ကျောက်တုံးမဏ္ဍိုင်လုပွဲ
Vol. 22 Ch. 292
v
ပြိုင်ပွဲဝင်တွေဟာ တစ်ယောက်ပြီး တစ်ယောက် ကြယ်ကံကြမ္မာ တောင်ထိပ်ပေါ်ကို ရောက်လာကြပါပြီ။ သိပ်မကြာခင်မှာပဲ ကျောက်တုံးမဏ္ဍိုင် ၁၀၈ခုရဲ့ ၉၀ရာခိုင်နှုန်းဟာ ပိုင်ရှင်တွေနဲ့ ပြည့်နှက် သွားပါတော့တယ်။
နောက်ပိုင်းမှ ရောက်ရှိလာတဲ့ ပြိုင်ပွဲဝင်တွေဟာ နေရာလွတ် အနည်းငယ်သာ ကျန်တော့တာကို သိရတဲ့ နောက်မှာတော့ နေရာ ရဖို့အရေးကို အသည်းအသန် လုနေရပါပြီ။
"ဆင်းစမ်း "
အချို့လူငယ်တွေကတော့ ကျောက်တုံး မဏ္ဍိုင်ပေါ်မှာ ရှိနေတဲ့ သူတွေထဲက သူတို့ နိုင်လောက်မယ့် သူတွေကိုရှာပြီး တိုက်ခိုက်နေပါတယ်။ အချို့လူငယ်တွေကတော့ ကျောက်တုံး မဏ္ဍိုင်တွေပေါ်ကို ခုန်တက် နေသူတွေကို နှောင့်ယှက် နေကြပါတယ်။ ကျောက်တုံးမဏ္ဍိုင် ၁၀၈ မှာသာ ပိုင်ရှင်တွေ ရှိသွားပြီ ဆိုရင်တော့ ကျားနဂါးပြိုင်ပွဲ ရဲ့ တတိယပိုင်း စတော့မှာပါ။ ကိုယ်ပိုင် ကျောက်တုံး မဏ္ဍိုင် မရသေးတဲ့ လူငယ်တွေဟာ နေရာ ၁၀၈ခု ပြည့်သွားမယ့် အဖြစ်မျိုးကို လုံးဝ အလိုမရှိပါဘူး။
နေရာလုနေတဲ့ ထိုလူငယ်တွေရဲ့ တိုက်ပွဲထဲမှာတော့ လီရှင်းယု၊ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့လည်း ပါလာကြပါပြီ။
သုံးလေး ငါးကြိမ်လောက် ကြိုးစားအပြီးမှာတော့ လီရှင်းယုဟာ ကိုယ်ပိုင် ကျောက်တုံး မဏ္ဍိုင်တစ်ခုကို ရသွားခဲ့ပါတယ်။ ဒါပေမဲ့ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ကတော့ ကျောက်တုံး မဏ္ဍိုင်တွေ နားကိုတောင် မကပ်နိုင်သေးပါဘူး။
ဘန်း ...
ရှုပ်ယှက်ခတ်နေတဲ့ လူတွေ ကြားထဲကနေ ဖောက်ထွက်လာတဲ့ လက်ဝါး ရိုက်ချက် တစ်ခုဟာ ရှုဖန်းကို သွေးစိမ်းရှင်ရှင် အန်ထွက်သွားစေခဲ့ပါပြီ။
" သည်ကျောက်တုံး မဏ္ဍိုင်က ငါ့ဟာကွ "
လူငယ်တစ်ယောက်က လူအုပ်ကြားထဲကနေ လွတ်နေတဲ့ ကျောက်တုံး မဏ္ဍိုင်ဆီကို ခုန်တက် လာပါတယ်။
" စိတ်ကူးယဉ် မနေနဲ့ "
နောက်ထပ် လူငယ်လေးယောက်က ထိုလူငယ်ကို ခုန်အုပ်လိုက်ပါတယ်။
" သွားစမ်း "
တစ်ယောက်တည်း ဖြစ်နေတဲ့ လူငယ်ဟာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေတဲ့ အတိုင်းပါပဲ။ သူ့ရဲ့ လက်ဝါးရိုက်ချက်တွေက အရပ်၈မျက်နှာကို ပျံ့နှံ့သွားပါတယ်။
ဖုန်း ... ဖုန်း ... ဖုန်း ... ဖုန်း ... …
ခုန်အုပ်လိုက်တဲ့ လူငယ်လေးယောက်ကတော့ လွင့်ထွက်သွားခဲ့ပါပြီ။
" အဲဒီကောင်က အရင်တစ်ခေါက် ကျားနဂါးပြိုင်ပွဲမှာ အဆင့်၄၄ ရထားတဲ့ ဝမ်ရှင်း ဟ။ သူနဲ့ ဝေးဝေး ရှောင်ကြဟေ့"
" သူ့ရဲ့ စွမ်းရည်က ငါတို့ထက် အများကြီး သာတယ်ဆိုတာ သိသာနေပြီ။ သည်ကောင်နဲ့ ပြိုင်မလုနဲ့ဟေ့။ အခြား ကျောက်တုံးမဏ္ဍိုင်တွေကို သွားလုတာက ပိုမျှော်လင့်ချက် ရှိတယ်…”
ကျောက်တုံး မဏ္ဍိုင်ကို လုနေတဲ့ လူငယ်တွေဟာ အဆင့်၇၀ အောက်က လူငယ်တွေကို မကြောက်ပါဘူး။
အချက်အလက်နဲ့ တိတိကျကျ ပြောမယ်ဆိုရင်လည်း ကျားနဂါးစာရင်း အဆင့်၇၀အောက်က လူငယ်တွေ တော်တော် များများဟာ ဒဏ်ရာရပြီး ပြိုင်ပွဲကနေ ထွက်ခွာ သွားကြရပါပြီ။ သူတို့တွေကို ဆော်လိုက်တဲ့ သူတွေကတော့ ကျားနဂါးပြိုင်ပွဲကို တစ်ခါမှ မဝင်ပြိုင်ဖူးသေးတဲ့ တက်သစ်စ လူငယ် ကြယ်ပွင့်တွေပါပဲ။
ကျားနဂါးစာရင်းရဲ့ အဆင့်၅၀ အတွင်းမှာ ရပ်တည်နေတဲ့ သူတွေကတော့ တကယ်ကို အစွမ်းထက် လွန်းပါတယ်။ တက်သစ်စ လူငယ် ကြယ်ပွင့်တွေဟာ အဆင့်၅၀ အတွင်းမှာ ရှိနေတဲ့ လူတွေကိုတော့ ပြဿနာ မရှာရဲပါဘူး။
ဖုန်း ... ဖုန်း ...
လီဖူချန်းကို ရှုံးနိမ့်ခဲ့ဖူးတဲ့ ရူကျန်းချီနဲ့ ရှောင်ပိုင် တို့ဟာလည်း ဘယ်သူကန်လို့ ကန်လိုက်မှန်း မသိတဲ့ ကန်ချက်ကြောင့် မြေပြင်ပေါ်မှာ လိမ့်နေပါပြီ။
သူတို့ နှစ်ယောက်စလုံးဟာ ကျားနဂါး စာရင်းဝင်တွေ ဖြစ်ပေမယ့်လည်း ရုတ်တရက် ပေါ်လာတဲ့ လူငယ် ကြယ်ပွင့်တွေကို ယှဉ်နိုင်စွမ်း မရှိခဲ့ပါဘူး။ သူတို့ နှစ်ယောက်ဟာ ကျောက်တုံး မဏ္ဍိုင်တွေ အနားကိုတောင် ကပ်ခွင့်မရလိုက်ဘဲ ကန်ထုတ် ခံလိုက်ရတာပါ။
" ငါ့လခွီးပဲကွာ ... "
ရူကျန်းချီကတော့ လက်သီးဆုပ်ပြီး ကြိတ်မနိုင်၊ ခဲမရ ဖြစ်နေပါတယ်။
ရှောင်ပိုင်ကတော့ မြေပြင်ပေါ်မှာသာ ငြိမ်ငြိမ်လေး ထိုင်နေပါတယ်။ သေချာတာကတော့ သူတို့ နှစ်ယောက်စလုံးဟာ ကျောက်တုံးမဏ္ဍိုင် လုဖို့အတွက် သတ္တိမရှိတော့ပါဘူး။
ကျင်ခ့ါရှီကတော့ ရူကျန်းချီနဲ့ ရှောင်ပိုင်လို ကံမဆိုးဘဲ ကျောက်တုံးမဏ္ဍိုင် တစ်ခုပေါ်ကို ရောက်သွားခဲ့ပါပြီ။ သူမရဲ့ ပြိုင်ဘက်ဖြစ်သူ နတ်ဘုရားကျာပွတ် နတ်ဆိုး မိန်းမပျို တန်ရှိယီဟာလည်း ကံကောင်း ထောက်မစွာဖြင့် နေရာတစ်နေရာ ရထားပါသေးတယ်။
ကျောက်တုံးမဏ္ဍိုင်တွေပေါ်မှာ နေရာ ရထားသူတွေကလည်း သူတို့ကိုယ် သူတို့ စိတ်ချထားလို့ မရသေးပါဘူး။ ကျောက်တုံး မဏ္ဍိုင် ၁၀၈ ခုစလုံးမှာ ပိုင်ရှင်တွေ မရှိသေး သရွေ့မှာတော့ သူတို့နေရာကို လာလုမယ့်သူတွေ ပေါ်လာနိုင်ပါသေးတယ်။
" အင်း ... ရူကျန်းချီနဲ့ ရှောင်ပိုင်က တကယ် အားနည်းတာပဲ။ သည်ကောင်တွေ အရင်တစ်ခေါက် ကျားနဂါးစာရင်းထဲကို ဘယ်လိုလုပ်ပြီး ဝင်နိုင်ခဲ့တာလည်း "
လီဖူချန်းက သူ့ရဲ့ ကျောက်တုံး မဏ္ဍိုင်ပေါ်ကနေ ရူကျန်းချီနဲ့ ရှောင်ပိုင်ရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး ခေါင်းတခါခါ ဖြစ်နေပါတယ်။
သည်နှစ် ပြိုင်ပွဲဝင်တွေကတော့ ဇော်တကာ့ ဇော်တွေ ချည်းပါပဲ။ အဲဒီအတွက် အရင်တစ်ခေါက် ကျားနဂါး စာရင်းရဲ့ အောက်ပိုင်းက လူတွေဟာ ဘာမှ မတတ်နိုင်တော့ဘဲ လက်မှိုင်ချကာ ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာ သွားရပါတော့တယ်။
သည်လိုနဲ့ပဲ ကြယ်ကံကြမ္မာ တောင်ထိပ်မှာ ပြိုင်ပွဲဝင်ပေါင်း ၄၀၀ လောက် ရောက်လာခဲ့ပါပြီ။
ရှဟိုရှီကတော့ တောင်ထိပ်ပေါ်ကို နောက်ဆုံး ရောက်လာတဲ့ အသုတ်ထဲမှာ ပါလာပါတယ်။
သူက တောင်တက်လမ်းကို ရွေးတဲ့နေရာမှာ ကံအဆိုးဆုံးလို့ ဆိုရမှာပါပဲ။ သူက လမ်းတစ်လျှောက်မှာ ဒုက္ခပေးနိုင်တဲ့ အပင်တွေ အများကြီးနဲ့ ကြုံခဲ့ရပါတယ်။ အဲဒီလိုသာ မဟုတ်ခဲ့ရင်တော့ ရှဟိုရှီဟာ အစောကြီး ကတည်းကနေ တောင်ထိပ်ပေါ်ကို ရောက်နေလောက်ပါပြီ။
" ငါ့လမ်းကနေ ဖယ်ကြစမ်း "
ဖုန်း…ဖုန်း ... ဖုန်း ... ဖုန်း ...
တောင်ထိပ်ပေါ်ကို နောက်ဆုံးမှ ရောက်လာခဲ့တဲ့ အတွက် ရှဟိုရှီဟာ အတော်လေး ဒေါသ ထွက်နေပုံပါပဲ။ သူဟာ ကျောက်တုံး မဏ္ဍိုင်တွေထံသို့ သွားရာ လမ်းတစ်လျှောက်မှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို ရိုက်ထုတ် ပစ်လိုက်ပါတယ်။
ရှဟိုရှီဟာ မဟာတုံလင် ၁၀ပါးထဲမှာ ပါဝင်သလို ကြယ်၅ပွင့် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဒေါသတွေကိုတော့ ဘယ်လူငယ်မှ တောင့်မခံ နိုင်ခဲ့ပါဘူး။
" လမ်းမြန်မြန် ဖယ်ကြဟေ့ ... အခုလာနေတာ မင်းတို့ ပထွေး မဟုတ်ဘူးကွ။ အဲဒီကောင်က ရှဟိုရှီ ဟ။
ရှဟိုရှီ လာနေတဲ့ လမ်းတစ်လျှောက်မှာ ရှိနေတဲ့ လူငယ်တွေကတော့ ဒေါသထွက်နေတဲ့ သူ့ကို တွေ့လိုက်တာနဲ့ အလျင်အမြန် လမ်းဖယ် ပေးလိုက်ကြပါတယ်။
ရှဟိုရှီက အပြင်လောကမှာ နာမည်ကျော် တစ်ယောက်ပါ။ လူတွေအားလုံးက ရှဟိုရှီ ဘယ်လောက် အညှာအတာ ကင်းမဲ့ပြီး အစွမ်းထက်လည်း ဆိုတာကို သိပါတယ်။ ပြီးတော့ ရှဟိုရှီဆိုတာက မဟာတုံလင် ၁၀ပါးထဲက ဒုတိယ အစွမ်းအထက်ဆုံး လူတစ်ယောက်ပင် မဟုတ်ပါလား။
" ဟမ့် ... အဆင့်မရှိတဲ့ ကောင်တွေ "
ရှဟိုရှီ ကတော့ လွတ်နေတဲ့ ကျောက်တုံးမဏ္ဍိုင် တစ်ခုအပေါ်ကို ရောက်သွားပြီ ဆိုတာနဲ့ ဘယ်သူကို့မှ အရေး မစိုက်တော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆရာကြီး ပုံသဏ္ဌာန်ဖြင့် ရပ်နေပါတော့တယ်။
ဟူး ... ဟူး ... ဟူး…
ကောင်းကင်ယံ ထက်မှာတော့ အနက်ရောင် လူရိပ်တွေ ပေါ်လာခဲ့ပါပြီ။
ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ အတွက် ဆိုရင်တော့ သည်ကြယ်ကံကြမ္မာ တောင်ရဲ့ အမြင့်က စကားထဲကို ထည့်ပြောစရာတောင် မလိုပါဘူး။ သူတို့ဟာ ကြယ်ကံကြမ္မာ တောင်ထိပ်ရဲ့ အပေါ်ဘက် ကောင်းကင်ယံ ကနေပြီး တောင်ထိပ်ပေါ်က အခြေအနေတွေကို အေးအေးဆေးဆေး အကဲခတ်လို့ ရပါတယ်။
ကောင်းကင်ယံ ထက်ကနေ အခြေအနေကို အကဲခတ်နေကြတဲ့ ဂိုဏ်းအသီးသီးက ပြန်လည် ဝင်စားခြင်း နယ်ပယ်ပညာရှင်တွေ ကြားထဲမှာတော့ မိုးပြာရောင် ဂိုဏ်းချုပ် အိုးရန်ဝမ်းထင်နဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ အခြားသော အကြီးအကဲတွေလည်း ပါဝင်နေပါတယ်။
" ဟား ... ဟား ... ဟား ... ဖူချန်းနဲ့ ရှင်းယုတို့ကတော့ ကျောက်တုံးမဏ္ဍိုင် တစ်ခုစီပေါ်မှာ နေရာရထားကျပြီပဲ "
ဇောင်ဝူကျင်းရဲ့ လျှပ်စီးလို မြန်တဲ့ မျက်လုံးတွေကတော့ လီဖူချန်းနဲ့ လီရှင်းယုတို့ကို ရှာတွေ့ သွားခဲ့ပါပြီ။ ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရပ်နေတဲ့ လီဖူချန်းနဲ့ လီရှင်းယုကို တွေ့အပြီးမှာတော့ ဇောင်ဝူကျင်းရဲ့ ဝမ်းသာ ပျော်ရွှင်မှုတွေက ထိန်းထားလို့ကို မရတော့တဲ့ ပုံပါပဲ။
အိုးရန်ဝမ်းထင်ကလည်း ခေါင်းညိတ်လိုက်ပြီး
" ချန်ယွန်ဟူနဲ့ ရှုဖမ်းတို့ကတော့ အနည်းငယ် အားနည်းနေသေးတယ်။ သူတို့နှစ်ယောက်ရဲ့ အခြေအနေကတော့ ကံပေါ်မှာပဲ မူတည်နေပြီ”
သည်ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ နေရာ လုရတာကလည်း ကံကောင်းဖို့လည်း လိုပါသေးတယ်။ တကယ်လို့ မင်းက နောက်ဆုံး ကျောက်တုံး မဏ္ဍိုင်ပေါ်ကိုသာ ကံကောင်းပြီး တက်နိုင်ခဲ့မယ် ဆိုရင် အခြားလူတွေက မင်းကို နှောင့်ယှက်လို့ ရတော့မှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကျောက်တုံးမဏ္ဍိုင် ၁၀၈ခုစလုံးမှာ ပိုင်ရှင်တွေ ရှိသွားပြီ ဆိုတာနဲ့ ၁၀၈ကွက် မဟာဝင်္ကပါ တစ်ခု ဖြစ်ပေါ်လာမှာ မလို့ပါပဲ။ အဲဒီဝင်္ကပါ ဖြစ်ပေါ်လာပြီ ဆိုတာနဲ့ အခြားလူတွေဟာ ကျောက်တုံး မဏ္ဍိုင်တွေ အနားကိုတောင် ကပ်လာလို့ ရတော့မှာ မဟုတ်ပါဘူး။ ၁၀၈ကွက် မဟာဝင်္ကပါက ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရှိနေတဲ့ လူတွေကိုသာ လက်ခံထားမှာဖြစ်ပြီး ကျန်တဲ့လူတွေ အားလုံးကိုတော့ ဝင်္ကပါ အပြင်ဘက်ကို တွန်းထုတ်လိုက်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တကယ့် အစွမ်းအစနဲ့ ပြည့်စုံသူတွေကတော့ ကံကောင်းစရာ မလိုပါဘူး။ သူတို့ဟာ သူတို့ ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိပါတယ်။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ ကြယ်ဘုရင်၃ပါး၊ သခင်လေး ၆ပါး၊ နတ်မိမယ် ၄ဖော်ထဲက သုံးပါးပရမတ် နတ်မိမယ် နဲ့ နှင်းရေခဲ နတ်မိမယ် တို့ပေါ့။
သူတို့ရဲ့ နေရာကို သွားလုတဲ့ သူတွေကတော့ ကိုယ့်သေတွင်း ကိုယ်တူးတဲ့ လူတွေပါပဲ။ ခေါင်းထဲမှာ ဦးနှောက်တွေ အစား ရေတွေ ရှိနေတဲ့ သူတွေမှသာ ထိုသူတွေကို သွားတိုက်ခိုက်မှာပါ။ အဲဒီလောက် တုံးအတဲ့ လူတွေကတော့ သည်လူငယ်တွေထဲမှာ မပါပါဘူး။
ဒါပေမဲ့ စုမုယူနဲ့ ရန်ချင်းဟူရဲ့ ကျောက်တုံး မဏ္ဍိုင်တွေကိုတော့ မျက်စိကျနေသူတွေ အတော် များပါတယ်။
သူမတို့ နှစ်ယောက်ဟာ လက်ရွေးစင် ပါရမီရှင်တွေ ဆိုတာကိုတော့ မငြင်းလိုပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သူမတို့ နှစ်ယောက်ဟာ အရမ်း ငယ်နေပါသေးတယ်။ အဲဒီအတွက် လူငယ် အများအပြားဟာ သူမတို့ရဲ့ အရည်အချင်းကို စမ်းသပ်လိုတဲ့ အနေနဲ့ အခွင့်အရေး ရတုန်းလေးမှာ ဝင်ရောက် တိုက်ခိုက် ကြတာပါ။
"ထွက်သွားစမ်း "
စုမုယူရဲ့ ချိတ်ကောက်ဓားကတော့ စပါးပင်တွေကို တံစဉ်းဖြင့် လှီးလိုက်သလိုပါပဲ။ သူမရဲ့ နေရာကို ဝင်လုဖို့ ခုန်တက် လာကြတဲ့ လူငယ် လေးယောက်ကတော့ ကားခနဲ ပြန်ပြုတ်ကျ သွားပါပြီ။ သည်ဓားချက်ကို ကြည့်လိုက်တာနဲ့ စုမုယူဟာ ရှဟိုရှီ ထက်ကို ပိုအစွမ်းထက်တယ် ဆိုတာကို သိနိုင်ပါတယ်။
ရန်ချင်းဟူရဲ့ လခြမ်းကွေး ဓားကလည်း နှေးမနေပါဘူး။ လခြမ်းကွေးဓားဟာ သူမရဲ့ လက်ထဲကနေ ပျံလွှား တစ်ကောင်ပမာ ပြေးထွက် သွားအပြီးမှာတော့ သူမဆီကို ခုန်တက်လာတဲ့ ငနဲသား သုံးကောင်ဟာ ဘာဖြစ်သွားလို့ ဖြစ်သွားမှန်းတောင် မသိလိုက်ဘဲ ခွေးကျဝက်ကျ ပြန်ပြုတ်ကျ ကုန်ပါတယ်။
" လခွီးပဲဟေ့ ... သည်နတ်မိမယ် နှစ်ဖော်က ထင်ထားသလောက် မလွယ်ဘူးဟ"
စုမုယူနဲ့ ရန်ချင်းဟူကို ပစ်မှတ်ထားနေတဲ့ လူငယ်တွေကတော့ လက်လျှော့သွားကြပြီး နောက်ထပ် လွယ်ကူတဲ့ ပစ်မှတ်တွေကို ပစ်မှတ်ထားဖို့သာ ဆုံးဖြတ် လိုက်ပါတော့တယ်။
သိပိမကြာခင်မှာပဲ လူငယ်အချို့ဟာ လွယ်ကူတဲ့ ပစ်မှတ်တစ်ခုကို တွေ့သွားကြပါပြီ။ အဲဒီ ပစ်မှတ်ကတော့ လီဖူချန်းကလွဲပြီး အခြားသူ မရှိတော့ပါဘူး။
" ဟိုကောင့်ကို ဆွဲချဟေ့…"
" အဲကောင် ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံပဲ ရှိတာဟ။ "
" တက်ကွာ ... သည်ကောင့်ကို ကန်ချကြစို့ "
" မကောင်းတော့ဘူး ...။ သူတို့တွေက လီဖူချန်းကို ပစ်မှတ် ထားလိုက်ကြပြီ"
ဇောင်မင်းယွီကတော့ အသက်ကို ရဲရဲတောင် မရှုရဲတော့ပါဘူး။
သည်တောင်ထိပ်ပေါ်ကို ရောက်နေတဲ့ လူငယ်တိုင်းဟာ ပါရမီရှင်တွေပါပဲ။ သူမက လီဖူချန်း အပေါ်မှာ ယုံကြည်မှု ရှိတယ် ဆိုပေမယ့်လည်း အုပ်စုလိုက်ကြီးနဲ့ ဆိုရင်တော့ နည်းနည်းတော့ စိုးရိမ်မိပါတယ်။
ဇောင်ဝူကျင်း၊ အိုးရန်ဝမ်းထင်နဲ့ အခြားလူတွေကတော့ တိတ်ဆိတ်စွာနဲ့ပဲ အကဲခတ် နေပါတယ်။
" ကောင်စုတ်လေး ... အောက်ကို ဆင်းသွားစမ်း "
လူငယ် ၅ယောက်ကတော့ လီဖူချန်းဆီကို ခုန်တက်လာခဲ့ပါပြီ။ သူတို့ထဲက နှစ်ယောက်ကတော့ ကျားနဂါး စာရင်းဝင်တွေ ဖြစ်ပါတယ်။
"ဟမ့် ... မင်းတို့ကောင်တွေက ငါ့နေရာကို လုချင်တာလား…"
လီဖူချန်းက သူ့ရဲ့ ဓားကို ဆွဲထုတ်ကာ ပထမ ပေါင်းချုပ် ဓားကွက်ဖြစ်တဲ့ စီးမျောခြင်းဓားကို ထုတ်သုံးလိုက်ပါပြီ။
ရွှပ် ... ရွှပ် ... ရွှပ်…
ဓားရိပ် ၁၀ ရိပ် ထွက်ပေါ်လာခဲ့ အပြီးမှာတော့ ထိုလူငယ် ၅ ယောက်ဟာ လမ်းတစ်ဝက်ကနေ မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်။
" ဟားဟား ... ကြည့်ရတာ ငါတို့က လီဖူချန်းကို စိုးရိမ်စရာ မလိုတော့ဘူး ထင်တယ်”
လီဖူချန်းရဲ့ ဓားကွက်ကို မြင်အပြီးမှာတော့ ဇောင်ဝူကျင်းက စိတ်ချသွားဟန်ဖြင့် အားရပါးရ ရယ်မော လိုက်ပါတော့တယ်။
" မဖြစ်တော့ဘူးဟေ့ ... အားလုံး အတူတကွ ပေါင်းပြီး တိုက်ကြရအောင်"
ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ပိုင်ရှင်တွေ တဖြည်းဖြည်း များလာတာကို သတိပြုမိတဲ့ လူငယ်တွေကတော့ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ကို စဉ်းစားလာကြပါပြီ။
အစောပိုင်းတုန်းကတော့ သူတို့ဟာ ကြုံရာကျပန်း တိုက်ခိုက်နေကြတာ ဖြစ်တဲ့အတွက် မျှော်လင့်ချက် သိပ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ သူတို့ဟာ သေချာတဲ့ ပစ်မှတ် တစ်ခုကိုသာ အပိုင်ရွေးချယ်ပြီး တိုက်ခိုက်ကြပါတော့တယ်။
အချိန်တို အတွင်းမှာပဲ လီရှင်းယုနဲ့ ကျင်ခ့ါရှီ အပါအဝင် လူတော်တော် များများဟာ ပူးပေါင်း တိုက်ခိုက်မှုကို မခံနိုင်တဲ့အတွက် ကျောက်တုံး မဏ္ဍိုင်တွေ ပေါ်ကနေ ဆင်းပေးလိုက်ရပါပြီ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ လီရှင်းယုကော ကျင့်ခါရှီပါ ကျောက်တုံး မဏ္ဍိုင်တွေပါ်ကို အချိန်မီလေး ပြန်တက် နိုင်ခဲ့ပါတယ်။
***