ထိုက်တန်သူ
Vol. 7 Ch. 40
"မက်ဒါနာ၊ နင်အသက်ရှိသေးတယ်မဟုတ်လား။ အသက်ရှိသေးတယ်မဟုတ်လားလို့။" မျက်နှာကို တစ်ယောက်ယောက် ဆက်တိုက်ရိုက်နေတာကို ခံစားမိတဲ့အတွက် မက်ဒါနာမျက်လုံးဖွင့်ကြည့်လိုက်တော့ စိုးရိမ်နေတဲ့ ဆိုဖီယာရဲ့မျက်နှာကို မြင်လိုက်ရပြန်ပါတယ်။ ကြည့်ရတာ သူနောက်တစ်ခါ ကျရှုံးခဲ့ပြန်ပြီနဲ့တူတယ်။
"တော်သေးတာပေါ့၊ နင်ဘာမှမဖြစ်လို့။ ငါ့မှာစိတ်ပူလိုက်ရတာ။" မက်ဒါနာ ထထိုင်လိုက်တော့ ဆိုဖီယာလည်း ရင်ထဲကအလုံးကြီးကျသွားပြီး ဘေးမှာအတူဝင်ထိုင်ပါတယ်။
"ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြမလား၊ ငါတို့မှာ အချိန်တွေရှိပါသေးတယ်ဟ။ နောက်ထပ်ပြီးကြိုးစားကြတာပေါ့။"
ဒါပေမဲ့ မက်ဒါနာက တစ္ဆေဝင်ပူးခံနေရတဲ့သူလိုမျိုး ဘာစကားမှမပြောဘဲ ထရပ်လိုက်ပြီး ရေကန်ဆီကို ဆက်လျှောက်သွားတဲ့အတွက် ဆိုဖီယာလည်း အံ့ဩသွားပါတယ်။
"မက်ဒါနာ၊ ငါတို့အိမ်ပြန်ကြမယ်လေ။" ဆိုဖီယာက ပြောလိုက်တော့ မက်ဒါနာက ခေါင်းခါပြလိုက်ပြီး ပြုံးပြလိုက်လေရဲ့။
"ဟေး၊ ဆိုဖီယာရေ။ နောက်ထပ်တစ်ခါထပ်ပြီး ကြိုးစားကြည့်ရအောင်။ ဒီတစ်ခါပါပဲဟာ။"
"မက်ဒါနာ၊ ငါပြောခဲ့တဲ့အတိုင်းပဲ နင့်မှာအဖြေမရှိသေးဘဲ အကြိမ်ဘယ်လောက်ဆင်းဆင်း အတူတူပဲဥစ္စာ။"
ဒါပေမဲ့ မက်ဒါနာက ဆိုဖီယာကို လှည့်ကြည့်လိုက်ပြီး ဝေဝေဝါးဝါးပြုံးပြလိုက်တယ်။ အဲဲဒီနောက်တော့
လက်မထောင်ပြလိုက်ပြီး ခေါင်းလေးကိုစောင်းပြလိုက်တယ်။
"ငါ့မှာ ဒီပြဿနာအတွက် အဖြေမရှိတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ နောက်တစ်ကြိမ်ကြိုးစားကြည့်ချင်သေးတယ်။ ငါ့ကို အမြဲကူညီပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
တစ်ဖက်မှာတော့ ဆိုဖီယာက ရေထဲဆင်းဖို့ကြံနေတဲ့
မက်ဒါနာကို တားဆီးချင်နေတယ်။ "ဒါပေမဲ့ ဒီတစ်ခါ
နင့်ကိုကယ်ဖို့အတွက် ငါ့မှာအင်အားမကျန်တော့ဘူးလေ။"
မက်ဒါနာကတော့ ဆိုဖီယာကို ကျောခိုင်းလိုက်ပြီးတော့ ရေကန်ထဲကို စခြေချလိုက်တယ်။ လှေနဲ့ ကန်အလယ်ခေါင်ကို လှော်မသွားတော့ဘဲ ရေကန်စပ်ကနေတစ်ဆင့် ဆင်းသွားဖို့ ဆုံးဖြတ်လိုက်ပုံပါပဲ။ အရိပ်မည်းတွေက သူ့ခြေရင်းမှာ စတင်စုစည်းနေပြီဖြစ်ပေမဲ့ မက်ဒါနာက အဲဒီအရိပ်တွေကို သူ့မိတ်ဆွေဟောင်းတွေလိုမျိုး ပြုံးပြလိုက်လေရဲ့။
"နင်တို့က ငါ့ကိုအာသာလိုပဲ အပြစ်မဲ့သူတွေကို သတ်ဖြတ်မယ့်သူလို့ သံသယဝင်နေတာမဟုတ်လား။ စိတ်မပူပါနဲ့၊ ငါက အဲဒီဝန်ထုပ်ဝန်ပိုးတွေကို သယ်ဆောင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။"
ဆိုဖီယာကတော့ ရေကန်အစပ်မှာ အရိပ်တွေရဲ့ဝါးမျိုချင်းကို တဖြည်းဖြည်းခံနေရပေမဲ့ ရေကန်ရဲ့ပိုပြီးနက်တဲ့အပိုင်းကို မရအရဆင်းနေတဲ့ မက်ဒါနာကိုကြည့်နေရင်းကနေ မျက်ရည်တွေစီးကျလာပါတယ်။ ဒါပေမဲ့ သူ့မျက်လုံးထဲက မျက်ရည်တွေကို လက်ခုံနဲ့သုတ်ပစ်လိုက်ပြီး ပြုံးလိုက်တယ်။ သိပ်ကိုကျေနပ်နေတဲ့ အပြုံးပါ။
"နောက်ဆုံးတော့၊ နင်ကြီးပြင်းလာခဲ့ပြီပဲ မက်ဒါနာ။ ငါ့ရဲ့သူရဲကောင်း။ အနာဂတ်မှာလည်း နင်ငါ့ကိုကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
မက်ဒါနာရဲ့ကိုယ်ကို အရိပ်မည်းတွေရဲ့လက်တွေက ဖမ်းဆုပ်ထားတယ်။ ဒါပေမဲ့ သူက ဂရုမစိုက်တဲ့ပုံစံနဲ့
ရှေ့ကိုဆက်လျှောက်တယ်။ ထောင်ချီတဲ့အရိပ်မည်းတွေက သူ့နောက်ကနေပါလာပြီး မက်ဒါနာက ရေစကူးတယ်။ ရေအောက်ဟာ ထင်မှတ်မထားလောက်အောင် မှောင်မိုက်ပါရဲ့။ ဒါပေမဲ့ မျှော်လင့်ချက်လို့ပြောရမယ့် ဘုရင်အာသာရဲ့ဓားက ရောင်ဝါကိုတော့ သူမြင်နေရဆဲပါ။
....
လက်သီးချက်တစ်ခုကြောင့် Archmegaနောက်ပြန်ဆုတ်လိုက်ရတယ်။ ရန်သူက သူထင်ထားတာထက် အများကြီးပိုအစွမ်းထက်နေတယ်။ Dragon Blast က ရန်သူကို ဘာမှမလုပ်နိုင်ခဲ့တဲ့အပြင် ဂေါ့သစ်မက အလင်းတန်းကို တိုက်ခိုက်ခံယူပြီး ရှေ့တိုးလာခဲ့တာ။
နောက်တော့ ရန်သူက သူ့ရှေ့ကိုရောက်လာပြီး ဝတ်စုံရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးပစ်လိုက်တယ်။
[စွမ်းအင်ဗဟိုချက်ပျက်စီး၊ ဆက်လက်တိုက်ပွဲဝင်ရန် မဖြစ်နိုင်။]
Archmegaက ဂေါ့သစ်မရဲ့ရှေ့မှာ ဒူးထောက်ကျသွားခဲ့ပါပြီ။ ဂေါ့သစ်မိန်းကလေးက သူ့ရှေ့မှာဒူးထောက်ကျနေတဲ့ Archmegaကို ကြည့်ပြီးရယ်မောလိုက်လေရဲ့။
"ဒါနဲ့များ နင်က ဘုရင်မဖြစ်ဖို့အရွေးခံရလုနီးပါး ဖြစ်သွားသေးတယ်နော်။ ဒါပေမဲ့ နင်ကို နင့်ကိုယ်နင်ကာကွယ်ဖို့ အားနည်းလွန်းလို့ မျိုးပွားမိခင်ကြီးက မရွေးချယ်ခဲ့တာပဲ ဖြစ်ရမယ်။"
ဂေါ့သစ်မိန်းကလေးက သူ့ခြေထောက်ကိုမြှောက်လိုက်တယ်။ ပေါင်တံတင်းတင်းက ထင်းခနဲဖြစ်သွားပြီး ကန်ချက်က စွမ်းအင်မရှိတော့တဲ့ Archmegaကို
တိုက်ရိုက်ထိမှန်သွားတယ်။ စက်ပစ္စည်းအပိုင်းအစတွေ ပြန့်ကျဲထွက်ကုန်ပြီး ဖရာလီတာရဲ့ခန္ဓာကိုယ်က ဝတ်စုံထဲကနေပြီး လွင့်ထွက်လာလေရဲ့။
ဘုန်း....
ဖရာလီတာရဲ့ခန္ဓာကိုယ်က တိုင်တစ်တိုင်နဲ့ဝင်ဆောင့်တယ်။ ဂေါ့သစ်မိန်းကလေးက ဖရာလီတာကို ကြည့်ပြီး ထပ်ရယ်မောလိုက်ပါပြီ။ "နင့်ပုံစံက ဘယ်သူ့ကိုမှ ကာကွယ်ပေးနိုင်မယ့်ပုံစံမျိုးမဟုတ်ဘူး။ သေလိုက်တော့။"
ဂေါ့သစ်မိန်းကလေးရဲ့လက်က ကျိုင်းကောင်လက်အဖြစ်ပြောင်းသွားပြီး ဖရာလီတာရဲ့ခေါင်းကိုဖောက်ဖို့ ဆင်းသက်လာတယ်။ ဖရာလီတာက စေ့စပ်လက်အိတ်ကို မြှောက်ပြီးခုခံလိုက်တယ်။ မျက်လုံးတစ်ဖက်က ရုတ်ချည်းဆိုသလိုပဲ ငွေရောင်တောက်ပလာခဲ့ပါပြီ။
ထန်း.....
ဖရာလီတာရဲ့လက်က ဂေါ့သစ်မိန်းကလေးရဲ့တိုက်ကွက်ကို ခက်ခက်ခဲခဲတားဆီးနိုင်ခဲ့တာကြောင့် ဂေါ့သစ်မိန်းကလေးကိုယ်တိုင် အံ့အားသင့်သွားခဲ့ပါပြီ။ "ဘာ၊ နင့်လိုသာမန်ကလေးမကများ။"
"နင်ပြောတာမှန်တယ်၊ အဲဒီကိစ္စက ငါ့ရှေ့မှာပဲ ဖြစ်သွားခဲ့တာ။ ငါ ဥစာကီကို မကာကွယ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ငါက အသုံးမကျတဲ့သူမဟုတ်ဘူးဟဲ့။"
ဖရာလီတာရဲ့မျက်လုံးက ပိုပြီးတောက်ပလာပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ငွေရောင်အလင်းမှုန်တွေ စတင်ပြီးစုစည်းလာပါတယ်။ သူက လက်ကိုမြှောက်လိုက်ပြီး ကောင်းကင်ပေါ်ကိုဦးတည်လို့ လက်သီးကိုဆုပ်လိုက်တယ်။
"ဒရုန်းဇုန်၊ လာခဲ့တော့။" နယ်ဆင်သင်္ဘောပျံထဲမှာ ရှိနေတဲ့ ဒရုန်းဇုန်လည်း ပြုံးလိုက်ပြီး လေဆိပ်ထဲကို ဝင်ချလိုက်တယ်။ သင်္ဘောပျံက လေထုထဲမှာတင်ပဲ ပုံစံအမျိုးမျိုးပြောင်းလဲနေပြီး အစိတ်အပိုင်းသုံးခုအဖြစ်ကို ကွဲထွက်တယ်။ ဧရာမစက်ရုပ်လက်ကြီးနှစ်ဖက်နဲ့ ပျံသန်းနေတဲ့ စက်ရုပ်ခေါင်းပုံစံ ထိန်းချုပ်ခန်းတို့ပါ။
"ငါက နင်တို့ကိုဖျက်ဆီးဖို့အတွက် တစ်ချိန်လုံးနည်းလမ်းရှာနေခဲ့တာမလို့ပဲ။" ဖရာလီတာက ပျံသန်းနေတဲ့ လက်နှစ်ဖက်ပဲပါတဲ့ စက်ရုပ်ကြီးပေါ်ကို ခုန်တက်လိုက်တယ်။ နောက်တော့ ထိန်းချုပ်ခန်းပွင့်သွားပြီး ဖရာလီတာဝင်လို့ရသွားတယ်။
"ဒရုန်းဇုန်၊ လုပ်ရအောင်။"
"ဒါပေမဲ့၊ ဒီအဆင့်ပြောင်းလဲမှုရဲ့ထိန်းချုပ်စနစ်က မပြည့်စုံသေးဘူးလေ။"
"မပူနဲ့၊ ငါ့ရဲ့စွမ်းအားနဲ့ဆိုရင် တစ်ဝက်လောက်ထိန်းချုပ်လို့ရတယ်။"
ဖရာလီတာရဲ့ငွေရောင်စွမ်းအင်တွေက စက်ရုပ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ချက်ချင်းအသက်ဝင်လာခဲ့ပါပြီ။ [Project Nealson: Activated]
စက်ရုပ်ကြီးက အမြန်ဆန်ဆုံးလှုပ်ရှားတယ်။ လက်နှစ်ဖက်က ဂေါ့သစ်မိန်းကလေးကို အမြန်အဆန်ရိုက်ချတယ်။ ဂေါ့သစ်မိန်းကလေးက ရှောင်လိုက်ပေမဲ့ နောက်ရိုက်ချက်တွေကလည်း စက္ကန့်မလပ်ရောက်ရှိနေတာကြောင့် တစ်နေရာတည်းမှာ ရပ်မနေနိုင်တော့ဘဲ လေဆိပ်ထဲကို ပြန်ဆုတ်ရတယ်။
"ကြည့်ရတာ မဟန်တော့တဲ့ပုံပဲ။" ဂေါ့သစ်မက ပြောလိုက်တယ်။ သူ့ကျောကနေ ကျိုင်းကောင်အတောင်တွေပေါက်လာပြီး စတင်ပျံသန်းကာ တန်ပြန်တိုက်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဖရာလီတာက ဂေါ့သစ်မကို လက်ဝါးနဲ့အောင်အောင်မြင်မြင် တစ်ချက်ရိုက်နိုင်ခဲ့ပြီး လေဆိပ်နံရံအထပ်ထပ်ကိုဖောက်ကာ လေယာဥ်ပြေးလမ်းဆီကို ပြန်ရောက်သွားစေပါတယ်။ ဖရာလီတာကတော့ နောက်ကနေ လိုက်တာပေါ့။
ဖရာလီတာက ခပ်မြန်မြန်ပဲ လဲကျနေတဲ့ ဂေါ့သစ်မဆီကို ရောက်သွားပြီး လက်နှစ်ဖက်ကို စုစည်းလိုက်တယ်။ ငါးမီတာလောက်မြင့်တဲ့ အလင်းဒြပ်စင်ဓားကြီးက လက်နှစ်ဖက်ကြားထဲမှာ ဖြစ်တည်လာပြီး ဂေါ့သစ်မကို ခုတ်ချလိုက်တယ်။
"အား၊ အထင်ကြီးစရာပဲ။ ဒါပေမဲ့ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကို တကယ်သတ်နိုင်ဖို့ဆိုရင်တော့ အများကြီးလိုသေးတယ်နော်။"
ဂေါ့သစ်မက ဓားကိုလက်တစ်ဖက်တည်းနဲ့တားလိုက်တယ်။ အခုတော့ သူ့ကိုယ်ပေါ်က လူသားအရေပြားတွေ ကွာကျနေပြီဖြစ်ပြီးတော့ လူသားအမျိုးသမီးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတဲ့ ကျိုင်းကောင်ရဲ့ပုံစံက စတင်ဝင်ရောက်အစားထိုးပါတယ်။
"လက်ရည်စမ်းပွဲပြီးသွားပြီ၊ အခုက နင့်ကိုသတ်ရမယ့်အလှည့်ပဲ။"
ဘုန်း.....
ကျိုင်းကောင်က စက်ရုပ်ရဲ့ထိန်းချုပ်ခန်းကို ခြေစုံကန်လိုက်တယ်။ ထိန်းချုပ်ခန်းနံရံတွေက အကောင်းဆုံးဇက်သတ္တုနဲ့ပြုလုပ်ထားတာဖြစ်ပေမဲ့ အက်ကွဲကုန်ပြီး အဝေးကြီးကို လွင့်စင်သွားတယ်။ ပြန်ကျလာချိန်မှာတော့ သူတို့က အကာအကွယ်နားကိုတောင် ရောက်နေပြီဖြစ်ပြီး လမ်းတစ်လျှောက်မှာ အဆောက်အဦးပေါင်းများစွာကို ဖျက်ဆီးခဲ့မိပါတယ်။
"သေလိုက်တော့...." နောက်မှာလည်း ကျိုင်းကောင်ကပ်ပါလာပြီး ထိန်းချုပ်ခန်းကို သူ့လက်နဲ့ထိုးဖောက်ကာ ဖရာလီတာတို့ကို သတ်ဖို့ကြိုးစားတယ်။ ကံကောင်းစွာနဲ့ မီးကြာပန်းတစ်ခုက သူ့ဘေးနားမှာပေါ်လာပြီး ကျိုင်းကောင်ကို မီးတန်းနဲ့မှုတ်ထုတ်ပစ်လိုက်နိုင်လေရဲ့။
"ဖရာလီတာ၊ တာဝန်ကျေပါတယ်။ အခုကနေစပြီး ဒီတိုက်ပွဲက ငါတို့အတွက်ဖြစ်သွားပြီ။" သားရဲတွေထဲက နှစ်ကောင်ဖြစ်တဲ့ ကြောင်နက်နဲ့ကိုင်းတိုတို့က ဖရာလီတာရှေ့မှာပေါ်လာပြီး အပျက်အစီးပုံတွေကြား
လဲကျနေတဲ့ ကျိုင်းကောင်ကို ပြိုင်တူ ကြည့်လိုက်ကြပါပြီ။
"ငါတိုက်ခိုက်နေတုန်း တခြားသူဝင်ရှုပ်တာလောက် စိတ်တိုတာမရှိဘူး။ နင်တို့နှစ်ကောင် ငါသူ့ကိုကိစ္စဖြတ်ပြီးမှ ဝင်လာကြပါလားဟဲ့။"
ကျိုင်းကောင်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး ပါးစပ်ကိုဟလိုက်တယ်။ ကျိုင်းကောင်သေးသေးလေးတွေ သူ့ပါးစပ်ကနေ ထွက်လာပြီး ကောင်းကင်ကြီးတစ်ခုလုံး မည်းနက်သွားတယ်။ တိမ်တိုက်ကြီးတစ်ခု လန်ဒန်ကိုဖုံးလွှမ်းသွားသလိုပါပဲ။
"ကြည့်ရတာ နောက်ထပ်ပြိုင်ဘက်ကောင်းနဲ့တွေ့ရပြန်ပြီထင်တယ်။ ကိစ္စဖြတ်လိုက်ကြစို့၊ ကိုင်းတို။"
ကြောင်နက်ရဲ့တစ်ကိုယ်လုံးကို မိုးကြိုးလျှပ်စီးတွေ ဖုံးလွှမ်းသွားပြီး ကိုင်းတိုကိုတော့ မီးကြာပန်းငါးခုက ဝိုင်းရံနေပြီး သူ့ကျောမှာ မီးတောင်ပံခြောက်ခုပေါက်လာတယ်။
"အေး၊ ကျိုင်းကောင်တွေကို ကင်ပေးကြစို့။"
....
လန်ဒန်မြို့ထဲမှာတော့ စစ်ပွဲနှင်းဆီနဲ့ဗီးနပ်စ်က ပုံမှန်လူတွေအတိုင်း လျှောက်သွားကြနေတယ်။ အပြင်မှာဖြစ်နေတဲ့ တိုက်ပွဲကို ဗီးနပ်စ်မော့ကြည့်လိုက်ပြီး ရယ်လိုက်ပါပြီ။
"ကြည့်ရတာ အပြင်မှာပွဲကောင်းနေပြီနဲ့တူတယ်။ တို့လည်း စကြတော့မလား။"
"ဒါပေါ့။" စစ်ပွဲနှင်းဆီက ပြောပြောဆိုဆိုနဲ့ လူကူးမျဥ်းကားတစ်နေရာမှာ ရပ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို
ဆန့်ထုတ်လိုက်တယ်။ ရုပ်သေးကြိုးတွေက ပင့်ကူမျှင်တွေလိုမျိုး ပြန့်ကားထွက်လာပြီး လူတွေအများကြီးရဲ့ကိုယ်ထဲ စိုက်ဝင်သွားတယ်။ ဗီးနပ်စ်ကတော့ အရုပ်ဆိုးစွာရယ်မောလိုက်ပြီး ကားလမ်းမကြီးကို လက်ဝါးနဲ့ရိုက်ချလိုက်တယ်။
"မရဏသစ်တောနယ်မြေ၊ လာခဲ့စမ်း။" မကြာခင်မှာပဲ မထွင်းဖောက်နိုင်တဲ့ ဒိုင်းအတွင်းမှာ ဗီးနပ်စ်ရဲ့မရဏသစ်တောနယ်မြေပေါ်ထွက်လာပြီး တစ်မြို့လုံးမှာ အော်ဟစ်သံတွေနဲ့ဖုံးအုပ်သွားတယ်။
....
ပန်ဒရာဂွန်စံအိမ်ထဲမှာတော့ အခြေအနေကိုစောင့်ကြည့်နေတဲ့ အော်သာရီယာက ကျန်ရှိနေသေးတဲ့ ဟီးရိုးတွေကို ကြည့်ပြီးပြောလိုက်ပါပြီ။ "တံတိုင်းထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ ရန်သူရှိတယ်။ စစ်ပွဲနှင်းဆီနဲ့ဗီးနပ်စ်ဆိုတာ သိသာတယ်။ အေမီ၊ ဖရက်နဲ့ဖလေရာ။ အခုက နင်တို့တာဝန်ထမ်းဆောင်ရမယ့်အချိန်ကိုရောက်ပြီ။"
အေမီက ဂျပန်ဟီးရိုးတွေလုပ်တဲ့အတိုင်း ဟန်ပန်တွေထုတ်ပြီး Neon Valkyrieဝတ်စုံကို ပြောင်းဝတ်တယ်။ ဖရက်ကတော့ မိုးကြိုးဓားကို ဆင့်ခေါ်လိုက်ပြီး ဖလေရာကလည်း ပလာဒင်ဝတ်စုံထဲ ဝင်လိုက်ပါတယ်။
ရုတ်တရက် လိပ်နက်ဖြစ်တဲ့ဖရန့်က စားပွဲကနေထလိုက်ပြီး ဝင်ပြောလိုက်လေရဲ့။ "ကျွန်တော်ကရော၊ လိပ်ရဲ့အစွမ်းကို ကျွန်တော်မထိန်းနိုင်ဘူးဆိုပေမဲ့ ပန်းသီးလေးက ဗီးနပ်စ်ရဲ့အဓိကပြိုင်ဘက်ပဲ။ ကျွန်တော်သူ့ကိုတိုက်နိုင်တယ်။"
လင်ဒါလည်း ထလာပါတယ်။ "ကျွန်မလည်းပါမယ်။
ကျွန်မအစွမ်းက စစ်ပွဲနှင်းဆီရဲ့ရုပ်သေးစွမ်းအားကို တန်ပြန်နိုင်လောက်တယ်။"
ဒီတော့မှ အော်သာရီယာလည်း လူအုပ်ကိုပြန်ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။ "ဒီတော့ ဗျူဟာပြောင်းရမယ့်ပုံပဲ။ လင်ဒါနဲ့ဖရန့်က လန်ဒန်မြို့ထဲက အဖျက်သမားနှစ်ယောက်ကို သွားတား။ ရန်သူက နင်တို့နှစ်ယောက်နဲ့တင်လုံလောက်တယ်။ ပိုးကောင်ဗိုလ်ချုပ်က ကျိုင်းကောင်ငယ်တွေကိုဆင့်ခေါ်ပြီး ဘေးနားက မြို့တွေကိုပါ ခြိမ်းခြောက်နေတာကိုတော့တားရမယ်။"
အော်သာရီယာက အေမီကိုကြည့်လိုက်ပြီးတော့ စပြီးအမိန့်ပေးတယ်။ "နင်ကတော့ Chelmfordမြို့ကို ကာကွယ်ရမယ်။ ကျိုင်းကောင်တွေ အဲဒီမြို့ထဲကို ဝင်မလာစေနဲ့။"
"အမိန့်အတိုင်းပါပဲ။" အေမီက ပြောပြီးတာနဲ့ အချိန်မရှိမှန်းသိတာကြောင့် စံအိမ်ထဲကနေ ပြေးထွက်သွားတယ်။ လင်ဒါနဲ့ဖရန့်တို့လည်း တိုက်ပွဲဖြစ်ပွားရာကို အမြန်သွားနေကြပါပြီ။
"ဖရက်၊ နင်က Crawleyကိုသွား။ ဖလေရာကတော့ Rochesterကိုသွားရမယ်။" ဒီလိုနဲ့ပဲ တစ်ယောက်ချင်းစီ ထမ်းဆောင်ရမယ့် တာဝန်ကို ခွဲဝေလို့ပြီးသွားပါပြီ။
.....
စစ်ပွဲနှင်းဆီက ဇွန်ဘီလိုဖြစ်နေတဲ့ လူအုပ်နဲ့အတူ မြို့လယ်လမ်းမကြီးမှာ လမ်းလျှောက်နေပြီး ရဲကားတွေ တန်းစီပြီးလမ်းပိတ်ထားတဲ့ နေရာဆီကို ဦးတည်သွားနေပါတယ်။ ရဲတွေက ပိုးကောင်အဖြစ်အပြောင်းမခံထားရဘဲ အတင်းအကျပ်ခိုင်းစေခံထားရတဲ့ ပြည်သူတွေကို ပစ်ရမလား မပစ်ရဘူးလားမသိဖြစ်နေတဲ့အတွက် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေကြပါတယ်။ ကံကောင်းချင်တော့ လင်ဒါရောက်လာပြီး လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ရုပ်သေးစွမ်းအားပျောက်သွားတယ်။
စစ်ပွဲနှင်းဆီက မျက်မှောင်ကြုတ်လိုက်ပြီး လမ်းမပေါ်ရောက်နေတဲ့ လင်ဒါကိုကြည့်လိုက်ပါတယ်။ "နင်က...."
"အပိုတွေပြောမနေနဲ့တော့၊ ငါတို့နှစ်ယောက်လုံးက တစ်ယောက်အစွမ်းကိုတစ်ယောက် ပယ်ဖျက်နိုင်ကြတယ်။ ဒီတော့ ရှေးဟောင်းနည်းအတိုင်း ညီတူမျှတူချကြတာပေါ့။"
လင်ဒါက ပစ္စတိုသေနတ်နှစ်လက်ကို ခါးကြားကနေ ဆွဲထုတ်လိုက်တယ်။ စစ်ပွဲနှင်းဆီလည်း ရယ်မောလိုက်ပြီး သူ့ခါးမှာချိတ်ထားတဲ့ အူဇီသေနတ်ကို ကိုင်လိုက်တယ်။
"အပြောကောင်းသားပဲ၊ ဥရောပမဟာမိတ်ရဲ့ခွေးမလေး။ သေနတ်ချင်းယှဥ်ပစ်လို့ ငါ့ကိုနိုင်တဲ့သူဆိုတာ မရှိသေးဘူးနော်။"
"ကြည့်ကြသေးတာပေါ့။" နောက်တော့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သေနတ်တွေနဲ့စပစ်ပြီး စီးချင်းထိုးကြတယ်။
....
တစ်ဖက်မှာတော့ ဖရန့်က ပန်းသီးလေးရဲ့လက်ကိုဆွဲထားရင်း တိုက်ပေါ်ကနေ ခုန်ချလိုက်တယ်။ ပန်းသီးလေး သူ့ဘေးနားမှာရှိနေသမျှ သူဘာကိုမှ မကြောက်ပါဘူး။ ရန်သူတော်ဟောင်းကြီးဖြစ်တဲ့ ဗီးနပ်စ်နဲ့ပြန်တွေ့ရမယ်ဆိုရင်တောင်မှပေါ့။
"ဖရန့်၊ စပြီနော်။" ပန်းသီးလေးက ပြောလိုက်တယ်။
"အင်း..." ဖရန့်က ပန်းသီးလေးကို ပြန်ခေါင်းညိတ်ပြတယ်။ ပန်းသီးလေးက လက်ကိုယမ်းလိုက်ပြီး သူတို့နှစ်ယောက်လုံးကို သစ်သားတွေနဲ့ဖုံးလွှမ်းလိုက်ပါပြီ။
နောက်တော့ သစ်သားတွေက လွန်သွားတစ်ခုပုံစံဖြစ်သွားပြီး စတင်လည်ပတ်ကာ မရဏသစ်တောနယ်မြေရဲ့နွယ်ပင်နံရံအကာကို ထိုးဖောက်ပစ်လိုက်တယ်။
"တော်တော်ရက်စက်တဲ့မြင်ကွင်းပဲ။" ဖရန့်က အတွင်းရောက်တာနဲ့ မျက်မှောင်ကြုတ်လိုက်ပါပြီ။ ရာထောင်ချီတဲ့ နွယ်ရှင်ပင်တွေက လန်ဒန်မြို့သူမြို့သားတွေရဲ့အသွေးအသားကို စားသောက်နေပြီးတော့ တကယ့်ကို ချောက်ချားစရာမြင်ကွင်းပါပဲ။
"မဟာသားရဲတစ်ကောင်က ငါ့ကိုကိုယ်တိုင်ရင်ဆိုင်ဖို့ ရောက်လာတယ်ဆိုတော့ တကယ့်ကို ဂုဏ်ယူစရာပဲ။ မရဏသစ်တောနယ်မြေကနေ ကြိုဆိုပါတယ်၊ လိပ်နက်။"
သူတို့အနားက နွယ်ပင်တွေထဲက တစ်ခုက ဗီးနပ်စ်အဖြစ် ဖွဲ့တည်သွားပြီး ဖရန့်ကို ပြုံးရယ်ကာ ပြောလိုက်တယ်။ ဖရန့်ကတော့ သူ့လက်ကိုတစ်ချက်ရမ်းလိုက်ပြီး ဗီးနပ်စ်ရဲ့ကိုယ်ပွားကို ဖျက်ဆီးပစ်လိုက်ပါပြီ။
"ပန်းသီးလေး၊ ဒီတစ်ခါတော့ ဒီမကောင်းဆိုးဝါးမကို အသေသတ်ကြမယ်။"
"အင်း...." နောက်တော့ သူတို့နှစ်ယောက်က တွဲလက်ညီညီနဲ့ ရန်သူကိုစပြီး တိုက်ခိုက်ကြပါတော့တယ်။
....
မက်ဒါနာကတော့ ရေကန်ထဲမှာ ရှိနေဆဲပါ။ သူ့အနားမှာ ဝိုင်းပတ်နေတဲ့ အရိပ်မည်းတွေကို လစ်လျူရှုပြီး ရေကန်ရဲ့အနက်ပိုင်းဆီကို တဖြည်းဖြည်းဆက်ကူးခတ်လာတယ်။ အေးစက်လာပြီး သက်လုံကုန်ဆုံးလာပေမဲ့ လက်မလျှော့သေးဘဲ ရှေ့ဆက်နေဆဲပါ။
မူလအစက သူ့ကိုတိုက်ခိုက်လေ့ရှိတဲ့ အရိပ်မည်းတွေက အခုတစ်ခါတော့ မတိုက်ခိုက်တော့ဘဲ သူနဲ့အနီးမှာသာ ဝန်းရံကူးခတ်နေပြီး အန္တရာယ်မရှိတဲ့ငါးတွေလိုပါပဲ။ နောက်ဆုံးတော့ မက်ဒါနာက ရေကန်ရဲ့ကြမ်းပြင်ကို ထိနိုင်သွားပြီး Excaliburရဲ့ဓားရိုးကို ထိကိုင်လိုက်မိတယ်။
"ဟမ်...." သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝမ်းနည်းကြေကွဲတဲ့ ခံစားချက်တစ်ခု ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်က အရိပ်မည်းတွေကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်လာရတယ်။ အခုတော့ အရိပ်မည်းတွေက အရိပ်မည်းတွေမဟုတ်တော့ဘဲ ငိုကြွေးနေတဲ့ သာမန်လူတွေရဲ့ဝေဝါးဝါးပုံရိပ်တွေသာ ဖြစ်နေမှန်း သူသတိထားမိခဲ့တယ်။
အပြစ်မဲ့သေဆုံးခဲ့သူတွေရဲ့ချုပ်နှောင်ခံထားရတဲ့ ဝိညာဥ်တွေမှန်း မက်ဒါနာသတိပြန်ရလာတာကြောင့် သူတို့တွေအားလုံးကို ပြုံးပြလိုက်ပြီး ဓားကိုဆွဲယူကာ သူ့ရင်ဘက်ရှေ့မှာ မြှောက်ပြလိုက်တယ်။ နောက်တော့ သူ့စိတ်ထဲမှာ တစ်စုံတစ်ခုကို လေးလေးနက်နက် တောင်းဆိုလိုက်တယ်။
"အခုဆိုရင် နင်တို့တွေ လွတ်မြောက်သွားသင့်ပြီမဟုတ်လား။" အဲဒီနောက်တော့ မက်ဒါနာရဲ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းကြီးတစ်ခုက ဖုံးလွှမ်းသွားတော့တယ်။