← Chapters

ကြယ်ဘုရင် အရှိန်အဝါ

Vol. 21 Ch. 288

ကြယ်ဘုရင် အရှိန်အဝါ

Vol. 21 Ch. 288

သုံးပါး ပရမတ် နတ်မိမယ် ကျင်းရိုလု ကတော့ ရက်ရက်စက်စက်ကို ချောမောလှပတဲ့ မိန်းမပျိုပါပဲ။ သူမရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ တော်ဝင် အငွေ့အသက်တွေက သူမကို နတ်ဘုရားမ တစ်ပါးလို့ ထင်မိစေတယ်လေ။

နတ်မိမယ် ၄ဖော်ထဲမှာ ဆိုရင်တော့ဖြင့် သူမရဲ့ အလှဟာ အခြားနတ်မိမယ် ၃ဖော်ထက်ကို အနည်းငယ် သာလွန် နေသလိုပါပဲ။

ဒါပေမဲ့ အဲဒါက ယခု အချိန်ကိုပဲ ပြောတာပါ။

သည်အတိုင်း အပေါ်ယံ အမြင်သက်သက်ပဲ ပြောမယ်ဆိုရင် အခြားသော နတ်မိမယ်တွေရဲ့ အလှက ကျင်းရိုလုထက် နိမ့်ကျ မနေပါဘူး။ သူမတို့ နိမ့်ကျနေတာ ကျင့်ကြံခြင်းနဲ့ အခြေခံ အဆင့်တွေပါပဲ။

သာမန် ရွက်ကြမ်းရေကျို ရုပ်ရည်သာ ရှိတဲ့ မိန်းမပျို တစ်ယောက်တောင်မှ အဆင့်မြင့် နယ်ပယ် တစ်ခုကို ရောက်သွား ခဲ့မယ်ဆိုရင် သူမရဲ့ ခန္ဓာကိုယ်ကနေ သန့်စင်တဲ့ ကိုယ်ယောင် ကိုယ်ဝါ တစ်ခုကို ပေးစွမ်းပါတယ်။

အကျဉ်းချုံး ပြောရမယ် ဆိုရင်တော့ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တက်သွားတိုင်းမှာ ထိုကိုယ်ယောင် ကိုယ်ဝါက အရည်အသွေး ပိုကောင်းလာမှာပါ။

ကောင်းကင် နယ်ပယ်ကို ရောက်ဖို့အတွက် ခြေလှမ်း တစ်ဝက်သာ လိုတော့တဲ့ ကျင်းရိုလုရဲ့ ကိုယ်ယောင် ကိုယ်ဝါဟာ ကောင်းကင်နယ်ပယ် ပညာရှင်တွေရဲ့ ကိုယ်ယောင် ကိုယ်ဝါတွေလို သန့်စင်ပြီး တော်ဝင်ဆန် နေပါတယ်။ အဲသည် အချက်ကပဲ သူမကို အခြားသော နတ်မိမယ် သုံးဖော်ထက် ပိုလှနေတယ်လို့ မြင်မိစေတာပါပဲ။

ဒါပေမဲ့ အပြင်ပန်း ရုပ်ရည်နဲ့ ကိုယ်ယောင် ကိုယ်ဝါက သုံးပါးပရမတ် နတ်မိမယ်ရဲ့ အဓိက စွမ်းရည် မဟုတ်ပါဘူး။

သူမမှာ အကျွမ်းကျင်ဆုံး ပညာရပ် သုံးခု ရှိပါတယ်။

ပထမ တစ်ခုကတော့ သူမရဲ့ ကိုယ်ဖော့ပညာပါ။ ဒုတိယ တစ်ခုကတော့ သူမရဲ့ လက်ဝါးသိုင်း ဖြစ်ပြီး တတိယ တစ်ခုကတော့ သူမရဲ့ စိတ်ညှို့ပညာ သို့မဟုတ် စိတ်ထင်ယောင် ထင်မှား ဖြစ်စေတဲ့ ပညာပါပဲ။

အရင်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲတုန်းက ဆိုရင် နံပါတ်၁ ကြယ်ဘုရင် စီးတုလေ့ တောင်မှ သူမရဲ့ စိတ်ညှို့ပညာရပ် ဒဏ်ကို အပြည့်အဝ မခုခံနိုင်ခဲ့ပါဘူး။

ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံ ကတော့ ကျားနဂါး စာရင်းရဲ့ အဆင့်၃မှာ ရပ်တည်နေတဲ့ သူတစ်ယောက်ပါ။

သူကတော့ အရပ်အမောင်း အတော်လေး ကောင်းတဲ့ လူငယ် တစ်ယောက်ဖြစ်ပြီး ရွှေရောင် သရဖူ တစ်ခုကို ဝတ်ဆင်ထား ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ကနေတော့ သူရဲကောင်းဆန်တဲ့ အငွေ့အသက်မျိုး ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ကျင်ရုတုံမှာ အခြားထူးဆန်းတဲ့ အရှိန်အဝါ တစ်ခု ရှိနေသေး သလိုပါပဲ။ အဲသည် အရှိန်အဝါကတော့ အလိုလိုနေရင်း သူ့ကို ရှိန်နေသလို ခံစားရစေပါတယ်။ ကျင်ရုတုံ ကြည့်တာကို ခံလိုက်ရတဲ့ သူတိုင်းဟာ အမဲလိုက်နေတဲ့ သိန်းငှက် တစ်ကောင် စိုက်ကြည့်တာကို ခံလိုက်ရသလိုပါပဲ။

တကယ်လို့ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်က တောင်ကြီး တစ်လုံးဆိုရင် ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံက အလျှံတညီးညီး တောက်လောင်နေတဲ့ နေတစ်စင်းပါပဲ။

“သူက ကြယ်ဘုရင်လို့ ခေါ်ဆိုထိုက် ပါပေတယ်”

လီဖူချန်းက ကျင်ရုတုံရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါကို သတိပြုမိ တယ်လေ။ အဲသည် အရှိန်အဝါက အရမ်းကို ဟိတ်ဟန် ကြီးလွန်းပါတယ်။

အခုချိန်မှာတော့ လီဖူချန်းက ကြယ်ဘုရင် ၃ပါးသာ ရှိရခြင်း အကြောင်းနဲ့ ဘာဖြစ်လို့ ချီဟန်နဲ့ ကျင်ရုတုံဟာ ကြယ်ဘုရင်ဘွဲ့ကို ရခဲ့သလဲ ဆိုတာကို နားလည်သွားခဲ့ပါပြီ။

အဲဒါက သူတို့ရဲ့ ပါရမီတွေနဲ့ မဆိုင်ပါဘူး။ သူတို့ရဲ့ ဟိတ်ဟန် ကြီးလွန်းတဲ့ အရှိန်အဝါတွေ ကြောင့်သာ ကြယ်ဘုရင် ဆိုတဲ့ ဘွဲ့ထူးကို ရခဲ့တာပါ။ မွေးရာပါ ပါရမီချင်း ယှဉ်မယ်ဆိုရင် အခြားသော လက်ရွေးစင် ပါရမီရှင်တွေ ကလည်း သူတို့ ထက် နိမ့်ကျမနေပါဘူး။

ကြယ်ဘုရင် သုံးပါးမှာက ဘယ်လူငယ် ဆီမှာမှ မရှိတဲ့ ဟိတ်ဟန် ကြီးလွန်းတဲ့ အရှိန်အဝါတွေ ရှိနေပါတယ်။

အဲသည် အရှိန်အဝါတွေက အခြားလူတွေကို သွားရောက် ဖိနှိပ်နေတာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ သီးသန့် တည်ရှိနေတာ ဖြစ်ပါတယ်။

ငါတို့ဟာ ကြယ်ဘုရင်တွေ ...

ငါတို့ကို ဘယ်သူမှလာပြီး တန်းညှိလို့ မရဘူးဆိုတဲ့ အရှိန်အဝါတွေကို ပေးစွမ်းနေတာပါ။

ကြယ်ဘုရင် သုံးပါးက လွဲရင် နဂါးဓား သခင်လေး ချူးယီဆီမှာလည်း သည်လို အရှိန်အဝါနဲ့ ဆင်တူတဲ့ အရှိန်အဝါမျိုး ရှိပါတယ်။ ဒါပေမဲ့ ချူးယီရဲ့ အရှိန်အဝါကတော့ လူတွေအားလုံးကို ဖိနှိပ်အနိုင်ယူပြီး ထိပ်ဆုံးမှာ နေချင်တဲ့ မောက်မာတဲ့ ဘုရင်တစ်ပါးရဲ့ အရှိန်အဝါမျိုးပါ။

သည်မောက်မာတဲ့ ဘုရင် အရှိန်အဝါမျိုးက ထိပ်ဆုံးကို ရောက်သွား ခဲ့ရင်တော့ တကယ်ကို ကြောက်မက်ဖွယ် ကောင်းသွား နိုင်ပါတယ်။

ဒဏ္ဍာရီတွေ ထဲမှာဆိုရင် သည်လို လူတွေဟာ ကိုယ်ပိုင် ဓားအင်ပါယာ ကိုတောင် တည်ထောင်ထား နိုင်ပါသေးတယ်။ ဒါပေမဲ့ နှမြောစရာ ကောင်းတာကတော့ သည်လိုလူတွေဟာ မြန်မြန် သေတာပါပဲ။

အရှေ့ယူနီကွန်း တိုက်ကြီးဟာဆိုရင် တစ်ချိန်တစ်ခါ တုန်းကတော့ ဘုရင်ကိုယ်တိုင် အုပ်ချုပ်တဲ့ နိုင်ငံတော်ကြီး တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဘုရင်မင်းမြတ် ဖြစ်သူဟာ သူ့ကိုယ်သူ အလွန်ကြီးမြတ်တဲ့ သူတစ်ယောက် အဖြစ် အမြဲတစေ မှတ်ယူထားလေ့ ရှိတဲ့အတွက် သိပ်မကြာခင်မှာပဲ နိုင်ငံတော်ကြီးဟာ အစိတ်စိတ် အမြွှာမြွှာ ပြိုလဲပျက်စီး ခဲ့ရပါတယ်။ အဲသည် အချိန်ကစပြီး ဂိုဏ်းတွေရဲ့ အရေအတွက်ဟာ စတင် များပြားလာ တော့တာပါပဲ။ နိုင်ငံတော်ကြီး တစ်ခုဖြစ်အောင် စုစည်းနိုင်တဲ့ သူလည်း ထပ်ပြီး ပေါ်မလာ တော့ပါဘူး။

အဲသည်အတွက် လူတွေဟာ ဘုရင်တာအိုကို မပြည့်စုံတဲ့ တာအိုလို့ ပြောကျတာပါပဲ။

***

ကျင်ရုတုံက အသိစိတ်အာရုံ ကောင်းတဲ့လူ တစ်ယောက် ဖြစ်တဲ့အတွက် လီဖူချန်း သူ့ကို စိုက်ကြည့် နေတာကို တန်းသိပါတယ်။ သူက ချက်ချင်း ဆိုသလို လီဖူချန်း ရှိရာဘက်ကို လှည့်လိုက်ပြီး ပြန်ကြည့် လိုက်ပါတယ်။

သူတို့ နှစ်ယောက်ရဲ့ အကြည့်တွေ ကတော့ လေထဲမှာ ထိပ်တိုက် ဆုံတွေ့သွားကြပါပြီ။

“ ကြောက်ဖို့ ကောင်းလိုက်တဲ့ စိတ်ဝိညာဉ် ခွန်အားပါလား”

လီဖူချန်းက အနည်းငယ် အံ့အားသင့်မိ သွားပါတယ်။

လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ် ခွန်အားဆိုတာက ထိုသူရဲ့ ပင်ကိုစရိုက်နဲ့ တိုက်ရိုက် အချိုးကျ နေတာပါ။

ကျင်ရုတုံရဲ့ စိတ်ဝိညာဉ် ကလည်း အလျှံတညီးညီး တောက်လောင်နေတဲ့ နေတစ်စင်းလို ပါပဲ။ ယခုချိန်အထိ လီဖူချန်း တွေ့လာသမျှ လူငယ်တွေ ထဲမှာဆိုရင် ကျင်ရုတုံရဲ့ စိတ်ဝိညာဉ် ခွန်အားက အားအကောင်းဆုံး ဖြစ်ပါတယ်။

ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာကတော့ ကျင်ရုတုံရဲ့ စိတ်ဝိညာဉ် ခွန်အားက လီဖူချန်းအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတာပါပဲ။

သူတို့ နှစ်ယောက်ရဲ့ အကြည့်ချင်း အဆုံမှာ လီဖူချန်းက အနည်းငယ် အံ့အားသင့် သွားတာပဲ ရှိတာပါ။ ကျင်ရုတုံကတော့ ကျောရိုးမကြီး တစ်ခုလုံးတောင် အေးစိမ့် သွားသလို ခံစားလိုက် ရပါတယ်။

သူက လီဖူချန်းရဲ့ နာမည်ကို ကြားဖူးသလို လီဖူချန်းရဲ့ ပုံတူပန်းချီ ကိုလည်း မြင်ဖူးပြီးသားပါပဲ။ အဲသည်အတွက် တစ်ချက် ကြည့်လိုက်တာနဲ့ ကျင်ရုတုံဟာ လီဖူချန်းကို မှတ်မိပါတယ်။

လီဖူချန်းဟာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ အထူးချွန်ဆုံး ပါရမီကို ပြသခဲ့တယ် ဆိုတာကိုလည်း သူက သိထားပြီးပါပြီ။

သည်နှစ်မှာတော့ လီဖူချန်းရဲ့ သတင်းတွေက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာရှိတဲ့ လူငယ်တွေကြားမှာ ရေပန်းစားခဲ့သည် မဟုတ်ပါလား။

ပြီးတော့ သူတို့ကြယ်ဘုရင် သုံးပါးဟာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ သတ္တမမြောက် တံခါးထဲကို မဝင်နိုင်ခဲ့သလို နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ လက်ရင်း တပည့်အဖြစ် ရွေးချယ်ခြင်း ကိုလည်း မခံခဲ့ရပါဘူး။

အဲသည်အတွက် ကျင်ရုတုံဟာ လီဖူချန်းရဲ့ အစွမ်းအစကို အကြည့်ကနေ တစ်ဆင့် စမ်းသပ်ဖို့ ဆုံးဖြတ် လိုက်တာပါ။ ရလဒ်ကတော့ သူ့ကို အတော်လေး တုန်လှုပ်သွား စေခဲ့ပါတယ်။

တကယ်လို့ သူ့ရဲ့ စိတ်ဝိညာဉ်က နေမင်းကြီး တစ်စင်းဆိုရင် လီဖူချန်းရဲ့ စိတ်ဝိညာဉ်က ကောင်းကင် ပြင်ကျယ်ကြီး တစ်ခုပါပဲ။

နေမင်းကြီးက ဘယ်လောက်ပဲ အားကောင်း ပါစေလေ။ ကောင်းကင် ပြင်ကျယ်ကြီးနဲ့ ယှဉ်ရင်တော့ အလကားပါပဲ။ နေဆိုတာက ကောင်းကင်ရဲ့ အစိတ်အပိုင်း တစ်ခုပင် မဟုတ်ပါလား။

“စိတ်ဝင်စားစရာပဲ”

ကျင်ရုတုံက မထီတရီလေး ပြုံးလိုက် မိပါတယ်။

လီဖူချန်းရဲ့ စိတ်ဝိညာဉ် ခွန်အားက သူ့ထက် သာနေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သည်ကမ္ဘာကြီး မှာတော့ စိတ်ဝိညာဉ် ခွန်အားက အရာရာ မဟုတ်ပါဘူး။ စိတ်ဝိညာဉ် ခွန်အားဆိုတာက အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက်ရဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ။ ကျင့်ကြံမှု အဆင့်တွေ၊ အရိုး တည်ဆောက်ပုံတွေ၊ အတွင်းအား ကျင့်စဉ်တွေ၊ လက်နက်တွေနဲ့ စိတ်ဝိညာဉ် ကွာဟချက်ကို ပြန်ဖာထေးလို့ ရပါသေးတယ်။

“ထိပ်ဆုံး အယောက် ၃၀ ဒါမှမဟုတ်ရင် ထိပ်ဆုံး အယောက်၂၀ ပဲ”

ကျင်ရုတုံက လီဖူချန်း အဆုံးစွန်ဆုံး ရောက်နိုင်မှ ထိပ်ဆုံး အယောက်၂၀ အဆင့် အထိပဲလို့ ခန့်မှန်းလိုက် ပါတယ်။ သူက လီဖူချန်းရဲ့ ပါရမီကို အထင်သေး တာတော့ မဟုတ်ပါဘူး။ ကျားနဂါး ပြိုင်ပွဲရဲ့ အတိုင်းအတာနဲ့ ဆိုရင်တော့ မြေကမ္ဘာနယ်ပယ် အဆင့်၈ ဆိုတာက အတော်လေးကို နိမ့်ကျနေတဲ့ ကျင့်ကြံမှု အဆင့်ပါပဲ။

လီဖူချန်းကတော့ ကျင်ရုတုံရဲ့ အတွေးတွေကို မသိလိုက်ပါဘူး။ တကယ်လို့ သိခဲ့ရင်လည်း သူက ဂရုစိုက်မှာ မဟုတ်ပါဘူး။

လီဖူချန်းက သူ့ရဲ့ အကြည့်တွေကို ကျင်ရုတုံ ထံကနေ လွှဲလိုက်ပြီး နံပါတ်၁ ကြယ်ဘုရင်ဖြစ်တဲ့ စီးတုလေ့ကို ကြည့်လိုက်ပါတယ်။

နံပါတ်၁ ကြယ်ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ် က နည်းနည်း နောနောမှ မဟုတ်တာလေ။

အခြားတစ်ဖက်ကနေ ကြည့်မယ်ဆိုရင် နံပါတ်၁ ကြယ်ဘုရင် ဆိုတာက နံပါတ်၁ လက်ရွေးစင် ပါရမီရှင်ပါပဲ။ အဲသည် အဓိပ္ပာယ်က လက်ရှိ ပါရမီရှင်တွေရဲ့ ဘုရင်လို့ ဆိုလိုတာပါ။

မိုးကြိုးကြယ်ဘုရင် စီးတုလေ့ ကလည်း အရပ်အမောင်း ကောင်းကောင်းနဲ့ လူပါပဲ။ သူရဲ့ အရပ်က ကျင်းရုတုံထက်ကို ပိုမြင့်ပါတယ်။ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်တောင်မှ စီးတုလေ့ရဲ့ အရပ်ထက် မဆိုစလောက် ကလေးပဲ မြင့်တာပါ။

စီးတုလေ့ကို မြင်နေရတာက မိုးကြိုး တစ်စင်းကို မြင်နေရသလို ခံစားရစေ ပါတယ်။ သူက မလှုပ်ရှားဘူး ဆိုရင်တော့ တောင်ကြီး တစ်ခုလို တည်ငြိမ်နေတာပါပဲ။ ဒါပေမဲ့ သူ စလုပ်ရှားပြီ ဆိုရင်တော့ ဘယ်သူမှ ထိန်းလို့ မရပါဘူး။ စီးတုလေ့ရဲ့ တိုက်ခိုက်ပုံက မိုးကြိုးတစ်စင်း ပစ်ခတ်လိုက်သလို ပြင်းထန်ပြီး လျှပ်စီးတစ်ခုလို လျင်မြန်ပါတယ်။

စီးတုလေ့ အကြောင်း ပြောမယ်ဆိုရင်တော့ မိုးကြိုးဂိုဏ်း အကြောင်းကို ဘယ်လိုမှ ချန်ထားခဲ့လို့ မရပါဘူး။

မိုးကြိုးဂိုဏ်းက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အင်အား အကောင်းဆုံး ဂိုဏ်းကြီး တစ်ခုပါပဲ။ မိုးကြိုးဂိုဏ်းဟာ ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် အရေအတွက် အများဆုံးကို ပိုင်ဆိုင်ထားသလို အစွမ်းအထက်ဆုံး ပညာရှင်တွေ ကိုလည်း ပိုင်ဆိုင်ထား ပါတယ်။

မိုးကြိုးဂိုဏ်းဟာ အခြားသော တာအိုတွေကို မလျှောက်လှမ်းပါဘူး။ မိုးကြိုးဂိုဏ်းက ပညာရှင်တွေဟာ မိုးကြိုးဓာတ်ကို အခြေခံတဲ့ ပညာရပ်တွေကိုပဲ လေ့ကျင့်ကျတာပါ။

သူတို့ရဲ့ အတွင်းအား ကျင့်စဉ်တွေ၊ လျှို့ဝှက် နည်းစနစ်တွေနဲ့ အခြားသော သိုင်းပညာရပ် အားလုံးဟာ မိုးကြိုးဓာတ်ကိုပဲ အခြေခံပါတယ်။

မိုးကြိုးဂိုဏ်းရဲ့ နာမည်အကြီးဆုံး အတွင်းအား ပညာရပ်ကတော့ မိုးကြိုးနတ်ဘုရား အတွင်းအားကျင့်စဉ် ဖြစ်ပြီး အကောင်းဆုံး လျှို့ဝှက် နည်းစနစ်ကတော့ ကြယ်၅ပွင့် လျှို့ဝှက် နည်းစနစ်ဖြစ်တဲ့ မိုးကြိုးရဲ့ အသည်းနှလုံး ဖြစ်ပါတယ်။

ပြီးတော့ မိုးကြိုးဂိုဏ်းရဲ့ နံပါတ်တစ် သိုင်းပညာရပ် တစ်ခု ရှိပါသေးတယ်။ အဲသည် သိုင်းပညာရပ်ရဲ့ နာမည်ကတော့ ကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်း မိုးကြိုးပါပဲ။

မိုးကြိုးဓာတ်ကို အခြေခံထားတဲ့ သိုင်းပညာရပ် တွေဟာ အလွန်တရာမှ ပြင်းထန်ပြီးတော့ ရက်စက်ပါတယ်။ ကျင့်ကြံခြင်း အဆင့် တူနေရင်တောင်မှ မိုးကြိုးဂိုဏ်းက တပည့်တွေဟာ ခံစစ် မသုံးဘဲ တိုက်စစ် တစ်ခုတည်းကိုသာ တွင်တွင်သုံးပြီး တစ်ဖက်ရန်သူကို တိုက်ခိုက်လေ့ ရှိကျပါတယ်။

သိုင်းကွက် အမြန်နှုန်းနဲ့ ပြင်းထန်မှု အပိုင်းမှာတော့ မိုးကြိုးဂိုဏ်းရဲ့ သိုင်းကွက်တွေဟာ ပထမတန်းစားပါပဲ။

မိုးကြိုးဂိုဏ်းရဲ့ သိုင်းကွက်တွေဟာ ခုခံမှုကို အသား မပေးပါဘူး။ အဲသည်အတွက် မိုးကြိုးဂိုဏ်းရဲ့ တပည့်တွေဟာ ခုခံမှုအပိုင်းမှာ အနည်းငယ် အားနည်းပါတယ်။

ဒါပေမဲ့လည်း မိုးကြိုးဂိုဏ်းရဲ့ တပည့်တွေက ခုခံဖို့ကို စိတ်ကူးထဲ ထည့်ထားဟန် မတူပါဘူး။ သူတို့က တိုက်စစ်ပြီးရင်း တိုက်စစ် ဆင်ဖို့ကိုသာ ကျင့်သုံးချင်တာပါ။

ဆိုရိုးစကား တစ်ခွန်း ရှိပါတယ်။

“အကောင်းဆုံး ခံစစ်ဆိုတာ အကောင်းဆုံး တိုက်စစ်ပါပဲတဲ့”

ဒါပေမဲ့ မိုးကြိုးဂိုဏ်းက တပည့်တွေ အတွက် ဆိုရင်တော့ သည်စကားက လုံးဝကို တလွဲပါပဲ။

သူတို့က “အကောင်းဆုံး တိုက်စစ်သည်သာ အကောင်းဆုံး ခံစစ်” လို့ ခံယူထား ကြတာပါ။

မိုးကြိုးဂိုဏ်းရဲ့ ရာစုနှစ် ပါရမီရှင်ဖြစ်တဲ့ စီးတုလေ့ဟာ ကြယ်၆ပွင့် မိုးကြိုးအရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ အတွက် ကောင်းကင်ဘုံက ကောင်းချီး ပေးထားတဲ့ ပါရမီရှင်လို့ သတ်မှတ် နိုင်ပါတယ်။

မိုးကြိုးဓာတ်ကို အခြေခံထားတဲ့ ပညာရပ် ဖြစ်နေသရွေ့တော့ သူဟာ မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်မှာပါပဲ။

သူ့ရဲ့ အစွမ်းအစဟာ လူငယ်မျိုးဆက် ထဲမှာတော့ ချွင်းချက်မရှိ နံပါတ်၁ ဖြစ်ပါတယ်။ သူ့ကို ဖိအားပေးနိုင်တဲ့ လူငယ်ဟာ အခုချိန်အထိ မပေါ်လာ သေးပါဘူး။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ပြီးခဲ့တဲ့ တစ်ခေါက်မှာ ကြယ်ဘုရင် အဆင့်အတန်း အဖြစ် သတ်မှတ်ခံရတဲ့ ချီဟန်နဲ့ ကျင်ရုတုံတောင်မှ စီးတုလေ့ကို ထိုက်ထိုက်တန်တန် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်သွားတာ မဟုတ်ပါဘူး။ ချီဟန်နဲ့ ကျင်ရုတုံဟာ စီးတုလေ့ရဲ့ အရိပ်ကိုတောင် ထိအောင် တိုက်ခိုက် နိုင်ခဲ့တာမှ မဟုတ်တာလေ။

စီးတုလေ့ရဲ့ အစွမ်းကိုတော့ ကောင်းကင်ယံမှာ အုံ့ဆိုင်းနေတဲ့ တိမ်ညိုတိမ်စိုင်ကြီး တစ်အုပ်နဲ့ပဲ နှိုင်းယှဉ်လို့ ရပါမယ်။ လူတိုင်းက တိမ်အုပ်ကြီးကို မြင်နေရပေမဲ့ ထိုတိမ်အုပ်ကြီး ကနေ မိုးကြိုး ဘယ်နှစင်း ပစ်ချလာမလဲ ဆိုတာကိုတော့ ခန့်မှန်းလို့ မရပါဘူး။

***

All Chapters