ကောင်းကင်ငှက် ကျောက်တုံးမဏ္ဍိုင်
Vol. 22 Ch. 291
" ဘာ ... ဘာကြီးလည်း "
"သည်ကောင့်ရဲ့ ကိုယ်ဖော့ပညာက ဘယ်အဆင့်အထိ ရောက်နေတာလည်း ...။ သည်ကောင်က မြေကမ္ဘာနယ်ပယ် အဆင့်၈ပဲ ရှိသေးတာ မဟုတ်ဘူးလား ... "
လူတွေအားလုံးကတော့ လီဖူချန်းကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြပါပြီ။
သုံးပါး ပရမတ် ကျင်းရိုလူရဲ့ ကိုယ်ဖော့ပညာက မယုံနိုင်စရာ အစွမ်းထက်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျင့်ကြံမှု အဆင့်ကိုပါ ထည့်တွက်လိုက်မယ် ဆိုရင်တော့ သူမရဲ့ ကိုယ်ဖော့ ပညာဟာ သိပ်ပြီး အံ့သြစရာ မရှိတော့ပါဘူး။ သူမက ကောင်းကင် နယ်ပယ်ကို ခြေလှမ်း တစ်ဝက်တောင် လှမ်းထားပြီးပြီ မဟုတ်ပါလား။
တိတိကျကျ ပြောရမယ်ဆိုရင်တော့ ကျင်းရိုလုနဲ့ ကြယ်ဘုရင် သုံးပါးဟာ အကြို ကောင်းကင်နယ်ပယ် ပညာရှင်တွေ ဖြစ်နေပါပြီ။ မြေကမ္ဘာနယ်ပယ် အဆင့်၉ အထွတ်အထိပ်က ပါရမီရှင်တွေနဲ့ သူမတို့ ကြားက ကျင့်ကြံမှု အဆင့် ကွာဟချက်ဟာ အတော်လေးကို ကြီးမားပါတယ်။
အကြို ကောင်းကင်ပညာရှင် ဆိုတဲ့ အဓိပ္ပာယ်က ထိုသူဟာ အချိန်မရွေး ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်လို့ ရနေပြီလို့ ဆိုလိုတာနဲ့ အတူတူပါပဲ။
ကျင်းရိုလုနဲ့ ကြယ်ဘုရင် သုံးပါးကတော့ သည်ကျားနဂါး ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး စောင့်နေတာ ဖြစ်တဲ့အတွက် အဆင့် မတက်သေးဘဲ ချီအတွင်းအားတွေကို ဖိနှိပ်ထားတာပါ။
လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ကိုယ်ဖော့ပညာ အစွမ်းထက်မှုဟာ တိုက်ရိုက် အချိုးကျပါတယ်။ ကျင့်ကြံမှု အဆင့်ကောင်း လာတာနဲ့ အမျှ ကိုယ်ဖော့ပညာကို ပိုပြီး နက်နဲ သိမ်မွေ့စွာနဲ့ ပညာရှင်ဆန်ဆန် ထုတ်သုံးနိုင်မှာပါ။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ အချို့သော အဆင့်၃ အဆင့်မြင့် မိစ္ဆာသားရဲ အချို့ဟာ အဆင့်၃ အလယ်အလတ် သားရဲတွေလောက် မမြန်ပါဘူး။ ဒါပေမဲ့ တကယ်တမ်း ယှဉ်ပြေးကြပြီ ဆိုရင်တော့ အဆင့်၃ အဆင့်မြင့် မိစ္ဆာသားရဲတွေဟာ အဆင့်၃ အလယ်အလတ် မိစ္ဆာသားရဲ တွေကို ယှဉ်ပြေးနိုင်ပါတယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ကိုယ်ထဲမှာရှိတဲ့ မိစ္ဆာချီဓာတ်တွေ ကွာခြားမှုကြောင့်ပါပဲ။
မီတာ ၁၅၀၀ အမြင့်ကို ရောက်တဲ့အခါမှာတော့ လီဖူချန်းဟာ ကျောက်ထရံ မျက်နှာပြင်ပေါ်မှာ ခြေကုပ်တစ်ချက် ရယူလိုက်ပါတယ်။ ထို့နောက်မှာတော့ ထို ခြေကုပ်အားကို အသုံးပြုပြီး သူဟာ အပေါ်ကို တစ္ဆေတစ်ကောင်ပမာ ခုန်တက် သွားပြန်ပါတော့တယ်။
လီဖူချန်းက သည်ကျောက်ထရံကြီးကို ကျော်ဖြတ်ဖို့ အတွက် နှစ်ခါပဲ ခုန်လိုက်ရပါတယ်။ သူ့ကို ကြည့်ရတာက သည်ကျောက်ထရံကြီးကို ကျော်ဖြတ်ရတာဟာ အရမ်း လွယ်ကူနေတဲ့ ပုံပါပဲ။
" သည်ကောင့်ရဲ့ လှုပ်ရှားပုံက တစ္ဆေ တစ်ကောင်လိုပဲ။ သူ့ကို လျှော့တွက်လို့ မရဘူး…"
လူတွေအားလုံးရဲ့ စိတ်ထဲမှာတော့ လီဖူချန်းဟာ ထင်သလောက် ရိုးရှင်းပုံ မရဘူးလို့ ထင်မြင် သွားခဲ့ပါပြီ။
တကယ်လို့ လီဖူချန်းမှာသာ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ရှိခဲ့မယ်ဆိုရင် သူတို့ဟာ လီဖူချန်းကို ဘယ်လိုမှ အထင်သေးရဲမှာ မဟုတ်ပါဘူး။
ခက်တာက လီဖူချန်းဟာ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်နေတာပါပဲ။ အဲဒီအတွက် ပါရမီရှင် လူငယ်တွေဟာ လီဖူချန်းကို ဘယ်လိုမှ အထင်ကြီးလို့ မရဘူး ဖြစ်နေပါတယ်။
ပြီးတော့ သူတို့ဟာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ လီဖူချန်း စွမ်းဆောင် ပြခဲ့တာတွေက ဘာမှ အထင်ကြီးစရာ မရှိဘူးလို့ ခံယူထားကျ ပါသေးတယ်။
သိုင်းတာအိုရဲ့ လမ်းစဉ်ဟာ အဆုံးမရှိတဲ့ ဖြစ်နိုင်ချေတွေ ရှိနေတာ ဖြစ်တဲ့အတွက် ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲက အဖြစ်အပျက်တွေဟာ သည်လူငယ်တွေ အတွက်တော့ သိပ်ပြီး ထူးဆန်းသလို မခံစားရပါဘူး။
ရှုး ... ရှုး ... ရွှီး ... ရွှီး ... ရွှီး ...
ကြယ်ကံကြမ္မာ တောင်ပေါ်မှာတော့ မိစ္ဆာသားရဲတွေ မရှိပါဘူး။ ဒါပေမဲ့ သည်တောင်ပေါ်မှာ ပေါက်ရောက် နေကြတဲ့ သစ်ပင် ပန်းမန်တွေကတော့ ရန်လိုတဲ့ သဘာဝ ရှိပုံပါပဲ။
အပင်တွေ အများစုဟာ ရှည်လျားတဲ့ နွယ်လက်တံ တွေကို ပိုင်ဆိုင်ထားကြပြီး အဲဒီ နွယ်လက်တံတွေရဲ့ ရိုက်ချက်တွေဟာ ကျာပွတ်ရိုက်ချက်တွေ ထက်တောင် ပြင်းထန် ပါသေးတယ်။
သတိမမူမိတဲ့ ပြိုင်ပွဲဝင် အချို့ဟာဆိုရင်တော့ သည်နွယ်လက်တံတွေရဲ့ လက်ချက်ကြောင့် ဒဏ်ရာ အကြီးအကျယ် ရကုန်တဲ့ အထိပါပဲ။ အချို့လူငယ်တွေ ကျတော့လည်း နွယ်လက်တံတွေရဲ့ ဆွဲငင် ရစ်ပတ်မှုကို ခံရပြီး လှုပ်ရှားလို့ မရတော့တဲ့ အထိကို ဖြစ်နေပါပြီ။
အဲဒီထက် ပိုဆိုးတာကတော့ သည်ကြယ်ကံကြမ္မာ တောင်ရဲ့ မြေဆွဲအားပါပဲ။ ကြယ်ကံကြမ္မာ တောင်ရဲ့ အမြင့်ပိုင်းကို ရောက်လာလေလေ သည်ဆွဲအားဟာ ပိုအားကောင်း လာလေလေ ဖြစ်နေပါတယ်။ အဲဒီဆွဲအားက သူတို့ရဲ့ ခုန်နိုင်စွမ်းကို ကန့်သတ် လာခဲ့ပါပြီ။ အဲဒီ အချက်ကိုလည်း လူတိုင်းက သတိပြုမိပါတယ်။
***
ရွပ် ... ရွပ် ... ရွပ် ...
နွယ်လက်တံတွေကတော့ လီဖူချန်းရဲ့ ဓားချက်ကြောင့် အပိုင်းပိုင်း အစစ ဖြစ်ကုန်ပါပြီ။ အစောပိုင်းမှာ တုန်းကတော့ လီဖူချန်းဟာ ဘယ်သူမှ သတိမပြုတဲ့ နေရာတစ်ခုမှာ ဝင်ပုန်း နေခဲ့တာပါ။ နွယ်လက်တံတွေဟာ အခြားသော ပြိုင်ပွဲဝင်တွေရဲ့ လက်ချက်ကြောင့် အတော်လေး ပြုတ်ပြုန်း သွားပြီးမှသာ သူက တောင်ပေါ် တက်တက်ဖို့ စဉ်းစား ထားခဲ့တယ်လေ။
ဝုန်း ...
ရုတ်တရက် ဆိုသလို လီဖူချန်းရဲ့ ခြေထောက်အောက်က မြေပြင်ဟာ နှစ်ပိုင်း ကွဲထွက်သွားခဲ့ပြီ။ ထို့နောက်မှာတော့ ပန်းပင်ကြီးတစ်ပင် ပေါ်လာပြီး သူ့ရဲ့ လက်တံတွေဟာ လီဖူချန်းရဲ့ ခြေထောက်ကို ရစ်ပတ်ဆွဲငင်ဖို့ ကြိုးစားလိုက်ပါတယ်။
" သွားစမ်း "
လီဖူချန်းကလည်း တုံ့ဆိုင်း မနေပါဘူး။ သူက ပန်းပင်ကြီးရဲ့ လက်တံတွေကို ဓားဖြင့် ရိုက်ထုတ် လိုက်ပြီး မိုးပေါ်ကို တစ်ဟုန်ထိုး ခုန်တက် သွားခဲ့ပါတယ်။
ပန်းပွင့်ကြီးရဲ့ လက်တံတွေကလည်း လီဖူချန်းနောက်ကို လိုက်ဖမ်းဖို့ ကြိုးစား သေးပေမယ့်လည်း လီဖူချန်းက လက်တံတွေ ဖမ်းလို့ မမီတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့ပါပြီ။
' သည်နေရာက အပင်တွေဟာ အသက်အန္တရာယ်တော့ မရှိဘူး။ ဒါပေမဲ့ ကျားနဂါးပြိုင်ပွဲကို ဝင်ပြိုင်လို့ မရအောင်တော့ ဒုက္ခပေးနိုင်စွမ်း ရှိနေတာပဲ'
လီဖူချန်းက နွယ်လက်တံတွေ ကြားထဲမှာ ဖမ်းမိသွားတဲ့ ပြိုင်ပွဲဝင် တစ်ဦးကို မြင်ခဲ့ဖူးပါတယ်။ နွယ်လက်တံတွေ ကြားထဲမှာ မိသွားတဲ့ ထိုပြိုင်ပွဲဝင်ဟာ မသေသွားဘဲ သတိမေ့ရုံသာ မေ့သွားခဲ့တာပါ။ ကြည့်ရတာ သည်နေရာက သစ်ပင် ပန်းမန်တွေဟာ လူတွေကို သတိမေ့လဲ သွားစေနိုင်တဲ့ အဆိပ် တစ်မျိုးကို ပိုင်ဆိုင်ထားပုံ ရပါတယ်။
လီဖူချန်း ထင်တာ မမှားဘူးဆိုရင်တော့ ထိုပြိုင်ပွဲဝင် သတိပြန်ရလာမယ့် အချိန်ဟာ ကျားနဂါးပြိုင်ပွဲ ပြီးသွားလောက်တဲ့ အချိန်ပါပဲ။
" အား ... မြေဆွဲအားကလည်း ပြင်းလှချည်လား ... "
ကြယ်ကံကြမ္မာတောင်ဟာ အနည်းဆုံးတော့ မီတာ သောင်းနဲ့ချီပြီး မြင့်ပါတယ်။ လီဖူချန်းက အခုမှ တောင်ခါးပန်း လောက်မှာပါ ရှိနေသေးတာပါ။ ဒါပေမဲ့ သည်နေရာရဲ့ မြေဆွဲအားကတော့ သာမန် မြေဆွဲအားထက် ၁၀ဆလောက်ကို အားကောင်းနေပါပြီ။ လီဖူချန်းက တစ်ခါခုန်ရင် မီတာ ၁၀၀ နီးပါး အမြင့်အထိ ရောက်အောင်သာ ခုန်နိုင်ပါတော့တယ်။ ပြီးတော့ သူ့ရဲ့ အမြန်နှုန်းကလည်း အတော်လေးကို ယုတ်လျော့ နေခဲ့ပါပြီ။ သူက အရင်လို ဆက်တိုက် မခုန်နိုင်တော့ဘဲ တစ်ခါခုန်ပြီးရင် အသက်ရှူချိန် အနည်းငယ်လောက် အမောဖြေ နေရပါသေးတယ်။
လီဖူချန်း အနေနဲ့ကတော့ သည်မြေဆွဲအား ပြဿနာကို ရင်ဆိုင် ရမှာထက်စာရင် သစ်ပင်တွေရဲ့ တိုက်ခိုက်မှုနဲ့သာ ထိပ်တိုက် ရင်ဆိုင်ချင်လိုက် တော့တာပါပဲ။
ရုတ်တရက် ဆိုသလို မိုးလည်းပြည့်မျှ ရှိနေတဲ့ နွယ်လက်တံတွေဟာ လျင်မြန်စွာဖြင့် လီဖူချန်းဆီကို တိုးဝင် လာပြန်ပါတယ်။ လီဖူချန်းက သူ့ရဲ့ဓားကို ဆွဲထုတ်လိုက်ပြီး ထိုနွယ် လက်တံတွေကို ခုတ်ဖြတ် ပစ်လိုက်ပါတယ်။
" မိစ္ဆာနှင်အရိပ် သတ်ဖြတ်ခြင်း "
ကြက်သွေးရောင် ကန့်လန့်ကာ အလင်းတန်းကြီး တစ်ခု ပေါ်လာခဲ့ အပြီးမှာတော့ နွယ်လက်တံတွေဟာ တစ်စစီ ဖြစ်သွားခဲ့ပါပြီ။
လျှိ့ဝှက်နည်းစနစ် ထုတ်မသုံးထားတာ တောင်မှ လီဖူချန်းရဲ့ ဓားချက်ဟာ ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်လွန်းပါတယ်။
' ဟင် ... သူ့ရဲ့ အစွမ်းက ... "
လီဖူချန်းရှိနေတဲ့ နေရာနဲ့ မီတာ တစ်ရာကျော် ကွာဝေးတဲ့ ကျောက်တုံးကြီး တစ်တုံး နောက်မှာ ရှိနေသူကတော့ ကျင်ခါ့ရှီ ပါပဲ။ သူမက လီဖူချန်းကို မယုံနိုင်သလို မျက်ဝန်းတွေနဲ့ စိုက်ကြည့် နေပါတယ်။
အရင်တစ်ခေါက် လက်ဖက်ရည်ပွဲတော် မှာတုန်းကတောင် လီဖူချန်းရဲ့ စွမ်းရည်က ရှောင်ပိုင်နဲ့ ရူကျန်းချီထက်ကို အနည်းငယ်လေး သာနေခဲ့တာလေ။ မတွေ့ရတာ ဘယ်လောက်မှ မကြာသေးတဲ့ အချိန်လေး အတွင်းမှာပဲ လီဖူချန်းက ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက် လာခဲ့ပါပြီ။ လီဖူချန်းရဲ့ ဓားချက်ကို မြင်ပြီးနောက်မှာ ကျင်ခ့ါရှီ သေသေချာချာ ပြောနိုင်တာ တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ လီဖူချန်းက သည်ဓားချက်ကို အားကုန်သုံးပြီး ထုတ်သုံးခဲ့တာ မဟုတ်ပါဘူး။ ဒါက သာမန် ဓားချက်လေး တစ်ခုပဲ ဖြစ်ပါတယ်။
' လူတွေအားလုံးက လီဖူချန်းကို အထင်သေး နေကြတာပဲ။ သည်စွမ်းရည်နဲ့ဆိုရင် သူက အနည်းဆုံးတော့ ထိပ်ဆုံး အယောက်၂၀ စာရင်းကို အသာလေး ဝင်နိုင်တယ်'
ကျင့်ခါရှီက တွေးလိုက်မိပါတယ်။
နောက်ထပ် တစ်နာရီလောက် အကြာမှာတော့ လီဖူချန်းက တိမ်စိုင်တိမ်ညွှန့်တွေ ကြားထဲကို ရောက်နေခဲ့ပါပြီ။ သည်နေရာက တောင်ထိပ်နဲ့ သိပ်မဝေးတော့ပါဘူး။
ဒါပေမဲ့ သည်နေရာမှာဆိုရင် လက်ရွေးစင် ပါရမီရှင်တွေနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ နှုန်းက အခြား နေရာတွေထက် ပိုများပါတယ်။
" မင်းကိုး ... "
သည်နေရာကို လီဖူချန်းထက် ကြိုရောက်ပြီး အမောဖြေနေတဲ့ သူတစ်ယောက် ရှိနေပါတယ်။ အဲဒီ လူကတော့ ဟန်ဖန်း ပါပဲ။
ဟန်ဖန်းကတော့ တောင်တက်လမ်းကို ရွေးချယ်တဲ့ နေရာမှာ အတော်လေး ကံကောင်း ခဲ့တယ်လေ။ သူတက်လာတဲ့ လမ်းတစ်လျှောက်မှာ ဒုက္ခပေးနိုင်နဲ့ အပင်တွေ များများစားစား မရှိခဲ့ပါဘူး။
" ငါဖြစ်တော့ မင်းဘာလုပ်မလဲ"
လီဖူချန်းက ဟန်ဖန်းရဲ့ မျက်လုံးကို စိုက်ကြည့်ပြီး ပြန်မေးလိုက်ပါတယ်။
ဟန်ဖန်းက မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ရောက်နေပါပြီ။ ဒါပေမဲ့ လီဖူချန်းရဲ့ စွမ်းရည်တွေနဲ့ ဆိုရင်တော့ သူက ဟန်ဖန်းကို မှုစရာ မလိုပါဘူး။
" မိုက်ရိုင်းလိုက်တဲ့ ကောင် ...။ မင်းကိုယ်မင်း နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ လက်ရင်း တပည့်ဆိုပြီး ဘဝမြင့်နေတာလား ...။ မင်းကို ဘယ်သူမှ စောက်ထင် မကြီးဘူးကွ။ တောင်ပေါ်ကနေ ဆင်းသွားစမ်း ... "
ဟန်ဖန်းက လီဖူချန်းရဲ့ တိုက်ခိုက်ပုံတွေကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ကြယ်တာရာ လမ်းမပေါ်မှာ တုန်းကလည်း လီဖူချန်းက သူ့ကို ပြန်မတိုက်ဘဲ အဝေးကိုသာ ပြေးသွားခဲ့တာလေ။ အဲဒီတော့ သူက လီဖူချန်းကို အထင်မကြီးတာလည်း မဆန်းပါဘူး။
ဟန်ဖန်းက လက်သီးတစ်လုံး ပစ်ထိုးလိုက်ပါတယ်။ ငွေရောင် အလင်းတန်း တစ်ခုကတော့ ကြယ်ကြွေ ကျလာသလို ပုံသဏ္ဌာန်မျိုးနဲ့ လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။
( note - ဟန်ဖန်း က ငွေသံမဏိ သတ္တုနဲ့ လုပ်ထားတဲ့ သတ္တုလက်သီး အစွပ်ကို စွပ်ထားတာ ဖြစ်ပါတယ်။ )
သူသည်လက်သီးသိုင်းကတော့ ဆန်းကြယ် အလယ်အလတ် အဆင့်ရှိတဲ့ ကြယ်ပင်လယ် လက်သီးသိုင်းပါပဲ။
" မင်းက ဇက်ကောင်းလို့ ဓားတောင်းနေတာပဲ "
ပထမဆုံးအကြိမ် ကြယ်တာရာ လမ်းမပေါ်မှာ တွေ့ဆုံခဲ့ ကတည်းက လီဖူချန်းရဲ့ စွမ်းရည်က ဟန်ဖန်းထက် သာလွန်နေခဲ့ ပြီးပါပြီ။ သူက အဓိပ္ပာယ် မရှိတဲ့ တိုက်ပွဲမျိုးကို မတိုက်ချင်တဲ့ အတွက် ဟန်ဖန်းရဲ့ အဝေးကို ရှောင်ထွက် သွားခဲ့တာပါ။
အခု ၂ နှစ် ကြာပြီးတဲ့ အချိန်မှာ ဆိုရင်တော့ လီဖူချန်းဟာ ဟန်ဖန်းလို လူမျိုးကို မျက်လုံးထဲမှာတောင် ထည့်ထားစရာ မလိုတော့ပါဘူး။
လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ လက်ရွေးစင် ပါရမီရှင် ၁၃ ယောက်ကိုပဲ ပြိုင်ဘက် အဖြစ် မြင်ပါတယ်။
ဟန်ဖန်းက စတင်ပြီး တိုက်ခိုက်လာတာ ဖြစ်တဲ့ အတွက် လီဖူချန်းကလည်း ငြိမ်ခံ မနေတော့ပါဘူး။ သူက မီးနဂါး လျှို့ဝှက်နည်းစနစ်နဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအားကို တစ်ပြိုင်တည်း ထုတ်ဖော် လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူ့ရဲ့ ဒုတိယမြောက် ပေါင်းချုပ် ဓားကွက်ဖြင့် ဟန်ဖန်းရဲ့ တိုက်လိုက်မှုကို ခံဆောင်လိုက်ပါတယ်။
ဝုန်း ...
လေထုထဲမှာ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်လာပြီး နောက်မှာတော့ ဟန်ဖန်းဟာ ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။
တစ်ကွက် ...
တစ်ကွက်တည်းနဲ့ ဟန်ဖန်းဟာ မရှုမလှ အရေးနိမ့်သွားခဲ့တာပါ။
ဟန်ဖန်းရဲ့ မွေးရာပါ ပါရမီကတော့ လီရှင်းယုကို ယှဉ်နိုင်ပေမယ့် သူ့ရဲ့ ကျင့်ကြံမှု အချိန်ဟာ လီရှင်းယုလောက် မကြာသေးပါဘူး။ အဲဒီအတွက် သူဟာ လီဖူချန်းရဲ့ ဓားကွက်ကို ဘယ်လိုမှ ခုခံနိုင်စရာ အကြောင်း မရှိပါဘူး။
ဟန်ဖန်းကတော့ သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းတောင် မသိလိုက်တဲ့ ပုံပါပဲ။ သူက မြေကြီးပေါ်မှာ ငူငူငိုင်ငိုင်ကြီး ထိုင်နေပါတယ်။
" ရေတွင်းထဲက ဖားက အပြင်လောကကြီး ဘယ်လောက် ကြီးကျယ်သလည်း ဆိုတာကို ဘယ်တော့မှ သိမှာ မဟုတ်ဘူး။ မင်းက ဂြိုဟ်ခုနစ်လုံးထဲက ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ မင်းထက် အစွမ်းထက်တဲ့သူ အများကြီး ရှိသေးတယ်ဆိုတာကို ဘယ်တော့မှ မမေ့လိုက်နဲ့ "
လီဖူချန်းက ပြောစရာရှိတာ ပြောပြီးတာနဲ့ ပြေးထွက် သွားပါတော့တယ်။ သူက ဟန်ဖန်းကို သတ်ဖို့ အထိတော့ စိတ်ကူးမရှိပါဘူး။ လီဖူချန်းရဲ့ ခံယူချက်ကတော့ မလိုအပ်ဘဲနဲ့ လူမသတ်ချင်တာပါပဲ။
ပြီးတော့ သူက ရန်ငြိုးတွေ များလာအောင် မလုပ်ချင်ပါဘူး။ ပဟေဠိ သိုင်းသမားတွေက ကျားနဂါးပြိုင်ပွဲ ပြီးရင် ထွက်သွားတော့မယ် ဆိုတာကို အကြမ်းဖျင်းအားဖြင့် သူသိထားပြီးပါပြီ။ ထွက်ခွာမယ့် အချိန်ကိုသာ တိတိကျကျ မသိသေးတာပါ။ အဲဒီအတွက် ရန်သူနည်းလေ ကောင်းလေပဲလို့ သူတွေးထားပါတယ်။
သိပ်မကြာခင် အချိန်မှာတော့ လီဖူချန်းဟာ ကြယ်ကံကြမ္မာ တောင်ထိပ်ကို ရောက်လာခဲ့ပါပြီ။
ကြီးမားလှတဲ့ တောင်ကြီးတစ်လုံး ဖြစ်တဲ့အလျောက် ကြယ်ကံကြမ္မာ တောင်ထိပ်ရဲ့ အကျယ်အဝန်းဟာ မီတာထောင်ချီပြီး ကျယ်ဝန်းပါတယ်။
တောင်ထိပ်ရဲ့ အလယ်တည့်တည့်မှာတော့ ရိုးရှင်းစွာ ပုံဖော်ထားတဲ့ စက်ဝိုင်း ပုံသဏ္ဌာန် စင်မြင့်ကြီး တစ်ခု ရှိနေပါတယ်။ အဲဒီစင်မြင့်ကို ဝန်းရံထားတာကတော့ ကျောက်တုံးမဏ္ဍိုင် ၁၀၈ ခုပါပဲ။ အဲဒီ ကျောက်တုံး မဏ္ဍိုင်တစ်ခုချင်း ထံကနေတော့ အဝါဖျော့ဖျော့ စွမ်းအင်စီးကြောင်းတွေ ထွက်ပေါ်နေပါတယ်။
ထိုကျောက်တုံး မဏ္ဍိုင်တွေထဲက အခု၂၀ကျော်ဟာတော့ ပိုင်ရှင်တွေ ရှိနေကြပါပြီ။ ထိုကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရှိနေတဲ့ လူငယ်တိုင်းဟာ ထူးခြားတဲ့ ကိုယ်ယောင် ကိုယ်ဝါတွေကို ပိုင်ဆိုင် ထားကြပါတယ်။
ဝှစ် ...
လီဖူချန်းကလည်း လွတ်နေတဲ့ ကျောက်တုံးမဏ္ဍိုင် တစ်ခုအပေါ်ကို ခုန်တက်လိုက်ပါပြီ။
သည်ကျောက်တုံး မဏ္ဍိုင်တွေက ကောင်းကင်ငှက် ကျောက်တုံး မဏ္ဍိုင်တွေပါပဲ။ အဝါရောင် ဖျော့ဖျော့ စွမ်းအင်တွေကတော့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်တွေပါ။ သည်စွမ်းအင်တွေက ကောင်းကင် နယ်ကယ် ပညာရှင်တွေကို ကျင့်ကြံရာမှာ အထောက်အကူ ပြုပါတယ်။
ဒါပေမဲ့ ဒီကျောက်တုံး မဏ္ဍိုင်တွေမှာ ရောက်နေပြီ ဆိုတာနဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်တွေကို ရမှာ မဟုတ်ပါဘူး။ ထိပ်ဆုံးအဆင့် ၃၆ ယောက်အထိ ဝင်နိုင်တဲ့ ပြိုင်ပွဲဝင်တွေမှသာ ဒီကောင်းကင်ငှက် တိုက်ပွဲဝင်ချီတွေရဲ့ အစွမ်းကို ရယူနိုင်မှာပါ။
ဟူး ... ...
လေတိုးသံ တစ်ခုနဲ့အတူ လီဖူချန်းရဲ့ ဘေးက ကျောက်တုံး မဏ္ဍိုင်ပေါ်မှာ လူတစ်ယောက် ရောက်လာခဲ့ပါပြီ။ ထိုလူရိပ်ကတော့ ရန်ချင်းဟူ ပါပဲ။
" မင်းက ကျောက်တုံး မဏ္ဍိုင်တစ်ခုကို ရယူထားပေမယ့်လည်း မကြာခင်မှာ မင်းနေရာကို လုမယ့်သူတွေ ပေါ်လာမှာပါကွာ "
နဂါးဓား သခင်လေးက လီဖူချန်းကို ကြည့်ကာ စိတ်ထဲကနေ ပြောလိုက်ပြီး မျက်လုံး မှိတ်လိုက်ပါတယ်။ သူ့ပုံစံကို ကြည့်ရတာက လီဖူချန်းကို ပြိုင်ဘက် စာရင်းထဲမှာ မထည့်ထားတဲ့ ပုံပါပဲ။
***