← Chapters

ငယ်ရွယ်သော်လည်း အိုမင်းသောသူ

Vol. 21 Ch. 291

ငယ်ရွယ်သော်လည်း အိုမင်းသောသူ

Vol. 21 Ch. 291

လျှိုဟုန်သည် ကောင်းမိသားစု၏ ဓားအကဲဖြတ်ပွဲသို့ သွားနေသည်။

ကျန်းမင်မှာ တောင်အောက်တွင် စီးပွားရေးကိစ္စများဖြင့် အလုပ်ရှုပ်ပြီး ပြေးလွှားနေရသည်။

အမျိုးမျိုးသော အထောက်အပံ့များနှင့်ပတ်သတ်ပြီး ခုန်းချောင်တိနှင့် တခြားလူများအတွက် လှုပ်ရှားပေးနေသောကျန်းမင်ကို လင်းရှန်ကလည်း တောင်ခြေတွင် ကူညီနေသည်။

ယန်မင်ရွှမ်က ဓားများကိုသန့်ရှင်းရေးလုပ်ပြီး ဓားလက်ခံခြင်းနှင့် ဖြန့်ဝေခြင်းအတွက် တာဝန်ကျနေသည်။

ဓားစံအိမ်ထဲတွင် ဓားချီများနှင့် ပြည့်နေသည်။

“စီနီယာအစ်ကိုဟန်၊ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီပဲ”

အောက်ဆင်းလာသော ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ယန်မင်ရွှမ်က အနားရောက်လာပြီး တီးတိုးပြောသည်။

“ဆိုင်ရှင်ပိုင်စုကျန်းက ခဏခဏ လာရှာသေးတယ်။ မူရှန်မြို့ကလည်း ဆေးလုံးနဲ့ ဝိညာဉ်ဆေးပင်တချို့ ပို့လိုက်တယ်”

ယန်မင်ရွှမ်က စားပွဲရှည်အောက်တွင်ရှိ‌သော သစ်သားသေတ္တာတစ်လုံးကိုထုတ်ယူ၍ ဟန်မူယဲ့ကို ပေးသည်။

‘မူရှန်မြို့လား’

ဟန်မူယဲ့က သေတ္တာကိုဖွင့်ကြည့်လိုက်ပြီး အထဲတွင်ရှိနေသောအရာကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။

မူမိသားစုခေါင်းဆောင်နှင့် နတ်မိမယ်ပီအိုနေးက ကုသဆေးတချို့ကို ကိုယ်တိုင်သန့်စင်ပေးလိုက်ရုံတင်မကဘဲ အိတ်တစ်အိတ်ကိုလည်း ထည့်ပေးလိုက်သည်။

ထိုအိတ်ထဲတွင် အင်မော်တယ်အဆင့် တိမ်မြူချီဆေးလုံးများ ရှိနေသည်။

စုစုပေါင်း ဆေးလုံးရှစ်ဆယ်ရှိသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဟန်မူယဲ့ကလွဲပြီး အင်မော်တယ်အဆင့်တိမ်မြူချီဆေးလုံးအား ဖော်စပ်နိုင်သောလူက မူဝမ်တစ်ယောက်ပဲ ရှိလိမ့်မည်။

ဟန်မူယဲ့က အိတ်လေးကိုကိုင်ပြီး ခပ်ဟဟရယ်မိသည်။

မူဝမ်က ခေါင်းဆောင်မူအားတောင်းဆို၍ ထိုအိတ်ကို ထည့်ပေးလိုက်ခြင်းဖြစ်ပေလိမ့်မည်။

သူ့ကျင့်ကြံဆင့် ပျက်စီးသွားကြောင်း သိထားသောကြောင့် အင်မော်တယ်အဆင့် တိမ်မြူချီဆေးလုံး အများအပြား ထည့်ပေးလိုက်ခြင်းဖြစ်ပေလိမ့်မည်။

‘အဲဒီ နှမြောတတ်တဲ့ကောင်မလေးကတော့ တိမ်မြူချီဆေးလုံးတွေ အများးကြီးထုတ်ပေးလိုက်ရတဲ့အတွက် ရင်နာနေမှာပဲ’ သူက တွေးမိသည်။

ဟန်မူယဲ့က အိတ်လေးကိုသိမ်းထားလိုက်ပြီး သေတ္တာထဲရှိတခြားအရာများကို ယန်မင်ရွှမ်အား ပေးလိုက်သည်။

“ဒါတွေကို ဆေးခန်းဆောင်မှာ ငါ့အတွက် ဝိညာဉ်ကျောက်တုံးနဲ့ လဲပေးပါ”

သူက ထိုဆေးလုံးများကို အသုံးပြုရန်မလိုပေ။ ထို့ကြောင့် ဝိညာဉ်ကျောက်တုံးဖြင့် လဲလိုက်မည်။

ယခုအချိန်တွင် သူက ဝိညာဉ်ကျောက်တုံးများအားလုံး ကုန်ဆုံးသွားသည်။

ဝိညာဉ်‌ကျောက်တုံးအများစုကို မူလမီးတောက်ကမ္ဘာထဲတွင် ဝိညာဉ်တစ်ဝက်အဆင့်ဓားများ ဝယ်ယူရန်အတွက် သုံးခဲ့သည်။

ကျန်ဝိညာဉ်ကျောက်တုံးများကို ကျင့်ကြံခြင်းအတွက် အသုံးပြုလိုက်သည်။

ဟန်မူယဲ့တွင် မီးအဆီအနှစ်ကျောက်တုံးနှင့် မီးအဆီအနှစ်သလင်းကျောက်များ အများအပြားကျန်သေးသည်။ သို့သော်လည်း ထိုအရာများက အဖိုးတန်သောကြောင့် တတ်နိုင်သမျှ စုဆောင်းထားရမည်။

ယန်မင်ရွှမ်က သေတ္တာကိုယူ၍ ဆေးခန်းဆောင်သို့ သွားလိုက်သည်။

ဟန်မူယဲ့က စားပွဲရှည်တွင်ထိုင်ပြီး မှတ်တမ်းများကို ကြည့်နေသည်။

အချိန်အတော်ကြာသွားသောကြောင့် ဓားစံအိမ်တွင် ဓားအများအပြား ရောက်လာသည်။

ဟန်မူယဲ့က စာအုပ်များအားလုံးကို လှန်ကြည့်ခဲ့ပြီး သစ်သားစင်များဆီသို့ သွားလိုက်သည်။ သူက စာအုပ်များ၏မှတ်တိမ်းအရ ဓားအသစ်များကို စစ်ဆေးကြည့်လိုက်သည်။

ဓားအများစုက အသစ်ပြုလုပ်ထားသော ဓားများဖြစ်သည်။ ကျန်ဓားများကတော့ သေဆုံးသွားသော ဂိုဏ်းတပည့်များ၏ဓားဖြစ်သည်။ ဓားတချို့က တိုက်ပွဲမှ ရရှိလာသည်။

ဟန်မူယဲ့က ထိုဓားများမှတစ်ဆင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မြင်ကွင်းတချို့ကို မြင်နိုင်ခဲ့သည်။

တောင်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေက ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော်လည်း အဆင့်နိမ့်ကျင့်ကြံသူများကြားတွင် ဖရိုဖရဲဖြစ်နေသောတိုက်ပွဲများ ရှိနေဆဲဖြစ်သည်။

ဖုန်းရှို့တောင်ကုန်းတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်အများအပြားက မိစ္ဆာများကို တိုက်ခိုက်နေသည်။

သူတို့က တိုက်ခိုက်နိုင်စွမ်းကို လေ့ကျင့်နေရုံတင်မကဘဲ မိစ္ဆာများ၏တိုက်စားမှုကို ခုခံနေခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးခဲ့သောအချိန်မှစ၍ တောင်ပိုင်း၏ မျိုးနွယ်စုကြီးများက အနောက်ဘက်နယ်စပ်ကုန်းမြေ၏အခြေအနေကို နားလည်ချင်သောကြောင့် လူများစေလွှတ်ခဲ့သည်။

နယ်စပ်တွင်အခြေစိုက်ထားသော ဂိုဏ်းအမျိုးမျိုးမှ တပည့်များ၏တာဝန်က ခိုးဝင်လာသောမိစ္ဆာများကို သတ်ဖြတ်ရန်ဖြစ်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်များကြားတွင် ဓားနှစ်လက်ကိုင်ဆောင်ထားသော ဟယ်ရွှမ်ချီက တိုက်ခိုက်နိုင်စွမ်းသန်မာနိုင်ပြီး မဖြစ်နိုင်သောအရာကို လုပ်ဆောင်နိုင်သည်။

ထို့အပြင် စုန့်ခုနစ်၊ ချီဆယ့်သုံးနှင့် တခြားလူများကလည်း လုပ်ချင်သောအရာကို လုပ်နိုင်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့အားလုံးကို ပြန်လည်ဆင့်ခေါ်ခဲ့သည်။

မူလမီးတောက်ကမ္ဘာအတွက် ဖြစ်ပေလိမ့်မည်။

ဓားအမျိုးမျိုးကို သန့်ရှင်းပြီးသွားသောအခါတွင် ဟန်မူယဲ့က ဓားစံအိမ်၏တံခါးပေါက်ဆီသို့ လျှောက်သွားသည်။

တံခါးဝမှ အသံထွက်လာသည်။

“အပြင်စည်းတပည့် ဟယ်ဟုန်စန်းက ဓားလက်ခံဖို့ ရောက်လာပါတယ်”

ဟန်မူယဲ့က ဓားစံအိမ်၏အပေါက်ဝသို့ လျှောက်သွားသောအခါတွင် ကျောက်တုံးလှေကားရှေ့တွင် ရပ်နေသော အသက်နှစ်ဆယ်အရွယ်ရှိ လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူက ဦးညွှတ်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်နေသည်။

“ဓားစံအိမ်ရဲ့စည်းကမ်းတွေအရ ဓားလက်ခံဖို့အတွက် ရေချိုးပြီး အမွှေးတိုင်ပူဇော်ရမယ်။ မင်းလုပ်ပြီးပြီလား”

ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်စွာပြောသည်။

ကျောက်တုံးလှေကားရှေ့တွင်ရှိနေသော လူငယ်လေးက ကြောင်အသွားသည်။ သူက မော့ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့ကိုမြင်လိုက်ရပြီး စိတ်လှုပ်ရှားစွာပြောသည်။

“အကြီးအကဲ အကြီးအကဲဟန်”

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ သူ့ကိုကြည့်သည်။

ဟယ်ဟုန်စန်းဟုအမည်ရသော လူငယ်လေး၏မျက်နှာက နီရဲသွားသည်။ သူက ဝိညာဉ်ကျောက်တုံးတချို့ကို ထုတ်ယူပြီး အထစ်အထစ်အငေါ့ငေါ့ ပြောသည်။

“အကြီးအကဲ၊ ကျွန်တော် .... ကျွန်တော်က ဓားစံအိမ်ရဲ့စည်းကမ်းတွေကို သိပါတယ်”

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများကို ကြည့်သည်။ သူက ခဏလောက်တိတ်ဆိတ်သွားပြီး ပြောသည်။

“မင်းက အပြင်စည်းတပည့်ရဲ့ ထိပ်ဆုံးတစ်ရာထဲမှာလား’

ဟယ်ဟုန်စန်းက ခေါင်းညိတ်သည်။

“ကျွန်တော်က အဆင့်၉၃မှာပါ”

အပြင်စည်းတပည့် အဆင့်၉၃…

ယခင်က အပြင်စည်းတပည့် အဆင့်တစ်ရာထဲတွင်ရှိသော ကျန်းဟန်က ဓားစံအိမ်မှ ဓားတစ်လက်ကို လက်ခံရရှိခဲ့သည်။ ဟန်မူယဲ့၏လမ်းညွှန်မှုကြောင့် သူ့ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းက လျင်မြန်စွာတိုးတက်လာသည်။

ဂိုဏ်း၏အပြင်စည်းတွင် အကြီးအကဲဟန်၏ဒဏ္ဍာရီများ ပျံ့နှံ့နေသည်။

အကြီးအကဲဟန်၏လမ်းညွှန်မှုကို ရရှိနိုင်သောလူတိုင်းက ကောင်းကင်ထက်သို့ ရောက်သွားပေမည်။

ဟယ်ဟုန်စန်းက မျှော်လင့်ချက်များပြည့်နေသော မျက်လုံးနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ဟယ်ဟုန်စန်း၏ဝိညာဉ်ကျောက်တုံးများကို လှမ်းယူလိုက်ပြီး ပြောသည်။

“မင်းရဲ့ အကောင်းဆုံးဓားနည်းစနစ်ကို ထုတ်ပြလိုက်။ မင်းက ဘယ်လိုဓားနဲ့သင့်တော်မလဲ ငါကြည့်မယ်”

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ဟယ်ဟုန်စန်းက အံ့အားသင့်သွားသည်။ သူက လျင်မြန်စွာခေါင်းညိတ်လိုက်ပြီး နောက်ကျောပေါ်တွင်ရှိသော သာမန်သံမဏိဓားကိုထုတ်ယူ၍ စတင်ဝှေ့ယမ်းလိုက်သည်။

ဓားအလင်းက လှောကားထစ်ရှေ့တွင့် ပြန့်ကျဲသွားပြီး နေအလင်းကိုရောင်ပြန်ဟပ်၍ တောက်ပနေသည်။

ကျောက်တုံးလှေကားထက်မှာရပ်နေသော ဟန်မူယဲ့က ဓားအလင်းကိုကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်က ကမ္ဘာမြေကြီးနှင့်ဆက်နွယ်နေသည်ဟု ခံစားလိုက်ရသည်။

ထိုအရာက အသွေးအသားများ၏ ခံစားချက်ဖြစ်သည်။ ယခုအချိန်တွင် သူ့ဆီသို့ မည်သည့်ခွန်အားများပဲ ကျရောက်လာပါစေ ကမ္ဘာမြေကြီး၏ အကန့်အသတ်ထက် ကျော်လွန်မသွားလျှင် ကမ္ဘာမြေကြီးက ခုခံပေးလိမ့်မည်။

ထိုစွမ်းအားမျိုးကို ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူများ မပိုင်ဆိုင်ပေ။

ဝှစ်…

ဟယ်ဟုန်စန်းက ဓားကိုသိမ်းလိုက်ပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။

“ရွှေဓာတ်မျိုးဆက်ဓားနည်းစနစ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ဂိုဏ်းအတွင်း၌ သတ္တုအမျိုးအစားကျွမ်းကျင်သူ အများအပြားရှိသည်။

သို့သော်လည်း အကြီးအကဲလုကောဆုံးပါးသွားသောအခါတွင် ထိုမျိုးဆက်က တိတ်ဆိတ်သွားခဲ့သည်။ မျိုးဆက်ကို ဦးဆောင်မည့်လူ မရှိတော့ပေ။

“မင်းက ကောင်းမွန်တဲ့ဓားနည်းစနစ်ကို ရွေးချယ်ထားတာပဲ။ ဓားကို အပ်အဖြစ်သုံးပြီး ဓားအလင်းကို ချည်မျှင်အဖြစ်အသုံးချတယ်။ ဓားပိုက်ကွန်တစ်ခုကို ရက်လုပ်ထားတယ်”

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ဟယ်ဟုန်စန်း၏လက်ထဲတွင်ရှိနေသောဓားက သူ့လက်ဝါးပေါ်သို့ ရောက်လာသည်။

“မင်းက ဒီဓားနည်းစနစ်ကို အဆုံးစွန်အထိလေ့ကျင့်ချင်ရင် ရွှေဓာတ်မျိုးဆက်ဓားနည်းစနစ်ရဲ့ အမှန်တရားကို နားလည်ဖို့လိုအပ်တယ်”

ဟန်မူယဲ့က ဓားကိုင်ထားပြီး သူ့ရှေ့တွင် ချီစွမ်းအင်အလင်းများ မျောလွင့်နေသည်။

ထိုအရာက ချီစွမ်းအင် ခွဲဝေခြင်းဖြစ်သည်။

တချို့ချီစွမ်းအင်က လွင့်မျောနေချိန်တွင် တချို့က ငြိမ်သက်နေသည်။ တချို့နေရာတွင် ဝိညာဉ်စွမ်းအင် အများအပြားရှိပြီး တချို့နေရာတွင် အနည်းငယ်ပဲရှိသည်။

ရွှေရောင်အလင်းက ရွှေဓာတ်မျိုးဆက်ဝိညာဉ်စွမ်းအင်ဖြစ်သည်။

သတ္တုဓာတ်က လေးလံပြီး ပြောင်းလဲမှုသိပ်မရှိ‌ပေ။

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် သူ့လက်ထဲရှိဓားထဲမှ ဓားချီတချို့ စိမ့်ထွက်လာသည်။ ဓားအလင်းက တိကျသောလှုပ်ရှားမျုမရှိပေ။ လေထုထဲတွင် မျောလွင့်နေသော သတ္တုဓာတ်ဝိညာဉ်စွမ်းအင်ကို ရှပ်ထိသွားပြီး တည်ငြိမ်စေခဲ့သည်။

ဟူး…

ဓားပေါ်တွင် ချီစွမ်းအင်အလင်းတစ်ခု ပေါ်လာသည်။

ကြည်လင်နေသောဓားက ရွှေရောင်ပြောင်းသွားခဲ့သည်။

“ရွှပ် ....”

ဓားခုတ်ချလိုက်သောအခါတွင် ရွှေချည်မျှင်တစ်ခု ထွက်ပေါ်လာသည်။

ဟယ်ဟုန်စန်းက ရွှေချည်မျှင်ကိုကြည့်လိုက်ပြီး မျက်လုံးပြူးနေသည်။

ထိုအရာက ဓားချည်မျှင်အဖြစ်ပြောင်းလဲခြင်းအတွက် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုခြင်းဖြစ်သည်။

ဓားချီမျှင်က ဓားဆန္ဒနှင့် ဓားချီကြားတွင် တည်ရှိသည်။ ဓားတာအို၏ နားလည်မှုတချို့လည်း ပါနေသည်။

ဟန်မူယဲ့က ဓားလက်ကိုင်ကို ဖြေလျော့လိုက်သည်။ ဓားချည်မျှင်က တုန်ခါသွားပြီး ဓားကိုယ်ထည်ပေါ်တွင်ရှိသော မျည်းကြောင်းထဲသို့ ဝင်သွားသည်။

“မင်းက ဒီဓားပေါ်မှာရှိတဲ့ ရွှေရောင်ချည်မျှင်ကို ပျောက်ကွယ်သွားအောင်လုပ်ပြီးရင် ဓားလက်ခံဖို့ ပြန်လာခဲ့”

ဟန်မူယဲ့က ဓားကိုပြန်ပေးလိုက်ပြီး ညင်သာစွာပြောသည်။

ဟယ်ဟုန်စန်းက ဓားကိုတင်းကျပ်စွာကိုင်ထားပြီး တောက်ပသောမျက်လုံးများနှင့်အတူ ခေါင်းညိတ်သည်။

သူက ဟန်မူယဲ့၏ဓားချက်ကို အနည်းငယ်ပဲ နားလည်နိုင်ခဲ့သည်။

သို့သော်လည်း အများအပြား အကျိုးကျေးဇူးရခဲ့သည်ဟု ခံစားနေရသည်။

ဤဓားကို နားလည်သွားခဲ့လျှင် သူက ဓားဆန္ဒတစ်ခု စုစည်းနိုင်လိမ့်မည်။

အကြီးအကဲဟန်၏ သာမန်လမ်းညွှန်မှုက အခွင့်အရေးတစ်ခုပင်ဖြစ်သည်။

ဟယ်ဟုန်စန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဦးညွှတ်၍ တီးတိုးပြောသည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးပါအကြီးအကဲဟန်၊ ဟယ်ဟုန်စန်းက အကြီးအကဲကို စိတ်မပျက်စေရပါဘူး”

ထိုသို့ဖြင့် သူက ဓားကိုပြန်သိမ်းပြီး ‌နောက်ဆုတ်၍ ထွက်သွားသည်။

အဝေးသို့ထွက်သွားသော ဟယ်ဟုန်စန်းကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ခံစားချက်များဖြစ်လာသည်။

‘လူငယ်တွေက တကယ်ကောင်းတာပဲ’ သူက တွေးမိသည်။ ‘သူတို့က တက်ကြွမှုတွေနဲ့ ပြည့်နေတယ်’

‘ဒါပေမဲ့ တွေးကြည့်လိုက်ရင် ငါကလည်း မအိုသေးပါဘူး။ ငါ့နားထင်မှာ ဆံပင်ဖြူတချို့ရှိနေတာကလွဲလို့ပေါ့’

‘ငါ့မှာ တာအိုလက်တွဲဖော်လည်း မရှိသေးဘူး’

“အကြီးအကဲဟန်ရဲ့ဓားတာအိုက ပိုပြီး‌‌လေးနက်လာတာပဲ”

ဓားစံအိမ်ရှေ့တွင် ပန်းရောင်ဝတ်စုံကိုဝတ်ထားသော ပိုင်စုကျန်းက အပြုံးတစ်ခုနှင့်အတူ ချဉ်းကပ်လာသည်။

သူမက ရှေ့ဆက်လျှောက်လာပြီး မျက်မှောင်ကြုတ်သည်။

“စီနီယာအစ်ကိုဟန်၊ ရှင့်ရဲ့ကျင့်ကြံဆင့်ကို ပြန်မရသေးဘူးလား”

သမာဓိစွမ်းအား၏ဖိနှိပ်မှုကြောင့် မဟာတာအိုစွမ်းအားကို အာရုံခံနိုင်သော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူမှလွဲ၍ ဟန်မူယဲ့၏ကျင့်ကြံဆင့်ကို ထိုးဖောက်မြင်နိုင်သောလူ မရှိပေ။

ယခုအချိန်တွင် ပိုင်စုကျန်း၏အမြင်အရ ဟန်မူယဲ့တွင် ချီစွမ်းအင် အရိပ်အယောင်တချို့သာ ရှိသည်။

ထိုစွမ်းအင်မျိုးနှင့်ဆိုလျှင် ဟန်မူယဲ့က ချီစုဆောင်းခြင်း အစောပိုင်းအဆင့်မှာပဲ ရှိလိမ့်မည်။

All Chapters