စီးပွားရေးခြေလှမ်း
Vol. 21 Ch. 288
တိုက်ခိုက်လိုစိတ်ရှိနေသေးလျှင် သူ့ပါရမီကြောင့် မည်သည့်အရာမဆို ဖြစ်နိုင်သည်။
“နေမင်းရောင်ဝါနန်းတော်ဟောင်းရဲ့ မိုင်သုံးသောင်းပတ်လည်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အပိုင်အဖြစ် သိမ်းယူချင်တဲ့ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ”
“ပြီးတော့ ခေါင်းဆောင်တောက်ရင်က မင်းနဲ့အတူ နေမင်းရောင်ဝါနန်းတော်ဟောင်းကို သွားခဲ့တာမဟုတ်လား။ သူက ဘာဖြစ်လို့ပြန်မလာတာလဲ”
ကျင်းကျီက ဟန်မူယဲ့ကိုကြည့်သည်။ ထိုကိစ္စများနှင့် ပတ်သတ်ပြီး အကြောင်းပြချက်ရှိရမည်။
ဂိုဏ်း၏အကြီးအကဲများက ဆွေးနွေးကြည့်ခဲ့သေးသည်။ ခေါင်းဆောင်တောက်ရင်တို့က နေမင်းရောင်ဝါနန်းတော်ဟောင်းတွင် တစ်ခုခုရှာတွေ့ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဟန်မူယဲ့က ထိုသို့ကြေညာခဲ့ခြင်းဖြစ်မည်။
ကျင်းကျီ၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးသည်။
ယခင်က အာကာသလမ်းကြောင်း မတည်ငြိမ်ခဲ့ပေ။ ထို့ကြောင့် မူလမီးတောက်ကမ္ဘာမှာ တပည့်မည်မျှလေ့ကျင့်နိုင်ကြောင်း မသိနိုင်ပေ။
သို့သော်လည်း သူပြန်လာသောအခါတွင် အနက်ရောင်ဓားငယ်က အာကာသလမ်းကြောင်းကို ပြုပြင်ခဲ့သည်။ ထို့ကြောင့် အနာဂတ်မှာ တပည့်များလေ့ကျင့်ရန်အတွက် စီစဉ်ပေးနိုင်သည်။
မူလမီးတောက်ကမ္ဘာတွင် ကောင်းကင်တာအိုက အားနည်းသည်။ ထို့ကြောင့် အဆင့်နိမ့်ကျင့်ကြံသူများ လွယ်ကူစွာအဆင့်တက်နိုင်သည်။
ထို့အပြင် အတွေ့အကြုံအတွက် အစွမ်းကုန်တိုက်ခိုက်နေသော ပြင်ပဘုံကျင့်ကြံသူများလည်း ရှိနေသည်။
ဓားကျင့်ကြံသူတစ်ယောက်က မသတ်ဖြတ်ဘဲ နေ၍မဖြစ်ပေ။
သူက မူလမီးတောက်ကမ္ဘာ၏အခြေအနေအကြောင်းကို အသေးစိတ်ရှင်းပြခဲ့သည်။
ခေါင်းဆောင်တောက်ရင်၏ လက်ရှိအခြေအနေကိုလည်း ပြောပြလိုက်သည်။
မူလမီးတောက်ကမ္ဘာ၏ မူလမီးတောက်နန်းတော်မှာ ပြင်ပဘုံကျင့်ကြံသူများ ကျူးကျော်ခဲ့သောအချိန်တွင် ခေါင်းဆောင်တောက်ရင်က အာကာသဝိညာဉ်သူငယ်ဆေးလုံးကိုစားသုံးပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်၏ အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။ သူက အချိန်မရွေး အဆင့်တက်သွားနိုင်သည်။
“စီနီယာအစ်ကိုတောက်ရင်က ကောင်းကင်ဘုံအဆင့်ကို တက်သွားဖို့ အခွင့်အရေးရှိနေပြီလား”
ကျင်းကျီက မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကိုကြည့်သည်။
“မင်း၊ မင်းက တကယ်ပဲ အာကာသဝိညာဉ်သူငယ်ဆေးလုံးကို သန့်စင်နိုင်ခဲ့တယ်လား”
ကျင်းကျီတင်မကဘဲ ဘေးမှာရပ်နေသော ထို့ပါ့ချန်ကပါ အသက်ရှူအောင့်ထားပြီး ဟန်မူယဲ့ကိုကြည့်သည်။
ထိုသတင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။
“ဟုတ်တယ်။ ကျွန်တော်က အာကာသဝိညာဉ်သူငယ်ဆေးလုံးကို သန့်စင်ခဲ့တယ်”
သူက သန့်စင်နိုင်ရုံတင်မကဘဲ ဆေးလုံး၏အရည်အသွေးကလည်း အလွန်အဆင့်မြင့်လိမ့်မည်။
ခေါင်းဆောင်တောက်ရင်က ဆေးတစ်လုံးသောက်ပြီး အချိန်မရွေးအဆင့်တက်သွားနိုင်သော အခြေအနေတွင်ရှိသည်။
ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ထို့ပါ့ချန်နှင့် ကျင်းကျီ၏မျက်လုံးများ တောက်ပသွားသည်။
“ကောင်းတယ်။ ကောင်းတယ်”
ကျင်းကျီက တင်းကျပ်စွာလက်သီးဆုပ်ထားပြီး အကြိမ်ရေအနည်းငယ်ဝှေ့ယမ်းလိုက်သည်။ သူက လေးနက်နေသောထို့ပါ့ချန်ကိုကြည့်လိုက်ပြီး ပြုံးသည်။
“ခေါင်းဆောင်တောက်ရင်က ကောင်းကင်ဘုံအဆင့်ကိုရောက်သွားရင် အဲဒီအချိန်မှာ ငါတို့က ....”
“ဟားဟား၊ အဲဒီလိုဆိုရင်တော့ ငါက ကောင်းကောင်းအနားယူနိုင်ပါပြီ”
ထို့နောက် သူက တီးတိုးပြောသည်။
“ဟန်လေး၊ မင်းက အဲဒီဆေးလုံးကို ထပ်ပြီးသန့်စင်နိုင်လား”
သူ သန့်စင်နိုင်သည်။
အမှန်အတိုင်းပြောရလျှင် သူ့တွင် အင်မော်တယ်အဆင့် အာကာသဝိညာဉ်သူငယ်ဆေးလုံး နှစ်လုံးကျန်သေးသည်။
သူက ထုတ်မသုံးချင်၍မဟုတ်ဘဲ ထုတ်သုံးရန်အတွက် အချိန်မကျသေးသောကြောင့်ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တခြားမဟာအကြီးအကဲများက ခေါင်းဆောင်တောက်ရင်ကဲ့သို့ ဆေးပင်များ မစုစည်းနိုင်ပေ။
ထို့ပါ့ချန်ကလည်း လိုအပ်နေသေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကျင်းကျီကိုကြည့်၍ ပြောသည်။
“ဂိုဏ်းချုပ်၊ ဆေးပင်တွေရှိရင် ကျွန်တော်သန့်စင်ပေးနိုင်ပါတယ်”
ထို့နောက် သူက ရပ်လိုက်ပြီး ဆက်ပြောသည်။
“ကျွန်တော်က သက်တမ်းဆွဲဆန့်ခြင်းဆေးလုံးကိုလည်း သန့်စင်နိုင်တယ်”
သက်တမ်းဆွဲဆန့်ခြင်းဆေးလုံး…
ထို့ပါ့ချန်၏မျက်လုံးများက တောက်ပသွားပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“ကောင်းပြီ။ လိုအပ်တဲ့ဝိညာဉ်ဆေးပင်တွေ ငါစုဆောင်းထားလိုက်မယ်”
ကျင်းကျီက မည်သည့်အရာမှမပြောဘဲ ပြုံးလျက် ခေါင်းခါသည်။
“မူလမီးတောက်ကမ္ဘာမှာ အခွင့်ကောင်းတစ်ခု ရှိနေမှာတော့ ဂိုဏ်းရဲ့တပည့်တွေက သင့်တော်တဲ့ပါရမီနဲ့ တိုက်ခိုက်နိုင်စွမ်းရှိနေရင် အဲဒီကို သွားရမှာပေါ့”
ထို့ပါ့ချန်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ညွှန်ပြသည်။
“တိုက်ရိုက်တပည့်တွေ၊ လက်ရွေးစင်တွေနဲ့ အတွင်းစည်းတပည့် ထိပ်ဆုံးသုံးရာ အကုန်လုံးသွားမယ်”
“ဒါပေမဲ့ မင်းတို့အုပ်စုရဲ့ ခြေရာလက်ရာတွေကိုတော့ ဖျောက်သွားရမယ်”
‘သူတို့အားလုံးလား’ ဟန်မူယဲ့က တွေးသည်။
မူလမီးတောက်ကမ္ဘာက သတ်ဖြတ်ခြင်းနယ်မြေတစ်ခုဖြစ်သည်။ တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျင့်ကြံသူများက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများထက် အစွမ်းထက်သည်။
ဟန်မူယဲ့က သူ့ကိုကြည့်နေကြောင်း မြင်လိုက်ရသောအခါတွင် ထို့ပါ့ချန်က ကျယ်လောင်စွာရယ်သည်။
“ဓားကျင့်ကြံသူတစ်ယောက်က သတ်ဖြတ်မှုတွေမရှိဘဲ ဘယ်လိုလုပ်ပြီး တိုးတက်လာမှာလဲ”
ထိုအရာက မှန်ကန်သည်။
သူတို့သုံးယောက်က ထိုကိစ္စကြီးကို ဆုံးဖြတ်ပြီးသွားသောအခါတွင် ပုံမှန်အတိုင်း စကားပြောနေကြသည်။
လတ်တစ်လောတွင် ကိစ္စအများအပြား ဖြစ်သွားခဲ့သည်။ မူမိသားစုခေါင်းဆောင်နှင့် နတ်မိမယ်ပီအိုနေးတို့က ကောင်းကင်ဘုံအဆင့်မှာရှိနေပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ချဉ်းကပ်လာသည်။ ထိုအရာက အံ့အားသင့်စရာတစ်ခုဖြစ်သည်။
ဖုန်းရှို့တောင်ကုန်းတွင် ရှန့်ယန်မိစ္ဆာဂိုဏ်းခေါင်းဆောင် လီမူပိုင်က မိစ္ဆာမီးတောက်များဖြင့် လှုပ်ရှားနေသည်။
“ကောင်လေး၊ ပိုင်စုန်ကျန်းနဲ့ သိပ်ပြီးမနီးကပ်တာကောင်းလိမ့်မယ်။ မိစ္ဆာလီမူပိုင်က အကျိုးအကြောင်းသင့်တာမဟုတ်ဘူး”
ထို့ပါ့ချန်က သတိပေးသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူက ပိုင်စုန်ကျန်းကို အမြဲတမ်းစီးပွားဖက်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့သည်။
သူမ၏အဖေက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မိစ္ဆာကြီးတစ်ယောက်မဟုတ်ခဲ့လျှင် သူတို့က ရင်းနှီးသောမိတ်ဆွေများ ဖြစ်လာနိုင်သည်။
ယခုအချိန်တွင် အကွာအဝေးတစ်ခုခြားထားခြင်းက ပိုကောင်းသည်။
နောက်နှစ်တစ်ရာအတွင်း တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများက ဖြည်းဖြည်းချင်းဝင်ရောက်လာလိမ့်မည်။ သူတို့နှင့် အနောက်ဘက်နယ်စပ်ကုန်းမြေက သဘောတူညီချက်ထားရှိသော်လည်း ရန်ပွဲများ ဖြစ်လာလိမ့်မည်။
တောင်ပိုင်းကုန်းမြေတွင် များပြားလှသော မိစ္ဆာကျွမ်းကျင်သူများရှိသည်။ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲက အရင်းအမြစ်များကိုခွဲဝေပြီး အနာဂတ်အခြေအနေနှင့် ရင်ဆိုင်ရန်အတွက်ဖြစ်သည်။
“အခုတစ်လော ဂိုဏ်းတွေမှာ ပြဿနာအမျိုးမျိုးဖြစ်နေတယ်။ မင်းက ဓားစံအိမ်ထဲမှာပဲ တည်တည်ငြိမ်ငြိမ်လေ့ကျင့်နိုင်တယ်”
ထို့ပါ့ချန်က ရယ်လိုက်ပြီး တီးတိုးပြောသည်။
ပြဿနာ…
ထိုပြဿနာက ဟန်မူယဲ့နှင့် သက်ဆိုင်နေသည်။
ဟန်မူယဲ့က ကောင်းကင်မိစ္ဆာကို သတ်ဖြတ်လိုက်သောအခါတွင် ကောင်းကင်မိစ္ဆာထိန်းချုပ်ထားသော ဂိုဏ်းအသီးသီးရှိလူများက ရူးသွပ်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ လင်တောက်တာအိုဂိုဏ်း၊ ဖုန်းလင်ဓားဂိုဏ်း .... မည်သည့်ဂိုဏ်းမှ မလွတ်မြောက်ခဲ့ပေ။
တချို့လူများက အဆင့်နိမ့်တပည့်များဖြစ်ပြီး တချို့ကတော့ အဆင့်မြင့်ဂိုဏ်းခွဲမှူးနှင့် အကြီးအကဲများဖြစ်နေသည်။
အသေးစားဂိုဏ်းတချို့တွင် ဂိုဏ်းခေါင်းဆောင်ဖြစ်နေခဲ့သည်။
ထိုလူများက ရူးသွပ်သွားပြီး ပြဿနာအမျိုးမျိုး ဖြစ်လာစေသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းများက ကိုယ်ပိုင်ပြဿနာကို ဖြေရှင်းနေရသဖြင့် ဟန်မူယဲ့က တည်ငြိမ်စွာလေ့ကျင့်နိုင်မည်ဟု ထို့ပါ့ချန်ပြောလိုက်ခြင်းဖြစ်သည်။
‘ဒါက အံ့အားသင့်စရာတစ်ခုလား ဒါမှမဟုတ် ကပ်ဘေးလား’
ဟန်မူယဲ့က တောင်ထိပ်မှာ အကြာကြီးမနေခဲ့ဘဲ ဓားစံအိမ်သို့ ပြန်လာသည်။
ကျင်းကျီနှင့်ထို့ပါ့ချန်က ရှုပ်ထွေးသောမျက်နှာထားများနှင့် သူ့ကို ကြည့်နေသည်။
“ဒီလောကက နောက်ဆုံးမှာတော့ လူငယ်တွေအတွက်ပဲ ....”
ကျင်းကျီက ခေါင်းခါလိုက်ပြီး ခန်းဆောင်ထဲသို့ ဝင်သွားသည်။
....
ဟန်မူယဲ့ကဓားစံအိမ်သို့ပြန်လာသောအခါတွင် ယန်မင်ရွှမ်၊ လျှိုဟုန်နှင့် တခြားသူများက သူ့ဆီသို့ လျင်မြန်စွာရောက်လာသည်။
“စီနီယာအစ်ကိုဟန်၊ မဟုတ်ဘူး အကြီးအကဲဟန်၊ ကျင့်ကြံဆင့်က အဆင်ပြေလား”
လျှိုဟုန်က ရှေ့တက်လာပြီး ဟန်မူယဲ့ကို ခြေဆုံးခေါင်းဆုံးကြည့်လျက် တီးတိုးမေးသည်။
“ဘာဖြစ်လို့လဲ”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ငါ့ကျင့်ကြံဆင့် ပျက်စီးသွားရင် မင်းတို့ကို မကာကွယ်နိုင်မှာ စိုးရိမ်လို့လား”
လျှိုဟုန်၏မျက်နှာထားက တောင့်တင်းသွားသည်။ သူက စကားပြောတော့မည့်အချိန်မှာပဲ ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ပခုံးပုတ်ပေးသည်။
“ကောင်းကင်ကျင့်ကြံပါ။ မင်းတို့က တခြားအရာတွေကို စိုးရိမ်စရာမလိုဘူး”
ထိုနောက် သူက တိတ်ဆိတ်စွာရပ်နေသော ကျန်းမင်၊ ယန်မင်ရွှမ်နှင့် လင်းရှန်တို့ကိုကြည့်သည်။
ယန်မင်ရွှမ်၏ကျင့်ကြံခြင်းက အများအပြားတိုးတက်လာသည်။
ယန်တင်းရှန်၏သေဆုံးခြင်းနှင့် အလင်းတောင်ကုန်းဓားဂိုဏ်း၏ အေးစက်သောဆက်ဆံရေးကြောင့် သူက နေ့တိုင်း အစွမ်းကုန်ကျင့်ကြံသည်။
ကျန်းမင်က ယခင်အတိုင်းပင်ဖြစ်သည်။ သို့သော်လည်း သူ့ကျင့်ကြံခြင်းက အနည်းငယ်တိုးတက်လာပုံပေါ်ပြီး ခံစားချက်ကောင်းနေပုံရသည်။
လင်းရှန်၏အငွေ့အသက်ကတော့ ပိုမိုတည်ငြိမ်လာသည်။
“ငါက ဓားစံအိမ်ရဲ့ကိစ္စတွေကို စီစဉ်ပေးပြီး တံခါးပိတ်ကျင့်ကြံတော့မယ်”
သူက ဓားစံအိမ်၏ တတိယထပ်သို့တက်သွားသည်။ နေရာက ယခင်အတိုင်းပင်ဖြစ်သည်။
ဟန်မူယဲ့က စားပွဲရှည်တွင်ထိုင်လိုက်ပြီး မျက်လုံးများတောက်ပလာသည်။
“သခင်လေး”
ကျန်းမင်က ရှေ့တိုးလာပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ကျန်းမင်က ခုန်းချောင်တိနှင့်အတူ ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်စီးပွားရေးကို စတင်နေကြောင်း ပြောခဲ့သည်။
ခုန်းချောင်တိက အမှန်တကယ် လုပ်နိုင်စွမ်းရှိသည်။
သူတို့က အချိန်တိုအတွင်း၌ ဆိုင်စီးပွားရေးမှ ဆေးလုံးဖြန့်ဖြူးခြင်းအထိ ဆောင်ရွက်နိုင်ခဲ့သည်။
“အခု ကျွန်တော်တို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ မိသားစုငယ်လေးတွေကြားမှာ နာမည်ရလာဖို့ သာမန်အရည်အသွေး အဆင့်နိမ့်ဆေးလုံးတွေကိုပဲ ရောင်းပါသေးတယ်”
“ဆိုင်ရှင်ပိုင်ကိုလည်း ဆေးလုံးတွေ ထောက်ပံ့ပေးထားပါတယ်။ ဂိုဏ်းက ဆေးလုံးတွေ လိုအပ်နေတာမျိုး မရှိပါဘူး”
ဆေးလုံးထောက်ပံ့မှုအတွက် ပြဿနာမရှိပေ။ အစောပိုင်းအဆင့်တွင် ပိုင်မိသားစုကဲ့သို့ စီးပွားရေးလုပ်ငန်းကြီးများနဲ့ ဆက်သွယ်ဖို့မလိုပေ။
“စပါးစိမ်းတောင်ကုန်းရဲ့ ကောင်းကင်အဆင့်မိစ္ဆာမူကျင်းနဲ့ ခုန်းချောင်းတိကို ဆက်သွယ်ခိုင်းလိုက်”
ဟန်မူယဲ့က ပြောသည်။
ကောင်းကင်အဆင့်မိစ္ဆာ…
ကျန်းမင်က မျက်လုံးပြူးသွားသည်။
‘အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ဘယ်နှယောက်ရှိလို့လဲ’
‘သူတို့ရဲ့သခင်လေးက ကောင်းကင်အဆင့်မိစ္ဆာနဲ့ ဆက်သွယ်နိုင်တယ်’
“ငါတို့က အဆင့်နိမ့်ဆေးလုံးတင်မကဘဲ အဆင့်မြင့်ဆေးလုံးကိုလည်း လုပ်ရမယ်”
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ကျန်းမင်ကိုကြည့်သည်။
“ဒါပေမဲ့ အဲဒီဆေးလုံးတွေကို အနောက်ဘက်နယ်စပ်ကုန်းမြေမှာ မရောင်းဘူး”
“အလယ်ပိုင်းကုန်းမြေမှာ ရောင်းမယ်”
အလယ်ပိုင်းကုန်းမြေ…
သူက အလယ်ပိုင်းကုန်းမြေတွင် စီးပွားရေးဖြန့်ကျက်ချင်သည်။
ကျန်းမင်၏လည်ပင်းက အနည်းငယ်လှုပ်ရှားသွားပြီး မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပေါ်လာသည်။
အဆုံးတွင် သူက ဖျော့တော့စွာပြုံးလျက် ပြောသည်။
“သခင်လေး၊ ကျွန်တော်က အဲဒီအကြောင်းကို တစ်ခါမှတောင်မတွေးရဲဘူး”
သူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံခြင်းလောကက သူ့အတွက် ကမ္ဘာတစ်ခုသဖွယ်ဖြစ်သည်။ သူက အလယ်ပိုင်းကုန်းမြေတွင် ဆေးလုံးများရောင်းချဖို့ တစ်ခါမှမတွေးဘူးပေ။
ဟန်မူယဲ့၏ညွှန်ကြားချက်အရ ကျန်းမင်က ခုန်းချောင်တိနှင့်ဆက်သွယ်ပြီး အလယ်ပိုင်းကုန်းမြေသို့ ကုန်သွယ်ရေးလမ်း ဖောက်ရမည့်အပြင် နေမင်းရောင်ဝါနန်းတော်ဟောင်းကို အပိုင်သိမ်းထားသော ထန်ယွမ်ဟောင်နှင့်လည်း ဆက်သွယ်ရမည်။
ထိုနေရာတွင် မူလမီးတောက်ကမ္ဘာ၏ အရင်းအမြစ်များရှိသည်။
ကျန်းမင်က ဟန်မူယဲ့၏ စီးပွားရေးအစီအစဉ်ကြောင့် အလွန်ထိတ်လန့်သွားသည်။ သူက အောက်ထပ်သို့ ကြောင်အစွာဆင်းလာသည်။
‘သခင်လေးက ကြီးကြီးမားမားလုပ်ဖို့ ဘယ်လောက်များတွေးထားတာလဲ’
သူအောက်ဆင်းလာသောအခါ အောက်ထပ်တွင်စောင့်နေသောလင်းရှန်က ခြေလှမ်းကျဲများနဲ့ အပေါ်သို့တက်သွားသည်။
“အစ်ကိုဟန်၊ နောက်ကျရင် ကျွန်တော်က အစ်ကိုဟန်ရဲ့ ကိုယ်ပိုင်အစောင့်ဖြစ်လာလိမ့်မယ်”
လူသားတစ်ယောက်သဖွယ်ဖြစ်နေသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး လင်းရှန်က လေးနက်စွာပြောသည်။
ထိုသို့ပြောလိုက်ပြီး သူ့အငွေ့အသက်များကို ထုတ်လွှတ်သည်။