← Chapters

သန့်စင်နတ်ဘုရားဆေးလုံး

Vol. 21 Ch. 292

သန့်စင်နတ်ဘုရားဆေးလုံး

Vol. 21 Ch. 292

အမှန်တကယ်တော့ ဟန်မူယဲ့က တမင်သက်သက် ပြုလုပ်နေခြင်းမဟုတ်ပေ။ ထိုချီစွမ်းအင်အရိပ်အယောင်က ပတ်ဝန်းကျင်ရှိသဘာဝစွမ်းအင်များကို အလိုလျောက်စုပ်ယူနေသော အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်ကြောင့် ဖြစ်သည်။

အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်က ချီစွမ်းအင်လိုက်ဖက်ညီမှုအတွက် အမြင့်ဆုံးအဆင့်ဖြစ်နိုင်သည်။

“စိတ်မပူပါနဲ့ဆိုင်ရှင်ပိုင်၊ ဆေးလုံးသန့်စင်တဲ့နေရာမှာ ငါ့ကျင့်ကြံဆင့်က အ‌ရေးမကြီးပါဘူး”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ပိုင်စုကျန်း၏မျက်နှာက အနည်းငယ်တောင့်တင်းသွားပြီး ပြုံးလျက် ခေါင်းညိတ်သည်။

“စီနီယာအစ်ကိုဟန်၊ ကျွန်မက အခုတစ်လော ဝိညာဉ်ဆေးပင်တချို့ စုဆောင်းထားတယ်။ အဲဒါကို ဆေးလုံးသန့်စင်ပေးနိုင်မလား”

ပိုင်စုကျန်းက တီးတိုးပြောသည်။

“အခု အနောက်ဘက်နယ်စပ်ကုန်းမြေ လိုအပ်နေတာက အဆင့်မြင့်အရည်အသွေး ဆေးလုံးတွေပဲ”

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းအမျိုးမျိုးက ခွန်အားတို့မြှင့်ရန်အတွက် အကောင်းဆုံးကြိုးစားနေသည်။ သူတို့က သိမ်းဆည်းထားသော ဝိညာဉ်ကျောက်တုံးများကိုထုတ်ယူ၍ ကျင့်ကြံဆင့်တိုးမြှင့်ရန် ဆေးလုံးများဝယ်ယူနေသည်။

ပိုင်စုကျန်းသိမ်းဆည်းထားခဲ့သော ဆေးလုံးများအားလုံး ကုန်ဆုံးသွားခဲ့သည်။

ထိုသို့မဟုတ်လျှင် သူမက ဓားစံအိမ်သို့ မကြာခဏရောက်လာမည် မဟုတ်ပေ။

ကျန်းမင်ကလည်း ဆေးလုံးသန့်စင်နိုင်သော်လည်း အရည်အသွေးကောင်းသောဆေးလုံးကိုပဲ သန့်စင်နိုင်သည်။ ထိုဆေးလုံးများက အထွတ်အထိပ်အဆင့်၊ အင်မော်တယ်အဆင့်ဆေးလုံးများနှင့် မယှဉ်နိုင်ပေ။

ဂိုဏ်းကြီးများ၏အကြီးအကဲများက အရည်အသွေးကောင်းသောဆေးလုံးထက် အမြင့်ဆုံးအဆင့်အရည်အသွေးဆေးလုံးကိုပဲ ဈေးပိုပေး၍ ဝယ်ယူလိမ့်မည်။

ဆေးစွမ်းအား အနည်းငယ်ကွာခြားသွားလျှင် အကျိုးသက်ရောက်မှုက ကမ္ဘာတစ်ခုနီးပါး ကွာဟနေမည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သွေးကြောဖွင့်ဆေးလုံးက အလွန်နာမည်ကြီးပြီး အမျိုးမျိုးသောဂိုဏ်းများ၏ဝယ်ယူခြင်းကို ခံနေရသည်။ ဆေးခန်းဆောင်အကြီးအကဲ စွန်းစဲက အလုပ်ရှုပ်လွန်းသောကြောင့် မုတ်ဆိတ်မွေးသည်ပင် မီးလောက်သွားခဲ့သည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ သွေးကြောဖွင့်းဆေးလုံး၏အရည်အသွေးက တခြားဂိုဏ်းများထက် ကောင်းမွန်သောကြောင့်ဖြစ်သည်။

ဖုန်းလင်ဓားဂိုဏ်း၏ သွေးကြောဖွင့်ဆေးလုံးက ပြီးပြည့်စုံသည်ဟု လူသိများသည်။ ထိုဆေးလုံး၏စွမ်းအားက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဆေးလုံးထက် ပိုကောင်းသည်။

သို့သော်လည်း ဆေးလုံး၏ ထိရောက်မှုနှင့် ဈေးနှုန်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သွေးကြောဖွင့်ဆေးလုံးအောက်တွင် အပြည့်အဝ ရှုံးနိမ့်သွားရသည်။

အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သိန်းထက်မပိုသော အံ့ဖွယ်ကိုးပါးသွေးကြောဖွင့်ဆေးလုံးက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သွေးကြောဖွင့်ဆေးလုံးစီးပွားရေးတစ်ခုလုံးကို ခိုးယူလုနီးပါး ဖြစ်နေသည်။

ပိုင်စုကျန်း၏တောင်းဆိုချက်ကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခေါင်းညိတ်ပြီး ပြောသည်။

“ဆိုင်ရှင်ပိုင်၊ ငါ့ကို ဝိညာဉ်ဆေးပင်တွေပေးပါ။ တံခါးပိတ်ကျင့်ကြံနေတုန်းမှာ ဆေးလုံးတွေ သန့်စင်ထားလိုက်မယ်”

ထိုဆေးလုံးများကို သန့်စင်ပြီးသွားလျှင် ဝိညာဉ်ကျောက်တုံးနှင့် လဲလှယ်နိုင်သည့်အပြင် အကန့်အသတ်ရှိနေသော ဟန်မူယဲ့၏ ဆေးလုံးစုဆောင်းမှုကိုလည်း ဖြည့်တင်းနိုင်လိမ့်မည်။

ပိုင်စုကျန်းက ဝိညာဉ်ဆေးပင်များကို ထုတ်မယူလိုက်ပေ။ သူမက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခဏလောက်တိတ်ဆိတ်နေသည်။ ထို့နောက် ပြောသည်။

“စီနီယာအစ်ကိုဟန်ရဲ့ကျင့်ကြံခြင်းကို ပြန်ရဖို့ခက်နေရင် ကျွန်မနဲ့အတူ ရှန့်ယန်မိစ္ဆာဂိုဏ်းကို လိုက်ခဲ့မလား”

‘ရှန့်ယန်မိစ္ဆာဂိုဏ်းကို သွားရမှာလား’

‘မိစ္ဆာဂိုဏ်းချုပ်က ပိုင်စုကျန်းကို ပြန်‌ခေါ်နေတာလား’

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပိုင်စုကျန်းကို ကြည့်သည်။

“ဆိုင်ရှင်ကျန်းက ငါ့ကို အလုပ်ခိုင်းဖို့ ပြင်ဆင်ထားတာလား”

ပိုင်စုကျန်းက လျင်မြန်စွာပြောသည်။

“မဟုတ်ပါဘူး၊ ကျွန်မက ....”

ဟန်မူယဲ့က ရယ်လိုက်ပြီး ခေါင်းခါသည်။

“မင်းရဲ့ကြင်နာမှုကို နားလည်ပါတယ်။ ဒါပေမဲ့ ဓားစံအိမ်ရဲ့အကြီးအကဲဖြစ်နေတဲ့ ငါက အံ့ဖွယ်ကိုးပါးတောင်ကနေ ဘယ်လိုလုပ်ပြီး ထွက်သွားရမှာလဲ”

ပိုင်စုကျန်းက ကြင်နာမှုနှင့် ပြောခြင်းဖြစ်သည်။ ရှန့်ယန်မိစ္ဆာဂိုဏ်း၏လွှမ်းမိုးနိုင်စွမ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထက် အဆပေါင်းများစွာ သာလွန်သည်။

ထို့အပြင် လီမူပိုင်က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်မိစ္ဆာကျင့်ကြံသူဖြစ်သည်။ သူက ဟန်မူယဲ့ကို ပြန်လည်ကျင့်ကြံနိုင်ရန်အတွက် ကူညီပေးနိုင်သည်။

သို့သော်လည်း ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်မှ ထွက်သွားလိမ့်မည်မဟုတ်ပေ။

ဓားစံအိမ်က သူ့ကျင့်ကြံခြင်းအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။

ဓားချီကို ပျိုးထောင်ပေးနေသော ဓားစံအိမ်၏ မရေမတွက်နိုင်လောက်သောဓားများမရှိလျှင် အထွတ်အထိပ်ဓားဆန္ဒကိုစုစည်းရန်အတွက် အချိန်မည်မျှကြာသွားမည်နည်း။

သူ့ကိုထောက်ပံ့ပေးရန်အတွက် လုံလောက်သောဓားဆန္ဒများမရှိလျှင် ရှေးခေတ်ဓားတာအိုကျင့်ကြံသူ ဓားဘုရင်ယွမ်ထျန်းအား မည်သို့ အမီလိုက်နိုင်မည်နည်း။

ဟန်မူယဲ့၏နှလုံးသားထဲတွင် အနောက်ဘက်နယ်စပ်ကုန်းမြေတင်မကဘဲ လောကတစ်ခုလုံးအား လွှမ်းမိုးနိုင်သော ဓားကျင့်ကြံသူတစ်ဦးဖြစ်ချင်သည်။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို ဂရုမစိုက်ပေ။

“ကျွန်မနားလည်ပြီ”

ပိုင်စုကျန်းက မော့မကြည့်ဘဲ ညင်သာစွာပြောသည်။

“ဝိညာဉ်ဆေးပင်တွေပို့ပေးဖို့ လူတစ်ယောက်လွှတ်လိုက်မယ်”

ထို့နောက် သူမက လှည့်ထွက်သွားပြီး တိမ်တိုက်တစ်ခုသဖွယ်‌ ပျောက်ကွယ်သွားသည်။

သူက ခေါင်းခါသည်။

‘လူချမ်းသာအမျိုးသမီးတွေရဲ့အတွေးက မမှန်ကန်ဘူးပဲ’ သူတွေးမိသည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့တွင် တခြားအတွေးများမရှိ‌ပေ။ ဓားစံအိမ်ထဲတွင် ငြိမ်းချမ်းစွာလေ့ကျင့်နေခြင်းက ရိုးရှင်းသည်။

ဟန်မူယဲ့က ဓားစံအိမ်ထဲသို့ ပြန်ဝင်သွားပြီး သစ်သားစင်ပေါ်တွင် ဓားရှည်တစ်လက်ကို ရှာကြည့်သည်။

ဓားထဲသို့ ဓားချီများဝင်သွားပြီး ပုံရိပ်တစ်ခုပေါ်လာသည်။

ဓားချီဖြင့် အားဖြည့်ပြီးသွားသောအခါတွင် သူက ဓားကိုကိုင်ထားပြီး စဉ်းစားနေသည်။

သူက ဟယ်ဟုန်စန်းကို လမ်းညွှန်ပေးနေသောအချိန်တွင် အကြံတစ်ခုရခဲ့သည်။

ဓားစံအိမ်တွင် မရေမတွက်နိုင်လောက်သော ပုန်းကွယ်နေသည့်ဓားများရှိပြီး တပည့်များက ဓားကောင်းရရန်အတွက် ကံကောင်းခြင်းကို မှီခိုရသည်။

ဟန်မူယဲ့ကလည်း ဓားယူရန်ရောက်လာသော တပည့်တိုင်းကို ဓားရွေးမပေးနိုင်ပေ။

ဓားစံအိမ်ကို ကောင်းချန်ကုန်းစီမံခဲ့စဉ်က ဤကိစ္စကို လွှတ်ထားခဲ့သည်။

လိုက်ဖက်ညီသောဓားကိုရရှိခြင်းက အခွင့်အရေးတစ်ခုဖြစ်သည်။

ဓားနှင့် လိုက်ဖက်ညီမှုသိပ်မရှိလျှင် ကံမကောင်းပေ။

သို့သော်လည်း သူက ကောင်းချန်ကုန်းထက် ပိုလုပ်နိုင်သည်ဟု ခံစားရသည်။

တောင်ပိုင်းနယ်မြေတွင် ကပ်ပါးရပ်ပါးလုပ်နေသော ဓားစံအိမ်အကြီးအကဲ ပြန်လာသောအခါတွင် ဟန်မူယဲ့က သူ့ကို ပြောစရာစကားကင်းမဲ့သွားအောင် လုပ်ချင်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ကျောက်စိမ်းပေလွှာအလွတ်တစ်ခုကို ထုတ်ယူသည်။ သူက တောက်ပနေသောမျက်လုံးများနှင့်အတူ လက်တစ်ဖက်မှာ ဓားကို ကိုင်ထားသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားချီက ပုံရိပ်တစ်ခုအဖြစ်ပြောင်းသွားသည်။ ပုံရိပ်၏လက်ထဲတွင်ရှိနေသောဓားက လှုပ်ရှားနေပြီး ဓားနည်းစနစ်တစ်ခုကို ထုတ်ဖော်နေသည်။

ကျောက်စိမ်းပေလွှာထက်တွင် စာကြောင်းများပေါ်လာသည်။

“ကျားဝူ‌ဒေသ၊ ဓားနံပတ် ၅၈၄၆၊ တောအုပ်သုံးခု။ ဓားက သုံးပေတစ်လက်မရှည်ပြီး ၁၃ပေါင်လေးတယ်။ ဓားသွားက တစ်လက်မကျယ်ပြီး ဓားကျောရိုးက ပိုထူတယ်။ ဓားသွားမှာ သစ်သားနဲ့ သံမဏိလုံး ပေါင်းစပ်ထားတယ်”

“ဒီဓားက သစ်သားမျိုးဆက် ချီစုစည်းခြင်းပထမအဆင့်ကနေ အခြေခံအုတ်မြစ် တတိယအဆင့်အတွင်းမှာရှိနေတဲ့ တပည့်တွေအတွက် သင့်တော်တယ်။ လိုက်ဖက်ညီတဲ့ဓားနည်းစနစ်တွေက သစ်သားကျိုး၊ သစ်ရွက်စိမ်းနဲ့ နှင်းပန်းငါးပွင့်ဖြစ်တယ်”

“ဟမ် ....”

ဓားက ရပ်တန့်သွားပြီး ဟန်မူယဲ့၏ ပတ်ပတ်လည်တွင်ရှိနေသော ဓားချီပုံရိပ်က ဓားပေါ်သို့ ကျဆင်းသွားသည်။

နောက်တစ်ကြိမ်တွင် ဓားယူရန်လာသောတပည့်က ဤဓားနှင့် လိုက်ဖက်ညီလျှင် ကိုယ်ပိုင်ဓားနည်းစနစ်ကို ဓားနှင့်ပေါင်းစပ်ပြီး ဓားကျင့်ကြံခြင်းကို ဆက်တိုက်တိုးမြှင့်နိုင်သည်။

ထိုနည်းလမ်းက ဓားချီကုန်ဆုံးသော်လည်း ဓားလက်ခံသူကို ရှာဖွေနိုင်လိမ့်မည်။

ဟန်မူယဲ့အတွက် ဓားချီအနည်းငယ်သာဖြစ်သော်လည်း တပည့်များအတွက် ဘဝတစ်သက်တာအခွင့်အရေးဖြစ်သည်။

ယန်မင်ရွှမ်ပြန်လာသောအချိန်တွင် ဟန်မူယဲ့က ဓားတစ်ရာနီးပါးကို ဓားချီနှင့် ပေါင်းစပ်ထားခဲ့သည်။

ထိုဓားများထဲတွင် သင့်တော်သောဓားနည်းစနစ်အတွက် ပုံရိပ်တစ်ခု ရှိနေသည်။

ကျောက်စိမ်းပေလွှာကလည်း ထိုဓားများနှင့်ပတ်သတ်သော အချက်အလက်အားလုံး မှတ်တမ်းတင်ထားသည်။

“စီနီယာအစ်ကိုဟန်၊ ဒါက အကြီးအကဲစွန်းပြန်ပေးလိုက်တဲ့ ဝိညာဉ်ကျောက်တုံးတွေပါ”

ယန်မင်ရွှမ်က ဟန်မူယဲ့ကို သေတ္တာလေးတစ်လုံးပြန်ပေးသည်။

ဟန်မူယဲ့က ယူလိုက်ပြီး ပြုံးသည်။

လူအိုကြီးစွန်းစဲက အမြဲတမ်း နှမြောသည်။

ဤတစ်ကြိမ်မှာတော့ သူက အမှန်တကယ် ရက်ရောသည်။ မူမိသားစုခေါင်းဆောင်ပေးလိုက်သော ဆေးလုံးများအတွက် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး တစ်ရာနီးပါး ပြန်ရခဲ့သည်။

ထိုအရာက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းနှင့် တူညီသည်။

“စီနီယာအစ်ကိုဟန်က ဒီလိုဆေးလုံးမျိုးကို ထုတ်ရောင်းတဲ့အတွက် ပိုက်ဆံပြတ်နေတာဖြစ်လိမ့်မယ်လို့ အကြီးအကဲစွန်းက ပြောပါတယ်။ သူက အကောင်းဆုံးကြိုးစားပြီး ဒီဝိညာဉ်ကျောက်တုံးတွေကို စုစည်းပေးလိုက်ပါတယ်”

ယန်မင်ရွှမ်က ပြောသည်။

‘အနည်းဆုံးတော့ သူက အသိစိတ်ရှိသေးသားပဲ’

အနာဂတ်တွင် ဆေးခန်းဆောင်သို့ ဆေးလုံးတချို့ ရောင်းချနိုင်သည်ဟု ဟန်မူယဲ့တွေးမိသည်။

ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးများကို သိမ်းလိုက်ပြီး ယန်မင်ရွှမ်ကို ကျောက်စိမ်းပေလွှာပေးသည်။

ယန်မင်ရွှမ်က နားမလည်နိုင်စွာဖြင့် ကျောက်စိမ်းပေလွှာကို ယူသည်။ သူက နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါတွင် မျက်လုံးပြူးသွားသည်။

“စီနီယာအစ်ကိုဟန်၊ ဒါ .... ဒါက ....”

‌ကျောက်စိမ်းပေလွှာထဲတွင်ပါသော အချက်အလက်များအရ ဓားစံအိမ်တွင် သင့်တော်သောဓားကို ရှာနိုင်လိမ့်မည်။

ထိုအရာက အဆင့်နိမ့်တပည့်များအတွက် စိတ်ကူးမယဉ်နိုင်လောက်သော အခွင့်အရေးဖြစ်သည်။

“စိတ်လျော့ပါဦး။ ငါ့မှာအချိန်ရှိရင် ဓားစံအိမ်ထဲက ဓားတွေအားလုံးကို စစ်ဆေးကြည့်မယ်”

ဟန်မူယဲ့က ဓားများနှင့်ပြည့်နေသောစံအိမ်ကို လှည့်ကြည့်ပြီး ညင်သာစွာပြောသည်။

“အနာဂတ်ကျရင် ဒီဓာစံအိမ်က အံ့ဖွယ်ကိုးပါးတောင်ရဲ့ တော်ဝင်နယ်မြေဖြစ်လာလိမ့်မယ်”

တော်ဝင်နယ်မြေ…

ကျင့်ကြံသူတစ်ယောက်က ဓားယူရန်အတွက် ရောက်လာလျှင် သင့်တော်သောဓားတင်မကဘဲ ဓားနည်းစနစ်များ၏လမ်းညွှန်မှုကိုပါ ရရှိလိမ့်မည်။

ထိုနေရာမျိုးက တော်ဝင်နယ်မြေမဖြစ်လျှင် မည်သည့်နေရာက တော်ဝင်နယ်မြေ ဖြစ်နိုင်မည်နည်း။

ယန်မင်ရွှမ်က နှလုံးသားထဲရှိထိတ်လန့်မှုကို ရုတ်တရက် မဖော်ပြနိုင်ခဲ့ပေ။

သူက ကျင့်ကြံခြင်းတွင်အာရုံစိုက်ပြီး အလင်းတောင်ကုန်းဓားဂိုဏ်းကိုသာ ဆက်ခံချင်နေသည်။

သို့သော်လည်း စီနီယာအစ်ကိုဟန်ကတော့ ဓားစံအိမ်ကို ဓားတာအို၏တော်ဝင်နယ်မြေအဖြစ် တည်‌ဆောက်ရန် တွေးနေခဲ့သည်။

‘ဒါက လူတွေကြားမှာရှိတဲ့ ကွာခြားချက်လား’

သူက အင်မော်တယ်ဟန်ဖြစ်သည်။ သာမန်လူများ နားလည်နိုင်သောလူမျိုး မဟုတ်ပေ။

ဟန်မူယဲ့က နောက်လှည့်ကြည့်လိုက်သောအခါတွင် ဓားစံအိမ်သို့ပြန်လာသော လင်းရှန်နှင့် ကျန်းမင်ကို မြင်လိုက်ရသည်။

တံခါးပိတ်ကျင့်ကြံရာမှထွက်လာသော ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် သူတို့နှစ်ယောက်က ပျော်ရွှင်သွားသည်။

“သခင်လေးက ထွက်မလာသေးရင် ကျွန်တော်က ထွက်လာအောင် ဖိတ်ခေါ်မိတော့မယ်”

ကျန်းမင်က ပျော်ရွှင်သောမျက်နှာထားဖြင့် ရှေ့တက်လာပြီး တီးတိုးပြောသည်။

“ကျွန်တော်က အင်မော်တယ်အဆင့်ဆေးလုံးကို သန့်စင်ပေးဖို့အတွက် သဘောတူညီချက်ကြီးတစ်ခု လက်ခံထားတယ်။ အဲဒီလူက မြန်မြန်လုပ်ပေးဖို့ ပြောနေပြီ”

သူက လက်ဖြန့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ဝိညာဉ်ကျောက်တုံးငါးသန်း၊ ဆဌမအဆင့် သန့်စင်နတ်ဘုရားဆေးလုံး၊ အင်မော်တယ်အဆင့်”

သန့်စင်နတ်ဘုရားဆေးလုံးက ဝိညာဉ်နိုးထခြင်း နဝမအဆင့်အတွက် ဖြစ်သည်။ ရွှေအမြုတေစုစည်းရန်အတွက် ပြင်ဆင်နေသောအချိန်တွင် ထိုဆေးလုံးကို သောက်သုံးလိုက်လျှင် ရွှေအမြုတေ၏အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် တချို့လူများက အစစ်အမှန်ရွှေ့အမြုတေကို စုစည်းနိုင်ပြီး တချို့လူများက နိမ့်ကျသော‌ရွှေအမြုတေကိုပဲ စုစည်းနိုင်သည်။

ထိုအရာက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအားအပေါ်တွင် မူတည်နေသည်။

ဝိညာဉ်နိုးထခြင်းအဆင့်တွင် ဝိညာဉ်စွမ်းအား ပိုမိုသန်မာလျှင် သိပ်သည်း‌သောရွှေအမြုတေကို စုစည်းနိုင်လိမ့်မည်။

သန့်စင်နတ်ဘုရားဆေးလုံးက အမြုတေမစုစည်းခင်တွင် ဝိညာဉ်ကို လေ့ကျင့်ပေးသောဆေးလုံးမျိုးဖြစ်သည်။

All Chapters