပေါ်ပေါက်လာခြင်းမှာ အသိအမှတ်ပြုခြင်း၏ အစကို ကိုယ်စားပြုသည့် အရိပ်အယောင်တစ်ခု ဖြစ်၏။ အတူတကွ ပေါင်းစည်းနေကြသည့် ဂြိုဟ်ကိုးလုံးအတွက်မူ ၎င်းမှာ ဂုဏ်ယူစရာအကောင်းဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့၏ ပေါင်းစည်းမှု လုပ်ငန်းစဉ်မှာ သုံးဆယ်ရာခိုင်နှုန်းမှ ငါးဆယ်ရာခိုင်နှုန်းအထိ ပြီးစီးသွား၏။
သို့သော်ငြားလည်း လုံလောက်မှု မရှိသေးသည့်ပုံပင်။ ရှေးဟောင်းဂြိုဟ်ကိုးလုံး ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာမည့် တာအိုဂြိုဟ်၏ အရည်အသွေးမှာ အထွတ်အထိပ်သို့ ရောက်နေမည် မဟုတ်ပါလော။ ထို့အပြင် ထိုပေါင်းစည်းမှုမှ ထွက်ပေါ်လာမည့် တစ်ခုတည်းသော စည်းမျဉ်းဥပဒေသမှာလည်း ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်နေမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ စွမ်းအင် အလုံအလောက် မရှိတော့သဖြင့် ထို ရှေးဟောင်းဂြိုဟ်ကိုးလုံး ဆက်လက်ပေါင်းစည်းနိုင်စွမ်း မရှိတော့ဘဲ အလင်းရောင်များ စတင်မှေးမှိန်လာသည်ကို မြင်လိုက်ရသောအခါ နှုတ်ဆိတ်သွား၏။ သို့သော် တစ်အောင့်ခန့်အကြာတွင် သူ၏ မျက်ဝန်းများထဲ၌ အရှုံးမပေးလိုသည့် ဆန္ဒများ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် အသက်ရှူသံများ အနည်းငယ်ခန့် မြန်ဆန်လာပြီး စိတ်ထဲတွင် တာအိုဂါထာတော်အား စတင် ရွတ်ဖတ်လိုက်တော့သည်။
" ဉာဏ်အလင်းပွင့်စေသော်.... ကောင်းကင်တာအိုအကျဉ်းသား... ခန္ဓာရှိသမျှ ဘေးဒုက္ခကို ခံစားကြရပေ၍... သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာကို အာရုံပြုပါ... ကျင့်ကြံခြင်းလမ်းက စောင့်နေသည် "
သူ ထိုတာအိုဂြိုဟ်အား ရွတ်ဖတ်လိုက်သည်နှင့် ကောင်းကင်ယံကြီးမှာ ထပ်၍ ပြောင်းလဲသွားပြန်သည်။ ထို့နောက် မိုးကောင်းကင်ကြီးတစ်ခုလုံး တုန်ရီသွား၏။
နောက်ဆုံးတွင် စိတ်ဆန္ဒတစ်ခုမှာ စကြဝဠာကြီး၏ အတွင်းပိုင်းထဲမှနေ၍ ရုတ်တရက်ဆိုသလို ဆင်းသက်လာတော့သည်။ ၎င်းမှာ... ပြင်ပနယ်မြေတစ်ခုမှ ဖန်ဆင်းရှင်တစ်ပါး၏ စွမ်းအားများ ဖြစ်ပေသည်။
ထိုအချိန်တွင် အဆုံးမဲ့တာအိုနယ်မြေ အပြင်ဘက်ရှိ အမည်မသိ စကြဝဠာကြီးတစ်ခု၏ အတွင်းပိုင်းတစ်နေရာတွင် တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းတစ်စုံမှာ ဖြည်းညင်းစွာ ပွင့်လာသည်။ ထိုမျက်ဝန်းများ၏ ပိုင်ရှင်အား ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပေ။ သူ၏ အဖြူရောင် ဆံပင်များ ကြယ်ပင်လယ်ကြီးတစ်စင်းကဲ့သို့ စကြဝဠာထဲ၌ မျောလွင့်နေသည်ကိုသာ မြင်နိုင်ပေသည်။ ထို ပုဂ္ဂိုလ်ကြီးမှာ မျက်လုံးများပွင့်လာပြီးနောက် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးမှ တည်ကြည်စွာဆိုလိုက်၏။
" အသိအမှတ်ပြုတယ် "
ထို စကားသံကြီး ဝမ်ပေါင်လဲ့၏ နားထဲ၌ ပေါ်ပေါက်လာသည်နှင့် သူ၏ မဟာတာအိုသစ္စာမှာ ယခင်တုန်းကနှင့် မတူလောက်အောင် အစွမ်းထက်သွား၏။ ထို့ကြောင့် ၎င်းမှာ မိုးကောင်းကင်ကြီး၏ စည်းမျဉ်းဥပဒေသများကို လျစ်လျူရှုနိုင်စွမ်း ရှိသွားတော့သည်။ တစ်ချိန်ထဲမှာပင် သူ၏ ရှေ့တွင်ရှိနေသည် ရှေးဟောင်းဂြိုဟ် ကိုးလုံးမှာ လှုံ့ဆော်ခံလိုက်ရသည့်အလား အပြင်းအထန် တုန်ရီသွား၏။ ၎င်းတို့၏ ပေါင်းစည်းမှုမှာလည်း ငါးဆယ်ရာခိုင်နှုန်းတွင် ရပ်တန့်နေခဲ့ရာမှ ချက်ချင်းဆိုသလိုပင် တစ်ရာရာခိုင်နှုန်းအထိ ရောက်ရှိသွားတော့သည်။
ထိုအခါ မျက်စိကျိန်းစရာကောင်းသည့် အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး မိုးကောင်းကင်ထဲရှိ အခြားကြယ်များမှာလည်း တစ်ပြိုင်နက်တည်း အရိုအသေပေးလိုက်ကြ၏။ ရှေးဟောင်းဂြိုဟ် ကိုးလုံးမှာမူ ချက်ချင်းဆိုသလိုပင် တစ်သားတည်း ပေါင်းစည်းသွားပြီး အရောင်ကိုးရောင်ရှိသော စက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားကာ ဝမ်ပေါင်လဲ့၏ ရှေ့သို့ မျောလွင့်လာသည်။ ထို့နောက် ၎င်းမှာ သူ၏ လက်အောက်၌ အညံ့ခံလိုက်သည့် ပုံစံဖြင့် သူ၏ လက်ဖဝါးပေါ်သို့ ဆင်းသက်လာတော့သည်။
၎င်းမှာ.... ထာဝရတာအိုဂြိုဟ် ဖြစ်ပေသည်။
ထို အခိုက်အတန့်တွင် ကြယ်သုသာန်ထဲမှ သက်ရှိတိုင်းမှာ အလိုလို ဦးညွှတ်သွားကြ၏။
မိုးကောင်းကင်ထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော ကြယ်များမှာလည်း တဆတ်ဆတ် တုန်ရီနေကြပြီဖြစ်သည်။
အဆုံးမဲ့တာအိုနယ်မြေထဲရှိ နေရာဒေသပေါင်း မြောက်မြားစွာမှ သဘာဝ စည်းမျဥ်းဥပဒေသများမှာလည်း စတင်ပြောင်းလဲလာတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီးထဲ၌ စည်းမျဉ်းဥပဒေသ အသစ်တစ်ခု ပေါ်ပေါက်လာပြီ ဖြစ်သောကြောင့်ပင်။ ထို စည်းမျဉ်းဥပဒေသအား ဤ ထာဝရတာအိုဂြိုဟ်နှင့်... ဝမ်ပေါင်လဲ့တို့သာလျှင် ပိုင်ဆိုင်ထားမည်ဖြစ်သည်။