← Chapters

လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည့် အံ့ဩဖွယ် ချုပ်ရိုးနည်းစနစ်

Vol. 26 Ch. 380

လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည့် အံ့ဩဖွယ် ချုပ်ရိုးနည်းစနစ်

Vol. 26 Ch. 380

"အမ်... ဒေါက်တာလီ... ကျွန်တော်က ချုပ်တဲ့အပိုင်း‌တွေ သိပ်မရဘူးဗျ.... "

လီချူးဟန် သူမ၏ ကုတ်အရှည်အိတ်ကပ်ထဲ လက်ထည့်ထားပြီး သူမ၏ ဇင်ယော်မျက်ခုံးလေးများကတော့ မကျေနပ်စွာ တွန့်ကွေးနေလေသည်။

ဒဏ်ရာမှာ ကြောက်မက်ဖွယ် ကောင်းနေသော်လည်း ပြင်းထန်နေတာကြီးတော့ မဟုတ်ချေ။ လေးထပ်မျှချုပ်လိုက်သည်နှင့် အဆင်ပြေသွားမည့် ဒဏ်ရာပင်။

သို့သော်လည်း ထိုမျှ ရိုးရှင်းသည့် ချုပ်နည်းကိုတောင်မှ မရဟု ပြောနေခဲ့၏။

' ထရိန်နင် သုံးနှစ်ဆင်းတုန်းက နင်ခွေးဖြစ်နေတာလား' ဟုတောင် အော်ဆဲချင်စိတ်များ ပေါက်ဖွားလာခဲ့တော့သည်။

"နင်တို့နှစ်ယောက် လုပ်နိုင်လား..."

လီချူးဟန် လင်းရီနှင့် ချောင်ရှင်းတို့ဘက် လှည့်၍ မေးမြန်းလိုက်သည်။

ချောင်ရှင်း စိုးထိတ်စွာဖြင့် လင်းရီကို မော့ကြည့်လိုက်သည်။ သူမ ယခုလိုအခြေနေမျိုးနှ့င့် ပထမဆူံးအကြိမ် ရင်ဆိုင်ရသောကြောင့် လက်မှာ ဂနာမငြိမ်ဖြစ်နေလေသည်။ ထို့ကြောင့် အနာချုပ်ရာ၌ အဆင်ပြေလိမ့်မည်မဟုတ်ချေ။

"ရတယ်.... ကျွန်တော်ပဲ လုပ်လိုက်မယ်... "လင်းရီ ပြောလိုက်ပြီး "ဒါက ဘာခက်တာမှ မဟုတ်တာ...."

"မရဘူး...."

သက်လတ်ပိုင်း အမျိုးသမီးမှ ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး "နင်တို့ တစ်ယောက်မှ ငါ့သားကို ကုသဖို့ အရည်အချင်းမပြည့်မှီဘူး..."

"အဲ့တာဆိုလည်း ခင်များရဲ့သားကို သေခိုင်းလိုက်လေ... ဘာပဲဖြစ်ဖြစ် ဒဏ်ရာရအောင် လုပ်တာကလည်း ကျုပ်မှ မဟုတ်တာ....."

လီချူးဟန်နှင့် ချောင်ရှင်းတို့ မျက်လုံး အပြူးသားလေး ဖြစ်သွားကြသည်။

ဘယ်လိုတောင် စိတ်ဆတ်လိုက်တဲ့သူလဲ...

"ဟဲ့ နင်စကားကို ဘယ်လိုတွေ ပြောနေတာလဲ... နင့်လိုလူက ဆရာ၀န်တဲ့လား... ငါကွန်ပလိန်းတက်မယ်..."

"ကဲကဲ တော်တော့... ရန်ဖြစ်မနေကြနဲ့... ဒီနေရာက ဆေးရုံ ရှင် ထင်တိုင်းကြဲလို့ရတဲ့နေရာမဟုတ်ဘူး..."

လီချူးဟန် သူမလည်ပင်း၌ ချိတ်ဆွဲထားသည့် ၀န်ထမ်းကတ်ပြားကို ဖြုတ်လိုက်ပြီး "ကျွန်မက ဒီညတာ၀န်ကျတဲ့ လက်ထောက် ဒါရိုက်တာပဲ... တကယ်လို့ ရှင်သဘောတူတယ်ဆိုရင် ကျွန်မ ချုပ်ပေးမယ်... သဘောမတူဘူးဆိုရင်တော့ နင်ကြိုက်တဲ့ ဆေးရုံကို သွားလိုက်တော့...ဒဏ်ရာချုပ်တာလေးလောက်နဲ့တော့ ဒါရိုက်တာကိုယ်တိုင် ရောက်လာမှာမဟုတ်ဘူး...."

"ဒါ...."

သက်လတ်ပိုင်း အမျိုးသမီးမှာ အချိန်အနည်းငယ်ကြာအောင် တုံ့ဆိုင်းသွားပြီးနောက် "အဲ့တာဆိုလည်း ချုပ်လိုက်...ဒါပေမယ့် ကြိုပြောထား‌မယ်နော်... ရှင်သာ သေချာ သပ်သပ်ရပ်ရပ်လေး မချုပ်ပေးလို့ကတော့ ကျွန်မကို ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခု ပေးရမယ်...."

"မယုံဘူးဖြစ်နေရင်လည်း ထွက်သွားလိုက်တော့..."လီချူးဟန် ပြောလိုက်ပြီး "ကျွန်မ ဆရာ၀န်လုပ်လိုက်တာ ရှင့်အသက်ထက်များတဲ့ လူသေတွေကို မြင်ခဲ့ဖူးပြီးသား... ရှင့်သားက အဲ့ဒီထဲက တစ်ယောက်ဖြစ်သွားနိုင်တယ်နော....."

လင်းရီ သူမကို ကြည့်လိုက်မိသည်။

ဒေါက်တာလီရဲ့ စရိုက်က အရမ်းကို မဆင်မခြင်နိုင်တာပဲ....

သက်လတ်ပိုင်းအမျိုးသမီးမှာ လီချူးဟန်၏ စကားကိုကြားတော့ ကြက်သေသေသွားခဲ့၏။ သူမသား၏ အခြေအနေမှာ ကြန့်ကြာ၍ မဖြစ်ကြောင်း သူမနားလည်သည်။ ထို့ပြင် အခြားဆေးရုံရွေ့မည်ဆိုလျှင်လည်း နောက်ကျသွားတော့မည်။

"အဲ့တာဆိုလည်း လုပ်လိုက်တော့...."

"လူနာကို ခွဲစိတ်ခန်းထဲ ခေါ်လာခဲ့... နင်တို့သုံးယောက်... ငါနဲ့လိုက်ခဲ့ကြ...."

မိနစ်အနည်းငယ်ကြာပြီးနောက် လူနာမှာ ခွဲစိတ်ခန်းထဲသို့ ရောက်ရှိလာခဲ့၏။ ပြောပြစရာ မလိုအောင် လှည်းတွန်းသူကတော့ ကျိုးဇီချန်းပင်။

"ဒေါက်တာလီ... ဒေါက်တာရဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်က လက်ထောက်လုပ်ပေးမယ်လေ... ‌ ကျွန်တော်တို့ လုံး၀ပါဖက်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်..."

လီချူးဟန် ကျိုးဇီချန်းကို ကြည့်လိုက်ပြီး "နင်က ဒီလောက်ရိုးရှင်းတဲ့ ချုပ်တာလေးတောင် မလုပ်တတ်တာကိုများ ငါ့တပည့်ပါဆိုပြီးတော့ ပြောဝံ့သေးတယ်ပေါ့လေ....."

"ကျွန်တော်....."

"သွား ဘေးကနေ ရပ်ကြည့်..."

လီချူးဟန် ကျိုးဇီချန်းကို လျစ်လျူရှုထားလိုက်ပြီး လင်းရီနှင့် ချောင်ရှင်းတို့ကို ကြည့်ကာ "နင်တို့နှစ်ယောက်က ငါ့ရဲ့လက်ထောက်လုပ်ရမယ်...."

"နားလည်ပါပြီ...."

ဆေးတက္ကသိုလ်မှ ဘွဲ့ရခဲ့ခြင်း မရှိသော်လည်း လင်းရီ၏ အဆင့်မှာ ပညာရှိဉာဏ်ပညာ၏ အကူအညီဖြင့် ကျိုးဇီချန်းနှင့် ချောင်ရှင်းတို့နီးနီး အရည်အချင်းရှိသည်။ သူကပင် မဆိုသလောက်လေး သာကောင်း သာနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဆေးဝါး ကျွမ်းကျင်သူများ၏ ကုသပုံအဆင့်ဆင့်တို့က သူ၏ ခေါင်းထဲတွင် ပုံရိပ်အဖြစ် စွဲထင်နေသေးသောကြောင့်ပင်။ လင်းရီသာ ယုံကြည်ချက်ရှိရှိဖြင့် လက်ငြိမ်နေပါက အနာချုပ်ရန် ဘာပြဿနာမျှ ရှိလိမ့်မည် မဟုတ်ချေ။

ဒဏ်ရာကို ချုပ်သည့် ဖြစ်စဉ်မှာ ချောမွေ့စွာဖြင့် ခရီးရောက်လာခဲ့သည်။ ဒေါက်တာလီကိုယ်တိုင် ကိုင်တွယ်နေသောကြောင့် ပြဿနာပေါ်ပေါက်ရန်ပင် ခက်ခဲလွန်းလှ၏။

"အတွင်းပိုင်းချုပ်ရိုးကတော့ ပြီးသွားပြီ...အပြင်ပိုင်းချုပ်ရိုးကတော့ နင်တို့နှစ်ယောက် စမ်းကြည့်လိုက်ကြ... ပြဿနာတော့ မရှိဘူးမလား...."

"မရှိပါဘူး...."လင်းရီပြောလိုက်သည်။

"အစ်ကိုလင်း.. ဒီတစ်ခေါက်တော့ ညီမ အစ်ကို့ရဲ့လက်ထောက်လုပ်ပေးရင်း အစ်ကို ချုပ်တာကိုပဲ ကြည့်ဦးမယ်... နောက်တစ်ခေါက်မှပဲ ညီမကိုယ်တိုင်ချုပ်တော့မယ်...."

ချောင်ရှင်းမှ ပြောလိုက်၏။

အသားချုပ်ရသည်မှာ ခက်ခဲခြင်းမရှိသော်လည်း ချောင်ရှင်းမှ မဝံ့ရဲသေးချေ။

"ပြဿနာမရှိဘူး..."

နှစ်ယောက်သား အပေးယူမျှတစွာနှင့် အနာချုပ်နေသည်ကိုမြင်တော့ ကျိုးဇီချန်းမှာ ဒေါသတကြီး ဖြစ်သွားခဲ့သည်။

"ငိုးပဲ... လုပ်ထားကြဦးပေါ့ကွာ...အနှေးနဲ့အမြန် မင်းတို့ကို ဒီဆေးရုံကနေ ကန်ထုတ်ပစ်ဦးမယ်..."

လင်းရီနှင့် ချောင်ရှင်းတို့ကတော့ အဆီပေါသည့် အလွှာနှင့် အရေပြားကို စတင်ချုပ်နေကြသည်။

လီချူးဟန်ကတော့ ယမန်နေ့ညမှ ကောင်းစွာ အိပ်စက်ထားခြင်းမရှိသည့်အတွက်ကြောင့် ဘေးတွင်ရပ်ကာ သူမ နားထင်များကို ပွတ်သပ်ရင်း အိပ်မပျော်စေရန် ကြိုးပမ်းနေတော့၏။

ကွမ်းတစ်ယာညှက်ခန့် ကြာသည့်အချိန်တွင်တော့ အနာချုပ်ခြင်းလုပ်ငန်းစဉ်မှာ ပြီးဆုံးသွားခဲ့သည်။

"အစ်ကိုလင်းရဲ့ ချုပ်ရိုးနည်းစနစ်ကတော့ လုံး၀ကို အံ့မခန်းပဲ...."

လင်းရီ ချုပ်ထားသည့် ချုပ်ရိုးရိုမြင်တော့ ချောင်ရှင်း မနေနိုင်ပဲ ကျယ်လောင်စွာ ချီးကျူးမိလိုက်သည်။

"တော်သေးတာပေါ့... အစ်ကိုလင်းကို လုပ်ခိုင်းလိုက်လို့.. ညီမသာဆိုရင် အဲ့လောက် လှလှပပလေး ထွက်လာမှာတောင် မဟုတ်ဘူး..."

လီချူးဟန်ကတော့ ခေါင်းခါရမ်းရင်း နေရာမှထကာ ရောက်လာခဲ့ပြီး စိတ်ထဲတွင်တော့ အားပါးတရ မြည်တွန်တောက်တီးနေတော့၏။

"ဘာလို့ ဒီကောင်မလေးတွေက ဘာမှမဟုတ်တာကို ဇာချဲ့နေကြတာ... ရုပ်လေးချော‌တိုင်းနဲ့ ဘာလုပ်လုပ် ကြည့်ကောင်းသွားတယ်လို့တော့ ငါ့ကို လာမပြောနဲ့...ဘာလောဂျစ်ကြီးမှန်းကို မသိဘူး...ကြည့်ရတာ အတော်လေး......"

သူမ အတွေးများ ရပ်တန့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လင်းရီ၏ ချုပ်ရိုးကို မြင်သည့်အချိန်၌ သူမအတော်လေး အံ့အားသင့်သွားခြင်းကြောင့်ပင်။

ချုပ်ရိုး၏ လက်ရာကိုကြည့်ပါက ယခုလို ချုပ်နိုင်ရန် အတွက် အနည်းဆုံး ဆယ်နှစ်တာမျှ ချုပ်ရိုးချုပ်သည့် အတွေ့အကြုံကို လိုအပ်ပေလိမ့်မည်။

အကယ်၍သူမသာ လင်းရီနေရာတွင် ဆိုပါက ထိုမျှ သေသပ်လှပအောင် ချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့ပြောရသည့် အကြောင်းအရင်းမှာလည်း အနာချုပ်သည်မှာ ခက်ခဲသောကြောင့်တော့ မဟုတ်ပဲ သူမအနည်းငယ် အားစိုက်ထုတ်ရုံမျှနှင့် သေသပ်ကျနအောင် ပြုလုပ်နိုင်ပေသည်။ သို့သော်လည်း လင်းရီကဲ့သို့ အတွေ့ကြုံ မရှိသည့် အလုပ်သင်လေးထံမှ ယခုလို ချုပ်ရိုးမျိုး ရလာသည့်အတွက် သူမထိုသို့ ချီးကျူးလိုက်ခြင်းဖြစ်၏။

"မဆိုးပါဘူ... ဆက်ပြီးကြိုးစား မမောက်မာနဲ့... အဲ့လိုဆို တိုးတက်ဖို့ အလားအလာရှိတယ်...."

"ဟုတ်ကဲ့ပါ ဒေါက်တာလီ...."

လီဟန်ချူး ခေါင်းညိမ့်လိုက်ပြီး သူမစိတ်ထဲတွင်တော့ ဆုံးဖြတ်ချက်ချလိုက်သည်။ သူမ အချိန်ရပါက လင်းရီနှင့် သေချာပေါက် စကားပြောရပေမည်။

ကျိူးဇီချန်းကတော့ အမှုမထားစွာဖြင့် တစ်ချက်ရှိုးကြည့်လိုက်၏။

အဲ့လောက်‌ကောင်းလို့လားဟ...

ငါ့အထင်တော့ သာမန်ပါပဲ...

"ကောင်းပြီ.. ချုပ်ပြီးပြီဆိုတော့ လူနာကို ပြန်ထုတ်ကြစို့..."

"ဟုတ်ကဲ့ပါဗျ...."

သူမသား ထွက်လာသည်ကိုမြင်တော့ သက်လတ်ပိုင်း အမျိုးသမီးမှာ အပြေးအလွှား ရောက်ချလာပြီး ချုပ်ရိုးကိုကြည့်ကာ စတင်ဆဲဆိုတော့သည်။

"ဒါ ဘယ်လိုတောင် သောက်သုံးမကျတဲ့ ချုပ်ရိုးကြီးလဲ... ဒီပုံစံအတိုင်းဆိုရင် အမာရွတ်အကြီးကြီး ဖြစ်တော့မှာ....ငါ့သားက ခုထိ မိန်းမ မယူရသေးဘူး... ဒီလိုပုံစံကြီးနဲ့ဆို သူ့ကို ဘယ်မိန်းကလေးက လက်ထပ်ယူချင်တော့မှာလဲတဲ့....."

"အမာရွတ်ရှိတာက ပုံမှန်‌ပဲလေ... အနာက ဒီလောက်ကြီးနေမှတော့ အမာရွတ်မရှိဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ...."

လီချူးဟန် ပြောလိုက်ပြီး "လေးငါးလ လောက်နေရင် အနာက လုံး၀ ကျက်သွားလိမ့်မယ်... အဲ့ခါကျ ပိုကြည့်ကောင်းသွားပြီး ခုလောက် သိသာနေမှာ မဟုတ်တော့ဘူး...."

"နင် လိမ်နေတာ... "အမျိုးသမီးမှ လီချူးဟန်ကို လက်ညှိုးငေါက်ငေါက် ထိုးလိုက်ပြီး "နင့် အရည်အချင်းက တစ်စက်မှမရှိလို့ ဒီလိုစကားလုံးတွေ ပြောနေတာမလား... ခုတော့ ငါ့သားဘ၀ကြီး တစ်ခုလုံးက နင့်လက်ထဲက ချုပ်ရိုးအပ်ကြောင့် ကြေမွသွားပြီ..."

"ဒီမှာအဘွားကြီး....ခင်များရဲ့ ကျက်သရေယုတ်တဲ့ လက်ညိုးကြီးနဲ့ သူများကို လိုက်ထိုးမနေစမ်းနဲ့...." လင်းရီပြောလိုက်ပြီး "ခင်များသားရဲ့ ၀မ်းဗိုက်ဒဏ်ရာကို ချုပ်တာ ကျုပ်ပဲ... မကျေနပ်လို့ ပြောစရာရှိရင် ကျုပ်ကိုပဲပြော...."

"နင်..."

လင်းရီချုပ်သည့်လက်ရာဖြစ်ကြောင်း သိသွားသည့်အချိန်၌ သက်လတ်ပိုင်း အမျိုးသမီးမှာ ပို၍ပင် ရှူးရှူးရှားရှား ဖြစ်သွားခဲ့ပြီး လီချူးဟန်ဘက်သို့လှည့်၍ "နင်က ဘယ်လိုဆရာ၀န်လဲ... ပြောတော့ ငါ့သားကို ကိုယ်တိုင်ချုပ်ပေးပါ့မယ်ဆို... ခုကျတော့ နင့်ရဲ့လက်ထောက်ကို ချုပ်ခိုင်းလိုက်တယ်တဲ့လား...နင်က ဗြောင်လိမ်ဗြောင်စား လုပ်နေတာပဲ...."

"ကျွန်မက အရေးကြီးတဲ့ အတွင်းပိုင်းကို ချုပ်ပေးပြီးပြီလေ... သူ့ကိုလည်း အရေးမကြီးတဲ့ အပြင်ပိုင်းပဲ ချုပ်ခိုင်းလိုက်တာ... သူချုပ်တာကလည်း မဆိုးပါဘူး... ကျွန်မဆိုရင်တောင်မှ သူ့လောက် သေသပ်နေမှာ မဟုတ်ဘူး...."

"နင် ဘာပြောလိုက်တယ်... နင်က ဒါရိုက်တာလေ... ဒါတောင်မှ နင့်ရဲ့လက်ထောက် အဆင့်လောက်တောင် မရှိဘူးလို့ နင်ဘယ်လိုတောင် ပြောထွက်တာလဲ...."သက်လတ်ပိုင်း အမျိုးသမီးမှ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး "ပြီးတော့နင်... နင်က ကိုယ့်အဆင့်ကိုယ် မသိပဲ ငါ့သားရဲ့ဒဏ်ရာကို ချုပ်ပေးရဲတယ်ပေါ့လေ... ဘယ်လိုတောင် အတင့်ရဲ့လိုက်သလဲ... ယုံလားတော့မသိဘူး... ငါဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ နင့်ကို အလုပ်ဖြုတ်လိုက်လို့ရတယ်ဆိုတာ ယုံလား...."

"နောက်ပြီးနင် ... ‌ဒါရိုက်တာဖြစ်ပြီးတော့ စကားကမတည်... ဘာသောက်အရည်အချင်းမှ မရှိတဲ့ဆရာ၀န်မ.... နင်တို့ကံကောင်းတယ်... ဒီကနေ့ ငါ့ယောက်ျား မလိုက်လာခဲ့လို့သာပေါ့..... လိုက်များလိုက်လာခဲ့လို့ကတော့ နင်တို့ငါ့သားအပေါ် ဖြစ်ကတတ်ဆန်း လုပ်ထားတာတွေ မြင်ပြီး ဆေးရုံတစ်ခုလုံး ပရမ်းပတာတွေ ဖြစ်ကုန်လိမ့်မယ်..."

လင်းရီကတော့ ဂရုမစိုက်စွာ ပခုံးတွန့်လိုက်ပြီး ဆော့ကစားချင်နေသည့် အမူအရာဖြင့် "အဲ့တာဆိုလည်း ဘယ်သူအရင် အလုပ်ဖြုတ်ခံရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့....”

All Chapters