← Chapters

တောင်ထိပ်ပေါ် တက်ကြပြီ

Vol. 21 Ch. 289

တောင်ထိပ်ပေါ် တက်ကြပြီ

Vol. 21 Ch. 289

စီးတုလေ့ကတော့ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ခပ်တည်တည်သာ ရပ်နေပါတယ်။ သူ့ကို ကြည့်ရတာ ဘယ်သူ့ကိုမှ မျက်လုံးထဲ ထည့်မထားတဲ့ ပုံပါပဲ။ သူက တကယ့် ဘုရင်တစ်ပါးလို ပြုမူနေတာပါ။

ပြီးတော့ စီးတုလေ့က လီဖူချန်း အပါအဝင် လက်ရွေးစင် ပါရမီရှင် အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မခိုးမခန့် ပြုံးလိုက်ပါ သေးတယ်။

သူ့ရဲ့ လက်ရှိ စွမ်းရည်နဲ့ ဆိုရင် ရှုံးဖို့ဆိုတာကို တွေးနေစရာ မလိုတော့တဲ့ အခြေအနေကို ရောက်နေပါပြီ။ သူ့ရဲ့ မျက်လုံး ထဲမှာတော့ သည်နေရာကို ရောက်ရှိနေသူ တွေထဲက တစ်ယောက်မှ သူ့ပြိုင်ဘက် ဖြစ်နိုင်လောက်တဲ့ အစွမ်းအစ မရှိပါဘူး။ မရွေ့လျားသော ကြယ်ဘုရင် ချီဟန်နဲ့ ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံတောင်မှ သူ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ အတော်လေး လိုပါသေးတယ်။

သူ့ရဲ့ အစွမ်းကို ယှဉ်နိုင်တဲ့လူ မရှိမှတော့ သူက ဘုရင်တစ်ပါးလို ပြုမူနေတာ မဆန်းပါဘူး။

“ငါ့ရဲ တိုက်ပွဲတွေ ကတော့ ထုံးစံအတိုင်း တစ်ဖက် စောင်းနင်းတွေ ဖြစ်နေဦးမှာပဲ။ ဒါပေမဲ့ ပြိုင်ဘက် အသစ်တွေနဲ့ ရင်ဆိုင်ရတာက နည်းနည်းပါးပါး ပျော်စရာတော့ ကောင်းမှာပါလေ”

စီးတုလေ့က သူ့ကိုယ်သူ  စိတ်ထဲကနေ ပြောနေမိပါတယ်။

သူတို့ သုံးယောက် ရောက်လာ အပြီးမှာတော့ လက်ရွေးစင် ပါရမီရှင် စာရင်းဟာ ပြည့်သွားခဲ့ပါပြီ။

ကြယ်ဘုရင် ၃ပါး၊ သခင်လေး ၆ပါး နဲ့ နတ်မိမယ် ၄ဖော် ...

သူတို့ထဲက တစ်ယောက်ချင်း စီဟာ မတူညီတဲ့  ကိုယ်ယောင်ကို ဝါတွေကို ထုတ်လွှတ် နေပါတယ်။

တည်ကြည် ခန့်ညားခြင်း၊ နိမ့်ချခြင်း၊ နူးညံ့ခြင်း၊ ခက်ထန်ခြင်း၊ အပြစ် ကင်းစင်ခြင်းနဲ့ လှပခြင်း စတဲ့ အရှိန်အဝါ အမျိုးမျိုးကို ပေးစွမ်းနေပါတယ်။

သည်လူငယ် ၁၃ယောက်ရဲ့ ကိုယ်ယောင် ကိုယ်ဝါတွေဟာ ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေရဲ့ ကိုယ်ယောင် ကိုယ်ဝါတွေနဲ့ ယှဉ်မယ် ဆိုရင်တောင် ဘယ်လိုမှ နိမ့်ကျနေမှာ မဟုတ်ပါဘူး။

သူတို့ ၁၃ ယောက်စလုံးဟာ ကောင်းကင်ကို ပျံတက်ဖို့ အရှိန်ယူနေကြတဲ့ နဂါးပေါက်စ လေးတွေပါပဲ။

သည်လူငယ် ၁၃ ယောက်ရဲ့ ကိုယ်ယောင် ကိုယ်ဝါတွေကို ယှဉ်နိုင်တဲ့ အခြား လူငယ်တွေလည်း သည်နေရာမှာ ရှိနေပါသေးတယ်။

ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ ရှဟိုရှီနဲ့ လီဖူချန်းပေါ့။

ဒါပေမဲ့ လီဖူချန်းက လွဲရင် အခြားသော လူငယ် ပါရမီရှင်တွေ အကုန်လုံးဟာ ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေပါပဲ။

ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ ဘက်ကနေ တွေးကြည့်မယ် ဆိုရင်လည်း သူတို့ဟာ သူတို့ရဲ့ ထူးခြားတဲ့ ပါရမီတွေကို ဆက်ပြီး ထုတ်ပြနိုင်နေသေး သရွေ့ကတော့ တစ်နေ့မှာ ကြယ်ဘုရင်တွေ၊ သခင်လေးတွေနဲ့ နတ်မိမယ်တွေ ဖြစ်လာနိုင် ပါသေးတယ်။

“ဘာ သခင်လေး ၆ပါးလဲ ... လွန်ခဲ့တဲ့ သုံးနှစ်က ငါ့အသက်သာ အရမ်း ငယ်မနေခဲ့ရင် သည်သခင်လေး ၆ပါးထဲက တစ်နေရာဟာ ငါ့ရဲ့ နေရာ ဖြစ်နေလောက်ပြီ”

“သခင်လေး ၆ပါး ဟုတ်လား ...  သည်တစ်ခေါက် ပြိုင်ပွဲမှာ တွေ့ကြသေးတာ ပေါ့ကွာ…”

ဂိုဏ်းအချို့က လူငယ်ပါရမီရှင် တွေကတော့ စိတ်ထဲကနေ ကျိတ်ပြီး ကြိမ်းဝါး နေကြပါပြီ။

သူတို့တွေ ဟာလည်း ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေပါ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် သူတို့တွေ ဟာလည်း ဘယ်သူ့ကို မှ သောက်ဂရုစိုက်တာ မဟုတ်ပါဘူး။ သူတို့ ယုံကြည်ထားတာ ကတော့ ကြယ်ဘုရင် ၃ပါး၊ သခင်လေး ၆ပါးနဲ့ နတ်မိမယ် ၄ဖော်ဟာ သူတို့ထက် ဘယ်လောက်မှာ သာလွန်မနေဘူး ဆိုတာပါပဲ။

“ကျားနဂါးပြိုင်ပွဲ ... ကျားနဂါး ပြိုင်ပွဲ ... သည်ပြိုင်ပွဲက တကယ့် ကျားနဂါးတွေကို စုစည်းထားတဲ့ ပြိုင်ပွဲပါလား ...”

များပြားလှတဲ့ ပါရမီရှင်တွေ စုရုံးရောက်ရှိ လာတာကို မြင်တွေ့ အပြီးမှာတော့ လီဖူချန်းတောင်မှ ထူးဆန်းတဲ့ ခံစားချက်တွေကို ခံစားနေရ ပါတယ်။

လီဖူချန်းက လူတစ်ယောက်ပါ။ သူတော်စင် မဟုတ်သေးပါဘူး။ အဲသည်အတွက် သူ့မှာလည်း ခံစားချက်တွေ၊ အလိုဆန္ဒတွေ ရှိနေပါတယ်။ ပြီးတော့ ရည်မှန်းချက်တွေနဲ့ ပြင်းပြတဲ့ ဖြစ်ချင်စိတ်တွေ ရှိနေပါသေးတယ်။

သည်လောက် များပြားလှတဲ့ လူငယ် ပါရမီရှင်တွေကို တွေ့အပြီးမှာတော့ သူ့ရဲ့ တိုက်ပွဲကို ဆာလောင်စိတ်ဟာ နိုးထလာခဲ့တဲ့ ပုံပါပဲ။

အရင်တုန်းက လီဖူချန်း တွေ့ကြုံခဲ့ရတဲ့ ပြိုင်ဘက်တွေဟာ သာမန် ပါရမီရှင်တွေပါ။ သူတို့နဲ့ တိုက်ခိုက်ချိန်မှာ အနိုင်ရမယ် ဆိုတာကို သေချာနေတဲ့ အတွက် လီဖူချန်းဟာ ဘာဖိအားကိုမှ မခံစားခဲ့ ရပါဘူး။ လီဖူချန်း အနေနဲ့ စိတ်လွတ် လက်လွတ် မီးကုန်ယမ်းကုန် တိုက်ခိုက်လို့ရမယ့် ပြိုင်ဘက် တစ်ယောက်နဲ့ တွေ့ချင်နေတာ ကြာပါပြီ။

ဒါပေမဲ့ သည်တစ်ကြိမ် ကတော့ မတူတော့ပါဘူး။ ဒါက ဘယ်သူ့ကိုမှ ဗိုလ်မထားဘဲ သူ့ထက်သူ လူစွမ်းကောင်း လုပ်ချင်တဲ့ လက်ရွေးစင် ပါရမီရှင်တွေ စုရုံးရောက်ရှိ နေကြတဲ့ ကျားနဂါး ပြိုင်ပွဲပါ။ လီဖူချန်းအနေနဲ့ ပွဲရလဒ် ဘယ်လို ဖြစ်လာမယ် ဆိုတာကိုတော့ ကြိုမပြော နိုင်ပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ လူငယ်တွေ အားလုံးမှာ အပိုင်သေချာတဲ့ ကိုယ်ပိုင် ဝှက်ဖဲတွေ ရှိနေကြမှာ အမှန်ပါပဲ။ ပြီးတော့ သူကိုယ်တိုင်လည်း ဝှက်ဖဲတွေ အများကြီးကို ဆုပ်ကိုင်ထားတာ မဟုတ်ပါလား။

တိုက်ပွဲကို ဆာလောင် နေတာက လီဖူချန်း တစ်ယောက် တည်းတော့ မဟုတ်ပါဘူး။ ကျန်တဲ့ လူငယ်တွေ အားလုံးရဲ့ မျက်လုံး ထဲမှာလည်း တိုက်ခိုက်ချင်တဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေကြပါပြီ။

ဒါက သူတို့ရဲ့ ရည်မှန်းချက်ကို အရောက် သွားနိုင်မယ့် ခြေလှမ်းတစ်ခုပါပဲ။ သည်ပြိုင်ပွဲမှာ ကောင်းကောင်း အစွမ်းပြနိုင်ပြီ ဆိုတာနဲ့ သူတို့ရဲ့ နာမည်တွေဟာ တိုက်ကြီး တစ်ခုလုံးကို ပျံနှံ့သွား တော့မှာပါ။

မိုးကြိုးကြယ် ဘုရင်က လွဲပြီး ကျန်တဲ့ လက်ရွေးစင် ပါရမီရှင်တွေရဲ့ မျက်လုံးတွေ ဟာလည်း အရောင်တောက် နေကြပါပြီ။ သူတို့ရဲ့ ပစ်မှတ်တွေ ကတော့ သူတို့ အချင်းချင်းပါပဲ။

စီးတုလေ့ကတော့ ပျင်းရိပျင်းတွဲ ဟန်ဖြင့် ရပ်နေဆဲပါပဲ။ သည်ကို ရောက်နေတဲ့ လူငယ်တွေထဲမှာ တစ်ယောက်မှ သူ့ကို ယှဉ်နိုင်စွမ်း မရှိသေးဘူး ဆိုတာကို သိပြီးတဲ့ နောက်မှာတော့ သူ့ဘဝကြီးဟာ အထီးကျန် ဆန်လွန်းလှတယ်လို့ စီးတုလေ့ တစ်ယောက် တွေးနေမိပါတယ်။

နံပါတ်၁ ဆိုတဲ့ နေရာမှာ အထီးကျန်စွာ ရပ်တည်နေ ရတာကိုလည်း သူက မုန်းလှပါပြီ။ သူ့အတွက်တော့ အရာရာဟာ အဓိပ္ပာယ် မဲ့လွန်းပါတယ်။

စီးတုလေ့ရဲ့  အမြင်မှာတော့ သည်ကျားနဂါး ပြိုင်ပွဲတောင်မှ သာမန် ကစားပွဲလေး တစ်ခုထက် မပိုတော့ပါဘူး။ အချိန်တန်ပြီ ဆိုတာနဲ့ သည်ကစားပွဲက ပြီးသွားတော့မှာပါ။

“သည်ကလေးတွေကို ကြည့်နေရင်းနဲ့ ငါတောင် ငယ်မူပြန်သွား သဟေ့ ...”

ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်က သူ့ငယ်ဘဝကို လွမ်းဆွတ် တမ်းတတဲ့ပုံဖြင့် ပြောလိုက်ပါတယ်။

ငယ်တုန်းကဆိုရင် သူကလည်း လက်ရွေးစင် ပါရမီရှင် တစ်ယောက် ဖြစ်ခဲ့သည် မဟုတ်ပါလား။ သည်လူငယ်တွေရဲ့ တိုက်ပွဲကို ဆာလောင်စိတ်က သူ့ကိုပါ သွေးဆူစေ ခဲ့ပါတယ်။ သူ့အနေနဲ့ ဆိုရင်တော့ အခုချိန်မှာသာ အသက်ကို ပြန်ငယ်လို့ ရမယ်ဆိုရင် ငယ်လိုက်ပြီး သည်လူငယ်တွေနဲ့ တစ်ပွဲတစ်လမ်း လောက်တော့ အကဲစမ်းလိုက် ချင်ပါသေးတယ်။

“ဘာမှ စိတ်ဝင်စားစရာ မဟုတ်ပါဘူးကွာ ...  သူတို့တွေက ကြက်ကလေး၊ ငှက်ကလေး သာသာပဲ ရှိပါသေးတယ်။ သူတို့ထဲက တကယ်အစွမ်း ထက်လာမယ့်သူက ဘယ်လောက်မှ ရှိမှာ မဟုတ်ဘူး”

သည်လူငယ်တွေကို အထင်အမြင် သေးစွာဖြင့် ဝေဖန်နေကြတဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင် အချို့လည်း ရှိပါသေးတယ်။

“ဟုတ်တယ် ...။ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်ပြီးမှသာ ကိုယ့်ကံကြမ္မာကို  ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်မှာပဲ။ အခုအချိန် မှာတော့ သူတို့ဟာ အဲဒီလို မလုပ်နိုင်သေးဘူး”

သည်ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေထဲက အများစုဟာ သည်လူငယ်တွေ အပေါ်မှာ မျှော်လင့်ချက် ကြီးကြီးမားမား ထားထားတယ် ဆိုတာကတော့ သိသာလွန်း နေပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ သည်လူငယ်တွေက သူတို့ကို ကျော်တက်သွား နိုင်မယ်လို့တော့ လက်မခံထား ကြပါဘူး။

ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေဟာ သူတို့ကိုယ်သူတို့ ထွဋ်ခေါင် ပါရမီရှင်တွေလို့ မှတ်ယူ ထားကြပုံပါပဲ။

ဒါဆိုရင်တော့ မေးစရာ တစ်ခုရှိလာပါပြီ။ အဖြေကို အတိအကျ သိပြီးနေမှတော့ သည်ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေဟာ ဘာဖြစ်လို့ လက်ရှိ မျိုးဆက်ရဲ့ လူငယ်တွေ အပေါ်မှာ စိတ်ဝင်တစား ရှိနေရတာလဲ ... ။

သူတို့ရဲ့ မသိစိတ် ထဲမှာတော့ သည်လူငယ် ပါရမီရှင်တွေကို ကျိတ်ပြီး  မနာလိုနေတယ် ဆိုတာ အသိသာကြီးပါပဲ။

***

ကြယ်ကံကြမ္မာ တောင်ခြေမှာတော့ မြူနှင်းတွေ ဖုံးလွှမ်းနေသလို တောင်ထိပ်ကို စတင် တက်ရန်အတွက် ဝင်စရာ မုဂ်ဝ တစ်ခုပဲ ရှိပါတယ်။ အဲသည် မုဂ်ဝကိုတော့ ကြီးမားတဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက် ထားသလို မုဂ်ဝကြီးဆီကို သွားဖို့အတွက် ကျောက်လှေကား ထစ်တွေ ရှိနေပါတယ်။

ကျောက်တုံး မုဂ်ဝကြီးဟာ ကြယ်ကံကြမ္မာ တောင်ထိပ်ကို တက်ဖို့အတွက် စမှတ်ပါပဲ။ သည်ကျောက်တုံး မုဂ်ဝကြီးရဲ့ နောက်မှာတော့ လှေကားထစ်တွေ ရှိနေသေးသလား ဒါမှမဟုတ် မရှိတော့ဘူးလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး။ သည်နေရာကနေ စပြီးတော့ လူတိုင်းဟာ တောင်ထိပ်ပေါ်ကို ရောက်ဖို့အတွက် ကိုယ့်အား ကိုယ်သာ ကိုးရတော့မှာပါ။

ဟိုးအရင် အချိန်တွေတုန်း ကတော့ သည်ကျောက်တုံး မုဂ်ဝကြီးဆီမှာ ကိုယ်ပိုင်စည်းမျဉ်း အသိစိတ် တစ်ခု ရှိခဲ့ပါတယ်။ သည်မုဂ်ဝကြီးကို လူတိုင်း ဖြတ်ကျော်ခွင့် ရခဲ့တာ မဟုတ်ပါဘူး။

ဒါပေမဲ့ အခုချိန်မှာတော့ အဲသည် စည်းမျဉ်း အသိစိတ်ဟာ အကြောင်း တစ်စုံတရာကြောင့် ပျက်စီးသွားခဲ့ပါပြီ။

ဟူး… ဟူး ...

ကျောက်တုံး မုဂ်ဝကြီး ထံကနေ လေပြင်းတွေ တိုက်ခတ် လာခဲ့ပါပြီ။

“ကြယ်ကံကြမ္မာ တောင်ခြေရဲ့ မုဂ်ဝကတော့ ပွင့်လာပြီ။ တောင်ထိပ်ကို ရောက်အောင် အမြန်ဆုံး တက်ကြပေတော့”

ဂိုဏ်းအသီးသီးက ထိပ်သီး ပညာရှင်တွေဟာ သူတို့ရဲ့ တပည့်သားမြေး တွေကို ဆော်သြ လိုက်ပါတယ်။

ဝှစ် ... ဝှစ် ... ဟူး ... ဟူး ... ဟူး ...

ဂိုဏ်းအသီးသီးက လူငယ် ပါရမီရှင်တွေဟာ သူတို့ရဲ့ ကိုယ်ဖော့ ပညာတွေကို သုံးပြီး ကျောက်တုံးမုဂ်ဝကြီး ဆီသို့ ပြေးထွက် သွားကြပါပြီ။

အချို့သော လူငယ်တွေဆိုရင် သူတို့ရဲ့ ပြေးနှုန်းကို အမြင့်ဆုံးအထိ ထုတ်သုံး ထားပါ သေးတယ်။

သည်ကြယ်ကံကြမ္မာ တောင်ထိပ်ဟာ ပြောပြလို့ မရတဲ့အထိ မြင့်မားတယ် ဆိုတာကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိထားပြီးပါပြီ။ အခုလို အစွမ်းကုန် ထုတ်ပြီး ပြေးနေရင်လည်း ဘယ်လောက်မှ အားသာချက်ရမှာ မဟုတ်ဘူး ဆိုတာကိုလည်း သူတို့က သိထား ပြီးသားပါပဲ။ ဒါပေမဲ့ သူတို့ဟာ ပြေးနေတဲ့ အရှိန်ကို လျော့ချလိုက်လို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့သာ အနည်းငယ် နောက်ကျ သွားတာနဲ့ သူတို့လိုချင်တဲ့ အခွင့်အရေးက ရှိတော့မှာ မဟုတ်လို့ပါပဲ။

အခုလို အစွမ်းကုန် ပြေးနေရတဲ့ အခြား အကြောင်းအရင်း တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ရှေ့ဆုံးမှာ ရှိနေတဲ့ လူတွေဟာ အချင်းချင်း တိုက်ခိုက်ကျလေ့ မရှိဘဲ တောင်ထိပ်ပေါ်ကို ရောက်အောင်သာ အာရုံစိုက်ပြီး ပြေးလို့ပါပဲ။

နောက်ဘက်မှာ ရှိနေတဲ့ လူတွေကတော့ အရှေ့ဆုံးမှာ ပြေးနေတဲ့ လူတွေလို မရိုးရှင်း တော့ပါဘူး။ သူတို့ဟာ တစ်ဖက်လူက သူတို့ကို ကျော်ပြီး မပြေးနိုင်ဖို့ အတွက် တစ်ယောက်နဲ့ တစ်ယောက် နှောင့်ယှက် ကြပါတယ်။

အရင်တုန်းကဆိုရင် သည်တောင်ပေါ် တက်တဲ့ အဆင့်မှာတင် ဒဏ်ရာ အကြီးအကျယ်ရပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားရတဲ့ လူငယ် ပါရမီရှင်တွေ ရှိခဲ့ဖူးပါတယ်။

အဲသည်အတွက် လူငယ်တွေဟာ ရှေ့ဆုံးမှာ ရောက်နေဖို့အတွက် အသည်းအသန် ကြိုးစား နေကြတာပါပဲ။

ဒါပေမဲ့ အခုလို အသည်းအသန် ပြေးနေတဲ့ လူတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိလို့ဘဲ ဆိုတာ အရမ်းကို သိသာလွန်း နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ လူတွေကတော့ အားကုန် ထုတ်မပြေးဘဲ  မနှေးမမြန် ပုံမှန်လေးသာ ပြေးနေကြပါတယ်။

ဒါပေမဲ့ ဇာတ်လိုက်ကျော်ကြီး လီဖူချန်းကတော့ ခြေလှမ်း တစ်လှမ်းကို စမလှမ်းရ သေးပါဘူး။ သူ့ရဲ့ ယုံကြည်မှုကတော့ ၂၀၀ ရာခိုင်နှုန်းလောက် ရှိနေတဲ့ ပုံပါပဲ။

“လီဖူချန်း ... အကောင်းဆုံး ကြိုးစားခဲ့နော်…”

ဇောင်မင်းယွီက အတွင်းအားနဲ့ လီဖူချန်းကို ဆက်သွယ်ပြီး အားပေး လိုက်ပါတယ်။

လီဖူချန်းက အနောက်ကိုတောင် လှည့်မကြည့်ဘဲ ဇောင်မင်းယွီကို လက်ပြနှုတ်ဆက် လိုက်ပါတယ်။ ထို့နောက်မှာတော့ သူဟာ တစ္ဆေသရဲ တစ်ကောင်အလား ကျောက်တုံး မုဂ်ဝကြီးဆီသို့ ပြေးထွက် သွားခဲ့ပါပြီ။

“နင်က အရမ်း ကြိုးစားခဲ့တာပဲ။ ဒါပေမဲ့ သည်နှစ်က ငါတို့အတွက် မဟုတ်သေးဘူး။ လက်လျှော့ လိုက်တော့”

ရန်ချင်းဟူက လီဖူချန်းကို ကျော်တက်သွားပြီး သတိပေး စကားတစ်ခွန်း ဆိုခဲ့ပါတယ်။

လီဖူချန်းကတော့ ဘာမှ ပြန်မပြော လိုက်ပါဘူး။

အခြားသော သူတွေကတော့ သူက သည်ပြိုင်ပွဲကို အပျော်သက်သက် လာပြိုင်တယ်လို့ ထင်ရင် ထင်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ အကြောင်း ကိုတော့ သူသာလျှင် အသိဆုံးပါပဲ။

လီဖူချန်း အနေနဲ့ဆိုရင် သည်ပြိုင်ပွဲက သူ့ရဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပါတယ်။ သူက နောက်ထပ် သုံးနှစ်ဆိုရင် သည်ပြိုင်ပွဲကို ဝင်ပြိုင်တော့မှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ နောက်ထပ် ၃နှစ်ဆိုရင် သူဟာ ကောင်းကင် နယ်ပယ် ပညာရှင် ဖြစ်နေတော့မှာ မလို့ပါပဲ။ သူ့အတွက်ကတော့ နောက်ထပ်တစ်ကြိမ် ကျားနဂါးပြိုင်ပွဲကို ဝင်ပြိုင်စရာ အကြောင်း မရှိပါဘူး။

သူက သည်တစ်ကြိမ်မှာတင် အစွမ်းကုန် ကြိုးစားပြီး နံပါတ် ၁ နေရာကို ရဖို့အတွက် ပြိုင်ဆိုင်သွားမှာပါ။

ကျောက်တုံး မုဂ်ဝကို ကျော်လွန် အပြီးမှာတော့ မြူခိုးတွေနဲ့ ဖုံးလွှမ်းနေတဲ့ ကျောက်လှေကား ထစ်တွေ ရှိနေတာကို လီဖူချန်း တစ်ယောက် မြင်လိုက်ရပါတယ်။ သည်လှေကားထစ် တွေဟာ အလွန်ပင် ကျဉ်းမြောင်းလှပြီး ဘေးတစ်ဖက် တစ်ချက်မှာတော့ မြူခိုးတွေ ဖုံးလွှမ်းလျက် ရှိနေပါတယ်။ အဲသည်အတွက် ဘယ်သူကမှ မြူခိုးတွေ ကြားကနေ တောင်ပေါ်တက်ဖို့ မကြိုးစားဘဲ ကျောက်လှေကား ထစ်တွေ ပေါ်ကနေ တက်ဖို့သာ ကြိုးစားနေ ကြပါတယ်။

ကျောက်လှေကားထစ် တစ်ဝိုက်မှာတော့ တိုက်ပွဲတွေ အများအပြား ဖြစ်နေပါပြီ။

ကျားနဂါး ပြိုင်ပွဲမှာတော့ လူငယ်အားလုံးဟာ ရန်သူတွေပါပဲ။ တကယ်လို့ တစ်စုံ တစ်ယောက်ကသာ သူတို့ကို ရန်လာမစဘူး ဆိုရင်တော့ အရာရာဟာ အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ယောက်ယောက် ကသာ စပြီးတော့ ရန်စလိုက်ပြီ ဆိုတာနဲ့ တစ်ဖက်လူ ကလည်း ငြိမ်ခံ မနေဘဲ တိုက်ပွဲကို စတင်တော့တာ ပါပဲ။

ဝုန်း ... ဝုန်း ... ဝုန်း ...

ခွေးရူးတွေလို မည်းမည်းမြင်ရာ တိုက်ခိုက်နေတဲ့ ကြားထဲကို လီဖူချန်း တစ်ယောက် ရောက်လာခဲ့ပါပြီ။ သူ့အနေနဲ့ အရှေ့ကို ဆက်သွားဖို့ ဆိုရင် သည်ကောင်တွေကို အရင်ဆုံး ဖယ်ပစ်မှ ရပါလိမ့်မယ်။

“ငရဲမီးတောက် အတွင်းအား လာစမ်း”

လီဖူချန်းက သူ့ရဲ့ အစစ်အမှန် ငရဲမီးတောက် အဆင့်၁၆ အတွင်းအားကို ထုတ်ဖော် လိုက်ပါပြီ။

ဝုန်း ...

ထို့နောက်မှာတော့ သူဟာ လမ်းတစ်လျှောက်မှာ ပိတ်နေတဲ့ လူငယ်တွေ အကုန်လုံးကို ရိုက်ထုတ်ပစ်လိုက် ပါတော့တယ်။

“ငါ့လမ်းကနေ ဖယ်ကြစမ်း”

***

All Chapters